Thursday, July 14, 2011

မောင်ချောနွယ် သို့မဟုတ် ကမ္ဘာ့ဝိညာဉ်နှင့် စကားပြောခြင်း

Пайнг Со created the doc:
လှကျော်နေ

ကဗျာဆရာ မောင်ချောနွယ် နဲ့ စကားပြောချင်လို့ ။
ဘယ်ခေါင်းစဉ် နဲ့ စကားပြောမှာလဲ ။
ခေတ်ပေါ်ကဗျာအကြောင်း ဆွေးနွေးပွဲဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့ ။
အဲဒီခေါင်းစဉ်တော့ မကြိုက်ဘူးဗျာ ။ တခြားခေါင်းစဉ်ကို ရွေးကြရအောင် ။
ခေါင်းစဉ်က အရေးမကြီးပါဘူး ။ ပြောတဲ့အကြောင်းအရာတွေက  အရေးကြီးပါတယ် ။
သဘောတူတယ် ။ ကဲ   ……  ဘယ်က စ ဆွေးနွေးကြမလဲ ။
မောင်ချောနွယ် အနေနဲ့  ကဗျာကို ဘယ်လောက် ယုံကြည်သလဲ ။
ကမ္ဘာကြီး ရဲ့ ဝိညာဉ်ဟာ ကဗျာ ၊  ကဗျာ ရဲ့ ဝိညာဉ်ဟာ မောင်ချောနွယ် ၊ မောင်ချောနွယ် ရဲ့ ဝိညာဉ်ဟာ ကဗျာပါပဲ ။

ဒါဆိုယင်  ဆွေးနွေးပွဲ ခေါင်းစဉ်ကို  တပ်လိုက်တော့မယ် ။
ဘယ်လိုတပ်မှာလဲ
မောင်ချောနွယ် ( သို့မဟုတ် ) ကမ္ဘာ့ဝိညာဉ် နှင့် စကားပြောခြင်းဆိုယင်  သင့်မယ်ထင်တယ် ။

ဒီခေါင်းစဉ်ကို သဘောတူတယ်ဗျာ ။ ဆက်ဆွေးနွေးကြစို့ ။
မောင်ချောနွယ် အနေနဲ့  ရင်မှဖြစ်သော အနုပညာပင်စည်က ပင်မှည့်တေးဖြစ်တဲ့ ကဗျာသစ်သီးတွေဟာ
တစ်နှစ်မှာ ဘယ်နှလုံးခန့် ကြွေတတ်ပါသလဲ ။


ဟုတ်ပါတယ် ။ ကျနော်ဟာ အနုပညာပစ္စည်းတစ်ရပ်ဖြစ်တဲ့ ကဗျာသစ်သီးကို ရင့်မှည့်အောင်လုပ်ပြီးမှ အလိုလို ကြွေကျတတ်ပါတယ် ။
အများနားလည်အောင် ပြောရယင်တော့ တစ်နှစ်မှာ ကဗျာ  လေး ၊ ငါး ၊ ခြောက်ပုဒ်ပဲ ရေးဖြစ်ပါတယ် ။
ဒါလောက် ကဗျာ အထွက်ကျဲရတာ ကဗျာတစ်ပုဒ်ရဲ့ တန်ဖိုးဟာ မြမာလာ ဖိနပ်တစ်ရန်ဖိုးလောက် မရှိလို့လား ။

ပင်မှည့်ကဗျာများ သီးကြွေမှုနည်းရတာက ကျနော် ရေးအားမကောင်းတာ ၊ ရေးအားညံ့တာလည်း ပါပါတယ် ။ ကိုလှကျော်နေ ပြောသလို
ကဗျာစာမူခနည်းလို့ ခံပြင်းတာလည်း ပါပါတယ် ။ တကယ်တမ်းပြောရယင်  ငွေက ဒါလောက်အဓိက မကျပါဘူး ။ ကဗျာဖြစ်ပြီးရော
မရေးချင်တာပါ ။
ကဗျာတစ်ပုဒ်ကို  ဒါလောက်အချိန်ယူပြီး ရေးတတ်သလား ။

တစ်ခါတစ်ရံ တစ်နှစ်မှ သုံးပုဒ်တည်းရေးဖြစ်တဲ့ နှစ်   ရှိပါတယ် ။ ဆတ်သွားလို ကဗျာမျိုးကျတော့ တစ်ပုဒ်ကို သုံးနှစ်ကြီးများတောင်
ကြိုးစားပန်းစား ရေးမိပါတယ် ။ ပြေရယင်တော့   ကျနော့် ရဲ့ ညံ့ဖျင်းမှုများပေါ့ဗျာ ။
မောင်ချောနွယ်ဟာ ကဗျာဆရာစစ်စစ်ဘဝကို  အတိအကျ နေထိုင်တုန်းပဲလား ။
ဟုတ်ကဲ့ ။ အတိအကျ နေထိုင်ဆဲပါပဲခင်ဗျာ ။ အသက် ၅၀ အရွယ်ကျယင်တော့ အတိအကျနေထိုင်မယ်လို့ အတိအကျမပြောနိုင်ပါဘူး ။
ကဗျာဆရာဘဝကို အတိအကျနေထိုင်ဆဲ  လို့ ဘာ့ကြောင့်ပြောနိုင်ပါသလဲ ။

ကျနော် ဗီဒီယိုမရိုက်ဘူး ။ ဗီဒီယိုဇာတ်ညွှန်းမရေးဘူး ၊ ဇာတ်ဝတ္ထုမရေးဘူး ၊ ဆောင်းပါးမရေးဘူးဗျာ ။
ဒါတွေအားလုံးဟာ ကျနော်တတ်တဲ့ အလုပ်တွေချည်းပါပဲ ။
တချို့ကဗျာဆရာတွေ ဇာတ်ညွှန်းရေးနေကြပြီနော် ။
ဒါက သူတို့ ကိစ္စပါ ။
အသက် ၅၀ အရွယ်ကျ ကဗျာဆရာဘဝ ကို  အတိအကျနေထိုင်ချင်မှ နေထိုင်မယ် ဆိုတဲ့ စကားက ခု အသက် ဘယ်လောက်ရှိပြီမို့လဲ ။

အသက်ကိုမေးတာထက် ကဗျာဆရာလုပ်သက်ကိုမေးယင် ပိုကောင်းမယ်ထင်တယ် ။ လူတစ်ယောက်မှာ အသက်က အရေးမကြီးပါဘူး ။
တန်ဖိုးရှိတဲ့ လုပ်ရပ်က အရေးကြီးပါတယ် ။
မောင်သင်းခိုင် နဲ့ အင်တာဗျူးတုန်းက အနုပညာဆိုတာ  “ ဘဝ ရဲ့ ဝဋ်နာကံနာ ” လို့ ပြောခဲ့တဲ့ စကားကို အစာမကြေဘူး။
ဝဋ်နာကံနာအကြောင်းကို ထပ်ရှင်းပြပါဦး ။


ဒါက ကျနော့် ယုံကြည်မှုပဲ ။ ကျနော်ဟာ ကဗျာကို ချစ်ခြင်းနဲ့အတူ ကုဋ္ဌနူနာရောဂါသည်တစ်ယောက်လိုပဲ  ခြေမ,ကြွေ ၊ လက်မ , ကြွေ ၊
နားရွက်ကြွေ ၊ နှာခေါင်းကြွေ  နဲ့ အားလုံးကြွေသွားဖို့ပဲ ရှိတယ် ။ မိုဒီဂလျာနီတို့ ဂေါ်ကီတို့လိုပေါ့။  ကျနော်လည်း ကဗျာကို ကိုးကွယ်မိတော့
ဘာတတ်နိုင်မှာလဲ ။ ဒီဘဝ မှာ ကျနော် ဆုတ်ပေးလို့ မရတော့ဘူး ။ ကျနော့် သမိုင်းကို ကျနော် ဖျတ်ဆီးခြေမွပစ်မှာ မဟုတ်ဘူး ။
ကျနော် ကိုယ်တိုင် ကြေမွချင် ကြေမွသွားပါစေ ။ ဆက်ပြီး ကဗျာကို ချစ်သွားဖို့ အဆင်သင့်ပါပဲ ။
ဒါဆိုယင် ကဗျာဆိုတဲ့ အနုပညာပစ္စည်းကို မောင်ချောနွယ်က ဘာကြောင့်  ထာဝရချစ်သူ ၊ ထာဝရရန်သူ လို့ ပြောခဲ့၊သုံးခဲ့တာလဲ။

ဒါက ကျနော်တစ်ဦးတည်း ရဲ့ ခံစားချက်ပါ ။ အများနဲ့ TUNNING မညှိနိုင်ပါဘူး ။ အသံညှိစရာ မလိုပါဘူး ။ကျနော့် ခံစားချက်မှားကောင်းမှားမယ်။
မှန်ကောင်းမှန်မယ် ။ ထာဝရချစ်သူဆိုတာကတော့ ကဗျာကို ကျနော်က  အသက်နဲ့လဲပြီး ချစ်မိတာကိုး ။ ထာဝရရန်သူဆိုတာကတော့
တစ်ခါတစ်ရံမှာ ကျနော်ဟာ ကဗျာကို လိုချင်တယ် ။ ကဗျာက မရဘူးဗျာ ။  အမြဲတမ်း တိုက်ခိုက်ထွက်ပြေးနေတယ် ။ ကဗျာ ကို ဘယ်လိုရှာရှာ
တွေ့သင့်မှ တွေ့တယ် ။ တစ်ခါတစ်ခါတော့ ဝုန်းခနဲ ဒိုင်းခနဲ  ချုံခိုတိုက်ခိုက်ပြီး  ကဗျာ နဲ့ ကျနော် လှံစွပ်ထိုးပွဲ ဆင်နွှဲရတယ် ။ ကျနော့်ဘဝကို
ဒုက္ခအပေးဆုံးဟာ ကဗျာပဲ ။ ဒါကြောင့် ကဗျာကို ကျနော်က  ရန်သူလို့ သတ်မှတ်တယ် ။ အချစ်ဆုံးရန်သူလို့ ပြောရမလား မသိဘူး ။
ဒါကြောင့်  ကဗျာ ဟာ ထာဝရရန်သူ ၊ ထာဝရချစ်သူလို့ ကျနော်  ပြောမိတယ်ဗျာ ။
မောင်ချောနွယ်ဟာ ယနေ့အချိန်ထိ ကဗျာဆရာဆိုတဲ့ ဂုဏ်ပုဒ်ကို မြတ်မြတ်နိုးနိုး ဖက်တွယ်ပြီး
ရင်ဘတ် နဲ့ လယ်ထွန်စားသောက်နေတယ်ဆိုတာ တကယ်ပဲလား ။


