Friday, July 1, 2011

"သူရဲမွေးမိတဲ့ ဒို့ မြန်မာတွေ"

created the doc: "သူရဲမွေးမိတဲ့ ဒို့ မြန်မာတွေ"
Min Thant Syn created the doc:
အနှစ်ငါးဆယ်လောက် စစ်အစိုးရအဆက်ဆက် မှန်တယ် ထင်တာ လုပ်ခဲ့လို့ မြန်မာပြည်လဲ ဆင်းရဲ ဒုက္ခ ရောက်ခဲ့ရပါပြီ၊ မြန်မာ ပြည်သူတွေဟာ လက်တွေ့မှာ စစ်အစိုးရတွေ လုပ်ချင်ရာလုပ်နေတာကို ဘာမှ မတားဆီးနိုင်ဘဲ ကြောက်ကြောက်နဲ့ ထိုင်တောင်းပန်နေရတဲ့ အဆင့်တော့ရောက်နေပါပြီ၊ ကုလသမဂ္ဂ အပါအ၀င် တကမ္ဘာလုံးက ၀ိုင်းပြော ၀ိုင်းတောင်းပန်နေလဲ နအဖကတော့ မလှုပ်ပါဘူး၊

မြန်မာ့တပ်မတော် ပေါ်ပေါက်လာတာ နှစ်ပေါင်း ၅၀ တော့ ကျော်လာပြီ ထင်ပါတယ်။ တပ်မတော်ဟာ မြန်မာ ပြည်သူတွေရဲ့ သားသမီး ရတနာများလို့ ချီးမြှောက် ပြောကြပါတယ်။ ပြည်သူတွေရဲ့ သားကြီး အသက်၅၀ ကျော် လူကြီး တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ တပ်မတော် မငယ်တော့ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ် ကျေးဇူးကြောင့် မြန်မာ့ တပ်မတော်ကြီး ပြန်လည် တည်ထောင် ဖွဲ့စည်းနိုင်ခဲ့တာကို ပြည်သူတွေ အားလုံး ၀မ်းသာ အားရ ကြိုဆိုခဲ့ကြပါတယ်။ ပြည်သူတွေရဲ့ သားသမီးများနဲ့ တည်ဆောက်ခဲ့တာ ဖြစ်လို့ ပြည်သူ့ တပ်မတော် ဘ၀ကို ချက်ချင်း ရောက်သွားပါတယ်။

သားကြီး သြရသမို့ ပြည်သူက ဖူးဖူးမှုတ် အလိုလိုက် အားကိုး ခဲ့ပါတယ်။ စစ်သားတွေ တပ်မတော်ထဲ ၀င်ကြတာ အာဏာ လိုချင်လို့ မဟုတ်ဘူး၊ ရာထူး ဌါန္ဒရတွေ မက်မောလို့ မဟုတ်ဘူး၊ စည်းဇိမ် ဥစ္စာတွေ ချမ်းသာချင်လို့ မဟုတ်ဘူး တိုင်းပြည်ရဲ့ ပြည်တွင်း ပြည်ပ အန္တရာယ်တွေကနေ ကာကွယ်ဘို့၊ ပြည်သူတွေရဲ့ အသက် အိုးအိမ်တွေကို ပြည်သူတွေ ရှေ့က ရပ်တည် အနစ်နာခံ စောင့်ရှောက်ဘို့၊ ဒီ တိုင်းပြည် တာဝန်တွေကို အပင်ပန်း အဆင်းရဲခံ အလုပ် အကျွေးပြု ထမ်းဆောင်ဘို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တပ်မတော်ထဲ ၀င်ကြတယ်လို့ စတင် တည်ထောင်စ ကထဲက ပြောဆိုတာတော့ ကြားဘူးပါတယ်။
လွတ်လပ်ရေးရခါနီး ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေး လုပ်မှာမို့ တပ်ကထွက်ပြီး ဘုရင်ခံ ကောင်စီထဲ ၀င်တဲ့အခါမှာ တပ်မတော်ဟာ ဗိုလ်ချုပ် နေ၀င်းနဲ့ ဗိုလ်ချုပ်လက်ျာ တို့ရဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ရပါတယ်။ အဲဒီခေတ်က နိုင်ငံရေး လုပ်မယ်ဆို တပ်က ထွက်ကြရပါတယ်၊ ရာထူးနှစ်ခု၊ သုံးခု ယူချင်တိုင်း ယူလို့ မရပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းလဲ အခွင့်အရေး ပိုမယူခဲ့ပါဘူး၊ တပ်က ထွက်ရပါတယ်။ ခေါင်းဆောင်ကောင်း ပီပီ နည်းမှန် လမ်းမှန် လမ်းညွှန်ပြခဲ့တာပါ။ ဦးနု အစိုးရ လက်ထက်မှာ ဗိုလ်လက်ျာက ကာကွယ်ရေး ၀န်ကြီး ဖြစ်သွားလို့ တပ်က ထွက်သွားတဲ့ အခါမှာတော့ စစ်တပ်ထဲမှာ ဗိုလ်ချုပ်နေ၀င်းဟာ ပြိုင်ဘက်မရှိ ခေါင်းဆောင် ဖြစ်သွားခဲ့ပါတယ်။

