Monday, July 4, 2011

စာရေးချင်သော သူငယ်ချင်းများသို့

by Han Thit Nyeim on Tuesday, July 5, 2011 at 12:36pm
ပို့စ်ခေါင်းစဉ်ကို ဒီလိုကြီး ပေးထားလေတော့ ဆရာလုပ်တော့မယ်လို့လည်း ထင်ကြတော့မယ်။ (တကယ်လည်း ဆရာလုပ်တဲ့ ပို့စ်ပါပဲ) အမှန်က ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေဖြစ်တဲ့ “ကိုဟန်၊ ကိုသစ်နဲ့ ကိုငြိမ်” တို့ရဲ့ မြှောက်ပေး… အဲ… တိုက်တွန်းမှုကြောင့် ရေးဖြစ်တာဗျ။ အဲဒီထဲမှာ ကျွန်တော်တို့ ဖေ့စ်ဘွတ်ခ်က နာမည်ကျော် စာရေးဆရာကြီးတချို့တော့ ဖယ်လိုက်ဗျာ။ သူတို့က အိပ်မက်ထဲတောင် အနည်းဆုံး ကဗျာ သုံးပုဒ်၊ ဆောင်းပါး လေးပုဒ်လောက် ရေးတဲ့သူတွေဆိုတော့။ ထားဗျာ... စောစောက ငယ်သူငယ်ချင်းတွေက ကျွန်တော့်ကို “စာရေးဆရာကြီး စာဘယ်လိုရေးရမလဲ၊ ရေးနည်းလေးများမရှိဘူးလား” ဆိုပြီး လာလာမေးကြတယ်။


အဲ... ဟိုသီချင်းထဲကလို “အခုတော့ဒုက္ခပဲ… အခုတော့ဒုက္ခပဲ…” လို့ လူသိရှင်ကြား အော်မှဖြစ်တော့မယ်။ စာရေးဆရာကြီးတဲ့။ ကျွန်တော့်မှာ ဆရာလုပ်ဖို့နေနေသာသာ… ထားဗျာ။

“ငါကရေးချင်တာတွေ လျှောက်ရေးနေတာကွ” လို့ပြောတော့ သူတို့တွေက “အေး၊ အဲဒီရေးချင်တာတွေကို ဘယ်လိုလျှောက်ရေးရမယ် ဆိုတဲ့ဟာ How to write ကို သိချင်တာ” တဲ့။ ကဲ… ကိုင်း… ကယ်ကြပါဦး ဖေ့စ်ဘွတ်တကာတို့ရေ…။

ဟိုစာရေးဆရာမကြီး (နာမည်မမှတ်မိတော့ပါ) ပြောသလိုဖြစ်နေပြီ။ “စာရေးတတ်ဖို့ အရင်ဆုံးက စာရေးလိုက်ပါ။ ရေးရင်းနဲ့ စာတွေက ရေးနည်းကို သင်သွားလိမ့်မယ်” တဲ့။ စာရေးဆရာတွေဆိုတာလည်း တကယ်တမ်းကျ လူထဲကလူတွေ ခင်ဗျားတို့လို ဦးနှောက်တွေနဲ့ပါပဲ။ သူတို့မှာ ထူးခြားတာဆိုလို့ လုပ်ယူထားတဲ့ အကျင့်တချို့ပဲရှိတယ်။ အဲဒါလေးတွေကို ပြန်မျှဝေပေးမယ်။ အသုံးကျရင်တော့ အမုန်းသမပေါ့ဗျာ။

၁) စာနာနာဖတ်ဖို့အရေးကြီးပါတယ်။

စာနာနာဖတ်ဆိုလို့ စာအုပ်တွေကို ဆွဲဆုတ်ပြီး ဖတ်ခိုင်းတာမဟုတ်ဘူးနော်။ ငယ်ငယ်ကလို စာမဖတ်လို့ အမေက ဘေးကနေ ကြိမ်တို့ပြီး ဖတ်ခိုင်းတာမျိုးလည်း မဟုတ်ဘူးနော်။

“သိပါတယ်ဗျ၊ ကျုပ်တို့ကို ကလေးတွေမှတ်နေလို့လား” (ကိုဟန်က မနေနိုင် ထပြောတော့သည်)