နှလုံးသားနဲ့ ကဗျာတွေကို လိုက်ရှာနေတယ် ။ ရင်ဘတ်ကို ထွန်သွားလို သဘောထားပြီး ရင်ဘတ်နဲ့ လယ်ထွန်တယ်လို့ ကျနော် သုံးနှုန်းခဲ့တာပါ။
ရင်ထဲမှာ ထိရှ ခံစားမှု မရှိဘဲ   ကျနော် ကဗျာမရေးဖြစ်တာတော့ အမှန်ပါပဲ ။
မောင်ချောနွယ်  ရဲ့ ချက်ကြိုးမြှုပ်ရာ ဒေသကို ပြောပြပါ ။

ရန်ကုန်မြို့ရှိ  ဒပ်ဖရင် အမျိုးသမီးဆေးရုံမှာပဲ  ချက်ကြိုးဖြတ်ခဲ့ပါတယ်ဗျာ ။ မွေးဇာတိက ရန်ကုန်မြို့ ၊ ကပ္ပလီကွက်သစ် ၊ ၁ လမ်း ပါ ။
၁၁ နျစ်သားအထိ ရန်ကုန်မှာ အတိအကျ နေထိုင်ကြီးပြင်းခဲ့ပါတယ် ။နောက်မှ အဖေက အစိုးရဝန်ထမ်းမို့ နယ်တွေမှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။
မောင်ချောနွယ် ရဲ့  မိဘတွေအမည် ။
ဦးကျော်မြင့် ၊ ဒေါ်သန်းသန်း တို့ပါ ။
မိဘတွေ အလုပ်အကိုင်က ။
ကျနော့် အဖေ က နယ်ပိုင်ဝန်ထောက် ၊ ကျနော့် အမေ က မှီခို ပါ ။
မောင်ချောနွယ် မှာ မောင်နှမသားချင်း ဘယ်နှယောက် ရှိသလဲ ။
ငါးယောက် ရှိပါတယ် ။  ကျနော်ဟာ  အကြီးဆုံး နဲ့  အမိုက်ဆုံး သားတစ်ယောက်ပေါ့ ။
မောင်ချောနွယ်   တက္ကသိုလ်ပညာ သင်ဖူးသလား ။
မသင်ဖူးပါဘူး ။  ကျနော်  ၁၀ တန်းပဲ  အောင်ပါတယ် ။
မောင်ချောနွယ် တစ်ယောက်  ဝန်ထမ်းဘဝ ကျင်လည်ဖူးသလား

ဝန်ထမ်းလုပ်ခဲ့ဖူးပါတယ် ။ ပုသိမ် – မုံရွာ လမ်း ၊ လမ်းဖောက် ဆောက်လုပ်ရေးမှာ စာရေးဝင်လုပ်ဖူးပါတယ် ။ လက်ထောက်စာကြည့်တိုက်မှူးလည်း
လုပ်ဖူးပါတယ် ။ မြို့ဝင်ကြေး ဂိတ်စောင့်လည်း  လုပ်ဖူးပါတယ် ။ ဈေးကောက်လည်း လုပ်ဖူးပါတယ် ။ ကုန်သည်ပွဲစားလည်း လုပ်ဖူးပါတယ်။
မောင်ချောနွယ် ရဲ့  မိသားစုတပ်ဖွဲ့အကြောင်းလေး  ပြောပြပါဦး ။
၁၉၇၁  ခုနှစ်မှာ  မမြင့်မြင့်စိန် ( ခေါ် ) မမမြင့်  နဲ့ ညားခဲ့ပါတယ် ။ ၁၉၇၂ ခုနှစ်မှာ ရန်ကုန်မြို့ ၊ ကြို့ကုန်း ၁လမ်း မှာ နေခဲ့ဖူးပါတယ်။
အိမ်ထောင်ကျစ မှာပေါ့နော် ။

ဟုတ်ပါတယ် ။ အိမ်ငှားနေခဲ့တာပါ ။ အဲဒီအိမ်မှာ  ဝင်းမင်းထွေး ၊ သုခမိန်လှိုင် ၊ ခိုင်အောင် (မြို့ဟောင်း) ၊ မြေဝါ
ဘုန်းနွယ်လင်း ၊  ရန်ပိုင် ၊ သခွပ်နီ ၊ အစရှိသူတို့ ကျနော့် အိမ်မှာ စုစည်းခဲ့ကြဖူးပါတယ် ။
မောင်ချောနွယ်  သားသမီး ဘယ်နှယောက် ထွန်းကားခဲ့ပါသလဲ ။

သားသမီး ၃ ယောက် ထွန်းကားခဲ့ပါတယ် ။ ( ၁ ) မဟူရာ ကိုကို ( ၂ ) နေခြည်ထက်ထက် ( ၃ ) မေမွန်ရှိုင်း တို့ ၃ ယောက် ဖြစ်ပါတယ်။
၇၂ တုန်းက မဟူရာကိုကို ရဲ့မွေးနေ့မှာ  သုခမိန်လှိုင် ၊ ဖော်ဝေး ၊ သခွပ်နီ ၊ ဝင်းမင်းထွေး ၊ ယနေ့ နာမည်ကြီးအားလုံး ကျနော့် သမီးရဲ့ မွေးနေ့ကို
တက်ဖူးခဲ့ကြပါတယ် ။ သင်္ဂြိုဟ်စက်ထဲကို  ကိုယ့်ဘဝ ကိုယ်သွင်းပြီး မီးပြင်းတိုက် ပြာချလိုက်မှ ထွက်လာတဲ့ အခိုးအခွေ့ကတစ်ဆင့်
အနုပညာကို မွေးဖွားတည်ဆောက်တယ်ဆိုတာက  အဲ့သလို မွေးဖွားတည်ဆောက်မှ အနုပညာအစစ်အမှန် ရရှိမယ်လို့ထင်တဲ့အတွက်လား။

အဲသလို ထင်တာမဟုတ်ပါဘူး ။ အဲသလို ယုံကြည်တာပါ ။ ဘဝ ကို အလောင်ကြွမ်းခံပြီးမှ ရရှိတဲ့ အနုပညာမှ အနုပညာအစစ်အမှန်ပါ။
မော်ဒန်ကဗျာ ရဲ့ ခရီးဟာ ၁၉၇၀ က စတင်ရေတွက်ယင်  ငွေရတုသဘင်ခရီး ၂၅ ကျော် ၂၇ နှစ်ထဲ ရောက်ခဲ့ပြီဆိုတာ လက်ခံလား။
ဆယ်စုနှစ် နှစ်ခု ၊ နှစ် ၂၀ လောက်ပဲ ရှိသေးတယ်လို့  သတ်မှတ်ပါတယ် ။
မောင်ချောနွယ် ကဗျာ စရေးတော့ လေးလုံးစပ်နဲ့ပဲ  ကဗျာ စသင်ခဲ့တာလား ။
ဟုတ်ပါတယ် ။ ၆၇-၆၈ ခုနှစ်ထဲမှာပဲ ရုပ်ရှင်ပဒေသာ ၊ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းတို့မှာ  လေးလုံးစပ်ကဗျာလေးတွေကို စတင် ရေးပို့ခဲ့ပါတယ်။
မောင်ချောနွယ် ပြောတဲ့ စကးတစ်ခွန်း ကြားဖူးတယ် ။ ခေတ်ပေါ်ကဗျာရဲ့ ရနံ့ ကို ကွယ်လွန်သူ ကဗျာဆရာမောင်လေးအောင်ဆီက
ရရှိခဲ့တယ်ဆိုတာ ဟုတ်ရဲ့လား ။


ဟုတ်ပါတယ်ဗျာ ။ ကဗျာဆရာ မောင်လေးအောင်ဆီကပဲ ကျနော့် အနေနဲ့ ခေတ်ပေါ်ကဗျာရနံ့ ကို အနံ့ခံရရှိခဲ့တာပါ ။ ဒီစကားကို ကျနော်
ယုံယုံကြည်ကြည် နဲ့  ခေါင်းခံပါတယ် ။ ပြောလည်း ပြောရဲတယ်ဗျာ  ။  အများသဘောမတူယင်လည်း ဒါ .. ကျနော်တစ်ဦးတည်းရဲ့ အယူအဆပါ။
ကွဲလွဲခွင့် ရှိပါတယ် ။
တော်လှန်ကဗျာ စာအုပ်မှာ ပါဝင်ရေးသားဖူးတဲ့  မောင်ချောနွယ်ရဲ့ ကဗျာဟာ အဲဒီကတည်းက
မော်ဒန်ကဗျာ  ဖြစ်နေပြီလား ။

မော်ဒန်ကဗျာ လုံးဝမဟုတ်သေးပါဘူး ။
ဖော်ဝေး ၊ မောင်ချောနွယ် တို့ပါဝင်ရေးသား တဲ့  သစ်ရွက်သေများပေါ်မှ ရက်စက်သော ဂီတ ကဗျာစာအုပ်ဟာ
အေဒီသက္ကရာဇ် ဘယ်နှခုနှစ်က ထွက်ရှိခဲ့ပါသလဲ ။

၁၉၇၃ – ၇၄ ခုနှစ်လောက်ကလို့  ယူဆပါတယ် ။
၁၉၇၀ ခုနှစ်လောက်က ထွက်ရှိခဲ့တဲ့  ပြည်အောင်ဇော်မိုး ရဲ့ “ ကျစ်ဆံမြီးရှည်ရှည် ” ကဗျာစာအုပ် နဲ့ ၁၉၇၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့
သုခမိန်လှိုင် ရဲ့  “ ဇွန်လ၏ မိုးရေစက်များ ” ကဗျာစာအုပ်တွေဟာ ကာရန်စနစ်ကိုတော့  ပြတ်သားစွာ တော်လှန်ထားတာတွေ့ရတယ်။
အဲဒီကဗျာစာအုပ်တွေကို  မော်ဒန်ကဗျာတွေပါလို့  ပြောလို့ရမလား ။


မော်ဒန်သက် နုသေးပေမယ့် မော်ဒန်လို့  လုံးဝ  ပြောလို့ရပါတယ် ။ ထောက်လည်း ထောက်ခံပါတယ် ။
၁၉၇၃ ခုနှစ်  ၊ မတ်လမှာထွက်ရှိခဲ့တဲ့  မောင်ချစ်ငွေ ( မောင်ဇေတု ) ရဲ့ ခေတ်ပေါ်ကဗျာဟာ မော်ဒန်ကဗျာ လက္ခဏာ နဲ့ ပိုတူလာတယ်
ဆိုတာ ဟုတ်ပါရဲ့လား ။


ဟုတ်ပါတယ် ။ အဲဒီကဗျာစာအုပ် ဖတ်ဖူးပါတယ် ။ အဲဒီတ်ုနးက သူရေးခဲ့တဲ့  က်ဆက်ထဲက ဆိုရှယ်လစ်စကား ၊ ငါသူ့ကို လက်ဆောင် မပေးဘူး ၊ ဘရာစီယာမှာ ရေမြှုပ်တွေ အပြည့်နဲ့  ငါသူ့ကို လက်ဆောင်မပေးဘူး ဆိုတာတွေလေ ။ဒါပေမယ့် ခေတ်ပေါ်ကဗျာ မှာ ဘယ်သူကစောတယ် ၊ ဘယ်သူကနောက်ကျတယ် လို့က အရေးမကြီးပါဘူး ။ အရေးကြီးတာက တန်ဖိုးရှိတဲ့ကဗျာ
အဖြစ်ရောက်ရေး ၊ မရောက်ရေးက  အရေးကြီးပါတယ် ။
ဒါဆိုယင် ၁၉၆၉ ခုနှစ်က ထွက်ရှိခဲ့တဲ့  မောင်သာနိုး ( ခေါ် ) မောင်သိင်္ဂါ ရဲ့ “ မလင်းပြာ ” ကဗျာကို ဖတ်ဖူးသလား ။
အဲဒီကဗျာကိုရော   မော်ဒန်ရဲ့အစလို့  လက်ခံနိုင်သလား ။


