Monday, July 11, 2011

ရွှေမိုးတို့ ညိုလေပြီ......

by Jip Too on Monday, July 11, 2011 at 9:44am
နေရောင်ဖြင့်လင်းလက်နေသော ကောင်းကင်သည် ခဏအတွင်းပင် မိုးရိပ်မိုးငွေ့တို့ဖြင့် အုံ့မှိုင်း၍ လာလေသည်။  လူသူကင်းရှင်းသော ကားလမ်းမပေါ်တွင် ရံဖန်ရံခါမှ ဖြတ်သန်းသွားသော ကိုယ်ပိုင်ကားများ၊ အငှားကားများသာ တွေ့ရလေသည်။ အိမ်ရှေ့ မှ ပုဏရိပ်ပင်တို့က မိုးငွေ့ကို ရသည့်အလား လေနှင့်အတူ ပျော်ရွှင်မြူးထူးစွာ ယိမ်းနွဲ့နေပြန်သည်။

            နေ့လယ်ခင်းအပြင်တွင် နေပူနေသော်လည်း အထွေးတို့အိမ်ထဲတွင်မတော့ လေအေးပေးစက် ကြောင့် အေးမြ၍နေသည်။ ဒီလို အအေးဓာတ်မျိုးကိုတော့ အထွေးမကြိုက်။ ခုလို မိုးလေအေးလေး တိုက်တုန်း အပြင်ထွက် လမ်းလျှောက်လိုက်ချင်သည်။ သဘာဝလေကို ရှူရှိုက်ရင်း မတွေ့ထိဖြစ်တာ ကြာပြီဖြစ်သော မိုးစက် တို့ကိုနှုတ်ဆက်ရင်း အထွေးလမ်းလျှောက်ချင်လာသည်။
            အိမ်ထဲကို လှမ်းကြည့်လိုက်တော့ ကြီးကြီးမေ၏ အရိပ်ကို မတွေ့ရ။ ဦးလေးအောင်လည်း ဒီအချိန်ဆို တရေးတမော  အိပ်နေလောက်ပြီ။ ဒါဆို အထွေး အပြင်ထွက်လည်း ချက်ချင်းတော့ သူတို့ သိကြ လိမ့်မည်မဟုတ်။ သိရင်တော့ ကမ္ဘာပျက်သလို ဖြစ်ကြလိမ့်မည်။ ကြီးကြီးမေက အိမ်ရှိ ကောင်မလေးများကို ခေါ်၍ ဆူမည်။ ပြီှးှလျှင် အစ်ကိုကြီးဆီသို့ လှမ်းဖုန်းဆက်မည်။ ဦးလေးအောင်ကတော့ သူ့ခွေးကြီးနှစ်ကောင်ကို ခေါ်ပြီး တစ်ခြံလုံးရှာမည်။ မတွေ့မှ အပြင်ထွက်၍ လိုက်လာလိမ့်မည်။
            လူကြီးတွေကို စိတ်ပူအောင်လုပ်သင့်ရဲ့လား။ နေပါစေလေ။ သူတို့လည်း အိမ်ထဲမှာပဲ ငြိမ်နေရတာ ပျင်းမှာပေါ့။ တစ်ခါလောက်တော့ သူတို့အတွက် သွေးပူလေ့ကျင့်ခန်းလေး လုပ်ပေးမှဖြစ်မည်။ ကိုယ့်အတွေးနှင့်ကိုယ် အထွေးပြုံးမိသည်။ အလို… ငါဒီလို မပြုံးဖြစ်တာ ကြာပြီထင်ပါရဲ့။
            အထွေးခြံထဲရောက်တော့ ဦးလေးအောင်၏ ခွေးကြီးနှစ်ကောင်က အိပ်နေရာမှ ခေါင်းထောင် ကြည့်သည်။ နောက်မှ သူတို့သခင်မ မှန်းသိသွားဟန်ဖြင့် စိတ်ချလက်ချ ပြန်အိပ်နေကြသည်။ အထွေးကတော့ အသက်ရှူသံပင်မမှန်ချင်။ ခိုးထွက်လာရသည့်အထဲ ခွေးကြီးတွေကိုလည်း ကြောက်ရသေးသည်။ သည်အိမ် တွင် အထွေးလာနေသည်မှာ သုံးနှစ်ပြည့်တော့မည်။ သို့သော် အိမ်ရှိခွေးများနှင့် အထွေးမရင်းနှီး။ သူတို့က ယဉ်သော်လည်း အထွေးမှာမူ ခွေးဆိုလျှင်ပင် ကြောက်လှသည်။