ကျွန်တော့်အထင်တော့ စာရေး၊ ကဗျာရေး၊ သီချင်းရေးတယ်ဆိုတာ ကလေးတွေ သိုင်းကားတို့၊ စက်ရုပ်ကားတို့၊ စူပါမင်းကားတို့ ကြည့်သလိုပဲဗျ။ ကလေးတွေ တီဗွီကလာတဲ့ သိုင်းကားတွေကြည့်ပြီးရင် ဖြစ်နေကြလိုပေါ့ဗျာ၊ ဇာတ်လမ်းဆုံးလို့ သိပ်မကြာပါဘူး ရုပ်ရှင်ထဲက အတိုင်းချလိုက်၊ ခုန်ပေါက်လိုက်နဲ့။ ကျွန်တော်တို့ဖြစ်အင်ကလည်း သူတို့အတိုင်းပါပဲဗျာ။ စာတွေဖတ်တယ်၊ သီချင်းတွေနားထောင်တယ်။ ပြီးရင် ရေးချင်စိတ်တွေထွက်လာမယ်။

“ဟုတ်ပါပြီဗျ၊ ဒီတော့ စာဘယ်လိုဖတ်ရမလဲ” (ကိုသစ်၏ မေးခွန်းဖြစ်သည်)

ဒါများအလွယ်လေး မျက်စိနဲ့ဖတ်၊ ဦးနှောက်နဲ့မှတ်ပေါ့ဗျ။ ထားဗျာ… အခွင့်သင့်လို့ ဖတ်သင့်တဲ့စာတွေကို ညွှန်းလိုက်မယ်။

က) ဘက်ဆဲလားလို့ခေါ်တဲ့ စာရေးဆရာတွေရဲ့စာတွေကိုဖတ်ပါ။

တကယ်ဗျ။ သူတို့မှာ သူတို့စာကို လူများများကြိုက်အောင်၊ လူတွေစိတ်ဝင်စားအောင် (ကြွေသွားအောင်) လုပ်ယူထားတဲ့ ရေးနည်းရေးဟန်တွေ ရှိတယ်ဗျ။ (ဥပမာ။ ဖေ့စ်ဘွတ်ခ်က ဆြာ ??? ၊ ဆြာမ ??? တို့ရဲ့ စာမျိုးတွေပေါ့ဗျာ)

ခ) နာမည်မကြီးဘူး။ ဒါပေမယ့် တော်တော်ဝေဖန်ပုတ်ခတ် ခံရတဲ့ စာရေးဆရာတွေရဲ့ စာတွေကိုဖတ်ပါ။

အဲလိုလူတွေကို ဖတ်ရင်တော့ သေချာတယ်။ နမူနာယူစရာ သင်ခန်းစာယူစရာတွေ ရလာလိမ့်မယ်ဗျ။ (ဥပမာ။ ဟန်သစ်ငြိမ်ပေါ့ဗျာ)

ဂ) ထွက်သမျှ အသစ်တကာ့ အသစ်တွေကို ဖတ်ဗျ။

အင်း… ပိုက်ဆံတော့ နည်းနည်းကုန်လိမ့်မယ်ဗျ။ ထွက်သမျှ စာအုပ်အသစ်တွေကို တတ်နိုင်သလောက် ရှာဖတ်ဗျ။ ဘာကြောင့် အသစ်ဖတ်ရသလဲဆိုတော့ ခေတ်မီနေဖို့ လိုတယ်လေ။ ကိုယ့်စာတွေ သစ်လွင်နေဖို့ ကိုယ့်ဘက်က ဝမ်းဆာအနေနဲ့ အသစ်အသစ်တွေကို တို့ထိထားရမှာပေါ့။ Toshiba ရဲ့ ဆောင်ပုဒ်လို... “In touch with tomorrow” ပေါ့ဗျာ။

ဃ) အဟောင်းတကာ့ အဟောင်းဆုံးတွေကို ဖတ်ဗျ။

“အဟောင်းထဲက အကောင်း” ဆိုတဲ့ စကားကို ကြားဖူးမယ်ထင်တယ်။ တကယ်ဗျ။ လူတွေတော်တော်များများက ခင်ဗျားနားမလည်အောင် ရေးလေ၊ အထင်ကြီးလေပဲဗျ။ ဒါလူတွေရဲ့ အကျင့်နော်၊ နားမလည်ဘူးလို့ပြောပြန်ရင် သိက္ခာတို့ အဆင့်အတန်းတို့က ရှိနေလေတော့…။ အဲဒီတော့ လူတွေ မဖတ်ဖူးတဲ့ ဟိုး… (ကျွန်တော်တို့ ကို စာပေဘိုးအေကြီး ပြောသလို ဗဲရီး ဗဲရီး အိုး ကလပ်စစ်စာပေတွေပေါ့ဗျာ) အဲလိုစာတွေကို ရှာဖတ်ဗျ။ ခင်ဗျားတို့အဖေကတော့ ကြိုက်မှာ မဟုတ်ဘူး၊ ဒါပေမယ့် ခေတ်လူငယ်တွေနဲ့ ခင်ဗျားတို့ အဘိုးလို ဘိုးအေကြီးတွေကတော့ တကယ့်ကို ခံစားကြလိမ့်မယ်ဗျ။

