Saturday, June 4, 2011

ဦးကျော်ငြိမ်းလား၊ မစ္စတာ ဂိုရှယ်လား ဦးနုလား၊ သခင်သန်းထွန်းလား ဘရောက်ဒါလား၊ ဇဒါးနော့လား

Min Thant Syn

ငယ်ပေါင်း သူငယ်ချင်း ကိုအောင်စိုး (အောင်စွမ်း) မှတစ်ဆင့် Norrthern Star ဂျာနယ်က စာမူတောင်းလာရာ ကျွန်တော့်မှာ အံ့သြနေမိသည်။ အံ့သြမိသည်မှာ အခြားကြောင့် မဟုတ်၊ မတောင်းစဖူး အတောင်း ထူးသောကြောင့် ဖြစ်သည်။ ကျွန်တော့်အထင် ဤဂျာနယ် ထွက်သည်မှာ တစ်နှစ်မက ကြာရော့မည် ထင်သည်။ သို့သော် တစ်ခါမှ စာမူ မတောင်းစဖူး၊ အမှန်စင်စစ် ဒါကလည်း အဆန်းမဟုတ်။ ကျွန်တော်တို့ စာပေ လောကတွင် နီးစပ်သူချင်းသာ စာမူ တောင်းလေ့ ရှိသောကြောင့် ဖြစ်သည်။ Northern Star အဖွဲ့က ကျွန်တော်နှင့် မနီး၊ လူချင်းလည်း မသိ။


ကျွန်တော့် အကျင့်က လူချင်းမည်မျှ ခင်စေ၊ မတောင်းလျှင် မရေး။ (ဒါကလည်း အခြားကြောင့် မဟုတ်၊ ကိုယ့်စာကို မကြိုက်သော အယ်ဒီတာများ အခက်မကြုံ စေချင်၍ ဖြစ်သည်။) လူချင်း မသိလည်း ကိစ္စမရှိ၊ တောင်းလာလျှင် တတ်နိုင် သလောက် ကြိုးစား ရေးပေးချင်သည်။ (ဒါကလည်း ကိုယ်တိုင် အယ်ဒီတာ လုပ်နေ၍ စာမူ အခက်အခဲကို သိသောကြောင့် ဖြစ်သည်။)

ကမ္ဘာတွင် စစ်အေးတိုက်ပွဲ ပြီးသွားခဲ့သည်မှာ အနှစ် ၂၀ ကျော်ပြီ ဖြစ်သည့်တိုင် ကျွန်တော်တို့ ဆီမှာ မပြီးနိုင် မစီးနိုင် ရန်ဖြစ်ကောင်းဆဲ ဆိုသည်ကိုတော့ မသိမဟုတ်၊ သိပါသည်။ သို့နှင့်အမျှ ကျရောက်လာ တန်ရာသည့် လေးသံမြှားသံ တွေကိုလည်း ကြိုတင် မျှော်လင့်ပြီး ဖြစ်ပါသည်။ (ဒါကတော့ ကိစ္စမရှိ၊ ကျွန်တော် ကိုယ်တိုင်က စစ်အေး ဇာတ်ကွက်ကို စိတ်ပျက်နေသူ)

ပြောရလျှင် Northern Star တွင် မရေးဖြစ်သည့်တိုင် ကျွန်တော် ဖတ်ဖြစ်ပါသည်။ ရှေ့မီနောက်မီ နိုင်ငံရေးသမားကြီးတွေ ပင်တိုင် ရေးကြသည် ဖြစ်၍ ဂရုဓမ္မထားပြီး ဖတ်ရသည်။ ကျွန်တော်က သမိုင်း (အထူးသဖြင့် မြန်မာ့ နိုင်ငံရေးသမိုင်း) ကို စိတ်ဝင်စား သည်လေ။ ယခု ကျွန်တော် ပုံမှန် (နီးပါး) ဖတ်နေကျ ဂျာနယ်က စာမူ တောင်းလာတော့ ကျွန်တော် စိတ်ဝင်စား သော အကြောင်းကိုပင် ကြိုးစား ရေးလိုက်ပါသည်။ သမိုင်းတစ်ကွေ့နှင့် ပတ်သက်သော မသိမမီလိုက်သူ တစ်ဦး၏ ဒုတိယ အတွေး (ပထမ အတွေးမဟုတ်) ဆိုပါစို့။