လက်ခံပါတယ် ။ အဲဒီကဗျာ နဲ့ မော်ဒန်စတယ်လို့တော့ မယူဆပါဘူး ။ အဲဒီကဗျာဟာ ၁၉၆၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ “ ဒေါင်းအိုး တဝေဝေ”
ကဗျာစာအုပ်မှာ ပါခဲ့တာ မဟုတ်လား ။
ဟုတ်ပါတယ် ။ အဲဒီစာအုပ်ဟာ ကျနော်  ကျောင်းသားဘဝ တုန်းက သူငယ်ချင်း အောင်သန်း နဲ့ ဆွဲကြိုးတစ်ကုံးစီရောင်းချပြီး
ထုတ်ခဲ့ကြတဲ့  စာအုပ်ပါ ။

ဒါဆိုယင် ကိုလှကျော်နေ က ကဗျာကို တော်တော်ချစ်တာပဲ ။
အဲဒီ “ ဒေါင်းအိုး တဝေဝေ ” ကဗျာစာအုပ်မှာ  မျက်နှာဖုံးပန်းချီ ကိုယ်တိုင်ရေးခဲ့ပါတယ် ။ ကဗျာ ၃ ပုဒ်လည်း ပါဝင်ရေးခဲ့ပါတယ်။
ဟုတ်ပြီ ။ ဒါဆိုယင်  စာ .. ၊  ကဗျာ …  ကို   ကိုလှကျော် ဘယ်လောက်ချစ်တယ်ဆိုတာ ယုံသွားပြီ ။ ဆက်ပြော ။
အဲဒီတုန်းက မောင်ချောနွယ် တို့ ၃ ယောက် ထုတ်ခဲ့တဲ့  “ သစ်ရွက်သေများပေါ်မှ ရက်စက်သော ဂီတ ” ကဗျာစာအုပ်ဟာ
မောင်သာနိုး ရဲ့  “ ထင်းရှုးပင်ရိပ် ” သြဇာ သက်ရောက်မှု ရှိနေပြီလား ။


နည်းနည်းတော့ ရှိနေပါပြီ ။ လုံးဝ လောင်းရိပ်နဲ့ ရှင်သန်ခဲ့တာ မဟုတ်ပါဘူး ။ ဘာကြောင့်ဆို  ထင်းရှုးပင်ရိပ် မရှိခင်ကတည်းက
ဒေါက်တာမောင်ဖြူး  ရှိနေတယ်လေ ။  ဒဂုန်တာရာ  ရှိနေတယ် ။ ကြည်အေး ရှိနေတယ်လေ ။
ဒဂုန်တာရာ ၊ ဒေါက်တာမောင်ဖြူး ၊ ကြည်အေး  တို့ဆီက  မောင်ချောနွယ်  ဘာတွေရခဲ့သလဲ ။

ဒေါက်တာမောင်ဖြူး က ကျနော့်ကို ကမ္ဘာကြီး နဲ့ ဆက်သွယ်ပေးခဲ့တယ် ။ ဒဂုန်တာရာ က ကျနော့်ကို တဟီတီ လို အသစ်မျိုးပေးခဲ့တယ်။
ကြည်အေးကတော့ ခံစားမှု ဆိုတာ ဘာလဲလို့  သိအောင် လုပ်ပေးခဲ့ဖူးတယ် ။
ခေတ်ပေါ်ကဗျာ နဲ့ ပတ်သတ်ပြီး  အနုပညာတွေကိုတော့  မောင်သာနိုး ရဲ့ ထင်ရှုးပင်ရိပ် ၊ ဂျော့သွန်မဆင် ရဲ့ မာက္ခစ်ဝါဒ နဲ့ ကဗျာ ၊
ကဗျာဆရာ မြဇင် ရဲ့  မြန်မာခေတ်ပေါ်ကဗျာ စာတမ်း ( ခေတ်ပေါ် နရီ နှင့်  နိမိတ်ပုံ ) တင်မောင်အေး ဘာသာပြန်တဲ့ “ ဘားတော့ဘရက် ရဲ့ အနာဂတ်အတွက်ကဗျာ”  စာအုပ်တွေဟာ မောင်ချောနွယ်အတွက် ဘယ်လောက် သင်ကြားမှုရှိခဲ့သလဲ ။


ဟုတ်ကဲ့ ။ သင်ကြားပေးတယ်ဆိုတာထက် အဲ့ဒီ စာအုပ်တွေဟာ ကျနော့်ကို သတင်းပေးခဲ့ပါတယ် ။ အချိုးအစားနဲ့ ပြောရယင် သုံးပုံတစ်ပုံ၊
သုံးချိုးတစ်ချိုးလောက်တော့ သတင်းပေးခဲ့ပါတယ် ။
ဟို .. ၁၉၆၉ ခုနှစ်က ဆရာကြီး မင်းသုဝဏ် အိမ်မှာ ကျင်းပခဲ့တဲ့ ကဗျာဆရာ အလုပ်စခန်း ၊
ကဗျာဝပ်ရှော့ တစ်ခု မှာ မောင်သာနိုး ၊  ဆရာမြဇင် တို့က နိုင်ငံတကာ ကဗျာတွေအကြောင်း ဆွေးနွေးကြယင်း
ထင်ရှုးပင်ရိပ် နဲ့ မြန်မာခေတ်ပေါ်ကဗျာစာတမ်း ( ခေတ်ပေါ်နရီ နဲ့ နိမိတ်ပုံ) စာအုပ်တွေ ထွက်ရှိခဲ့ရတယ်လို့ သိရတယ် ။
အဲ့ဒီ ကဗျာ ဝပ်ရှော့ ကို  မောင်ချောနွယ် တက်ရောက် ဖြစ်ခဲ့သေးလား ။

မတက်ဖြစ်ခဲ့ပါဘူးခင်ဗျာ ။ ဘာကြောင့်လဲဆိုတော့  အဲဒီကာလ က နယ်ရောက်နေတဲ့ အတွက်လို့  ပြောချင်ပါတယ် ။
၁၉၇၀ ခုနှစ်လောက်က ထွန်းကားခဲ့တဲ့  ဇင်နိုးကြူး ဝါဒ ကို ခက်ခံခဲ့သလား ။
လက်မခံဘူး ၊ မထောက်ခံဘူး ။ သဘောမတူဘူးဗျာ ။
ဘာကြောင့် သဘောမတူတာလဲ ။
ဂိုဏ်းထောင်တယ်ထင်လို့  သဘောမတူတာပါ ။
ဂိုဏ်းဆိုယင်  ဂုဏ်ယုန်ဂိုဏ်း ၊ တော်လှန်စာပေဂိုဏ်း ( မင်းကျော် ၊ နတ်နွယ် ၊ မောင်နေဝင်း ၊ နေနတ်နွယ်ဂိုဏ်း ) အစရှိသည်တို့အားလုံးကို  မောင်ချောနွယ်က သိပ်မုန်းတယ်ပေါ့ ။  ဟုတ်လား ။
ဟုတ်ပါတယ် ။ ဂိုဏ်းဖွဲ့တာကို  ကျနော် လုံးဝ လက်မခံပါဘူး ။ ကျနော်ကတော့  သင်းကွဲတစ်ကောင်ပါ ။
မောင်ချောနွယ် နောက်က လူငယ်အင်အားကြောင့် မောင်ချောနွယ် ဂိုဏ်း ဖြစ်လာခဲ့ယင်ကော … ?
အဖြစ်မခံပါဘူး ။ ဆရာကြီး ရာထူးလည်း မက်မောစိတ်မရှိပါဘူး ။ ပုဂ္ဂိုလ်တည်ဆောက်ဖို့ထက် တရားတွေပဲ တည်ဆောက်သွားချင်ပါတယ်။
၁၉၇၀ ခုနှစ်ဝန်းကျင်က ထူထောင်ခဲ့တဲ့  မိုးဝေကဗျာခေတ်ဆိုတာ ရှိခဲ့ပါသလား ။ မိုးဝေ ကဗျာခေတ် ရှိ / မရှိ ဆွေးနွေးပေးပါ ။

မိုးဝေ ကဗျာခေတ်ဆိုတာ အသေအချာကို ရှိခဲ့တာပေါ့ဗျာ ။ မိုးဝေမှာ စုစည်းခဲ့တဲ့ ကဗျာဆရာလူငယ်တွေ နည်းတာမှ မဟုတ်ဘဲ ။
လူငယ်တွေ ထူထောင်ယင် ခေတ်တစ်ခေတ် ဖြစ်တယ်ဆိုတာ  လက်ခံတယ်မဟုတ်လား ။
ဟုတ်ကဲ့ မောင်ချောနွယ်အနေနဲ့ မိုးဝေ မဂ္ဂဇင်းမှာ  ဘယ်နှပုဒ်လောက် ရေးဖြစ်ခဲ့ပါသလဲ ။
သုံးလေး ပုဒ် ၊ ခန့်ပဲ ရှိမှာပါ ။
ဘာ ကဗျာလေးတွေပါလိမ့် ။
( ၁ ) ဘတ်စ်မှတ်တိုင် ၊ ( ၂ ) ရွှေ ၊ ( ၃ ) မာန နဲ့ ငါ  …စတဲ့ကဗျာလေးတွေ ဖြစ်ပါတယ် ။
ဒဂုန်တာရာ  ရဲ့ စာပေသစ် သဘောတရားများ နဲ့ စာပေလှုပ်ရှားမှုများဟာ ခေတ်ပေါ်ကဗျာကို ထောက်ကူမှု ပေးခဲ့ပါလား။
သိပ်မပြုနိုင်ခဲ့ဘူးလို့ ပြောချင်ပါတယ် ။
မောင်ချောနွယ် ကို တစ်ချို့က  ဒဂုန်တာရာ ဆန့်ကျင်ရေးသမားလို့  မြင်ကြပါတယ် ။ အဲဒါ ဘယ်လို ပြောမလဲ ။

လုံးဝမဆန့်ကျင်ပါဘူး ။ ရိုသေပါတယ် ။ ကြီးသူကို ရိုသေ ၊ ရွယ်တူကို လေးစား ၊ ငယ်သူကို တန်ဖိုးထား ဆိုတဲ့ စကားလည်း
ရှိတယ်မဟုတ်လား ။
အောင်ဘညို  က ခေတ်ပေါ် ကဗျာ ကို လက်မခံယင် ကျည်ဆန်ရထားအကြိတ်ဝါးခံသွားရနိုင်တယ်ဆိုတာ ဟုတ်နိုင်သလား။