“ဟေ့လူ၊ ခင်ဗျားပြောတာ ရှိသမျှစာတွေ ကုန်ရောဗျာ၊ ဘာဖတ်ရမလဲ အတိအကျသာ ပြောစမ်းဗျာ” (ကိုငြိမ်၏ မှတ်ချက်ဖြစ်သည်)

ကဲ ဒီတော့ ဖတ်သင့်တဲ့စာတွေကို တစ်ခါတည်း ညွှန်လိုက်မယ်။ ဒီလင့်ခ်က စာတွေပေါ့… Good to Read တဲ့ ဟဲ… ဟဲ။

၂) မဲမဲမြင်သမျှ ရေးဖို့သာ ပြင်ထားပါ။

မဲမဲမြင်သမျှဆိုလို့ မောင်ပုလဲ၊ မေပုလဲတွေကို ကြည့်ရေးခိုင်တယ်တော့ မထင်နဲ့ဗျာ။

“သိပါတယ်ဗျ” (ကိုဟန်၏ ကလန်ကဆန်ပြုသံဖြစ်သည်)

ထူးခြားဆန်းပြားတဲ့ စိတ်ကူး၊ ထိငြိစေမယ့် စာတစ်ပုဒ်ဆိုတာ နေ့စဉ်မြင်နေ တွေ့နေတဲ့ လူတွေ၊ အရာဝတ္ထုတွေ၊ သူတို့တွေ ပြောတဲ့အထဲကပဲ ဖြစ်တည်ပေါက်ဖွားလာတာပါ။ ဒီတော့ လူတွေ ဘာပြောနေကြသလဲ၊ ဘာတွေစိတ်ဝင်စားနေကြသလဲ၊ သူတို့တွေရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်က ဘာတွေလဲဆိုတာ ကိုယ်က နားထောင်ခံစားတတ်အောင် လေ့ကျင့်ရမယ်လို့ပြောတာပါဗျ။

ရုပ်ဝတ္ထုတွေဆိုတဲ့ သက်မဲ့ပစ္စည်းတွေကလည်း စကားပြောကြပါတယ်။ အဲဒီအခါ သူတို့အသုံးပြုတဲ့ ဘာသာစကားက အရုပ်၊ အရောင်၊ အဆင်း၊ အလင်း၊ အမှောင် စတာတွေပေါ့။ ဒါတွေနဲ့ ကျွန်တော်တို့ကို ဆက်သွယ်တယ်၊ information ပေးတယ်။ ပတ်ဝန်းကျင်ကနေ အာရုံခြောက်ပါးအနေနဲ့ ထိတွေ့ရိုက်ခတ်လာသမျှတွေဟာ ခံစားတတ်သူ အနုပညာသမားအတွက်တော့ အလကားမတ်တင်းရနေတဲ့ ကုန်ကြမ်းတွေပါပဲ။

မှတ်မှတ်ရရ ဘုရားတစ်ခုကို သွားတုန်းကပါ။ အဲဒီက လမ်းမှာ အဖွဲ့အစည်းတစ်ခုရဲ့ ဆိုင်းဘုတ်ကိုတွေ့တယ်ဗျ… “Conservation of Forestry Foundation၊ သစ်တော ထိန်းသိမ်းရေး အဖွဲ့”  ပေါ့ဗျာ။ အဲဒီမှာ သူတို့က ဆိုင်းဘုတ်ကို သစ်သားနဲ့ လုပ်ထားတာမှ ဟီးလို့၊ ကပ်ထားတဲ့ စာလုံးတွေကလည်း သစ်သားပဲ၊ Logo အတွက် သစ်သားကို အပင်ပုံလေးလှီးထားပြီး အစိမ်းရောင်သုတ်ထားတယ်ဗျာ။ သစ်သားမှ တကယ့်သစ်သား အစစ်တွေနော်၊ အကြောလေးတွေတောင် မြင်နေရတယ်။ အဲဒီမှာ ကျွန်တော်အတွက် ထင်မှတ်မထားတဲ့ အတွေးတွေ ကောက်ခါငင်ခါ ရောက်လာပါတယ်။ (ဒါဟာ Paradox ဆန်တဲ့ ဆိုင်းဘုတ်တစ်ခု မဟုတ်ပေဘူးလား)

