Friday, July 1, 2011
ဆရာကောင်းကို ရှာဖွေခြင်း
created the doc: "ဆရာကောင်းကို ရှာဖွေခြင်း"
     ကုန်ရှုံးတော့ တစ်ခေါက၊်   လင်ကုန်ရှုံးတော့ တစ်သက်လုံးမှောက်၊   ဆရာကုန်ရှုံးတော့ တစ်သံသရာလုံးမှောက် ဟူသော စကားအတိုင်း ဘာသာရေး၌ ဆရာရွှေးမှာလျှင် ပစ္စက္ခ၊ သံသရာ နှစ်ဖြာလုံး ဒုက္ခရောက်တတ်၏။ တစ်ဖန် ဆရာရွေးမှန်လျှင်လည်း မိမိကောင်းကျိုး အားလုံး ပြီးတတ်ကြောင်း ဗုဒ္ဒက ရှင်အာနန္ဒာအား မိန့်ကြားဖူး၏။
အရှင်အာနန္ဒက ဗုဒ္ဓအား မိတ်ဆွေ ကောင်းရလျှင် မိမိအကျိုး တစ်ဝက်ပြီးစီး နိုင်သည်ဟု ထင်မြင်ကြောင်းလျှောက်ထား၏။   ထိုအခါ ဗုဒ္ဓက မိတ်ဆွေကောင်းရလျှင် အကျိုး တစ်ဝက် ပြီးစီးသည် မဟုတ် အကျိုးအားလုံး ပြီးစီးနိုင်ကြောင်း သင်တို့သည် ငါကဲ့သို့သော မိတ်ဆွေကောင်းကို ရသောကြောင့် အရဟတ္တမဂ် အရဟတ္တဖိုလ်ဟူသော ကောင်းကျိုး အားလုံးပြီးစီး ကြသည်မဟုတ်လောဟူ၍ မိန့်ကြားတော် မူခဲ့ ဘူးသည်။ ဤနေရာ၌ ဆရာကောင်းနှင့် မိတ်ဆွေကောင်းကို အတူထားပြီး ဟောကြားတော် မူခြင်းဖြစ် သည်။   ဆရာကောင်းကို မမှီဝဲရမှုကြောင့် ပစ္စေကဗုဒ္ဓါဖြစ်ရန် နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ခဲ့ပါလျှက် မုဆိုးကြိးဖြစ်နေရသော ပုဂ္ဂိုလ်တစ်ယောက် အကြောင်းကိုမောရသုတ် ပရိတ်ဇာတ် ကြောင်း၌ တွေ့ရ၏။ ထိုအချိန်က ဘုရားအလောင်းသည် ဟိမ၀န္တာတောထဲ၌ ရွှေဥဒေါင်းမင်းကြီး ဖြစ်နေ၏။   ဗာရဏသီမင်းသည် ရွှေဥဒေါင်းမင်းကို မြင်ချင်သောကြောင့် မုဆိုးကြီးတစ်ယောက်အား လစာ ရိက္ခာ အပြည့်အစုံပေး၍ ဖမ်းဆီးရန် လွှတ်လိုက်၏။ ဥဒေါင်းမင်းသည် မောရသုတ် ပရိတ်ကို နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အမြဲရွတ်နေ သောကြောင့် မုဆိုးကြီးသည် မည်သို့မျှ ဖမ်း၍ မမိခဲ့ချေ။   နှစ်အတန် ကြာသောအခါ ဥဒေါင်းကိုဖမ်းခိုင်းသော ဘုရင်ရော ဖမ်းသော မုဆိုဆိုးတို့သာ သေဆုံးသွား၏။ 
