Saturday, June 11, 2011

"အိပ်မက်လုပွဲ"


ကံထွန်းသစ်
ဇွန် ၁၁၊ ၂၀၁၁

၁။

“ချက်”
အသံဖျားကို ပြင်းပြင်း ပြောလိုက်သော သူ၏ အသံသည် မခံချင်စိတ်ကို ပို၍ ဖြစ်စေခဲ့သည်။
ရုတ်တရက် တုန်လှုပ်မိသွားသော်လည်း ခဏသာ။ ထောင့်တန်း ညာဘက်အကွက်သို့ ရောက်လာသော သူ၏ ‘ကွင်း’ ကို ကြည့်လိုက်သည်။ ကွင်းရုပ်ကို မမြင်။ သူ၏ မထိတထိ မျက်နှာကို မြင်လိုက်သည်။ သေချာသည်။
သူ၏ လာမယှဉ်နဲ့ ဟူသော အပြုံးက သူ့မျက်နှာတွင် ရှိမည်မှာ ဧကန်။

ပွဲမှစရုံရှိသေး အသာစီးယူဖို့ သူတိုက်စစ်ဆင်ပေပြီ။ ဒီတပွဲလည်း ရှုံးဦးမည်ထင်ပါရဲ့။ သူ၏ တိုက်ခိုက်ရည်ကို ယှဉ်နိုင်သူက အရှားသား၊ ဖေဖေ့မိတ်ဆွေ ကိုကရင်ကြီးဆို ပွဲ ငါးဆယ်နီးပါး ထိုးခဲ့တာပင်
မနိုင်ခဲ့။ အနည်းဆုံး သရေပွဲသာတဲ့။ စာဂျပိုး မျက်မှန်ထူနှင့် ဦးအိန်ဂျယ်ကြီးလည်း မယှဉ်နိုင်။ ကျန်သူတွေဆို ဝေလာဝေး။ ကျွန်တော့်လို ငချွတ်ကလေးကကော ဘာမို့လဲ။ သူ့ကို မှတ်မှတ်ရရ ရှုံးခဲ့သည်မှာ ဆယ့်နှစ်ပွဲ ရှိခဲ့ပြီ။ မထင်မရှား ပွဲတွေကတော့ နည်းမည်မထင်။
“ဘယ်လိုလဲ ချာတိတ် အိပ်ငိုက်နေလား။ ဟား .. ဟား”
သူ့ပါးစပ်က ထွက်လာသောအသံအဆုံးမှာ ၀ဲဘက်မှ ပွန်းလေးကို ကောက်ကိုင်ကာ “ကင်း”၏ ရှေ့မှ ကာလိုက်သည်။
“ချက်”
ဒုတိယ သံဖျားပြင်းပြင်းသံ ထွက်လာပြန်သည်။
သူ့အသံအဆုံးနှင့် ညာဘက်မှ “ဘစ်ရှော့”သည် “ကင်း” ကို ရင်ဆိုင်လာသည်။ ဘစ်ရှော့ ဆိုတာ ပါဝါကြီးတဦးပဲ။ အဖြူလမ်းက တပါး၊ အနက်လမ်းက တပါး သူတို့ ပါဝါနဲ့ လှမ်းထောက်နိုင်ကြတာကလား။ အင်း ဘယ်လို တန်ခိုးပါဝါတွေကြီးပါစေ။ ငါ့အဖို့တော့ သူ့ဘက်သား မြင်းတို့ ရထားတို့လို ရန်သူပါပဲ။ ကိစ္စမရှိ။ မည်းကြုတ်ကြုတ် ဘစ်ရှော့ကို ငါ အဖြူရောင် ဘစ်ရှော့နဲ့ ပြန်ထောက်လိုက်ရုံ။ ဘစ်ရှော့နှစ်ပါး ရင်ဆိုင်စေလိုက်သည်။

သူက မြင်းနက်ကို ခုန်ထွက်စေလိုက်သည်။ သူ ဘယ်ကိုလာမှာလဲဟု သေချာကြည့်ရသည်။
“ငါ့သား တဖက်ကို မျက်စိရှင်ရှင်နဲ့ ကြည့်။ ကိုယ့်ဘက်ကိုလည်း မျက်ခြည်မပြတ်စေနဲ့။ တချို့က တဖက်ကို နိုင်လိုဇောနဲ့ အတင်းရှေ့တက်တဲ့အခါ ကိုယ့်ဘက်ကို သတိလစ်သွားတတ်တယ်”
ဖေဖေ့စကားကို ပြန်ကြားယောင်မိသည်။ ထို့ကြောင့် နှစ်ဖက်မြင်ကွင်းကို သေချာကြည့်နေမိစဉ်။