အိုင်အိုးဝါးရှော့ (ခ)
 ဒုတိယ အတွေးကို နောက်ကြောင်း ပြန်ရလျှင် အမေရိကန် ပြည်ထောင်စု အနောက် အလယ်ပိုင်းရှိ ‘အိုင်အိုးဝါး’ ဆိုသော တက္ကသိုလ် မြို့လေးမှ စရပါလိမ့်မည်။ စစ်အေးခေတ် ‘ပညတ်’ အရ အမေရိက ဆိုသည်မှာ အရင်းရှင် ထိပ်သီးနိုင်ငံ၊ အမေရိကနှင့် ကွန်မြူနစ် ဆိုသည်က ဘုန်းကြီးနှင့် ဘီးလို ဘာမှမဆိုင်၊ သို့နှင့်တိုင် ဤ အရင်းရှင် ထိပ်သီး နိုင်ငံကြီးမှာပင် အနှီ အမေရိကန် ကွန်မြူနစ် ပါတီဝင် ဟောင်းကြီးနှင့် ဆုံခဲ့ရခြင်း ဖြစ်သည်။ (ဤ အကြောင်းကို The Waves တွင် ရေးခဲ့ပြီး ဖြစ်ပါသည်။ ‘မစ္စစ္စပီ ခရီးသည်’ လုံးချင်းတွင်လည်း ဖော်ပြခဲ့ပြီးဖြစ်သည်။)

ကျွန်တော်က ကျွန်တော် သိပ်မသိသော အမေရိကန် ကွန်မြူနစ်ပါတီ အကြောင်း ထို အဖိုးအိုကို မေးရာမှ ဘရောက်ဒါ ၀ါဒ အကြောင်း ရောက်သွားသည်။ ဘရောက်ဒါ ၀ါဒကြောင့် မြန်မာ့လက်ဝဲ အင်အားစု ကွဲခဲ့ရသည့် အကြောင်း ပြောလိုက်မိရာ ကွန်မြူနစ်အိုကြီးက ယခုလို ကောက်ကာငင်ကာ မေးသည်။ ‘‘မင်းတို့နိုင်ငံ ဘယ်လို လွတ်လပ်ရေး ရတာလဲ . . .’’

အောင်ဆန်း- အက်တလီနှင့် နု-အက်တလီ စာချုပ်တွေ အကြောင်း ပြောတော့ သူက တိုတိုပြတ်ပြတ် မှတ်ချက်ချသည်။ ‘‘ဒါဖြင့် ဘရောက်ဒါ မှန်တာပေါ့ကွ’’

အသက် (၃၀) သာသာလောက် အထိ ခန်းဆောင်နီထဲ အိပ်မက် မက်ခဲ့ဖူးသော ကျွန်တော့်အတွက်တော့ သူ့ကောက်ချက်မှာ တကယ့်ရှော့(ခ) အကြီးစားပင်။ ကျွန်တော် တစ်လျှောက်လုံး ကြားခဲ့၊ သိခဲ့၊ မှတ်သားခဲ့ရသည်က ဘရောက်ဒါမှာ နယ်ချဲ့ သမားနှင့် အလျှော့ပေး စေ့စပ်ရေး၊ ဆိုရှယ်လစ်ရေးကို ကျောခိုင်းသွားသော လက်ဝေခံ ဓနရှင် လမ်းကြောင်း၊ အခု ဘရောက်ဒါ မှန်သတဲ့လား။ ကျွန်တော့်မှာ တွေးစရာတွေ တစ်တောကြီးနှင့် ‘ငေါင်’ သွားခဲ့ရသည်။ ဘရောက်ဒါဝါဒ၊ နောက် သူနှင့်အပြိုင် ဇဒါးနော့လမ်းစဉ်၊ ပြီး-စစ်ပြီးခေတ် မြန်မာ့နိုင်ငံရေး အခင်းအကျင်း။