ဥဒေါင်းမင်းကိုကာ ဖမ်းမိခြင်းမရှိချေ။ ထိုကြောင့်ပင် ဘုရင်သည် နတ်ရွာ စံခါနီးသော အခါ ဥဒေါင်းမင်းအား ဘုရင်အဆက်ဆက် တက်တိုင်း ဒုက္ခရောက်စေမည့် စာတစ်ဆောင်ကို ရေးသွား ခဲ့၏။   ထိုစာကား ရွှေဥဒေါင်းမင်း၏ အသားကို စားရသူသည် မအို၊ မနာ၊ မသေ အမြဲနေရရမည် ဟူ၏။ ထိုလုပ်ကြံစာကြောင့် နောက်မင်း အဆက်ဆက် တို့သည် မုဆိုးတို့၏ အကူအညီဖြင့် ရွှေဥ ဒေါင်းမင်းကို မရမက ဖမ်းဆီးကြ၏။ မောရသုတ် ပရိတ်တန်ခိုးကြောင့် ဖမ်း၍ မမိချေ။   တစ်ဆေက်သော မင်းလက်ထက်တွင် ဥဒေါင်းမင်းကို ဖမ်းရန် တာဝန်ချခံရသော မုဆိုးကြီး ကား အသိ ဥာဏ်ပညာနှင့် ပြည့်စုံ၏။ နှစ်အတန် ကြာသည်အထိ ဖမ်း၍ မမိသောအခါ ဥဒေါင်းမင်း တွင် မည်သည့် စွမ်းပကား ရှိနေသနည်းဟု တစေ့တစောင်း ချောင်းမြောင်း လေ့လာသောအခါ မောရ သုတ်ပရိတ် ရွတ်သည်ကို တွေ့သွား၏။   ဤပရိတ်ကို မရွတ်မှသာ ဖမ်း၍ မိနိုင်မည်ကို သိသွားသော မုဆိုးကြီးသည် လေ့ကျင့် သင် ကြားပေးထားသော ဥဒေါင်းမတစ်ကောင်ကို ဥဒေါင်းမင်းကြီး ပရိတ်ရွတ်မည့် အချိန်ကို မှန်းပြီး လွှတ် လွှတ်ပေး၏။ ဥဒေါင်းမ၏ အရှိန်ကြောင့် ဥဒေါင်းမင်းကြီးသည် မောရသုတ် ပရိတ်ကို မရွတ်တော့ချေ။ ထိုကြောင့် တစ်ရက်တွင် မုဆိုးထောင်ထားသော သစ်ကိုင်းတွင် ချေထောက်တစ်ချောင်း စွပ်မိ သွားပြီး လေထဲ၌ ဆောက်ထိုးဖြစ်လျက် နေရှာ၏။   လေထဲတွင် ဦးစောက်ပြောင်းပြန် ဖြစ်ကာ ဒုက္ခရောက်လျှက် ရှိသော ဥဒေါင်းမင်းကို ကြည့်ကာ သနားစိတ်ဝင်သွားသော မုဆိုးကြီးက သတ်ဖြတ်ခြင်း မပြုတော့ဘဲ ကျော့ကွင်းမှ ဖြုတ်ကာ လွှတ်ပေး လိုက်၏။ 
  မုဆိုးဖြစ်လျှက် သနားတတ်ခြင်းသည် သူတော်ကောင်း စိတ်ဓာတ်ခံ ရှိသောကြောင့် ဖြစ်၏။ ထိုသို့ သူတော်ကောင်း ဓာတ်ခံရှိလျှက် မုဆိုးဖြစ်နေရခြင်းသည် အဘယ့်ကြောင့်နည်းဟု မေးစိစစ် ကြည့်သောအခါ ဆရာမိုက်ကြောင့် ဖြစ်ကြောင်း သိသွား၏။   ကုသိုလ် အကုသိုလ်ဟူသည် မရှိ။ ကုသိုလ် အကုသိုလ်၏ ကောင်းကျိုး