“သိပ် .. စဉ်းစားမနေပါနဲ့ ချွတ်တားလေးရာ။ မင်း အဖေတောင် ငါ့ကို မယှဉ်နိုင်ခဲ့တာ။ ဟဲဟဲဟဲ”
ဖျပ်ခနဲမော်ကြည့်လိုက်သည်။ ကျွန်တော် မျက်လုံးအရောင်လက်နေတာကို သည်လူကြီး တွေ့သွားသည်။ အကြည့်ကို ချက်ချင်း မလွှဲလိုက်မိသည့်တိုင် ပွင့်ထွက်လုဆဲ နှုတ်ကိုတော့ ချုပ်လိုက်မိသည်။
၂။
တကယ်တော့ သူ့ကို အနိုင်ရဖူးသူမှာ ဖေဖေတယောက်သာရှိကြောင်း ကျွန်တော် ကြားဖူးသည်။ သည်အကြောင်း ဖေဖေမှလွဲ၍ လူတော်တော်များများက ပြောကြသည်။ ကျွန်တော် တနှစ်သားလောက်က အဖြစ်အပျက်။ ဆယ့်ကိုးနှစ်၊ နှစ်နှစ်ဆယ်လောက်ပင် ရှိမည်။
မြောင်မြို့နယ် ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ လက်ရွေးစင်ရွေးပွဲမှာ နောက်ဆုံး ဖေဖေနှင့် သည်လူကြီးတို့ တွေ့ကြသည်။ မြို့လူထုက ဖေဖေပဲ အနိုင်ရမည်ဟု ထင်ခဲ့ကြသည်။ တကယ်လည်း နိုင်ခဲ့သည်။ သို့သော် မြို့နယ်လက်ရွေးစင်မူ ဖေဖေ မဖြစ်ခဲ့။
လူတော်တော် များများက မကျေနပ်ခဲ့ကြ။ ယနေ့တိုင် စစ်တုရင် ထိုးပွဲကြုံလျှင် ပြောစမှတ် ပြုကြဆဲ။ တနေ့ကပင် ဖေဖေ့မိတ်ဆွေ ကျောင်းဆရာ ဦးမိုးထွန်းက “ကွာ..မဖြစ်သင့်တာပါ။ မင်းဖေဖေက အသာစီးနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်နေကြတယ်။ ဒါကို အကဲဖြတ်မယ့်ပုဂ္ဂိုလ်တွေက စည်းကမ်း ထိန်းသိမ်းပေးရမယ့်အစား ခုတော့ တဖက်က ၀င်ပြောပေးနေတယ်။ အမူအရာနဲ့ ပြပေးနေတာကို တကြိမ်မက နှစ်ကြိမ်ဖြစ်လာတော့ မင့်ဖေဖေက “စစ်တုရင်ဆိုတာ အပေါ်ကစီးပြီး ဘေးက ကြည့်သူက ပိုမြင်တာမို့ ခုလို မပြုသင့်ကြောင်း၊ စဉ်းစားရတာလည်း အာရုံပျက်ကြောင်း ပြောလိုက်တယ်။ အဲဒါကွာ ဒိုင်ကို ခံပြောတယ်။ စည်းကမ်းပိုင်း အားနည်းတယ်။ အချိန် ယူလွန်းတယ်။ ကန့်သတ်ချိန်နဲ့ မညီဘူး ဆိုတဲ့ မှတ်ချက်တွေနဲ့ စောရွှေကြီးကို အနိုင်ပေးလိုက်သတဲ့။ တို့ကွာ ... ခံပြင်းလိုက်တာ မပြောပါနဲ့။ တကယ် အရည်အချင်းမှ မရှိတာ။ တိုင်းလည်း ရောက်ရော ခွက်ခွက်ကို ရှုံးတာ။ ဘယ်မှာတို့ မြို့နယ် ကိုယ်စား ပြုနိုင်လို့လဲ”