အောင်ဘညို စကားမို့ ဒီစကားဟာ အောင်ဘညို နဲ့ပဲ သက်ဆိုင်ပါတယ်။ ဒီတစ်ချက်တည်းနဲ့တော့ ပြောလို့မရပါဘူး။
နောင် .. အောင်ဘညို နဲ့ တွေ့ယင်  ပြောစရာစကားလေးတွေ  ပြောပြလိုက်ပါဦးမယ် ။
ယနေ့ မော်ဒန်ကဗျာ ရဲ့ သက်တမ်းဟာ ဆယ်စုနှစ်နှစ်ခု စွန်းခဲ့ပါလျက် ဝါကျပျက် ၊ လင်္ကာပျက် ၊ နားလည်ရခက်တာ မော်ဒန်ကဗျာပါလို့
ရင့်ရင့်သီးသီး စွပ်စွဲတိုက်ခိုက်နေကြတဲ့  ဂန္တဝင် ၊ ခေတ်စမ်း ဥခွံဟောင်းထဲက ကဗျာသမား ၊ စာသမားအုပ်စုကို ဘယ်လို သဘောထားမလဲ ။

ဘယ်လိုမှ သဘောမထားပါဘူး ။ ကျေးဇူးတင်တယ်ရယ်လို့ဘဲ  သဘောထားပါတယ် ။
ဘာကြောင့် သူတို့ကို ကျေးဇူးတင်မိတာလဲ ။

သူတို့ ဒီလိုပြောကြတဲ့အတွက် တစ်အချက်က ကျနော်တို့ကို ရာထူးမြှင့်ပေးရာ ကျလို့ ကျေးဇူးတင်တယ်ဗျာ ။ နှစ်အချက်က သူတို့မသိတာကို
ကျုပ်တို့ သိနေတယ်လို့ ဝန်ခံလိုက်တဲ့အတွက် ကျေးဇူးတင်တယ်ဗျာ ။
မောင်ချောနွယ် တို့က သူတို့ ထက် ဘာတွေ ပိုသိနေလို့ပါလိမ့် ။

“ ထင်းရှုးပင်ရိပ် ”  မှာ  ပါတဲ့  ဒီလန်သောမတ်စ် တို့ ၊ မာလာမေ တို့ကို  သူတို့ မသိကြဘူးလေ ။ သူတို့အသံကိုလည်းမကြားဖူး
သူတို့ဟန်ကိုလည်း မမြင်ဖူးကြတာ သေချာတယ် ။
ဘယ်လိုဟန် နဲ့  အသံမျိုးပါလိမ့် ။

ဒီလန်သောမတ်စ် ရေးတဲ့  “ စာချုပ်ကို လက်မှတ်ထိုးတဲ့ လက်ဟာ မြို့ကိုဖျက်တယ် ” ဆိုတဲ့ကဗျာမျိုးကို သူတို့ အရသာမခံတတ်ကြဘူး။
မသိကြဘူး ထင်ပါတယ် ။
ခေတ်ပေါ်ကဗျာဆရာ လူငယ်တွေကို  ထင်းရှုးပင်ရိပ်အောက်မှ အအေးပတ်နေတာတို့ ၊ ထင်ရှုးပင်က ခြွေချလိုက်တဲ့ ဆူးကြောင့်
လူငယ်တွေ ဆူး စူးနေပြီတို့ ၊ ခေတ်ပေါ်ကဗျာဆိုတာ နိုင်ငံခြားကဗျာတွေကို ဘာသာပြန်ယင်း ကာရံကိုမရှာနိုင် ၊ မရှာအားတာနဲ့
မော်ဒန်ကဗျာ ပေါ်လာပါတယ်ဆိုတဲ့  အဟောင်းကို ဖက်တွယ်လိုတဲ့ အုပ်စုက ဟိုချောင် ဒီချောင်ကနေ  အသံမျိုးစုံ နဲ့ ထအော်နေတာ
တွေ့ရတယ် ။ သူတို့ကို  ဘယ်လို ပြန်ပြောမလဲ ။

သနားတယ် လို့ပဲ  ပြန်ပြောချင်ပါတယ် ။
မော်ဒန်ကဗျာဟာ ကာလကို မဖော်ပြဘူးဆိုတာ လက်ခံပါသလား ။
လုံးဝ လက်မခံပါ ။ မော်ဒန်ကဗျာကတော့  ကာလကို အတိအကျ ဖော်ပြပါတယ် လို့  ပြောရဲတယ်ဗျာ ။မော်ဒန်ကဗျာဆိုတာ အာရုံသစ်ဖောက်ထွက်စီးမျောခြင်းလို့ အဓိပ္ပါယ်ဖွယ့်ဆိုကြတဲ့အပေါ် ဘယ်လိုချေမလဲ ။
ကျနော် အဓိပ္ပါယ် ဖွင့်ဆိုချင်တဲ့  မော်ဒန်ကဗျာဟာ ဖောက်ထွက်ခြင်းပဲ ။
ဘယ်လို ဖောက်ခွက်ခြင်းမျိုးပါလိမ့် ။

မော်ဒန်ကဗျာဟာ လောကကိုလည်း ဖောက်ထွင်းတယ်ဗျာ ။ ကမ္ဘာကြီးကိုလည်း ဖောက်ထွင်းတယ်ဗျာ ။ ဂြိုလ်တွေကိုလည်း ဖောက်ထွင်းတယ်ဗျာ၊
နံရံတွေအားလုံးကိုလည်း ဖောက်ထွင်းတယ် ။ ကျောက်မျက်ရတနာအားလုံးကိုလည်း ဖောက်ထွင်းတယ် ။
အရာဝတ္ထုအားလုံးကို ဖောက်ထွင်းသိမြင်ပြီး တည်ဆောက်ထားတဲ့အရာလို့ပဲ အဓိပ္ပါယ်ဖွင့်ဆိုချင်ပါတယ် ။
ဒါဆိုယင် မော်ဒန်ကဗျာဆရာ ဆိုတာ  ဖောက်ထွင်းဝိဇ္ဇာတွေပေါ့နော် … ?
မှန်ပါ့ဗျား .. ။ ဖောက်ထွင်းဝိဇ္ဇာအစစ်တွေပဲ ။
မောင်ချောနွယ်အနေနဲ့ ဆတ်သွား ၊ သစ္စာပန်းများ နဲ့ မေလ ၊ နတ်တို့ခိုးဝှက်ခြင်း ခံရတဲ့ကဗျာ တွေကို
ကိုယ်တိုင်ရေးခဲ့မိတာမှ ဟုတ်ရဲ့လားလို့  ဘာကြောင့် ခံစားမိသလဲ ။


ဟုတ်ကဲ့ … အဲ့ဒီကဗျာ  ၃ ပုဒ်အပြင် “ မျှော်လင့်ခြင်း ထမင်းသိုးများ ” ဆိုတဲ့ကဗျာတစ်ပုဒ်လည်း ပါပါတယ် ။ ကိုယ်တိုင်ရေးမိတာမှ
ဟုတ်ရဲ့လားလို့  ခံစားမိတာကတော့ အဲဒီလောက်ကောင်းသွားတဲ့ ကဗျာတွေကို  ကျနော့်လက်က ရေးနိုင်တယ် မထင်မိလို့ပါ ။
နှလုံးသွေးကို မင်ဖျော်ပြီး ရေးခဲ့မိသလား  မသိပါဘူး ။
မောင်ချွောယ် ပြောခဲ့တဲ့ နံရံကြီးကို ခေါင်းနဲ့တိုက်ပြီးမှ ကျုပ်တို့ ကဗျာခေတ်ကို ထူထောင်ခဲ့ရတယ် ဆိုတာက ဂန္တဝင် နဲ့ ခေတ်စမ်း  နံရံကြီးတွေကို  ခေါင်းနဲ့တိုက်ခဲ့ရတယ်လို့ ဆိုလိုတာလား ။
လောကရဲ့ နံရံအားလုံးကို သွေးခြင်းခြင်းနီအောင် ခေါင်းနဲ့တိုက်ခဲ့ရတာပါ ။
အလင်းရောင် ကို မြင်ရပြီလား ။
ဖြူးဖြောင့် .. နေတဲ့ လမ်းမကြီးကိုပါ တွေ့နေရပါပြီ ။
ကိုသင်းခိုင် နဲ့ စကားဝိုင်းမှာ  “ ကဗျာဆရာ ပီသအောင် ကြိုးစားနေတယ် ” ဆိုတာက အရက်ဝိုင်းပေါင်းမြောက်မြားစွာမှာ
နေထိုင်ပျော်မွေ့နေခြင်းများ နဲ့ တော့ မဆိုင်ပါဘူးနော် ?


ကျနော်တို့ ဘဝ မှာ အရက်ဟာ အဓိက မကျပါဘူး ။ ဒါပေမယ့် အရက် မပါယင်လည်း ကျနော်တို့ ဘဝ မဖြစ်ဘူး ။ မြန်မာပြည်အရပ်ရပ် ရဲ့
အရက်ဆိုင်တွေဟာ ကျနော်တို့ရဲ့  ယဉ်ကျေးမှု ကလပ်တွေပါ ။
မောင်ချောနွယ်တို့ တိုင်းပြည်ပတ်ပြီး အရက်သောက်နေတဲ့ ကိစ္စ ဟာ အရက်ဝိုင်းအားလုံးဟာ
မောင်ချောနွယ် တို့ အတွက် ကဗျာဝပ်ရှော့တွေ ဖြစ်နေလို့လား ။

လောလောဆယ်တော့ အရက်ဝိုင်းတိုင်းကို ကဗျာဝပ်ရှော့လို့ ပြောလို့မရသေးပါဘူး။ တစ်ဝက်တော့ ပြောလို့ရပါတယ်။
ခေတ်ပေါ် ကဗျာ ထွန်းကားပျံ့နှံ့ရေးအတွက် ဘာတွေ လိုအပ်လဲ ။
နံပါတ်တစ် ကဗျာဆရာ ကောင်းတွေ လိုအပ်ပါတယ် ။ နံပါတ် နှစ်ကတော့ ခေတ်ပေါ်ပစ္စည်းတွေ လိုအပ်ပါတယ် ။
ခေတ်ပေါ်ပစ္စည်း  ဆိုတာ ဘာတွေလဲ ။
ရုပ်သံနှစ်ပါးလုံးကို ပို့ဆောင်ပေးတဲ့အရာအားလုံးကိုပြောတာပါ ။
ခေတ်ပေါ်ကဗျာပျံ့နှံ့ရေးအတွက် ကဗျာရွတ်ပွဲတွေ လိုအပ်ပါသလား ။
ကဗျာရွတ်ပွဲတွေ ရှိရမယ်လို့  လက်ခံပါတယ် ။
ခေတ်ပေါ်ကဗျာကို  ဖတ်ရှုနားလည်နိုင်စွမ်းရှိတဲ့ ပရိသတ်အရေအတွက်ဟာ သိပ်နည်းနေတယ်ဆိုတာ လက်ခံပါသလား။
လက်ခံပါတယ် ။ ဒါပေမယ့် နားလည်နိုင်စွမ်း နဲ့ ဖတ်ရှုခံစားနေတဲ့ ပရိတ်သတ်ကတော့ အမြုတေ တွေဆိုတာ ငြင်းလို့ မရပါဘူး။
ခေတ်ပေါ်ကဗျာကို ဖတ်ရှုခံစားနိုင်ဖို့ အခြေခံပညာ ဘယ်အတိုင်းအတာထိ လိုအပ်ပါသလဲ ။