ဆိုးကျိုးသည် မရှိဟူ၍ သူ၏ ဆရာသမားများက ဟောပြော ဆုံးမကြသောကြောင့် မုဆိုးအလုပ်ကို လုပ်မိကြောင်း မုဆိုးကြီး က ပြောကြားသည်။   ထိုအခါ အလောင်းတော် ဥဒေါင်းမင်းက ကုသိုလ်၊အကုသိုလ်သည် ရှိကြောင်း၊ ကုသိုလ်၊ အကုသိုလ်၏ ကောင်းကျိုး၊ ဆိုးကျိုးသည်လည်း ရှိကြောင်း ဟောပြမှ ကမ္မဿကတာသမ္မာဒိဋ္ဌိ အမြင်မှန်ကို ရသွား၏။   ထိုအမြင်မှန် မှ တစ်ဆင့် ၀ိပဿနာသမ္မာဒိဋ္ဌိအမြင်မှန်သို့ ကူးပြောင်းပြီး ရှုပွားလိုက်ရာ ပစ္စေက ဗုဒ္ဓါဖြစ်သွား၏။ ပစ္စေကဗုဒ္ဓါ ဖြစ်သည်နှင့် မုဆိုးအ၀တ်အစားနှင့် အသုံးအဆောင်များအစား ရဟန်း အ၀တ် အစားနှင့် အသုံးအဆောင်များကို ဆင်မြန်းပြီးသာဖြစ်ကာ ဂန္ဓမာဒနတောင်သို့ ကောင်းကင်မှ ကြွားသွားလေ၏။   ဤဇာတ်တော်၌ ပစ္စေကဗုဒ္ဓါ အလောင်းလျာဖြစ်ပါလျက် ဆရာမိုက်ကို မှီဝဲသောကြောင့် ငရဲကျလု ဆဲဆဲဘ၀သို့ ရောက်ခဲ့ရ၏။ ဥဒေါင်းမင်းနှင့်သာ မတွေ့လျှင် မုဆိုးဘ၀နှင့်သေပြီး ငရဲသို့ ကျ မည်သာဖြစ်၏။ မုဆိုးကြီးသည် ဥဒေါင်းမင်း တည်းဟူသော ဆရာကောင်းကို မှီဝဲဆည်းကပ်လိုက် ရသည့်အတွက် မဂ်ဖိုလ်ကိစ္စအားလုံး ပြီးစီးသွားခဲ့ရ၏။  
(ဆရာလွဲကြောင့် ကိုယ်ကျိုးနည်းခဲ့ကြသူများ)  
ဆရာလွဲကြောင့် ကိုယ်ကျိုးနည်းခဲ့ ကြရသော ကမ္ဘာအရပ်ရပ်မှ ဖြစ်ရပ်မှန် အချို့ကို သင်ခန်းစာ ယူနိုင်ရန် အကျဉ်းချုပ် ဖေါ်ပြအံ့။   1978 ခုနှစ်က ဂျင်ဂျံး အမည်ရှိ ဂိုဏ်းခေါင်းဆောင်တစ်ယောက်သည် သူ၏နောက်လိုက် ကိုးရာကျော်တို့အား အဆိပ်ရည်များ သောက်ခိုင်းပြီး သက်သေစေလိုက်၏။ သူလည်း ထိုအဆိပ် ရည်ကိုပင်သောက်ပြီး သေသွား၏။   ယခုအချိန်၌သေလျှင် ထာဝရဘုရားသခင် အလိုကျပြီး ကောင်းကင်ဘုံနန်းသို့ ရောက်ရမည် ဟူသော သူ၏ အားပေးစကားကြောင့် ကြည်ညိုသော သဒ္ဓါသာရှိပြီး ဝေဘန်ဆန်းစစ်တတ်သည့် ပညာ မရှိသော လူကိုးရာကျော်တို့ မသေသင့်ဘဲ သေခဲ့ကြရ၏။