အနိုင်ရရေးအတွက် ဓန အင်အား၊ မရိုးသားမှု အင်အားတို့ကို သုံးလေ့ရှိသော သည်လူကြီးကို တစ်မြို့တည်းမို့ ဖေဖေ အလိုက်အထိုက် ဆက်ဆံနေသော်လည်း ကျွန်တော့်ကိုမူ သူနှင့် သွားသွားပြီး ခုလို စစ်တုရင် မထိုးစေချင်။ အပျော်ကနေ အပျက်ဖြစ်တတ်သလို အကျီစားသန်ကလည်း ရန်ပွားတတ်သည်မို့ တဲ့။ အတွေးကိုတန့်ကာ ကျွန်တော် ပွန်းရုပ်ဖြူလေးတခုကို ကောက်ပြီး သူ့ကွင်းကို မောင်းထုတ်ဖို့ ပြင်ရင်း...။
“ဖေဖေကတော့ ပြောသား။ ငါ့သား မင်း စောရွှေကြီးကို နိုင်လို့ ဂုဏ်မတက်သလို ရှုံးလို့လည်း ဂုဏ် မပျက်ပါဘူးကွာတဲ့”
သူ ကွင်းကို ကိုင်မည့် လက်တွန့်သွားသည်။ မော်ကြည့်လိုက်တော့ သည်တခါ မျက်လုံးတောက် သွားသူက သူ။
၃။
“ပျင်းသေးတယ် xxx ပျင်းသေးတယ် xxx ပျင်းတောင် ပျင်းသေးတယ် xxx မင်းတို့ မျက်ရည် မာယာလောက်တော့ ပျင်းသေးတယ် xxx ပျင်းသေးတယ်”
နားစွဲခဲ့သော တွံတေး သိန်းတန်၏သီချင်းကိုပင် နားကြားပြင်းကတ်မိသည်။ သူက ထပ်ကျော့ဆိုနေသေး။ နေနှင့်ဦးပေါ့ကွာ။ မြင်းလေးကို ပြန်ဇက်တုံ့ကာ ‘ကင်း’ ၏ ရှေ့သို့ ကာကွယ်ရန် တပ်ချလိုက်ရသည်။ သည်လောက်ဆို လုံတန်ကောင်းပါရဲ့။ သူ ဘယ်လိုလာနိုင်သေးလဲ။ သူ့ မြင်းနက် တကောင်ကတော့ ချောင်ပိတ်နေပြီ။ ငါ့မြင်းကော။ ဟုတ်ပြီ။ ညာဘက် ဖေ့သားကို ရှေ့တကွက် ခုန်လိုက်ရင် နောက်တလှည့်ဆို ငါ့ ‘ကွင်း’ ထွက်လို့ရပြီ...
“အလို... သိပ်မလန့်ပါနဲ့။ မိုးပေါ်ထောင်ပစ်တာပါ။ ဟဲဟဲ။ စဉ်းစားခန်းဝင်တာ တယ်ကြာပါလား ဟရို့”
“စဉ်းစားဉာဏ်သုံးတာ ပညာရှိ အလုပ်လေ။ လက်ရုံး အားကိုးတာကတော့” စကားကို တမင် ဖြတ်ထားကာ တချက်ကြည့်လိုက်ပြီး။
“ဟဲ ... ဟဲ ... ဟဲ။ ဘယ်သူတွေ အလုပ်မှန်း မသိပါဘူးဗျာ”
ကလိလိုက်ရ၍ ကျေနပ်မိသည်။ ပူစပ်ပူလောင်တော့ဖြစ်မည်။ နည်းနည်းပြင်းလျှင် ရှုးရှုးရှားရှား ပေါ့။ သည်နည်းတွေဟာ ပြိုင်ဘက်တွေအပေါ် သူ သုံးခဲ့သည့်နည်းတွေလေ။
“ချက်ကွာ”
သည်တခါတော့ အစဆုံး အသံကပင် ပြင်းထန်လာသည်။ အသံဆုံးသည်နှင့် တစ်ပြိုက်နက် လွတ်နေသော ထောင့်တန်းကွက်မှ ‘ကွင်း’ ဖြင့် လာချက်ပြန်သည်။ ကာစယ်နှင့် ချိန်းရအောင်ကလည်း “ကွင်းခံနေသည်။ မြင်းကွက်ကလည်း မမီ မကမ်း။ ဘယ်လို လုပ်ရပါ့။ ငါပွန်းလေးတွေကကော ရှစ် ကောင်ကနေ ငါးကောင်။ သူတို့လေးတွေကလည်း ငုတ်တုတ်။