ခေတ်ပေါ် ကဗျာကို ဖတ်ရှုခံစားနိုင်ဖို့ဆိုတာ အခြေခံပညာ မလိုအပ်ပါဘူး။ ကဗျာကို မြတ်နိုးတတ်တဲ့ စိတ် ရှိဖို့ပဲလိုပါတယ် ။
အဓိက က ခေတ်ပေါ်ကဗျာကို ခံစားနိုင်ဖို့အတွက် I Q မြင့်ဖို့တော့ လိုအပ်ပါတယ် ။
မော်ဒန်ကဗျာ  နဲ့ ခေတ်ပေါ်ကဗျာဆိုတာကတော့ အတူတူပဲပေါ့နော် ။ မော်ဒန်ကဗျာကနေ ပို့စ်မော်ဒန် ကို ဘယ်တော့လောက်
ကူးပြောင်းမယ်လို့  ယူဆပါသလဲ ။


ခေါင်းစီးတွေ ၊ ဆိုင်းဘုတ်တွေက အရေးမကြီးပါဘူး ။ မော်ဒန်ဆိုတာက သစ်ဖို့တော့ လိုတယ် ။အသစ်ကိုရေးယင်း ပိုစ့်မော်ဒန်
ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ် ။ ရေးယင်း ဖြစ်သွားတာ မတတ်နိုင်ပါဘူး ။ ကဗျာဖန်တီးရှင်ဟာ ဝိဂြိုလ်ပြုပြီး အတည်ဆောက်တတ်ပါဘူး။
ဒါက သုတေသီတွေ လုပ်ရမယ့် အလုပ်ပါ ။ အက်ဆစ်ကန်ထဲ ထည့်ထည့် ၊ ရေကန်ထဲ ထည့်ထည့် ၊ ဘယ်ကန်ထဲ ထည့်ထည့်
အရည်ပျော်မသွားဖို့က အရေးကြီးပါတယ် ။ ကဗျာဟာ အကန့်တစ်ကန့်ထဲမှာ မရှိသင့်ပါဘူး။
ခေတ်ပေါ်ကဗျာ မှာ ဘောင်မရှိဘူးဆိုတဲ့ အယူအဆ ကို လက်ခံတာပေါ့နော် ?
ဟုတ်ကဲ့ ။  “ ဘောင် ”  ကို ကျနော် မုန်းပါတယ် ။ ဘောင် ဆိုတာ မရှိအပ်ပါဘူး ။
“ ဘောင် ” မရှိယင်  မင်းမဲ့ဖြစ်သွားနိုင်တယ်လို့ ဒဂုန်တာရာ ပြောတဲ့ စကားကို မောင်သင်းခိုင်က “ မင်းမဲ့တော့ မဟုတ်ပါဘူး။
ဆရာပြောယင်လည်း ပြုံးပြုံးလေး ခံယူဖို့ အသင့်ပါပဲ ”  ဆိုတဲ့ စကားကို လက်ခံသလား ။

ဘောင်ကို လက်မခံတာနဲ့ မင်းမဲ့ဖြစ်ရမယ် ဆိုတဲ့ အယူအဆ ကို ကျနော်  လက်မံပါဘူး ။ ကျနော်ဟာ မင်းမဲ့ မဟုတ်ပါဘူး။
ခေတ်ပေါ်ကဗျာ သမိုင်း ကို လေ့လာလိုက်တော့ ၁၉၆၈ ခုနှစ်  ၊ ဆရာကြီး မင်းသုဝဏ် အိမ်မှာ ကျင်းပခဲ့တဲ့
ကဗျာအလုပ်စခန်းက စခဲ့တယ် လို့ တွေ့ရှိရပေမယ့် ဆရာကြီး မင်းသုဝဏ်ကိုယ်တိုင် ဒိနေ့ကဗျာတွေကို နားမလည်ဘူးလို့ ပြောတဲ့
စကားဟာ ဟုတ်နိုင်ပါသလား ?


ဆရာကြီးမင်းသုဝဏ် ဟာ ကဗျာဆရာပဲဗျာ ။ နားမလည်နိုင်စရာ အကြောင်းမရှိပါဘူး။ အဲဒီစကားပြောခဲ့ယင်လည်း
ဆရာကြီးဟာ မြန်မာပြည်မှာနေပြီး  မြန်မာသိပ်ဆန်လွန်းလို့ ဖြစ်မှာပါ ။
မောင်ချောနွယ် ဟာ မြန်မာ သိပ်ဆန်တာကို သိပ်မုန်းသလား ။
သိပ်အရိုအသေခံချင်တာနဲ့ ၊ သိပ်အားနာတတ်တဲ့ မြန်မာ့စရိုက်ကိုတော့ မကြိုက်တာ အမှန်ပါပဲဗျာ ။
ဘဝ မှာ လေး၊ငါး၊ ခြောက် ခု မလိုပါဘူး  ။ နှစ်ခုပဲ ၊ ချစ်သူစစ်စစ် ၊ ရန်သူစစ်စစ်၊ ဒီနှစ်ခုပဲ ဆိုတဲ့ မောင်ချောနွယ်
ရန်သူစစ်စစ်  နဲ့ ချစ်သူစစ်စစ် ကို ရှာလို့တွေ့ပြီလား ။

တကယ်ကို တွေ့နေပါပြီဗျာ ။
ချစ်သူစစ်စစ် ၊  ရန်သူစစ်စစ်   ဆိုတာ ဘယ်သူတွေလဲ ။
မျက်မှောက်ခေတ်ဟာ ကျနော့် ရဲ့ ချစ်သူစစ်စစ် ဖြစ်သလို ၊ ကျနော့် ရဲ့ ရန်သူစစ်စစ် လည်း ဖြစ်ပါတယ် ။
ဆရာမောင်သာနိုး က ခေတ်ပေါ်ကဗျာမှ ချောက်ကမ်းပါးကြီး ၃ ခု ရှိတယ် ။ အဲတာတွေကတော့ လျှို့ဝှက်ဆန်းကြယ်လွန်းခြင်းချောက်ကမ်းပါး၊
စကားပြေဆန်လွန်းခြင်းချောက်ကမ်းပါး ၊ လွယ်လွန်းခြင်း ချောက်ကမ်းပါး ဆိုတဲ့အချက်တွေကိ  လက်ခံပါသလား ။

မောင်သာနိုး ကို စတုတ္ထမြောက် ချောက်ကမ်းပါး ရှိသေးတယ်ဆိုတာ ဖြည့်စွက်ပြောဆိုချင်ပါတယ် ။
အဲ့ဒီ ချောက်ကမ်းပါး  က  …
ဝါစနာလင်္ကာရ များခြင်းပါ ။
မြန်မာလိုက ….

အလင်္ကာများခြင်း ဆိုယင် အားလုံးသဘောပေါက်ကြမယ်နဲ့ တူပါတယ် ။
ခု …  မဂ္ဂဇင်းတွေမှာ ခေတ်ပေါ်ကဗျာရဲ့ နည်းပရိယာယ်တွေကို ရေးသားနေကြတဲ့ ဆရာသစ္စာနီ ၊ ဆရာဇော်ဇော်အောင် ၊
ဆရာမျိုးသန့် တို့ကို ဘယ်လိုမြင်ပါသလဲ ။


လူတော်တွေလို့ မြင်ပါတယ် ။ တစ်ဦးချင်း ခွဲပြောရမယ်ဆိုယင် ဆရာသစ္စာနီ နဲ့ ၊ ဆရာ ဇော်ဇော်အောင် တို့ဟာ နည်းစနစ်ကို
သိကြမြင်ကြပါတယ် ။ ဆရာမျိုးသန့်ကတော့ နည်းစနစ်ထက် သူ့ရဲ့ခံစားမှုကို ပိုဇောင်းပေးရေးနေတာ တွေ့ရပါတယ် ။
ကျနော်ကတော့ သူတို့လောက် ခေတ်ပေါ်ကဗျာ ရဲ့ နည်းစနစ်ကို မသိရိုးအမှန်ပါပဲ ။
ခေတ်ပေါ်ကဗျာ ရဲ့ နည်းစနစ်ကို မသိဘဲ ရေးယင် ကဗျာကောင်း ထွက်မလာနိုင်ဘူးလို့ ဆိုလိုတာလား ။

နည်းစနစ်မသိဘဲ ခေတ်ပေါ်ကဗျာရေးနိုင်တယ်၊ မရေးနိုင်ဘူးလို့ ကျနော် ဝင်ရောက် ကောက်ချက် မချလိုပါဘူး။
ကျနော်ကတော့ နည်းစနစ်တွေကို မသိဘဲ ကဗျာရေးနေတာ မဟုတ်ဘူးလို့တော့ ပြောချင်ပါတယ် ။ ခေတ်ပေါ်ကဗျာရေးနိုင်ဖို့အတွက်
နည်းစနစ် လိုတယ် ၊ မလိုဘူး ဆိုတာတော့ ကိုယ်တိုင်တွေးခေါ်ယူဆကြည့်ကြပါ ။
ခေတ်ပေါ်ကဗျာရေးနိုင်ဖို့အတွက် ပုံသဏ္ဍာန်အသစ် ၊ အကြောင်းအရာသစ် ၊ အာရုံသစ် ၊ အတွေးသစ်တွေ
လိုအပ်တယ်ဆိုတာ  ဟုတ်ရဲ့လား ။

ဆရာကြီးမင်းသုဝဏ် ရဲ့ “ ခါနွေဆန်းတော့ လွမ်းမိတယ် ” ဆိုတဲ့ ကဗျာဟာ အဟောင်းဆိုတာတော့ လက်ခံကြဖို့လိုအပ်မယ်လို့ ထင်ပါတယ်။
တစ်ချို့က ရစ်သမ်  ဆိုတာ  အီသာ လိုပဲ ။ တကယ်ရှိတဲ့အရာ မဟုတ်ဘူး ၊ ခေတ်ပေါ်ကဗျာသမားတွေဟာ
ကာရန်ကိုတော်လှန်ချင်တာနဲ့ ရစ်သမ် ကို တစ္ဆေသူရဲလို မွေးခဲ့ကြတာ ။ တကယ်တော့ ရစ်သမ်ဆိုတာ ဘာသာပြန်လို့လည်း မရဘူး ။
ရှိလည်းမရှိဘူး ဆိုတဲ့ အယူအဆ  ကို  လက်ခံပါသလား ။