  1993 ခုနှစ်ခန့်ကလည်း အမေရိကန်ပြည်ထောင်စု တက္ကဆတ်ပြည်နယ်မှ ဒေးဗစ်ကိုရက်ရှိ အမည်ရှိ ဂိုဏ်းခေါင်းဆောင်တစ်ဦးသည် နောက်လိုက် များစွာကို ဆွဲဆောင် စည်းရုံးပြီး ဌာနချုပ် ကြီး တခု တည်ထောင်၏။ ဂိုဏ်းဝင် အမျိုးသမီးများစွာဖြင့် လွတ်လပ်စွာ ဖောက်ပြား၏. နောက်တစ်ဆင့် တက်ကာ လက်နက်များပါ စုဆောင်း ကိုင်ဆောင်ထားသဖြင့် လုံခြုံရေး တာဝန်ရှိသူများက ၀င်ရောက် စစ်ဆေးရန် ကြိုးစား၏။   ဒေးဗစ်ကိုရက်ရှ်သည် စစ်ဆေးခွ့်မပြုဘဲ စတင်တိုက်ခိုက်သဖြင့် လုံခြုံရေး တာဝန်ရှိသူ များက လည်း အတင်းဝင်သိမ်းရ၏။ ထိုအခါ ဒေးဗစ်ကိုရက်ရှ်က ဌာနချုပ်ကြီး တစခုလုံးကို မီးတင်ရှို့စေပြီး ဂိုဏ်းဝင်အားလုံး မီးလောင်ပြီး အသေခံကြရန် အမိန့်ပေး၏။ ထို့ကြောင့် ဂိုဏ်းဝင်(85) ယောက် တို့မှာ မီးလောင်ပြီး သေကြ၏။ 
  1950 ၀န်းကျင်ခန့်က ဦးမြတ်သိန်းထွန်းအမည်ရျိ ၀ိပဿနာ တရားပြဆရာ အမည်ခံ ကာမ လူလိမ်တစ်ယောက် ပေါ်ပေါက်ခဲ့ဖူး၏။ သူသည် ထွဋ်ခေါင်ဆရာတော်ကြီး၏ မြေးဖြစ်ကြောင်း ပြောကြား ပြီး ၀ိပဿနာ နယ်ထဲ ၀င်ခဲ့၏။ ပိုးဖလံမျိုး မီးကိုတိုး ကိုယ်ကျိုးနည်းလှပြီ ဟူသော တရား သံဝေဂ လင်္ကာလေးကြောင့် ထွဋ်ခေါင် ဆရာတော်ဆိုလျှင် တစ်ပြည်လုံး သိနေကြ၏။   ထိုကြောင့် ထွဋ်ခေါင်ဆရာတော်၏ အမည်ကို အလွဲသုံးစားပြုပြီး ဘာသာရေး လောကထဲ ၀င်ခဲ့ခြင်းဖြစ်၏။ သေချာ စစ်ဆေးကြည့်သောအခါ အမျိုးပင် မတော်ကြောင်း သိရ၏။ နယ်ချင်း တူသော အချက်လေးကိုယူပြီး မြေးတောပစ်လိုက်ခြင်း ဖြစ်၏။ အဆိုးတကာ့ အဆိုးဆုံးကား သူသည် ဘုရားတစ်ဆူပင်ဖြစ်ကြောင်း ဂိုဏ်းဝင်များကို လှည်းစားလိမ်ညာခြင်းပင်ဖြစ်၏။   ထိုနောက် ဂိုဏ်းဝင်အမျိုးသားများ၏ မယားများကို လပိုင်း နှစ်ပိုင်းအနေဖြင့် အလှုခံ၏။ ထိုသို့ မယားကို လှူနိုင်လျှင် သောတာပန်ဖြစ်ပြီဟု ဟောပြောသောကြောင့် သဒ္ဓါပါးပြီး ပညာပါးကြသော အမျိုးသားများက မိမိတို့၏ မယားများကို လှုဒါန်းကြ၏။ ထိုဆရာက မယားအဖြစ် ပေါင်းသင်း၏။ အမျိုး