“ဟိုမှာ ဘစ်ရှော့ ရှိတယ်လေ။ ရှေ့က ၀င်ထောက်လိုက်”
ဟာ ဟုတ်သားပဲ။ တကောင် ကျန်သေးတာပဲ။ မမြင်ဘူး။ စာကြည့်တိုက်မှူး ကိုစိုးမိုးသူကိုး။ ကျေးဇူးပဲ။
“ရပါတယ်ကွာ။ ဘယ်သူ ၀င်ပြောပေးပေး စောရွှေတို့က နော ဧက နောပဲ။ ဘော်ဘီဖစ်ရှာတို့၊ ကတ်စပါးရော့တို့ ၀င်ပြောတောင် မမှုဘူး။ ဟဲ ... ဟဲ”

အသာစီးရချိန်မို့ သူ လေချိုနေခြင်းပင်။ နို့မဟုတ်လို့ကတော့။ ဟင်း။
ဘာပဲပြောပြော လောလောဆယ်တော့ သူ့ ‘ကွင်း’ ပြေးရပြီ။ ခုအချိန် ကိုယ့် ‘ကွင်းဖြူမ’ ကို ရှေ့ချီခိုင်းမှ။
ကိုင်း အရှင်မ။
၎။
“ကဲ ... လမ်းရှင်း လိုက်ဦးမယ် ဖေ့သား”
သူ့မြင်းနက်သည် လွှားခနဲ ခုန်ထကာ ကျွန်တော့် “ကင်း” ယာဘက်တကွက်ကျော်က ပွန်ဖြူလေးကို ကန်ကျောက်ပစ်လိုက်သည်။ ကျွန်တော့် နယ်ရုပ်လေးတခု ကျဆုံးသွားပြန်သည်။ လေးယောက်မြောက် ရဲဘော်လေးရေ သွားပေဦးတော့။ ကိစ္စမရှိ။ သူ့ဘက်သား ပွန်းမည်း နှစ်ကောင်ကလည်း ကျွန်တော့်ဆီမှာ ကျနေပြီ။
“ရွှေဘိုမြင်းရယ်လေ ခွာသံ၊ လျှာသံ ပြင်းတယ် လေလေ့”
သူက ပေါင်ကို စည်းပုတ်ကာ သီချင်းပင် ဆိုလိုက်သေး။ ဟား ... သွားပြီ။ ငါ့ ရထားကျတော့မှာ ပါလား။ ဘစ်ရှော့ကလည်း စစ်ကျွံနေတော့ မြင်းနက်ကို မတိုက်သာပြီ။ ငါ့ကိုယ်က ညံ့တာ။ သတိထားနေတဲ့ ကြားက။
“သားရဲ့ ကစားရင် အမြဲတမ်း သတိနဲ့ ဉာဏ်ယှဉ်ထားရတယ်။ စစ်တုရင် ဆိုတာ စားပွဲပေါ် စစ်ခင်းတာ၊ စိတ်ချင်းယှဉ်ပြီး ဦးနှောက်ချင်း စီးချင်းထိုးတာ သားရဲ့”
“နောက် ဗျူဟာကလည်း ရှိရမယ် ဆိုပါတော့။ ပုစွန်လက်မပုံ စစ်ဆင်မယ်ဆိုရင် ကိုယ်ပိုင်တဲ့ ဘစ်ရှော့ဆို ဘစ်ရှော့ကိုကိုင်ပြီး ဘယ်တောင်ပံ ညာတောင်ပံက ညှပ်ပြီး “ကွင်း”ကို ဟိုဘက် ဒီဘက် ခြံရံပြီး လှုပ်ရှားရတယ်။ ဒါမှ အားကောင်းတာ”
ခုတော့ ကျွန်တော်က ပုစွန်လက်မလည်း မသိ။ အဲ စာအုပ်တွေ ဘာတွေ ဖတ်ရကောင်းမှန်းလည်း မသိ။ မခံချင်တာ တစ်ခုတည်း သိသည်။
“နောက်ပြီး ၀က်ခေါင်း ထိုးစစ်ဆင်ရင်လည်း တစ်နေရာတည်းကနေ ၀ိုင်းတိုက်ရတယ်။ ပါဝါတွေ ပြန့်ကြဲ မနေစေရဘူး။ ညီညွတ်ရတယ်”