၁၉၆၂မှာ ၀န်ကြီးချုပ်ဦးနုလက်ထဲက ဗိုလ်ချုပ်နေ၀င်း အာဏာ သိမ်းလိုက်တဲ့ အခါမှာတော့ တပ်မတော် ခေါင်းဆောင်ကော အစိုးရ ခေါင်းဆောင် ရာထူးတွေပါ တစ်ဦးတည်း ယူထားတဲ့ အတွက် ဗိုလ်ချုပ်နေ၀င်းဟာ တပ်မတော်ထဲမှာကော အစိုးရထဲမှာပါ အကြွင်းမဲ့ ခေါင်းဆောင် ဖြစ်သွား ပါတော့တယ်၊ စစ်တပ်က မထွက်ပါဘူး။ တိုင်းပြည် ခေါင်းဆောင် လုပ်ပြီး စည်းမဲ့ ကမ်းမဲ့ လုပ်ပြလိုက်လို့ အောက်လက် ငယ်သား တွေပါ စည်းကမ်း ဖေါက်ကုန်ကြ ပါတယ်။

ပြည်သူများအတွင်း မကျေနပ်မှုတွေ တိုးပွား လာပါတယ်။ သူ့အပေါ်သစ္စာမခံသူ၊ သူနဲ့အမြင် သဘောခြင်း မတိုက်ဆိုင်သူတွေ အတွက် နေရာ မရှိတော့ပါဘူး။ ဒါကြောင့် မြန်မာ့ တပ်မတော်ကော ဗိုလ်ချုပ်နေ၀င်းပါ နာမည် အကျပိုင်းကို ရောက်လာ ပါတော့တယ်။ ကိုယ်ကျင့်တရား၊ ဥပဒေစည်းကမ်း၊ စုပေါင်း ခေါင်းဆောင်မှု၊ စုပေါင်း တာဝန်ယူမှု ဆိုတာ တွေလဲ တပ်မတော်မှာကော တိုင်းပြည်မှာပါ ပျောက်ကွယ် သွားပါတော့တယ်။ ဗိုလ်ချုပ်နေ၀င်းဟာ ခေါင်းဆောင်ကောင်း တစ်ဦး မဟုတ်ခဲ့ပါဘူး။
နောက်ပိုင်းတော့ တိုင်းပြည်မှာ ဗိုလ်ချုပ်နေ၀င်းဟာ အာဏာရှင်ကြီး ဖြစ်လာခဲ့ပါတယ်။ သူ့လက်အောက် ငယ်သားတွေလဲ တိုင်းပြည်အပေါ်၊ ပြည်သူအပေါ်၊ တပ်မတော်အပေါ် သစ္စာရှိစရာမလို တော့ဘဲ ဗိုလ်ချုပ်နေ၀င်း အပေါ် သစ္စာ ရှိဘို့သာ လိုရင်း ဖြစ်လာပါတယ်။ ဗိုလ်ချုပ်နေ၀င်း သည်သာ မယိုင်မလဲနိုင်သော အမြဲတမ်း အနိုင်ရမဲ့ အားကိုးရာ မဏ္ဍိုင်ကြီးလို့ တပ်မတော်သား တွေထဲမှာ ခံယူလာကြပါတယ်၊ အဲဒါက မြန်မာနိုင်ငံရဲ့ ကျဆုံးခန်းအစပါဘဲ။