လုံးဝ လက်မခံနိုင်ပါ ။ ရစ်သမ်ဆိုတာ တကယ်ကို ရှိနေတာ အမှန်ပါပဲခင်ဗျာ ။
ဟုတ်ကဲ့ ။ မောင်သင်းခိုင်  က မောင်ချောနွယ်  ကို ရစ်သမ် အားကောင်းတယ်လို့ ထောက်ပြဖူးပါတယ် ။
ရစ်သမ်ဆိုတာ ဘယ်လိုဟာမျိုးလဲ ဆိုတာ ရှင်းပြပါ ။


ရစ်သမ်ဆိုတာ လူတစ်ယောက် လမ်းလျှောက်လာတယ် ။ ကြမ်းပြင်ဟာ ရစ်သမ် ပါပဲ ။ ကမ္ဘာမြေကြီးဟာ ရစ်သမ် ပါပဲ ။
လေထုရှိတဲ့ ကမ္ဘာကြီးမှာ အသက်ရှုသံဟာ ရစ်သမ်ပါပဲ လို့  မောင်သာနိုး က ပြောခဲ့သလို
ကမ္ဘာကြီး ရျိနေယင် ရစ်သမ် ဆိုတာ ရှိနေမှာ အမှန်ပါပဲခင်ဗျာ ။
မောင်သင်းခိုင်တို့ မောင်ချောနွယ် တို့ကို ကဗျာဆရာ လူမိုက်ကြီးတွေလို့  တချို့တချို့သော ပုဂ္ဂိုလ်တွေက
လက်ညှိုးထိုးကြတယ် ။ အဲဒီအပေါ် ဘယ်လိုများ ခံစားမိပါသလဲ ။

ပြောကြမှာ သိနေတဲ့ အတွက် လုံးဝ မခံစားရပါဘူး ။
MAGIC နဲ့ TECHNIQUE ကင်းလို့ ရသလား ။
အရာအားလုံးဟာ ကင်းလို့ မရပါဘူး ။ အနုပညာပစ္စည်းတိုင်းဟာ ခံစားမှု နဲ့ နည်းပညာတွေကို ဖွဲ့စည်းတည်ဆောက်ထားတဲ့အရာတွေပါ။
ဆွေးနွေးပွဲကို အဆုံးသတ်ရအောင် ။  ကဗျာ ကို ဘယ်လို ခံယူချက် နဲ့ ဖက်တွယ်နေတယ်ဆိုတာ
စာဖတ် ပရိသတ် ကို လက်ဆောင် ပါးခဲ့ပါဦး ။


ခေတ် ကို အနုပညာမြောက်သောနည်းသစ်များစွာနဲ့  အမှန်တရား ကို ချဉ်းကပ်ခြင်းနဲ့အတူ ကဗျာကို လုံးဝ ဖက်တွယ်ထားတယ် ..လို့
ပြောချင်ပါတယ် ။ အမှန်တရား ကို လက်ခံနိုင်ကြပါစေ ။
ဟုတ်ကဲ့ ။  အမှန်တရား ထွန်းကားပါစေ ။ ဒီနေ့ ကဗျာဆရာတစ်ယောက်ဘဝ မှာ “ မုဆိုးစိုင်သင် ”
ဆိုတဲ့  အယူအဆ  ကို  လက်ခံပါသလား ။


ကဗျာဆရာ ရဲ့ ခရီး မှာ  “ မုဆိုးစိုင်သင် ” ကိစ္စဟာ လိုအပ်တာ အမှန်ပါပဲ ။ ဒီနေ့တော့ မုဆိုးစိုင်သင် ဟာ
လုံးဝ မလိုအပ်တော့ဘူးလို့ ယူဆပါတယ်။
ခေတ်စမ်း ကဗျာ ခေတ် နဲ့ မော်ဒန်ကဗျာ ခေတ် ကြားမှာ  တခြား ကဗျာခေတ် တစ်ခေတ် ရှိသေးသလား
ခေတ်စမ်း ပြီးယင်တော့ ခေတ်ပေါ် ( ခေါ် ) မော်ဒန် ပါပဲဗျာ ။ ကျနော့် အမြင် ပြောရယင် ခေတ်စမ်းပြီးယင် ခေတ်ပေါ် ။
ခေတ်စမ်း နဲ့ တာရာ ကြား လမ်းသလားခဲ့တယ်ဆိုတဲ့ စကားတွေ ကြားဖူးသလားလို့။
ခေတ်စမ်း ပြီးတော့  တာရာခေတ် ဆိုတာ မရှိခဲ့ဘူးလား ။


အဲတာကတော့ ပြောသူတွေနဲ့ ဆိုင်လိမ့်မယ်ဗျ ။ ကျနော်နဲ့တော့ သိပ်မဆိုင်ဘူး။ ကျနော့်မှတ်ချက်က ခေတ်စမ်းပြီးယင် ခေတ်ပေါ်ပဲ။
ဒါပေမယ့် ကြားထဲမှာ အနှစ် ၂၀ လောက်တော့ ခြားခဲ့တယ်ဗျ ။ အချိန်ကာလ လစ်လပ်မှုပေါ့ဗျာ ။
တော်လှန်ကဗျာခေတ် နဲ့ မိုးဝေခေတ် တို့ဟာ ခေတ်စမ်း နဲ့ ဘယ်လောက်ဆွေမျိုးတော်စပ်မှု ရှိသလဲ

ဆွေမျိုးတော်စပ်မှု ရှိတာပေါ့ဗျာ ။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ဟာ တော်လှန်ကဗျာခေတ် နဲ့ မိုးဝေကဗျာခေတ်မှာ
လေးလုံစပ်က ရုံးမထွက်နိုင်ကြသေးဘူး ။ ကျနော်တို့ ရဲ့ ကြိုးစားရုန်းကန်နေကြရတဲ့ ကာလ အပိုင်းအခြား ဆိုပါတော့ ။
အဲဒီမှာ ကျနော် ပြောချင်တာက ကမ္ဘာ့စာပေရဲ့ သက်ရောက်မှု ၊ ဥပမာဗျာ .. ဝန်ကြီးပဒေသရာဇာ ရဲ့ သက်ရောက်မှု ၊ ရာမရကန်ဦးတိုး ရဲ့
သက်ရောက်မှု ၊ ရျင်မဟာရဋ္ဌသာရ ရဲ့  ဘုံခန်း ကိုလည်း စမ်းရမယ်။ သူဇာကိုလည်း ဖတ်ရမယ် ဆိုတဲ့ကာလဆိုတော့ ခေတ်စမ်းဆို ပိုဆိုးတာပေါ့ဗျာ။
လုံးလုံးကြီး ကင်းလွတ်တယ်လို့ မယူဆနိုင်ပါဘူး ။ ဆွေမျိုးတော်စပ်မှု အများကြီး ရှိပါတယ် ။
မော်ဒန်ကဗျာ ၊ ခေတ်ပေါ်ကဗျာအနေနဲ့ ရိုးရာ ဘယ်လောက်ဆန်လို့ ရသလဲ ။

မျက်မှောက်ပြု ပြောဆိုနေတဲ့စကားတွေ ၊ သွားလာဖြတ်သန်းမှု ဘဝ တွေ ၊ ရိုးရာဆန်သလောက်  ရိုးရာဆန်လို့ရပါတယ်။
ကိုလှကျော်နေ ရဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး တော်တော် ဆိုးဆိုးဝါးဝါးပြောရမယ်ဆိုယင်တော့ ခေတ်ပေါ်ကဗျာ ဆိုတာ
ပြည်တွင်းဖြစ် နိုင်ငံခြား အရက် ပါပဲ ။ ကျနော်တို့လည်း ချက်ကြည့်တာပါပဲ ။ အဲဒါ ကျနော် အရဲရင့်ဆုံး ဖြေကြားလိုက်တာပါပဲ ။
ကဗျာတစ်ပုဒ်မှာ နဘေတွေ ထုံမွှမ်းထားခဲ့လျှင်  ခေတ်ပေါ်ကဗျာ ဖြစ်လာနိုင်ပါသလား ။

အဲဒါတော့ သိပ်မဖြစ်နိုင်ဘူးဗျ ။ နဘေ ဆိုတာ ဇာတ်ဆိုင်းဆင့် တို့ ဘာတို့မှာပဲ သုံးလို့ရတယ် ။ နဘေ ဟာ ကျနော်တို့အတွက်
မလိုအပ်တော့ပါဘူး ။ ကျနော်တို့ ရှောင်ရှားရမယ့် ကိစ္စဟာ အဲဒီနဘေ ကို မလိုအပ်လို့လည်း ကျနော်တို့ စွန့်ခွာခဲ့တာကြာပါပြီ။
ရစ်သမ် ဆိုတဲ့ ဝေါဟာရ နဲ့ ပတ်သက်ပြီး  ဒဂုန်တာရာက “ ကာရန်လှိုင်း ” လို့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့တယ် ။မောင်သာနိုး က “ နိမ့်မြင့်သံစဉ် ”
လို့ အမည်တပ်ခဲ့တယ် ။ နောက်ဆုံး ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် က “ သံနေ သံထား ” လို့ အဓိပ္ပါယ် ဖွင့်ဆိုနေတယ် ။
ကိုချောနွယ် အနေနဲ့  ရစ်သမ် ကို ဘယ်လို အဓိပ္ပါယ် ပြန်ချင်ပါသလဲ ။ မြန်မာမှု ပြုသင့်သေးသလား ။ ဒီအတိုင်းပဲ ထားချင်သလား ။


ကျနော်  ရစ်သမ် ကို  ကျနော့်ဘာသာ မပြန်ချင်တော့ပါဘူး ။ ရစ်သမ် ကို ရစ်သမ် လို့ပဲ ခေါ်ရတာ အားရှိပါတယ်။ ရေဒီယို တို့ ၊ ကားတို့လို
မြန်မာပိုင်ဝေါဟာရ ဖြစ်သွားပြီလို့ ယူဆလို့ပါ ။ကျနော့် အမြင် ကို ပြောတာနော် ။ အားလုံး သဘောမတူခွင့်ရှိပါတယ် ။
သြဇာရှိတဲ့ ကဗျာဆရာကြီး တစ်ယောက်ကနေ ခေတ်ပေါ်ကဗျာ ကို  အနောက်ဝါဒကဗျာ ၊ သေရည်တွေနဲ့ မူးယစ်နေပြီး၊
တော်လှန်ရေးအဘိဓမ္မာတွေ  မေ့လျော့နေကြတယ် လို့ ရေးသားသွားတာ ဖတ်ဖူးတယ် ။ ဒီအမြင် ကို ကိုချောနွယ် ဘယ်လိုချေပမလဲ ?