၃) “ဘ” ခြောက်လုံးကို သတိရလိုက်ပါ။

ဘခြောက်လုံးဆိုလို့ “ဘိုးဘိုး ဘောင်းဘီ၊ ဘွားဘွား ဘောင်းဘီ…” စတာတွေ ဆိုပြီးမှတ်မနေနဲ့ဦးဗျ။

“ငါသိပါတယ်၊ သာလိကာ… အဲ… ဟန်သစ်ငြိမ်ရယ်” (ကိုသစ် အသံဖြစ်သည်)

ဘခြောက်လုံးဖြစ်တဲ့ “ဘယ်သူလဲ၊ ဘာလဲ၊ ဘယ်မှာလဲ၊ ဘာကြောင့်လဲ၊ ဘယ်တုန်းကလဲ၊ ဘယ်လိုလဲ” ဆိုတဲ့ မေးခွန်းတွေကို ရင်ထဲကမေးနေဖို့ပြောတာဗျ။ ဒီဟာအတွက် တစ်ခါက ဖတ်ဖူးတဲ့ စာလေးတစ်ပိုဒ်ကို နမူနာပြမယ်ဗျာ။

ကျွန်တော်ဟာ ဘယ်သူလဲဆိုတော့ မျောက်တစ်ကောင်ဖြစ်ပါသည်။ နောက်ထပ် ဘာရှိသေးလဲဆိုတော့ အမြီးရှိပါသည်။ ဘယ်မှာလဲဆိုတော့ အနောက်မှာလို့ဖြေရမည်။ ဘာကြောင့်အနောက်မှာ ရှိနေရသလဲဆိုတာတော့ ကျွန်တော်လည်းမသိပါ။ သို့သော် ဘယ်တုန်းက ဘယ်လိုအကြောင်းကြောင့်ဆိုတာကို သိပ္ပံပညာရှင်တွေ စိတ်ဝင်စားနေ ကြပါသည်။

“ဘ” ခြောက်လုံးဆိုတာ ဒါမျိုးဖြစ်ပါတယ်နော်။

စာတစ်ပုဒ်မှာ “ဘ” ခြောက်ခုစလုံး ပါချင်မှ ပါမှာပါ။

“တစ်ခုမှ မပါဘဲကော ရေးလို့ မရဘူးလားဗျ” (ကိုငြိမ်၏ စောဒက ဖြစ်သည်)

အဲ... တစ်ခုမှ မပါရင်တော့ ဘာမှန်းမသိလို့ ဘယ်သူမှ ဖတ်မယ်မထင်ဘူးလို့ ထင်တာပါပဲ။ ဒါပေမဲ့ ခုနောက်ပိုင်း တချို့စာတွေ၊ ကဗျာတွေက ဘာဆို ဘာမှမပါတာရှိသလို... တချို့ ကဗျာတွေကျတော့လည်း တစ်ပုဒ်တည်းမှာတင် “ဘ” အခု ခြောက်ထောင်လောက် ပါနေတာ တွေ့ရပါတော့တယ်။ အဲဒါမျိုးတွေကိုတော့... “ဘာဘာလည်း ဘာမှ မသိတော့လို့ ဘာဘာလည်း ဘာဘာ့ ဘာသာ နေပါတော့မယ်” လို့ပဲ ပြောချင်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ “ဘ” တစ်လုံးကျန်သေးတယ်ဗျ။ “ဘလော့ဂ်” တဲ့။ တကယ်ဗျ။ ဟန်သစ်ငြိမ် `ဘ´ ဘာကြောင့်စာရေးသူ ဖြစ်လာလဲဆိုတော့ `ဘ´ ဘလော့ဂ်ကြောင့်လို့ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ စာတွေ၊ ဘာညာတွေကို အရင်တုန်းက ကိုယ်ပိုင်ဘလော့ဂ်လေးဖန်တီးပြီး တင်ပါတယ်။ ခုနောက်ပိုင်းတော့ ဖေ့စ်ဘွတ်ခ် ကနေ တင်ဖြစ်တာ များပါတယ်။ အဲဒီ ဘလော့ဂ် ခေတ်တုန်းကတော့... အဆိုတော် ဟန်သစ်ငြိမ်… အဲ… ဟန်ထူးလွင် (Big Bag) ရဲ့ ဟိုသီချင်းလိုပေါ့ဗျာ “အဘိုးကြီးလည်း ဘလောဂ့်၊ အဖွားကြီး ဘလော့ဂ်၊ မွေးကင်းစ အာပြဲလေးလည်း ဘလော့ဂ်” ဆိုသလိုပေါ့ဗျာ။