သမီးများကို တရားစစ်သည်ဟု ဆိုကာ ကာယသံသဂ္ဂများ ပြုလုပ်၏။   ထိုသူသည် ၀ိပဿနာစာအုပ် သုံး လေးအုပ် ဖတ်ကာ တရားပြသည်ဟု ခေါင်းတပ်ပြီး လိမ် စားနေခြင်းဖြစ်၏။ နှစ်အတော်ကြာသောအခါတွင်မှ သဒ္ဓါနှင်ပညာ ပြည်စုံသော ဥပါသကာ တစ်ယောက်က သံဃခုံရုံးတင်ပြီး စစ်ဆေးသော အခါတွင်မှ စာတစ်လုံးမှ မတတ်သော လူလိမ်တစ် ယောက်သာ ဖြစ်ကြောင်း သိကြရ၏။ သူရေးခဲ့သော ၀ိပဿနာ စာအုပ်တော်တော်များများ ယခုအချိန်ထိ ရှိသေး၏။ 
ထိုအချိန်က ဘာသာရေးစာပေကို စိစစ်ခြင်း မရှိသောကြောင့် ရေးချင်ရာရေး ထားသော စာအုပ်များသာဖြစ်၏။   3.17.2000 နေ့က ယူဂန္ဓာနိုင်ငံ တမ်ပါလာမြို့တော်၏ အနောက်တောင်ဘက် ကီလိုမီတာ (350)ခန့်အကွာ ကန်ဒွန်ဂူမြို့အနီးရှိ ရှိမန်ကက်သလစ် ဘုရားရှိခိုးကျောင်းကြီး ရုတ်တရက် ပေါက်ကွဲ မီးလောင်သွားသဖြင့် လူ(330)ကျော် သေဆုံးခဲ့ရ၏။ အစပထမတွင် မတော်တဆမှုဟု အများက ယူဆကြ၏။   တစ်ချို့ကလည်း မိမိကိုယ်မိမိ အဆုံးစီရင်ကြခြင်းဟု ထင်ကြ၏။ သို့သော် ရေအိမ်အတွင်း တွေ့ရသော ခြေပြတ်လက်ပြတ်များ၊ လည်မျိုညှစ်သတ် ခံရသော ရုပ်အလောင်းများကို တွေ့ရေသော အခါတွင်မှ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ကြောင်းသိလာရ၏။ ရဲက သေချာ စစ်ဆေးသောအခါ မီးလောင် သေဆုံးသွားကြသူအားလုံးက ဆရာအဖြစ် ကိုးကွယ်ကြသော ဂျိုးဆက်ကီဗွီတာ အမည်ရှိ ဂိုဏ်း ခေါင်း ဆောင်ကိုယ်တိုင်က လုပ်ကြံ သတ်ဖြတ်ခြင်းဖြစ်ကြောင်း အမှုမှန်ပေါ်လာ၏။   လိမ်ညာပုံမှာ ဂျိုးဆက်ကီဗွီတာက ခရစ်နှစ် 2000 တွင် ကမ္ဘာကြီးပျက်စီးတော့မည်ဖြစ်ကြောင်း ယေရှုခရစ်နှင့် မယ်တော်မေရီတို့က သူကို လာပြောကြောင်း လိမ်ညာပြီး ဂိုဏ်းဝင်များထံမှ ဥစ္စာပစ္စည်း များကို သိမ်းပိုက် ရယူခြင်းပင် ဖြစ်၏။ ထိုစကားကို 1984 ခုနှစ် ပြောကြားခဲ့ခြင်းဖြစ်၏။ 1999 ခုနှစ် ဒီဇင်ဘာလ(31)ရက်နေ့တွင် ကမ္ဘာပျက်မည် ဟူသော ယင်း၏ ဟောကြားချက် မှားယွင်းကြောင်း ဂိုဏ်းဝင်များက သိရှိသွားသော အခါ မိမိတို့ပေးထားသော ဥစ္စာ စည်းစိမ်များကို ပြန်တောင်းရာမှစ၍ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး ပေါ်ပေါက် လာရခြင်း ဖြစ်၏။ 