ကျနော် ချေပချင်တာကတော့ ကျနော်တို့လောက် မမေ့မလျော့ ဖြတ်သန်းသွားလာနေကြသူတွေဖြစ်တဲ့အတွက် မမေမေ့လျော့ပါဘူး ။
မစိုးရိမ် ပါနဲ့ လို့ ပြောချင်ပါတယ် ။ အဆုံးစွန်ပြောချင်တာက ကျနော်တို့ ကဗျာ တွေကို ဖတ်ကြည့်ပါ ။ ကျနော်တို့ မေ့လျော့သလား ၊
မမေ့လျော့ဘူးလားဆိုတာ အထင်အရှားတွေ့ရပါလိမ့်မယ် ။
ကျနော်တို့ဟာ ကိုယ်တိုင်ကိုယ်ကျ ဒဏ်ရာအသစ်တွေ နဲ့ နေ့တိုင်း နေထိုင်နေကြပါတယ်ဆိုတာ ပြောချင်ပါတယ် ။
တစ်ဆက်တည်း ခေတ်ပေါ်ကဗျာ မှာ အဘိဓမ္မာ မဲ့ခြင်း ၊ မမေ့ခြင်း ကိစ္စ ဆွေးနွေးကြရအောင် ။
ခေတ်ပေါ်ကဗျာတွေမှာ  အဘိဓမ္မာ မဲ့ခွင့် ရှိပါသလား ။


အဘိဓမ္မာ ဆိုတာ ကဗျာ မှာ  “ ပါဝင်ကိန်း ” တစ်ခုတော့ ရှိပါတယ် ။ ဒါပေမယ့် ဘာကဗျာအမျိုးအစားမှာ ဖြစ်ဖြစ်၊ အဘိဓမ္မာမဲ့ခြင်း၊
မမဲ့ခြင်းဟာ ခေါင်းစဉ်တစ်ခုအနေနဲ့ မလိုအပ်ပါဘူး။ အရေးလည်း သိပ်မကြီးပါဘူး။ အဘိဓမ္မာ ပါကို ပါရမယ်ဆိုတာ ကျနော် လက်မခံနိုင်ဘူး။
ဘာလို့လဲဆိုတော့ ကဗျာ ဆိုတာ အဘိဓမ္မာ ၊ ဖီလိုဆော်ဖီကြွေးကြော်ပွဲ မဟုတ်ဘူး ။ ကဗျာကို နှလုံးသား နဲ့ ရေးစပ်ပွဲ လုပ်နေတာ ဖြစ်တယ်။
ဒါဆိုယင်  ဘာသာ မရှိတာကိုက ဘာသာ ရှိနေတယ် ၊ အဘိဓမ္မာမဲ့တာကိုက အဘိဓမ္မာ ရှိနေတယ်ဆိုတဲ့ အယူအဆကို လက်ခံပါသလား။
လုံးဝ လက်ခံပါတယ် ။
နားလည်မှု ဆင်ဖိုနီ အထူးလိုအပ်နေပြီ လို့ ပြောထားတဲ့ မောင်ချောနွယ် ရဲ့ အယူအဆအတိုင်း အားလုံး လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရဖို့
“ ကတ္တီပါ လမ်းခွဲ ” ကိစ္စကို  မောင်ချောနွယ်  နဲ့ ကျနော်  ဝင်ရောက် ဆွေးနွေးကြရအောင် ။


ကျနော်ကတော့ လောလောဆယ်  စောနေသေးတယ်လို့ ထင်တယ်ဗျ ။ ကျနော့် ဆန္ဒကတော့ ဇော် ( ပျဉ်းမနား ) ရဲ့ ကတ္တှီပါလမ်းခွဲ ကိစ္စကို
ဝင်ရောက် မဆွေးနွေးချင်သေးဘူး ။
မဆွေးနွေးချင်ပေမယ့်  စကားလေး ၂ ခွန်းလောက်တော့ မေးပါရစေ ။
မေးနိုင်ပါတယ် ။
ကျနော်တို့ ကဗျာဆရာ အားလုံးဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း နဲ့ လမ်းခွဲဖို့ လိုအပ်မှု ရှိပါသလား။
ဟာ …..   လုံးဝ  မလိုအပ်ပါဘူး ခင်ဗျာ ။
ဒါဆိုယင် ဆရာကြီး ဒဂုန်တာရာ နဲ့ကော လူသိရှင်ကြားစိန်ခေါ်ပြီး လမ်းခွဲဖို့ လိုအပ်မှု ရှိပါသလား ။

ကျနော်တို့ဟာ ဒဂုန်တာရာ ကို လမ်းခွဲ စိန်ခေါ်ဖို့ကိစ္စထက် ကျနော်တို့သွားမယ့် ခရီးလမ်း ကို ကျနော်တို့ သိဖို့ အများကြီး လိုအပ်ပါတယ်။
ဒဂုန်တာရာ နဲ့ ပတ်သက်ပြီး ကျနော် ရှောင်တာ မဟုတ်ပါဘူး ။ ဒီအတိုင်းပဲ ပြောမှာမို့ ပြောတာပါ ။
ဒါဆိုယင်  ကိုချောနွယ်  က ဒဂုန်တာရာ ကို စိန်ခေါ်ပြီး လမ်းခွဲဖို့ စောနေသေးတယ်။ မလိုအပ်သေးဘူး ဆိုပါတော့ ?

ဟုတ်ပါတယ် ။ ကျနော့် အယင် ဒဂုန်တာရာ ကို စိန်ခေါ်နေသူတွေ အများကြီး ရှိနေတော့ ကျနော့် အနေနဲ့ စိန်ခေါ်စရာ မလိုပါဘူး။
လမ်းခွဲဖို့ ကိစ္စ ကတော့ ကျနော်တို့ ခွဲခဲ့ပြီးတာ  ကြာ ပါပြီ ။ လောလောဆယ်တော့ စိန်မခေါ်ချင်ပါဘူးဗျာ ။
ခေတ်ပေါ်ကဗျာတွေဟာ တစ်နေ့တခြား အရှိန်အဟုန်ပြင်းစွာ ထွန်းကားနေတယ်တဲ့ ။
သစ္စာနီ ပြောသလို ခေတ်ပေါ်ကဗျာဆရာတွေကလည်း ပေါများနေတယ်လို့ ဆိုထားတယ် ။ ဒီတော့ကာ …
ခေတ်ပေါ်ကဗျာ စစ်စစ်မှန်မှန် ထွန်းကားတိုးတက်ရေးအတွက် မည်သို့သော ပုဂ္ဂိုလ်တွေက ပြုပြင်ထိန်းကျောင်းသွားနိုင်တယ်လို့ ယူဆပါသလဲ။

ခေတ်ပေါ်ကဗျာ ရဲ့  ခေါင်းဆောင်မှု ကို ပြောတာလား ။
ဟုတ်ပါတယ် ။ ဇော် ( ပျဉ်းမနား ) ကတော့ ခေတ်ပေါ် ကဗျာ ကို ပြုပြင်ထိန်းကျောင်းသွားမယ့်လူဟာ မောင်သာနိုး တစ်ယောက်ပဲ
ရှိတယ်လို့ ယူဆပါတယ် ။  မောင်သွေးချွန် ကတော့ မောင်သာနိုး  ဟာ ခေတ်ပေါ်ကဗျာ ရဲ့ ခေါင်းဆောင် မဖြစ်နိုင်ဘူး ။ဘာလို့လဲဆိုတော့
မောင်သာနိုး ဟာ ဦးတည်ချက် ပီပီသသမရှိဘူး ။ အတတ်ပညာ နဲ့ ဟန်သက်သက်သမားဖြစ်နေတယ် ။ ဒီတော့ မောင်ချောနွယ် အနေနဲ့
ဘယ်သူ့ကောက်ချက်ကို သဘောတူညီမှု ရှိသလဲ ။

ကျနော်ကတော့  ခေတ်ပေါ်ကဗျာကို ဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ်မရှိသေးဘူးလို့ဘဲ  မြင်ပါတယ် ။ဘယ်ကဗျာမျိုးမဆို FORM  နဲ့ပတ်သက်ပြီး ဘယ်နိုင်ငံကမဆို ရနိုင်တယ် ။ CONT-ENTS နဲ့ပတ်သက်လို့ကတော့ ဒီနိုင်ငံကပဲ ရရှိနိုင်တယ်ဆိုတဲ့ အယူအဆကို လက်ခံပါသလား ။

လက်ခံပါတယ် ။ ကနေ့ခေတ်အရ အင်မတန် အကြောင်းအရာကောင်းတွေရှိပါတယ် ။
ဒါ့ကြောင့် လူတစ်ယောက်မှာ ဘောပင်တစ်ချောင်း ပါမလာခဲ့ယင် ဗာလာနံပဲလို့  သူငယ်ချင်းတွေကြားမှာ ပြောလေ့ ပြောထ ရှိနေပါတယ် ။ တခြားနိုင်ငံထက် သာခြင်း ၊ မသာခြင်း ကိစ္စတော့ မသိပါဘူး ။ ဒါပေမယ့် ကျနော်တို့နိုင်ငံ ဒီနေ့ကာလမှာ အလွန်အင်မတန်မှ ကောင်းတဲ့ အကြောင်းအရာတွေ ရှိနေတာ အမှန်ပါပဲ ။
ဟိုက္ကူကဗျာ နဲ့ ပတ်သတ်ပြီး မောင်ချောနွယ် နားလည်သလောက် ဆွေးနွေးပေးပါ ။

ဟိုက္ကူကဗျာဆိုတာ ဆာတိုရီလေးတစ်ခုပါ ။ စ်န္သေဘာပါပဲ ။ တစ်ချက်အနေနဲ့ ခုတ်လိုက်တာပါ ။
ချိတ်ကလေးတစ်ချိတ် အနေနဲ့ ချိတ်လိုက်တာပါ ။ သူ့မှာ ဗြူတီ ခေါ်တဲ့ အလှအပလေးတွေရှိပါတယ် ။
ဒါပေမယ့် ကဗျာတစ်ပုဒ်လို အခက်အလက်တွေ ၊ ပင်စည်တွေတော့ မရှိဘူးပေါ့ ။
ဒါပေမယ့် ဟိုက္ကူ မှာ  လှပတဲ့ ကဗျာဓါတ်ကလေးတွေ တော့ ကိန်းအောင်းနေတာ အမှန်ပါပဲ ။
ဒါဆိုယင် ကွယ်လွန်သွားတဲ့ ကဗျာဆရာ မောင်လူမှိန် ရဲ့ “ စာ ခို ကျီးကန်း ပျံကျသမား ၊ တီကောင်လယ်ထွန်စား ” ဆိုတာ ဟိုက္ကူ ဖြစ်သွားတယ်လို့ တချို့က ညွှန်းကြတယ် ။ ဟိုက္ကူဖြစ်  မဖြစ် ဆွေးနွေးပေးပါ ။