အခုနှစ်ပေါင်း ၅၀ အကြာ၊ စစ်ခေါင်းဆောင် သုံးဆက်မြောက်မှာတော့ တစ်ချိန်က ချမ်းသာခဲ့တဲ့ တိုင်းပြည်လဲ ဆင်းရဲသွားခဲ့ပါပြီ။ တပ်မတော်လဲ နာမည်ပျက်ခဲ့ရပြီ။ တပ်မတော် ခေါင်းဆောင် အဆက်ဆက်ဟာလဲ စည်းစိမ်ဥစ္စာ ရာထူး အာဏာတွေကို မလွတ်တန်း ချုပ်ကိုင်ထားပြီး မိမိ အကျိုးစီးပွားကို ထိခိုက်မဲ့ သဘောထား မတိုက်ဆိုင်သူ ပြည်သူတွေကို အများကြီး ရက်စက်ခဲ့ ပြီးပါပြီ။ ပြည်သူတွေ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ရဟန်း သံဃာတွေ အားလုံးနဲ့ ပဋိပက္ခတွေ ဖြစ်ပြီးခဲ့ပါပြီ။ ပြန်ပြင်လို့ မရအောင် အမှားတွေ ကျူးလွန်ပြီးပါပြီ။ ဥပဒေ စည်းကမ်းတွေ ဆိုတာလဲ ပြည်သူကို နှိပ်စက်တဲ့ ယန္တယား လက်နက် ဖြစ်သွားခဲ့ပါပြီ၊ တစ်ချိန်က မိဘပြည်သူလို သဘောထားခဲ့ရာက အခု ရန်သူလို့ မြင်လာခဲ့ပါပြီ။ အစွယ် ပေါက်လာခဲ့ပြီ၊ တပ်မတော်ဟာ မိဘတွေမှာ စားရမဲ့ သောက်ရမဲ့ ဖြစ်နေတာကို အလိုက်မသိဘဲ တိုင်းပြည် ဘဏ္ဍာငွေတွေ အနိုင်ကျင့် ယူသုံးဘို့သာ သိတဲ့ သားမိုက်ကြီး ဖြစ်နေခဲ့ပါပြီ၊ နှစ်စဉ် တိုင်းပြည် ဘတ်ဂျက်ရဲ့ ၅၀%ကို တပ်မတော်က အခုထိ ယူသုံးနေတုန်းပါ၊ တိုင်းပြည် ဘယ်လာ နလံထူနိုင်မှာလဲ။ ဘာပိတ်ဆို့မှုကြောင့်မှ မဟုတ်ပါဘူး။

ပြည်သူလူထုကို စားဝတ်နေရေး ပြေလည်အောင်၊ တိုင်းပြည် ကြီးပွား တိုးတက်အောင် တပ်မတော်က လုပ်နိုင်စွမ်း မရှိမှန်း ပြည်သူက သိလာလို့ ဒီလောက်ဆို တော်လောက်ပါပြီ၊ စနစ်လေး ဘာလေး ပြောင်းပြီး နားလည် တတ်ကျွမ်းသူတွေကို အလှည့်ပေး ကြည့်ပါဦး၊ ပြုပြင် ကြည့်ပါဦး၊ မင်းတို့လဲ ခဏနားကြပါဦး၊ လို့ဆိုတာကို စိတ်ဆိုး ရန်ပြုနေတာပါ။ ကလေး ဆိုးကြီး ဖြစ်နေတာပါ။
တိုင်းပြည်ကို စောင့်ရှောက်ဘို့၊ အနစ်နာခံ အလုပ်အကျွေးပြုဘို့ စစ်ထဲဝင်ခဲ့တယ် ဆိုသူတွေကလဲ အခုတလော ဖတ်နေရတဲ့ နအဖယိမ်း Academic ဆောင်းပါးတွေ အဆိုအရ တော့ -
မြန်မာ ပြည်သူများက နအဖ စစ်အစိုးရရဲ့ ဦးဆောင်မှုကို ခံယူပြီး အစိုးရကို မပြုတ်ကျစေဘဲ ၀ါဒတွေစနစ်တွေ တောင်းဆိုမှုတွေ ဘေးချိတ်လို့ သာတယ် နာတယ် သဘောမထားဘဲ အနစ်နာခံပြီး နိုင်ငံတော်ကို ၀ိုင်းဝန်း တည်ဆောက် ပေးကြရမည်၊ (တနည်းပြောရရင်) နအဖကို ခေါင်းဆောင် နေရာက မဖယ်ရှားဘဲ ကလေးဆိုးကြီး တွေလို ပြည်သူကဘဲ အနစ်နာခံ အလျှော့ပေးပြီး အချီတော် အချော့တော် အထိမ်းတော်တွေ လုပ်ကြရမယ် ဆိုဘဲ။ အားအားယားယားဗျာ။