၁။ ရိုသေထုက်သောဂုဏ်ရှိခြင်း။   
၂။ ချစ်ခင်ထိုက်သောဂုဏ်ရှိခြင်း။  
၃။ ချီးမွမ်းထိုက်သောဂုဏ်ရှိခြင်း။
၎။ တပည့်ဖြစ်သူ လမ်းလွဲနေလျှင် ဆုံးမခြင်း။  
၅။ တပည့်မေးသမျှကို ဖြေဆိုနိုင်ခြင်း။  
၆။ နက်နဲသောတရားကို ဟောကြားနိုင်ခြင်း။   
၇။ အကျိုးများသောနေရာကို ညွှန်ပြနိုင်ခြင်း။ 
ဤကားဆရာကောင်း၏ အင်္ဂါ(၇)ချက်ပင်ဖြစ်သည်။ ထိုတွင် ရိုသေထိုက်၊ ချစ်ခင်ထိုက်၊ ချီးမွမ်းထိုက်သော ဂုဏ်ဟူသည် သင်္ဂဟတရား(၄)ပါးနှင့် ပြည့်စုံ ခြင်းကို ဆိုလို၏။  
သင်္ဂဟတရား (၄)ပါးဟူသည်  
၁။ ဒါန= ပေးကမ်းစွန့်ကြဲခြင်း။ 
၂။ ပေယျဝဇ္ဖ = ချစ်ဖွယ်သော စကားရှိခြင်း။ 
၃။ အတ္ထစရိယ = တပည့် အကျိုးရှိရာကိုကျင့်ခြင်း။ 
၎။ သမာနတ္ထတာ = တန်းတူရေတူ ဆက်ဆံခြင်းတို့ဖြစ်၏။  
လောဘကင်းသ၊ူ လောဘနည်းသူမှာ ဒါနကို ပြုလုပ်နိုင်၏။ ထိုကြောင့် လောဘနည်းသော ဆရာဟုတ် မဟုတ် သိနိုင်ရန် ဒါနပြု မြုပုကို ကြည်ရ၏။ ချစ်ခင်ဖွယ် မေတ္တာစကားကို ဒေါသနည်းသူ ဒေါသမရှိသူသာ ပြောနိုင်၏။ ထိုကြောင့် ဒေါသ နည်းသော ဆရာ ဟုတ် မဟုတ် သိနိုင်ရန် ချစ်ဖွယ်သော စကား ရှိ မရှိကို ကြည့်ရ၏။   တပည့်တို့၏ အကျိုကို ကြည့်ခြင်းဟူသည် ပရဟိတ အလုပ်ကို လုပ်ခြင်းပင်ဖြစ်၏။ မည်သည့် မျှော်လင့်ချက်မှ မထားဘဲ ပရဟိတ အလုပ်ကို လုပ်ခြင်းဟူသည် လောကအတွက် မိမိကိုယ်ကို အသုံး ချခြင်းပင်ဖြစ်၏။ 
  ဘယ်သူသေသေ ငတေမာရင် ပြီးရော ဟူသော စကားအတိုင်း မိမိကိုယ်ကျိုးတစ်ခုအတွက် သာ ပြုလုပ်သူသည် လောက မိမိအတွက် အသုံးချခြင်းဖြစ်၏။ လောကအတွက် မိမိကိုယ်ကို အသုံးချ သူသည်သာ ပညာရှိ သူတော်ကောင်း အစစ်ဖြစ်၏။ ထိုသို့ ပညာရှိ သူတော်ကောင်း