စာ ခို ကျီးကန်း ပျံကျသမား ၊ တီကောင်လယ်ထွန်စား … ဟာ ဟိုက္ကူ တချို့တဝက်ဖြစ်တာတော့ မှန်ပါတယ် ။
လုံးလုံးလျားလျား မဖြစ်တာကတော့ ဒီကဗျာ မှာ သိမှု ပါနေတယ် ။ ဟိုက္ကူ မှာ သိမှု ပါဝင်ခြင်း မရှိရဘူး ။
မောင်လူမှိန် ဟာ ကျနော့် သူငယ်ချင်းပါ ။ ဒီကိစ္စ က အရမ်း နူးညံ့ပါတယ် ။ ဖျတ်ခနဲ ကိစ္စ ဆိုတော့ ရှင်းပြရ တော်တော် ခက်ပါတယ် ။
တချို့သော ပုဂ္ဂိုလ်ကြီးတွေက ခေတ်ပေါ်ကဗျာကို စိတ္တဇ စာပေဝါဒထဲ ဆွဲသွင်းနေတယ်လို့ စွပ်စွဲကြတယ် ။
ခေတ်ပေါ်ကဗျာ မှာ သရုပ်မှန်စာပေဝါဒ ကိန်းအောင်းနိုင်ပါသလား ။


ခက်တယ်ဗျ ကိုလှကျော်နေ ရ ။ ခင်ဗျား ဒီမေးခွန်းတွေ မေးတော့ ကျနော် စကားတစ်ခွန်း ပြောချင်တယ် ။
ခေတ်ပေါ်ကဗျာ နဲ့ ပတ်သက်တဲ့ သင်တန်း ပို့ချရမယ်ဆိုယင် တစ်ပတ်ကို ဒေါ်လာ ၅၀၀၀  ယူမယ် ။
လေးလုံးစပ်ကဗျာ ကို ပို့ချရမယ်ဆိုယင်  မြန်မာငွေ ၁၀၀၀ ယူမယ် ။
ကျနော့် မေးခွန်း ကိုတော့ ဖြေပေးပါဦး ။
ခေတ်ပေါ်ကဗျာ မှာ စိတ်ကူယဉ်စိတ္တဇ စာပေဝါဒ ရော ၊ သရုပ်မှန်စာပေဝါဒရော ပါဝင်ရောနှောနေတယ်လို့ ဖြေချင်ပါတယ် ။
ဘာကြောင့် ခေတ်ပေါ် ကဗျာ နဲ့ ပတ်သက်ပြီး ဒေါ်လာ ၅၀၀၀ ယူမယ်လို့ စန်းတင်ရတာလဲ ။

ကျနော်  ခေတ်ပေါ် ကဗျာ နဲ့ ပတ်သက်ပြီး ဘာကြောင့် မောက်မာရသလဲ ဆိုယင် ခေတ်ပေါ် ကဗျာနဲ့ ပတ်သက်ပြီး ဒဏ်ခံထားရလို့ ၊
ဒဏ်ရာတွေ ရှိလွန်းအားကြီးလို့ ၊ ကျနော် ရင်း ထားခဲ့ရတာ  များလို့ပါ ။
ကျနော် လူပြိန်းတစ်ယောက်အနေနဲ့ ကိုချောနွယ် ကို  ပြောကြည့်ချင်တယ် ။ မြန်မာ့ကဗျာ ဖြစ်ပေါ်တိုးတက်မှုလမ်းကြောင်းဟာ
Step by Step လှေခါး တစ်ထစ်ပြီး တစ်ထစ်ချင်းမသွားဘဲနဲ့ ခေတ်စမ်းခေတ် နဲ့ ခေတ်ပေါ်မှာ ခုန်ကုးသွားလို့ ကဗျာချစ်သူတွေ၊
ကဗျာနားမလည်သူတွေ နားမလည်ဘဲ ကျန်ရစ်ကြတာလား ၊ ဒါကလည်း နိုင်ငံရေး ၊ လူမှုရေးကြောင့် ခါးပြတ်သွားခဲ့လို့ ခေတ်ပေါ်အုပ်စုဟာ အမှီလိုက်ယင်း မျက်ခြည်ပြတ် ကျန်ရစ်ကြတာလား ဆိုတာ ရှင်းပြပါ ။


ဒါကတော့ဗျာ ။ ဝုန်းခနဲ ခုန်ကျော် ပြောင်းလဲမှု ဆိုတာတော့ မဖြစ်နိုင်ပါဘူး ။
ဒါပေမယ့် တိုင်းပြည်ရဲ့ နိုင်ငံရေး ၊ စီးပွားရေးအောက်မှာ ယဉ်ကျေးမှု ဆိုတာ ထွန်းကားခွင့်ရှိနေတော့
ကဗျာဆိုတာလည်း အဲဒီနည်း နဲ့ တိုးတက်ဖြစ်ထွန်းရတာပါ ။
ဘာပဲ ဖြစ်ဖြစ် ၊ ကဗျာဆိုတာကတော့ တိုင်းပြည် ရဲ့အိမ်ဦးခန်းမှာ လူရိုသေ ၊ ရှင်ရိုသေ ထားရမှာတော့ အမှန်ပါပဲ ။
ကဗျာဆရာတွေ အားလုံးကိုလည်း တိုင်းပြည် ရဲ့ အိမ်ဦးခန်း မှာ ထားသင့်တယ်လို့ ကျနော် ယုံကြည်ပါတယ် ။
ကိုချောနွယ် တို့ အုပ်စုတွေဟာ မြန်မာ့ကဗျာ လောကကြီး သစ်လွင် လှပဖို့အတွက် ရှေ့တန်းကနေ တောတွေ တောင်တွေ
ချုံနွယ်ပိတ်ပေါင်းတွေ ၊ ချောင်းတွေ ၊ မြစ်တွေကို ကျော်ဖြတ်ပြီး လမ်းဖောက်နေသူတွေလို့ ဆိုချင်တာပေါ့ ။


ဟုတ်ကဲ့ ။ ကျနော်ဟာ ဒီကဗျာလမ်းမကြီး ဖောက်လုပ်ရာမှာ အပင်ပန်းခံဆုံး ၊ တာဝန်အရှိဆုံးလို့ သဘောထားပြီး ဒီတာဝန်ကို
ကြီးလေးစွာ ထမ်းဆောင်နေပါတယ် ။  ကျနော် နဲ့ အတူ ခေတ်ပြိုင်ဆရာတွေ  လူငယ်ကဗျာဆရာတွေလည်း ရှိနေ၊ထမ်းပိုးနေပါတယ်။
ဘာကြောင့် ဒီအလုပ်တွေကို လုပ်နေကြတာလဲ ။

ယုံကြည်ချက်ကြောင့် ဆိုပါတော့ ။ ကျနော်တို့ အူတွေမှာ မီးခိုးတလူလူ ထွက်နေပါပြီ ။ သွေးစိမ်းရှင်ရှင် ဒဏ်ရာတွေကို အနုပညာနဲ့
သွေးတိတ်စေခဲ့ပါတယ် ။ အသစ် ကို … သေခြင်းနေခြင်း ကို … နှမြောတွန့်ဆုတ်မှု မရှိဘဲ ရှာဖွေနေပါတယ် ။ ဘယ်ဆုတံဆိပ်ကိုမှ
မျှော်လင့်လို့ မဟုတ်ပါဘူး ။
ဒဏ်ရာတွေကို အနုပညာဖြင့် သွေးတိတ်အောင် ကုစားယင်း သွေးမတိတ်ဘဲ သွေးလွန်ပြီး သေသွားခဲ့ယင်ကော ?
မွေးကတည်းက သေမိန့်ကျပြီးသားပါ ။
နေခြင်း ၊ သေခြင်း ကို မနှမြောဘဲ အသစ်ကို ရှာဖွေနေကြတယ်ဆိုတော့ ဘဝ ကို မဆင်မခြင်နေယင် တခြားကဗျာဆရာတွေလို
မီးစာကုန်ဆီခမ်း မဟုတ်ဘဲ မုန်တိုင်းကြောင့်  စောစီးစွာ သေခဲ့ယင်ကော … ?

ကဗျာကို ဖက်ပြီး အသေခံသွားမှာပါပဲ ။ ဘဝ ကို ဆင်ဆင်ခြင်ခြင်နေဖို့တော့ ဘယ်တော့မှ မစဉ်းစားပါဘူး။
မောင်သာနိုး ကို ကဗျာဆရာ တစ်ယောက်အဖြစ် လက်ခံသလား ။
မောင်သာနိုး  ခေါ် မောင်သိင်္ဂါ  ကို ကဗျာဆရာ တစ်ယောက်အနေနဲ့ အသိအမှတ် မပြုနိုင်ပါဘူး ။
မောင်စိမ်းခက် ( ပြည် ) ဘဝ နဲ့ ၊ တေးရေးဆရာ သုခမိန်လှိုင် ဘဝ နဲ့ ရေးခဲ့တဲ့ ကဗျာတွေ ၊ ဘယ်ကဗျာတွေ ပိုကြိုက်သလဲ
သုခမိန်လှိုင် ဘဝ နဲ့ ဒီနောက်ပိုင်းရေးတဲ့ ကဗျာတွေကို လုံးဝ မကြိုက်မိပါဘူး ။
မောင်ချောနွယ်  နဲ့  Same Batch  ကဗျာဆရာတွေအကြောင်း ပြောပြပါ ။
ပြောချင်စိတ် မရှိလို့ မပြောပါရစေနဲ့ ။
နောက်ပေါက် ကဗျာဆရာလေးတွေထဲကကော  ဘယ်သူ့ကို မျှော်လင့်ပါသလဲ
မမျှော်လင့်ရဲသေးပါဘူး ။ အားကိုးဖို့ စောပါသေးတယ် ။လူငယ်တွေ ကြိုးစားနေတာလည်း တွေ့နေရပါတယ် ။
ခေတ်ပေါ် ကဗျာ ကို နားလည် ခံစားနိုင်ဖို့အတွက် IQ မြင့်ဖို့လိုအပ်တယ် ဆိုတဲ့ ကိစ္စ က တော်တော် ဂယက်ရိုက်သွားတယ်။
အဲ့ဒီစကား ကို  မပြင်တော့ဘူးလား ။


မပြင်တော့တဲ့အပြင် ခေတ်ပေါ်ကဗျာ ကို ခံစားနားလည်နိုင်ဖို့အတွက် IQ မြင့်ရုံတင် မကတော့ဘူး EQ ပါ မြင့်ဖို့ လိုအပ်နေပြီဆိုတာ
ညက ဆွေးနွေးဝိုင်းက ရရှိခဲ့ပါတယ် ။
EQ ဆိုတဲ့ အဓိပ္ပါယ် က …
Emotional Quotient ခံစားမှု စွမ်းရည် ကို ပြောတာပါ ။
ဟုတ်ကဲ့ ။  ကမ္ဘာ့ ဝိညာဉ် နဲ့ စကားပြောခြင်း စကားဝိုင်း   ကို IQ , EQ တွေ နဲ့ ပိတ်လိုက်ကြပါစို့ ။
ဟုတ်ကဲ့ … ။  လူသားအားလုံး  IQ , EQ မြင့်မားကြပါစေ ။
လှကျော်နေ
www.mmcybermedia.com မှ ကူးယူတင်ပြသည်..။ ( မောင်ချောနွယ်သို့ အင်တာဗျူးစာအုပ် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...