ဘရောက်ဒါနှင့် ဇဒါးနော့
 ကား(လ) ဘရောက်ဒါမှာ ထိုစဉ်ကာလ အမေရိကန် ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သည်။ သူ့အမည်နှင့် တွဲပြီး သူ့အယူအဆကို ‘ဘရောက်ဒါဝါဒ’ဟု ဆိုကြခြင်း ဖြစ်သည်။ ‘ငြိမ်းချမ်းစွာ ကူးပြောင်းရေး အယူအဆ’ အဖြစ် နာမည်ကြီးပါသည်။ (စာရှည်မည် ထင်၍ အကျယ်မရေးတော့ပါ။ အားလုံးလည်း သိပြီး ဖြစ်ပါလိမ့်မည်။) ဤ၀ါဒက အိန္ဒိယ ကွန်မြူနစ် ပါတီမှတစ်ဆင့် ဗမာပြည် ကွန်မြူနစ် ပါတီသို့ ရောက်လာသည်။ (ဦးသိန်းဖေမြင့်က ယူလာသည်ဟု စွဲချက် တင်ကြသည်များ ရှိသည်။) မြန်မာ့ဗားရှင်း ဘရောက်ဝါဒက ‘အင်္ဂလိပ် နယ်ချဲ့သမားနှင့် စေ့စပ်ညှိနှိုင်းပြီး အေးအေး ညောင်းညောင်း လွတ်လပ်ရေး ရနိုင်သည်’ ဟု ဟောသည်။

အမှန်စင်စစ် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဒုတိယ ကွန်ဂရက်တွင် ဤ၀ါဒကိုပင် တင်သွင်းပြီး တရားဝင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ဆိုရှယ်လစ် ပါတီဘက်မှလည်း တရားဝင် ကန့်ကွက်သည်ကို မကြားဖူးပါ။ (ဆိုရှယ်လစ် ပါတီဝင် အချို့ကမူ ဤ အယူအဆကို အစောပိုင်းက အစာမကြေဟု ဆိုသည်။) ဗကပဘက်မှ ဤ၀ါဒကို တရားဝင် ကိုင်စွဲထားစဉ် တစ်လျှောက် လုံး ဖဆပလ- ကွန်မြူနစ် ညီညွတ်ရေးမှာလည်း အက်သံ မပေးခဲ့သေးပါ။ နောက်ပိုင်း ‘ဇဒါးနော့လမ်းစဉ်’ ဆိုသည်ကို ပြောင်းလဲ ခံယူတော့မှ ပြဿနာ စခဲ့ခြင်း ဖြစ်ပါသည်။ ဤလမ်းစဉ်မှာလည်း အိန္ဒိယ ပါတီမှ လာခြင်းပင် ဖြစ်သည်။ (သခင်စိုး သယ်လာသည်ဟု ဆိုသည်။)

ပြောရလျှင် ဇဒါးနော့ အစီရင်ခံစာ တရားဝင် ထွက်ပေါ်ခဲ့သည်မှာ ၁၉၄၇ စက်တင်ဘာ ကွန်မင်ဖောင် ကွန်ဖရင့် ရောက်တော့မှ ဖြစ်သည်။ မူရင်း အစီရင်ခံစာတွင်လည်း မြန်မာပြည်နှင့် ပတ်သက်ပြီး တိတိပပ ဖော်ပြထားသည်မျိုး မတွေ့ရပါ။ သို့နှင့်တိုင် ထိုကာလ မတိုင်မီကပင် နောင် ဇဒါးနော့ လမ်းစဉ်အဖြစ် ထင်ရှားလာသည့် အယူအဆ အချို့ အိန္ဒိယ ပါတီ၊ ထိုမှ တစ်ဆင့် ဗမာပါတီ (ဗကပ) တွင် ရှိနေခဲ့ပြီ ဖြစ်ပါသည်။ ဤ အာရှဗားရှင်းက နယ်ချဲ့သမားနှင့် ပေါင်းသွား နိုင်သည့် လက်ဝေခံ ဓနရှင် အုပ်စုကို ဆက်လက် တော်လှန်ရမည်ဟု သဘောယူသည်။ မြန်မာ့ နိုင်ငံရေး အကျိုးဆက်ကား ဖဆပလထဲမှ ကွန်မြူနစ် ပါတီထုတ်၊ ၁၉၄၈ လွတ်လပ်ရေးအပေါ် ဝေဖန်ချက်၊ ထို့နောက် ပြည်တွင်းစစ်။
 (ဇဒါးနော့ ဆိုသည်မှာ ထိုစဉ်က ဆိုဗီယက် ယူနီယံ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင် ဖြစ်ပါသည်။)