ဖွတ်မိကျောင်းဖြစ်တော့ မြစ်မချမ်းသာဆိုတာ စကားပုံရှိတယ်။ မိကျောင်းဟာ မြစ်ထဲက ဘ၀တူရေနေ သတ္တ၀ါတွေကို စောင့်ရှောက်တယ်၊ မစားဘူး၊ ဒုက္ခမပေးဘူး၊ ကုန်းသတ္တ၀ါကြီးတွေကို ကုန်းပေါ်က ရေထဲဆွဲချ နပမ်းလုံး သတ်ပြီး စားနိုင်တဲ့ အင်အားရှိတယ်။ ဉာဏ်ပညာလဲ ရှိတယ်။၊ ကုန်းပေါ်က ရေထဲ ဆင်းလာတဲ့ ဖွတ်က အဲလို အင်အား ဉာဏ်ပညာ မရှိဘူး၊ ကုန်းသတ္တ၀ါတွေ လာရင် ကြောက်လို့ ရေထဲမှာ ငုတ်ပုန်းနေပြီး ဘာမှ ပြန်မလုပ်နိုင်တဲ့ အတူနေမြစ်ထဲက ငါးတွေကိုတော့ ဒုက္ခပေး ဖမ်းဆီး စားသောက် တတ်တယ်၊ ဖွတ်လို အချင်းချင်း နှိပ်စက် တတ်သူတွေ တိုင်းပြည်မှာ အကြီးအကဲ တက်ဖြစ်နေတာကို တင်စား ပြောတာပါ။ မြန်မာပြည်မှာ ဖွတ်တွေ မိကျောင်း တက်လုပ်တော့ အတူနေ ပြည်သူတွေ ဒုက္ခရောက် တယ်၊ မချမ်းသာဘူးလို့ ပြောကြတာပါ။

ပြည်သူတွေခမျာ ကိုယ့်မိသားစု စားဝတ်နေရေးလဲ လုံးပမ်း လုပ်ရကိုင်ရဦးမယ်၊ မအားရတဲ့ ကြားက ဒီမောင်တွေ ပြောသလို နာနီလုပ်ပြီး ကျပ်မပြည့်တဲ့အသက်၅၀ သားမိုက်ကြီးကိုလဲ သီးခံ ထိန်းပေးရဦးမယ် ဆိုတော့ ဘယ်သူကမှ စိတ်မ၀င်စားကြပါဘူး။ သူတို့ဘာသာ နားလည်ပြီး သူ့ဖာသူ ပြုပြင်လာအောင်သာ ကျိုးစားကြပါ၊ Scholar ကြီးတွေက ထိန်းသိမ်း သင်ကြား ပေးကြပါ။ ပြည်သူတွေ လိုက်လုပ်ဖို့မဖြစ်နိုင်ဘူး၊ ပြည်သူတွေလဲ မအားကြပါဘူးဗျာ။ Emotional မဖြစ်ဘဲ တည့်တည့်ပြောရရင် တိုင်းပြည်သိပ်နစ်နာ လာရင်တော့ တိုင်းပြည်နဲ့ သားမိုက်ကြီးကို လဲသင့်လဲရမလို ဖြစ်နေပါတယ်။ ကိုယ့်တပ်မတော် ကိုယ်ပြော ရတာတော့ မကောင်းဘူး၊ မြန်မာတွေခမျာ သူရဲမွေးမိတဲ့ ဘ၀ရောက်နေရပြီဘဲ။
စေတနာဖြင့်၊

ကိုဂျူး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...