ဟုတ် မဟုတ် သိနိုင်ရန် အတ္ထစရိတာ ဟူသောအချက်ကို ထည့်ထားခြင်း ဖြစ်၏။   မာနကင်းသူ မာနနည်းသူသာလျှင် သူတစ်ပါးကို မိမိကဲ့သို့ တန်းတူ ရည်တူ ဆက်ဆံနိုင်၏။ ထို့ကြောင့် မိမိကိုယ်းကွယ်မည့် ဆရာသည် မာနကင်းသူ နည်းသူ ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် သမာနတ္ထတာ အင်္ဂါကို ထည့်သွင်းထားခြင်း ဖြစ်၏။   ဗုဒ္ဓရှင်တော်မြတ် ပဉ္စဂ္ဂဒါယကပ ပုဏ္ဏားအိမ်ရှေ့၌ ဆွမ်းရပ်၇ာတွင် ပုဏ္ဏား က အဦးချန် ထားသော ဆွမ်းမရှိတော့သဖြင့် စားဆဲပန်းကန်မှ ဆွမ်းကျန်ကို လှုလို့ရမရ မေးမြန်းရာ ရကြောင်း မိန့်ကြား၍ အလှူခံကာ ဘုန်းပေးသုံးဆောင်ခြင်းသည် မာနကင်းသောကြောင့် သမာနတ္ထတာ အင်္ဂါကို ကျင့်သုံးခြင်းဖြစ်၏။
  ` တစ်ခါက ရန်ကုန်မြိ့တွင် ၀ိဇ္ဖာအမည်ခံ ဘိုးတော်တစ်ဦးက ကိုးကွယ်သူ တပည့်များ စားမည့် မုန့်ဟင်းခါးအိုးကြီးထဲသို့ အများရှေ့တွင် တံတွေးများ ထွေးထည့်ပြီး စားစေ၏။ သဒ္ဓါသာရှိပြီး ပညာ မရှိ ကြသော သူဌေး သူကြွယ်ဆိုသူများသည် ရွံရှာဖွယ် မုန့်ဟင်းခါးကို မရွံမရှာ စားသောက်ကြ၏။   ထိုသို့စားလျှင် ၀ိဇ္ဖာကဲ့သို့ သိဒ္ဓိပြီးစီး မည်ဟု ယုံကြည်နေသောကြေင့် ဖြစ်၏။ ဤ အပြုအမူ များသည် သမာနတ္ထတာ အင်္ဂါချို့ယွင်းခြင်းပင်ဖြစ်၏။ ဆရာစစ် ဆရာမှန် ဟုတ် မဟုတ် စစ်ဆေးနည်း ကို တင်ပြပြီးနောက် ထိုဆရာဆိုသူ ဟောကြားသည့် တရားသည် တရားစစ်တရားမှန် ဟုတ် မဟုတ် စစ်ဆေးနည်းကို ပြဦးအံ့။   အဂုင်္တ္ထိုရ်ပါဠိတော် နှစ်နေရာတွင် တရားစစ် တရားမှန် ဟုတ် မဟုတ် စစ်ဆေးနည်း နှစ်မျိုးကို တွေ့ရ၏။ ကာလမသုတ်တွင် မိမိနာယူသော တ၇ားသည်။   အကုသိုလ်လည်းဖြစ်မည်။ အပြစ်လည်း ရှိမည်။ ပညာရှိများလည်း ကဲ့ရဲ့မည်။   အကျိုးလည်း မဲ့မည်။ ဆင်းရဲခြင်းငှာလည်း ဖြစ်မည် ဆိုလျှင် တရားတုတရားယောင်သာ ဖြစ်၍ ပယ်ရမည်။   