ခဏခဏ ကြားဖူးပြီး နားဝနေသော်ငြား ဒီသဘော တရားတွေကိုမူ နားမဆံ့၍ ထင့်။ ခုထိ တခါမှ လက်တွေ့ အသုံး မချတတ်သေး။ ခုမှ ကိုယ့်ဗျူဟာကို ပြန်ကြည့်တော့ ဟိုတယောက်၊ သည်တယောက် ကျဲပြန့်လို့။ တန်ခိုးရှင် “ကွင်း” ခမျာလည်း စိတ်ရှိတိုင်း ပါဝါ မပြသာသေး။ သူ့ရှေ့မှာ မြင်းတပ်နှင့် ပွန်းခြေလျင် တပ်သားတွေက ပိတ်ဆို့လို့။ လမ်းဖွင့်ဖို့ မြင်းဖြူကို ခုန်ထွက်လိုက်စဉ် သူ့မြင်းနက်သည် ကျွန်တော့် ရထားကို ကန်ကျောက် ဖျက်ဆီးလိုက်လေသည်။ ပါးကိုက် နားကိုက်မည်။ သူ ဘစ်ရှော့ကို စောစောက မျက်နှာချင်းဆိုင်ထားသော ဘစ်ရှော့ဖြူနှင့် ပြေးစားလိုက်သည်။ မှားသွားကြောင်း သူ့ဘစ်ရှော့ မည်း လက်ထဲရောက်စဉ်မှာပင် သိလိုက်ရသည်။ သူ့ “ကွင်း”၏  ပါဝါ ဧရိယာဝယ် ၀င်ရောက်မိလျက်သား။
သူ ဘုရင်မကိုကိုင်ကာ ဘစ်ရှော့ဖြူကို သတ်ဖြတ်လိုက်ပြီး ..။
“ချက်”
၅။
“ဦးစောရွှေက မကြီးမငယ်နဲ့ ကလေးတွေကို ပညာပြနေတာပေါ့လေ”
“မဟုတ်ပါဘူး ဒေါ်ကောင်းမေရာ။ မျိုးဆက်သစ် တိုးတက်ရစ်ဖို့ပါ။ ဟဲ... ဟဲ... ဟဲ”
ကျွန်တော်တို့ ဆရာမကြီးအသံကြား၍ လှည့်ကြည့်မိရာမှ ကျွန်တော့်တို့ပွဲကို ၀ိုင်းကြည့်သူတွေ မနည်းတာကို တွေ့ရသည်။ ထိုသူတွေထဲတွင် ကျွန်တော် မမျှော်လင့်သော ဖေဖေ၊ သူ့မိတ်ဆွေ ဦးမိုးထွန်းနှင့် လာသည်ကိုထောက်၍ တမင်လာကြည့်ကြခြင်းများလား။ အင်း ဖေဖေလာကြည့်မှ ငါရှုံးရင် ဟူး ... အရင်ပွဲတွေလည်း ရှုံးနေခဲ့တာပါပဲလေ။ အခုလည်း တောက် ... အသုံး မကျလိုက်သည့်ငါ။
စိတ်ဓာတ်ကျလွယ်ရသည်ဟု ဖေဖေသာသိရင်။
“ကိုင်း ... ရထားလေး ထွက်လိုက်ဦးမယ်။ ပေါ် ပေါ်”
“ကွင်း”နှင့် ကာစယ်တို့ကို နေရာချိန်းရင်း သူ စစ်ပြင်ပြီ။ ဘာအကြံလဲ မသိ။ အို ဘာကြံကြံ သူ့အလုပ်။ သူ့တိုက်စစ်ကို ခံနိုင်ဖို့က ငါ့ တာဝန်။ တန်ပြန် တိုက်စစ်ဆင်မည်။ ငါ့ကွင်းဖြူကို ထွက်ကာ ရှေ့တည့်တည့်က သူ့ပွန်းမည်းကို စားမည်။ ပြီး မြင်းကို အကူယူ၊ ပွန်းဖြူလေးနဲ့ ထောက်ကာ သူ့ဘုရင် ကြီးကို ချောင်ပိတ်ဖမ်းမည်။
“ချက်”
ရထားနက်တစင်း ပြေးထွက်လာသည်။ နိုင်လိုဇောကြောင့် ဖြစ်မည်။ သူ မြင်းဖြူကို သတိမထားလိုက်။ ဇက်ခနဲ မြင်းကိုဆွဲကာ တိုက်လိုက်သည်။
“ဟား”