တရားခံ ရှာပုံတော်
 မြန်မာ့နိုင်ငံရေး ပြဿနာ အထွေထွေ၏ အရင်းခံ ဇစ်မြစ်မှာ ညီအစ်ကိုချင်း ဖြစ်ခဲ့ရသော ပြည်တွင်းစစ်ဟု ကျွန်တော်က ထင်သည်။ သို့အတွက် ပြည်တွင်းစစ် နောက်ခံ သမိုင်းကို သိချင်သည်။ ဤသိချင် စိတ်ကြောင့်ပင် လက်လှမ်းမီသမျှ စာတွေ ဖတ်ရသည်။ တွေ့သမျှ ဆုံသမျှ လူကြီး သူမတွေ မေးမိသည်။ ရလိုက်သည့် အဖြေတွေက တစ်ခုမက၊ တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဘက် သဘောဆောင်သည်က များသည်။ တစ်ဖက်က ‘ဂိုရှယ်စစ်တမ်း’ ကြောင့်ဟု ဆိုသည်။ ကျန် တစ်ဖက်က ဦးကျော်ငြိမ်း ကုလားဖန် ထိုးတာဟု ပြောသည်။ တစ်ဖက်က ဦးနုတွင် တာဝန်ရှိသည်ဟု မှတ်ချက်ပြုသည်။ ကျန်တစ်ဖက်က သခင်သန်းထွန်း ကြောင့်ဟု တုန့်ပြန်သည်။

ပျိုရွယ်စဉ် ပထမ အတွေးတွင်မူ မိမိ နီးစပ်ရာဘက်ကိုသာ အမှန်အဖြစ် စွဲနေခဲ့သည်။ ခက်နေသည်မှာ ဘက်အသီးသီးမှ တရားခံ စာရင်း တင်ကြသူ အားလုံးမှာ လွတ်လပ်ရေး တိုက်ပွဲတွင် ရှေ့တန်းမှ ပါဝင်သူများချည်း။ ထိုစဉ်ကာလ သူတို့ အရွယ်တွေမှာလည်း အသက်လေးဆယ်ပင် မရှိတတ်သေးရာ မှားကောင်း မှားနိုင်သည်ချည်းပင်။ ထို့ထက် သူတို့အားလုံး တစ်ယောက်မှ သက်ရှိထင်ရှား မရှိကြလေတော့။ သို့သော် သူတို့ မျိုးဆက်များနှင့် သူတို့ကို ကြည်ညို လေးစားကြသူများ ကား ရှိနေသေးသည်။ သမိုင်းညောင်မြစ် တူးရင်း ဂိုဏ်းဂဏ ပုတ်သင်ဥတွေ ပေါ်လာလျှင် အကျိုးထက် အဆိုးကများ လိမ့်မည် ထင်သည်။

ဝန်ခံရလျှင် ‘အပြစ်ရှာကစားပွဲ’ (blame game) ဖြင့် သမိုင်းကို တူးဆွကြသူများကိုလည်း စိတ်ပျက်လှပါပြီ။ လူပုဂ္ဂိုလ် တရားခံ မရှာဘဲ အတွေးမှား၊ အယူမှား၊ ပေါ်လစီမှားတွေကို စိစစ်ကြသည်က အနာဂတ်အတွက် အကျိုးများ လိမ့်မည်လား စဉ်းစားမိသည်။

အကယ်၍သာ ကျွန်တော်တို့ ခေါင်းဆောင်များ အနေနှင့် နိုင်ငံရပ်ခြားမှ လာသော အယူအဆများကို မြန်မာ့ပကတိ အရှိနှင့် သိမ်သိမ်မွေ့မွေ့ ပေါင်းစပ်နိုင်ခဲ့လျှင် ကျွန်တော်တို့ နိုင်ငံရေးမှာ ရယ်ဒီကယ် ထောင်ချောက်ထဲ ပိတ်မိလိမ့်မည်မဟုတ်၊

အမျိုးသား သွေးစည်းညီညွတ်ရေး ပြိုကွဲလိမ့်မည်မဟုတ်၊

ပြည်တွင်းစစ် ဖြစ်လိမ့်မည် မဟုတ်၊

မဟုတ် . . . မဟုတ် . . . မဟုတ်။

ကျော်ဝင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...