မိမိနာယူသောတရားသည်   ကုသိုလ်လည်း ဖြစ်မည်။ အပြစ်လည်း ကင်းမည်။ ပညာရျိတို့လည်း ချီးမွမ်းမည်။ ကောင်းကျိုးလည်း ရှိမည်။ ချမ်းသာခြင်းငှာလည်း ဖြစ်မည် ဆိုလျှင် တရားစစ် တရားမှန်ဖြစ်၍ ကျင့်သုံးဆောက်တည် ရမည်။   အင်္ဂုတ္ထိုရ်ပါဠိတော် အဋ္ဌကနိပါတ် သံခိတ္တသုတ်တွင် မည်သည့်တရားမဆို ကပ်ငြိမှု ရာဂနှင့် ယှဉ်တွဲ ဖို့သာ ဖြစ်စေမည်၊ သံယောဇဉ်တိုးပွားဖို့သာ ဖြစ်စေမည်။ ၀ဋ်ဆင်းရဲ၌ နစ်မွန်းဖို့သာ ဖြစ်စေမည်။ အလိုရမ္မက်ကြီူဖို့သာ ဖြစ်စေမည်။ မရောင့်ရဲ၊ မတင်းတိမ်ခြင်းကိုသာ ဖြစ်စေမည်၊ ကိလေသာတရား များနှင့် ပေါင်းဖော်စုဝေးဖို့ သာဖြစ်စေမည်။
  တရားအလုပ် နောက်ဖုတ်ပျင်းရိဖို့သာ ဖြစ်စေမည်။ သူတစ်ပါးက လုပ်ကျွေးမွေးမြူဖို့ ခံယဉ်း ခြင်းကိုသာ ဖြစ်စေမည် ဆိုလျှင် ဤကဲ့သို့သော တရားမျိုးသည် အပါယ်လေးပါးသို့ မကျအောင် ရွတ် ဆောင်တ်သော သဘော (ဓမ္မ) မဟုတ်။ ကိလေသာအပူကို ပယ်ဖျောက်ကြောင်း(၀ိနယ) မဟုတ်။ မြတ်စွာဘုရားရှင်တို့၏ အဆုံးအမ(သတ္ထုသနန)မဟုတ်ဟု ဆုံးဖြတ်အပ်၏။ ထိုနှင့်ဆန့်ကျင်ဘက်အား ဖြင့် မည်သည့်တရားမဆို---   ကပ်ငြိမှုရာဂကင်းဖို့သာ ဖြစ်စေမည် ။ သံယောဇဉ် ကင်းဖို့သာ ဖြစ်စေမည်။ ၀ဋ်ဆင်းရဲမှ လွတ် မြောက်ဖို့သာ ဖြစ်စေမည်။ အလိုရမ္မက်နည်းဖို့သာ ဖြစ်စေမည် ။ ရောင့်ရဲတင်းတိမ်မှုကိုသာ ဖြစ်စေ မည်။ ကိလေသာတရားများနှင့် ကင်းဝေးမှုကိုသာ ဖြစ်စေမည်။ တရားအလုပ်ကြိုးစားအားထုတ်မှု ကိုသာ ဖြစ်စေမည်။ သူတစ်ပါးတို့က လုပ်ကျွေးမွေးမြူဖို့ လွယ်ကူခြင်းကိုသာ ဖြစ်စေမည် ဆိုလျှင်--- 
  ဤကဲ့သို့သော တရားမျိုးသည် အပါယ်လေးပါး မကျအောင် ရွတ်ဆောင်တတ်သော သဘော(ဓမ္မ)ဟုတ်၏။ ကိလေသာ အပူကို ပယ်ဖျောက်ကြောင်း(၀ိနယ)ဟုတ်၏။ မြတ်စွာဘုရား ရှင်၏ အဆုံးအမ (သတ္ထုသာသန)ဟုတ်၏ဟု ဆုံးဖြတ်အပ်၏။   စာရှုသူအားလုံး ဆရာမှန်နှင့် တရားစစ်၊ တရားမှန်ကို ရှာဖွေတွေ့ရှိကြပါစေ။ 
  မေတ္တာရှင်(ရွှေပြည်သာ)
By: Shwe Yee
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...