သူ့ အာမေဍိတ်။ တလျှောက်လုံး ပတ်ပြီး ချက်လာတာလေ။ ဒီလောက်တော့ ခံဦးပေါ့။ အင်း သူ မမြင်တာတော့ မဟုတ်နိုင်။ သင်းကြီးက ဉာဏ်ကြီးဉာဏ်နက်က များသား။ ထို့နောက်တော့ သူ စစ်မကျွံတော့။ သတိထားကာ တိုက်လာသည်။  ကျွန်တော်က ပတ်ပြေးနေရသည်။ မပြေးလျှင် ကာ မကာလျှင် ပြေးနှင့် ကျွန်တော့်အရုပ် အင်အားကို ချိန်ကြည့်မိတော့ သူက ပါဝါတွေ များနေသည်။ ကွင်း၊ ဘစ်ရှော့-၁၊ မြင်း-၁၊ ရထား-၁၊ ပွန်း-၃၊ ကျွန်တော်ဘက်ကတော့ ကွင်း နှင့် ရထား-၁၊ ပွန်းလေး လေးကောင်၊ အင်း ... သည်တခါလည်း ကျွန်တော် ရှုံးမည်ထင်ပါရဲ့။ အိမ်ရောက်ရင် ဖေဖေ ငါ့ကို ဘာပြောမလဲ။ ဘာမှတော့ ပြောမှာ မဟုတ်ပါဘူးလေ။ ကြည့်ရုံကြည့်နေမှာ။ အင်း... အဲသည် အကြည့်ကိုက ... ဟူး။
“ချက်”
မြင်းနက်က ပတတ်ရပ်ကာ ခွာစုံပေါက်၍ လာချက်ပြီ။ တကွက်ဆုတ်လိုက်လျှင် သူ့ကွင်းနှင့် လှည့်တိုက်လာမည်။ ရှေ့ကို တိုးလျှင်ကော။ ဘစ်ရှော့က စောင့်လို့။ ဘယ်လို လုပ်ရပါ့။ ကဲ မတတ်နိုင်။ သည်တနည်းပဲ ရှိတော့သည်။ ကင်းကို နောက်တကွက် ဆုတ်လိုက်သည်။ ထင်သည့်အတိုင်းပင် သူ “ကွင်း” ကို ကောက်ကိုင်လိုက်သည်။
၆။
“သွားပဟေ့”
မော်မကြည့်အားပါ။ ဘယ်သူ့ အသံမှန်းမသိ။ သူ့ ချက်ကွက်မှ ရှောင်ကွက်  စဉ်းစားရပြီ။ ခုနက လူပြောလိုက်သလို ဒါ ပွဲသိမ်းတိုက်ကွက်လား။ ကြည့်စမ်း။ သူ့ ဘက်သားတွေက ထောင့်တိုင်းလို ပိတ်ဆို့လို့။ မည်သို့ လုပ်ရပါ့။
တလျှောက်လုံး သူ့ ချက်ကွက်တွေကိုပြေးရင်း ရှောင်ရင်းနှင့် ငါ့ “ကင်း” လည်း စစ်တလင်း အလယ်ကိုရောက်နေသည်။ ငါ့မှာ ဇောချွေးပြန်နေသလို ငါ့ကွင်းခမျာလည်း၊ ဟူး။ ခွချက်မိမှာ စိုးသဖြင့် အဝေးက ကာကွယ်နေရသောကြောင့် ငါ့ဘုရင်မလည်း သူ့ ထက်မြက်မှုတွေ မသုံးသာ။

စောစောကတည်းကပါလေ။ သည်လူကြီး၏ ပိတ်ဆို့မှု၊  ချည်နှောင်မှုအောက်မှာ မလူးလွန့်သာခဲ့ပေ။ ထက်မြက် ပါဝါကြီးသည့် အလျားလိုက်၊ ဒေါင်လိုက် ကြိုက်သလို အစွမ်းပြနိုင်သည့် သူ့ အဖို့ “ကင်း” ကို ကာကွယ်နေရသည်မှာ ကိုယ့်ကိုယ်ပင် မငဲ့အား။ ခုတော့ သူ့ခမျာ ...။
အနေအထားက မဟန်တော့။ ဖေဖေများ ကူညီနိုင်မလားဟု အားကိုးကြည့်မိသည်။ ဖေဖေက စစ်တုရင် ကွက်တွေကိုသာ စူးစိုက်ကြည့်နေသည်။ ဘာမျှမပြော။ နည်းတူပင် ကျန်သူတွေကလည်း တိတ်ဆိတ်လျက်။ ငယ်စဉ်က မကြာခဏဆိုသလို ဂျူးသားအဖ နှစ်ယောက်အကြောင်းကို ပြောပြတတ်သော ဖေဖေသည် မကူညီသည့်အပြင် သူများကို အားကိုးကောင်းလားဟုပင် ပြစ်တင်ဦးမည်။