            ပြောင်တလင်းခါနေသော မြေကြီးမှာပင် ခြေသံမြည်မှာ စိုးသဖြင့် အထွေးတစ်ယောက် ခြေဖွ လျှောက်နေမိသည်။ ခြံပြင်ရောက်တော့ မိုးဖွဲလေးများ ကျစ ပြုပြီ။ မိုးစက်တွေက အေးစက်စက် စူးရှရှ ။ မတွေ့တာကြာပြီကွယ်။ မိုးတွေရွာတိုင်း တံစက်မြိတ်အောက်ဝင်ကာ ရေတံလျှောက်မှ ကျလာသော မိုးရေ တို့ကို ခံယူရင်း မိုးရေချိုးကြသည့် ငယ်ငယ်က ဘ၀ကို အထွေးလွမ်းလှသည်။
            ဘယ်ဘက်ကိုလျှောက်ရမလား၊ ညာဘက်ကို လျှောက်ရမလား အထွေးစဉ်းစား နေသည်။ မိုးရေတို့နှင့် ဆန့်ကျင်ဘက်ကို သွားမည်။ ဒါမှ မိုးစက်တွေနဲ့ တွေ့ခွင့်ရမည် မဟုတ်ပါလား။  လျှောက်လာရင်း အိမ်တွေရှိသည့်ဘက်ကို လှည့်ကြည့်လိုက်တော့ တိုက်တွေ၊ ခြံတွေနှင့် အိမ်ကြီး အိမ်ကောင်းတွေပဲဖြစ်သည်။ ငယ်ငယ်ကတော့ ဒီလိုအိမ်မျိုးနှင့် နေချင်လိုက်သည့် ဖြစ်ခြင်း ။ အမေကတော့ ပြောသည်။ “ကြိုးစားပေါ့ သမီးရယ်၊ လိုချင်တာကို ကိုယ်ပိုင်အစွမ်းအစနဲ့ ရအောင်ကြိုးစား။ ရရင်လည်း နွေးထွေးတဲ့ မိသားစုဘ၀ ဖြစ်အောင် တည်ဆောက်။ မိသားစုဆိုတာ ဘယ်လိုအိမ်မျိုးနဲ့နေနေ နွေးထွေးမှ အဓိပါယ်ရှိတာ”။
          ဟုတ်လိုက်တာ အမေရယ်။ ခုတော့ ဒီလိုအိမ်မျိုးနဲ့ အထွေးမနေချင်တော့ပါဘူး။ အရင်က လိုပဲ အမေရယ်၊ အဖေရယ်၊ မမနွယ်ရယ်၊ ကိုအေးတို့ရယ်နဲ့ပဲ ပျော်ပျော်ရွှင်ရွှင်နေချင်ပါတယ်။
ခုချိန်မှာတော့ အထွေးရဲ့ မိသားစုဆိုတာ အစ်ကိုကြီးနဲ့ အထွေး နှစ်ယောက်တည်း ဖြစ်သည်။ အစ်ကိုကြီးနဲ့လက်ထပ်တုန်းကတော့ အမေပြောသလို နွေးထွေးတဲ့ မိသားစုတည်ဆောက်ပြီးနေမည် ဟူသော စိတ်ကူးများဖြင့် ပျော်မွေ့ခဲ့ရသည်။ မကြာခဏ ခရီးထွက်နေရသော အစ်ကိုကြီးက အထွေးကို သူ့အဒေါ် ကြီးကြီးမေ၊ ခြံစောင့်ဦးလေးအောင်တို့ဖြင့် စိတ်ချ လက်ချ ထားခဲ့ပါများသောအခါ အထွေးစိတ်ကူးထဲက မိသားစု ဘ၀လေး ပျောက်ပျယ်စ ပြုလာလေသည်။
          အစ်ကိုကြီးအမိန့်ဖြင့် ကြီးကြီးမေမှာ အထွေးကို ဂရုစိုက်လှသည်။ သို့ရာတွင် နွေးထွေးသော ဂရုစိုက်မှုမျိုးတော့ မဟုတ်။ မနက်ထမင်းစားချိန်၊ ကော်ဖီသောက်ချိန်ကအစ ရေချိုးချိန်အထိပါ ဂရုစိုက် ကန့်သတ် လာသောအခါ အထွေးနေမပျော်တော့။ ငယ်ငယ်ကတော့ လွတ်လပ်လှသည်။ ထမင်းစားချိန် အမေက အော်ခေါ်လျှင် ကစားသည့်နေရာမှ စူအောင့်ကာ အိမ်ပေါ်သို့တက်သည်။ ထမင်းဝိုင်းပြင်ကြ၊ စားကြ သောက်ကြနှင့်။ စားပြီးတော့လည်း အထွေးတို့မောင်နှမတစ်သိုက် ပန်းကန်တွေဆေး၊ သန့်ရှင်းရေးတွေလုပ် နှင့် စည်းလုံးကြသည်။ အမေ့ဂရုစိုက်မှုသည် နွေးထွေးလုံခြုံလှသည်။