ခုကျတော့ ပြောင်းသွားပြီဗျ။ ဖေ့စ်ဘွတ်ခ်က ဦးမော့နေတဲ့ခေတ်မှာ.. “ချမ်းမြေ့ပါစေ” သီချင်းအလိုက်နဲ့... “ဖေဖေလည်း ဖေ့စ်ဘွတ်ခ်ပါလေ၊ မေမေလည်း ဖေ့စ်ဘွတ်ခ်ပါလေ၊ သားသမီးလည်း ဖေ့စ်ဘွတ်ခ်ပါလေ” ဆိုပြီး ဆိုရတော့မှာပေါ့ဗျာ။

ဖေ့စ်ဘွတ်တို့၊ ဘလော့ဂ်တို့မှာ စာရေးရခြင်းကနေ အမြန်ဆုံးရနိုင်၊ သိနိုင်တာက ပရိသတ်ရဲ့ တုန့်ပြန်မှု၊ မှတ်ချက်တွေပါပဲ။ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ပါလာတဲ့ ကိုယ့်စာမူကို ပရိသတ် တုန့်ပြန်မှုက နှေးသလို၊ သူတို့ရဲ့ ဝေဖန်သံကို တိုက်ရိုက်ကြားရဖို့က ခက်ပါတယ်။

အင်တာနက် စာပေလောကက လျှပ်စီးရဲ့ အလျှဉ်နဲ့ ဆိုတော့ ခုတင်၊ ခုမှတ်ချက်ရတဲ့ အနေအထားမျိုးကို ဖြစ်သွားတာပါ။ Art, Artist နဲ့ Audience ဆိုတဲ့ 3A မှာ စာဖတ်သူ၊ ပရိသတ် Audience ရဲ့ ထင်မြင်၊ သုံးသပ်ချက်ကလည်း အင်မတန်မှ အရေးပါပါတယ်။

ပြောတာတွေလည်း နည်းနည်းများသွားပြီ၊ ဒီတော့ ဒီတစ်ခေါက်ပြောတာတွေကို အနှစ်ချုပ်လိုက်တော့မယ်။

၁) စာဘယ်လိုဖတ်ရမလဲ
မဲမဲမြင်ရာသာ ဖတ်ပါ

၂) စာဘယ်လိုရေးရမလဲ
“ဘ” ခြောက်လုံးကိုရေးပါ

၃) ပြောချင်တာတွေ ဘယ်လိုပြောရမလဲ
စာရေးပြီး ပြောပါ

ကိုင်း… သဘောပေါက်လောက်ပြီလို့ထင်ပါတယ်။

“ဟင့်အင်း၊ ပေါက်သေးဘူးဗျ” (ကိုဟန်၏ အသံဖြစ်သည်)

“မပေါက်သေးရင် လေချွန်ဗျ”

“ဟေ့လူ… ဟေ့လူ… ကလေးသေးတည်နေတာမဟုတ်ဘူးလေ” (ကိုသစ်၏အသံ ဖြစ်သည်)

“အဲ… မပေါက်သေးရင် နောက်တစ်ခေါက် ထပ်ဖတ်ဗျာ”

“စာရေးဆရာ ဖြစ်ဖို့ အာမခံလားဗျ” (ကိုငြိမ်၏ ပြောဆိုချက်ဖြစ်သည်)

“ဟေ... ထီထိုးနည်း ပြောပြနေတာလေ... ထီပေါက်ဂဏန်း ပေးနေတာ ဟုတ်ဘူးလေကွာ”


မေတ္တာဖြင့်
ဟန်သစ်ငြိမ်

(စာကြွင်း။ ။ နောက် အလျဉ်းသင့်ရင်တော့ ဒီထက်ပို အူကြောင်ကြောင်နိုင်တာတွေကို ဖောက်သည်ချပါမယ်ဗျ။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...