“စဉ်းစား ... စဉ်းစား။ တို့တော့ တရေး ငိုက်လိုက်ဦးမယ်။ ဟ ... ဟ”
သူက ပြောအားရှိပေပြီ။ အခြေအနေက တပန်းမကသာလျက် မဟုတ်လား။ ခုတကွက် ရွှေ့ပြီးလျှင် အဖြေသည် သိသာစွာ ရှိသွားပြီ။ ဆက်ရွှေ့နေလျှင်လည်း သူက တက်လာသမျှ ပွန်းလေးတွေကို ကောက်စားနေရုံသာ။ အရှုံးပေးလိုက်မှ ထင်သည်။ ဟုတ်သည်။ အရှုံးပေးပြီး နောက်တပွဲ ပြန်စ။
အဲလိုဆို သူ့ဘက်ကရော ပြန်ကစားပါ့မလား။ အနိုင်နဲ့ပိုင်း။ အို ... ဘာမှ အရှုံးပေးစရာ မလိုဘူး။ နောက်ပြီး လွယ်လွယ်နှင့် အရှုံးပေးရကောင်းလားဆိုပြီး အိမ်ကျ ဖေဖေ့အကြည့်တွေနှင့် ရင်ဆိုင်ရမှာ။
ကဲ ... သည်တော့ ဘာလုပ်မလဲ။ စဉ်းစား၊ စဉ်းစား။ သူ့မှာ ပါဝါတွေက “ကွင်း” လည်းရှိသည်။ “ဘစ်ရှော့” လည်းရှိသည်။ ရထားလည်း ရှိသည်။ မြင်းလည်း အသင့်။ ပွန်းက သုံးကောင်။ ကိုယ့်မှာက ပွန်းလေးခုနှင့် ကွင်းနှင့် ရထားတစင်း။ အင်အားက ကွာလှ၏။ လက်ရှိအနေတွင်လည်း အ၀ိုင်း ခံထားရသည်။ ခွချက်ခံရသည်။ စောစောက သည်မြင်းနက်ကို မသုတ်သင်နိုင်ခဲ့တာကိုက အမှား။
အခုတော့။
မတတ်သာသည့်အဆုံး ကင်းကို ရထားအနက်ဆီ အသာချိန်ထားလိုက်ရသည်။ မတန်သော လဲလှယ်မှုကို ပြုလိုက်ရသည်။ “ကွင်း” သည် ရန်သူလက်တွင်း သက်ဆင်းရပေပြီ။ သုံ့ပန်းဘ၀က ငါ ကယ်တင်နိုင်  ကောင်းပါရဲ့။ ငါ့ပျော့ညံ့မှုကြောင့် ခုလိုဖြစ်ရတာ။
“ပွဲက ပြီးပါပြီ။ သွားကြစို့”
တချို့ပြန်ကြပြီ။ ထိုပြန်သူများမှာ ကိုယ့်ကို အားပေးနေသောသူများ ဖြစ်နေသည်။ ဘယ်လိုပါလိမ့်။ သူတို့က ငါ့ထက်ပိုပြီး စိတ်ဓာတ်ကျသွားကြတာလား။ ဒါမှမဟုတ် ငါ့ကို အထင်သေးသွားတာလား။
၇။
သင်းကြီးကတော့ အောင်ပွဲခံဖို့ပြင်နေပြီ ထင်သည်။ “ချီတက်ကြစို့တူ ပျော်ပျော်” ဆိုသည့် တေးသွားကို လေချွန်နေသည်။ သူ့ကို  တစုံတခု ပြောပစ်လိုက်ချင်သည်။ သို့သော် ဘာပြောရမှန်းမသိ။ နောက်ပြီး “ငါ့ သား ဘယ်တော့မဆို ကိုယ့်ယှဉ်ပြိုင်ဘက်ကို လေးစားကွ။ ဒါမှ ဂျင်တဲလ်မင်း ပီသတယ်” ဆိုသည့် ဖေဖေနှင့် ကစားတိုင်း ဖေဖေပြောနေကျ။ သည်စကားတို့က သတိကို ဖြစ်စေသည်လေ။ ထို့ ကြောင့် မပြောလိုတော့။ ကိုယ်က မပြောလိုပေမယ့် ပြောလာသူက...။