          ခုချိန်လောက်ဆိုလျှင်တော့ ကြီးကြီးမေ ပျာယာခတ်လောက်ပြီ။ အစ်ကိုကြီးဆီ အကြောင်း ကြား ပြီးပြီလားလည်းမသိ။ အစ်ကိုကြီး ခရီးထွက်နေချိန်မဟုတ်သဖြင့် နာရီဝက်အတွင်း အိမ်ပြန်ရောက်နေ လောက်သည်။ အစ်ကိုကြီးတစ်ယောက် ဒေါသတွေ ထွက်နေလောက်ပြီ။
          အစ်ကိုကြီး၏ ဒေါသသည် ကြောက်စရာကောင်းလှသည်။ အထွေးသည် ကိုယ်ဝန်ဆောင် နိုင်သော မိခင်တစ်ယောက် မဖြစ်နိုင်ဆိုသည်ကို သိသည့်နေ့က အထွေးတစ်နေ့လုံးငိုသည်။ အခန်းထဲမှ အခန်း ပြင်မထွက်။ တစ်သက်နှင့်တစ်ကိုယ် မကြုံဖူးသောဆုံးရှုံးမှုမျိုးဖြင့် ငိုသည်။ အစ်ကိုကြီးကတော့ တောက်တခေါက်ခေါက်ဖြင့်။ တစ်ဦးတည်းသော သားဖြစ်သည့် အစ်ကိုကြီးတို့ မျိုးရိုးအတွက် အထွေး ကိုယ်ဝန် ဆောင်နိုင် မဆောင်နိုင်မှာ အကြီးမားဆုံးသော ပြဿနာကြီးဖြစ်၍နေသည်။
          ဒီလိုနှင့် အစ်ကိုကြီးအပြင်မှာ ခြေရှုပ်လာသည်။ ဒါကို အိမ်ထဲက အိမ်ပြင်မထွက်ရသော၊ မထွက်ဖြစ်သော အထွေးငယ်ကမသိ။ အထွေးရဲ့အစ်ကို ကိုအေးက အစ်ကိုကြီးကို ကောင်မလေး တစ်ယောက် နဲ့တွေ့သည်ဟု ဖုန်းဆက်ပြောမှ အထွေးသိသည်။ ထိုကောင်မလေးနှင့် သာမန်ဆက်ဆံပုံမျိုးမဟုတ်တဲ့။ ကိုအေးကတော့ စိတ်ပူစွာဖြင့်။ အစ်ကိုကြီးကတော့ မူမပျက်။ ခရီးသွားသည်၊ ပြန်လာလျှင်မယား အလိမ္မာ ချောလေးအထွေးကို ချစ်ပြသည်။ ဂရုစိုက်သည်။ အားမငယ်ဖို့ပြောသည်။ အစ်ကိုကြီးဆီမှ ဘာပြောင်းလဲမှု မှ မတွေ့ရ။
          အထွေးခွင့်လွှတ်ပါသည်။ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်နေသော ဘ၀သည် အဓိပါယ်မရှိနိုင်။ လောကဓံဆိုတာမျိုးကို ကြုံဖူးမှ ဘ၀မည်ပေလိမ့်မည်။ ထိုခံယူချက်သည် အထွေးခံစားချက်ကို သက်သာစေ သည်။ သည်လိုနှင့် အထွေးစာတွေရေးသည်။ ကဗျာတွေ ရေးသည်။ ဘယ်မဂ္ဂဇင်းတိုက်၊ ဘယ်စာအုပ်တိုက်ကို မှ မပို့ဖြစ်သော စာတိုစာစလေးတွေဖြစ်သည်။ တကုတ်ကုတ်နှင့် စာရေးနေသော အထွေးကို ကြီးကြီးမေက မသင်္ကာ။ ကလေးမရလို့ အထွေးရူးသွားပြီပေါ့။ ခပ်လွယ်လွယ် သတင်းလွှင့်၍ စိတ်ရောဂါ ဆရာဝန်ပင့်တော့ အထွေးရယ်မိသည်။ ကျွန်မစာရေးနေတာ ရူးနေလို့ဟုတ်ပါဘူး။ စိတ်သက်သာအောင် ဖြေနေတာပါ လို့ ဆရာဝန်ကိုပြောတော့ ဆရာဝန်က နားလည်ပြုံးပြုံးသည်။ လူနာရှင်များ ကျေနပ်အောင်တော့ ဆေးတွေ ပေးသွားသည်တဲ့။
          နောက်ဆုံးရလဒ်က အထွေးရဲ့ အချိန်ဇယားထဲတွင် ဆေးသောက်ချိန်ပါလာသည်။ ဂရုစိုက်မှု တွေ ပိုတိုးလာသည်။ ခြံထဲ ဆင်းလျှင်တောင် ကောင်မလေးတစ်ယောက် ခေါ်ဆင်းရသည်။ ငယ်စဉ်က ရွာရိုး ကိုးပေါက် လျှောက်ခဲ့သော အထွေး ခြေထောက်တို့က ခုချိန်မှာတော့ မြေကြီးနှင့် မထိတွေ့ရတော့သည်မှာ ကြာမြင့်လို့လာလေပြီ။
          လမ်းခွဲတစ်ခုသို့ရောက်လာသည်။ ညာဘက်သို့ ကွေ့သွားသော လမ်းထောင့်တွင် ဇီးပင်သုံးပင်ကို တွေ့ရသည်။ ငယ်ငယ်က ကိုအေးတို့ မနွယ်တို့ဖြင့် ဇီးသီးတွေ ခူးတုန်းက ငံပြာရည်ဖြင့် နယ်စားကြသည်ကို သတိရလာသည်။ ဗိုက်တွေနာ၍ ဆေးတွေသောက်ကြရသည်။ အမေက တဗျစ်တောက် တောက်။ အဖေကတော့ ရယ်၍သာနေသည်။ သူငယ်ငယ်တုန်းက ဆိုးပုံတွေကို ပြန်ပြောပြတော့ အထွေးတို့ မောင်နှမတွေ ဗိုက်နာသည်ကိုပင် မေ့ကာ ရယ်မော ပျော်ရွှင်ခဲ့ရဖူးသည်။ ခုတော့ ဗိုက်နာလျှင် ဆေးတိုက်မည့် အမေမရှိ။ စိတ်အဟာရ အတွက် အဖေလည်းမရှိ တော့။ မနွယ်နှင့် ကိုအေးတို့ကတော့ သားသမီးတွေ ကိုယ်စီနှင့် ပျော်နေလောက်ပြီ။ အမေပြောတဲ့ နွေးထွေးတဲ့ မိသားစုလေးတွေကိုပိုင်ဆိုင်နေရလောက်ပြီ။ တစ်ခါ တစ်ရံမှသာ ညီမငယ် အထွေး အကြောင်း သတိတရပြောကြလိမ့်မည်.
မိုးကလည်း ပိုသည်းလာသည်။ အထွေးတစ်ကိုယ်လုံးလည်း ကြွက်စုတ်ကလေး ဖြစ်၍ နေပြီ။ အမြန်စီး လာရသည့် ကတ္တီပါ ဖိနပ်ပါးလေးကတော့ မိုးရေတို့ဖြင့် စိုအိလျက်။ အိမ်ပြန်ရမည်။ အမေနှင့် အဖေတို့မရှိသော အိမ်သို့ အထွေးပြန်ရမည်။ အေးစက်စက် ဂရုစိုက်မှုများပေါများသော အိမ်ကို ပြန်ရမည်။ အစ်ကိုကြီးရဲ့ ဒေါသထွက်နေသော မျက်နှာကို မြင်ရမည်လား။ ကြီးကြီးမေရဲ့ မျက်ခုံးတွန့်တွန့်တွေကို တွေ့ရမလား။ ဦးလေးအောင်ရဲ့ ခွေးတွေက ၀ိုင်းကြိုရင်တော့ ဒုက္ခပါပဲ။ တွေးရင်းကြက်သီးများပင် ထ သွား၏။
          အလို….. ရှေ့မှာ ကားမီးဝင်းလက်လက်ပါလား။ အစ်ကိုကြီးရဲ့ ကားမီးထင်ပါရဲ့။ အထွေး၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ဖြတ်သန်းသွားသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...