“ဒီမယ်။ ကိုစောရွှေကြီး ခင်ဗျား ခုနက ခုန်လိုက်တဲ့မြင်းဟာ တကွက်ကျော်ယူလိုက်တယ်ဗျာ့”
“အောင်မာ။ ကျောင်းဆရာက ၀င်ကူချင်ရင် ကိုယ်တိုင် ၀င်ထိုးကြည့်ပါဗျာ။ နံဘေးကနေ မဟုတ်တရုတ်တွေ ၀င်ရောက် မစွက်ပါနဲ့”
“ကျူပ် မဟုတ်တာ ၀င်ပြောတာ မဟုတ်ဘူးဗျ။ ခင်ဗျား မြင်းကွက်ကို ပြန်ထားကြည့်လိုက် ကျုပ် သက်သေ ပြမယ်”
“ဒီမယ်။ ကိုယ့်လူတို့ နံဘေးကနေ ၀င်ဝင် မရှုပ်ပါနဲ့။ အာရုံနောက်တယ်။ သတ္တိရှိရင် ပြီးမှ ကြိုက်ကြေးနဲ့ ထိုးမယ်”
“ကျုပ်က ရှုပ်တာမဟုတ်”
“လာပါ ကိုမိုးထွန်းရယ်။ ကိုယ့်ကြောင့် ပွဲပျက်သလိုဖြစ်နေပါ့မယ်။ ကဲ ကဲ ဆက် ကစားကြပါ။ သား .. ကစား၊ ကစား”
ဖေဖေက သူ့ သူငယ်ချင်းကို ခေါ်ကာ ထွက်သွားသည်။ ကျွန်တော် တော်တော် ဒေါသ ထွက်သွားသည်။ သည်လူကြီး သည်အကျင့်ရှိတာသိပါလျက်နှင့် အမြင်လျှမ်းတာကို မကျေမနပ် ဖြစ်ရသည်။ ဆက်ပင် မကစားချင်တော့။ သင်းကြီးကို မော်ပြီး အတန်ကြာ ကြည့်ပစ်လိုက်သည်။
“ချက်ကွာ”
ကျွန်တော့်ကွင်း သူ့ လက်တွင်းကျရောက်သွားသည့် နောက်ပိုင်း သူ့တိုက်ကွက်တွေ ပိုပြီး ပြင်းထန် လာသည်။ ကျွန်တော့် ကင်းသည် ရှေ့က ကိုယ်ရံတော် ပွန်းလေးနှစ်ခုကို ပတ်ကာ ပြေးနေရသည်။ ကင်း၏ မောသံသည် ဟောဟဲလိုက်နေပြီဟု ထင်မြင်မိသည်မှာ ကျွန်တော် ကိုယ်တိုင် စိတ်မော နေရသောကြောင့် ဖြစ်မည်။ ခုနေ ဘုရင်မသာ ရှိ နေလျှင်...။
“ဟာ .. ကောင်လေး။ ရှောင်တတ်၊ တိမ်းတတ်သားပဲ။ “အပ်” ကွက်ဖြစ်ရင်တောင် မဆိုးဘူး”
“အပ်”ကွက်။ ဘာလဲ အပ်ကွက်။ ရှေ့တိုးမရ နောက်ဆုတ်မရနှင့် ဘာလုပ်ဖို့လဲ။ တွေးရင်း အကဲခတ်လိုက်တော့ ဒါ ရှေ့နေအိုကြီး ဦးချိုမင်းရဲ့ စကား။ အဘိုးကြီးက လက်ရွေးစင်ဟောင်းကြီး။ စည်းစနစ်ကျ ကစားတတ်သူ။ သူသည် စကားပြောတာ အလကား မဟုတ်တန်ရာ။ သေချာကြည့်စမ်း။ ကြည့်စမ်း။
ခုထိ မထွက်ရသေးသော ရထားနှင့် မလူးလွန့်သာဘဲ ရှေ့နောက်ဆင့်နေသော ပွန်းဖြူလေး နှစ်ကောင်။ နောက်ပြီး ထိုအရုပ်တွေနှင့် ကင်း၏ ကျွန်းကိုင်းမှီ အညမည အနေအထား။ ဟူး။ ပင့် သက်မှုတ်ရင်း ပွန်းလေးတွေကို သေချာကြည့်နေမိစဉ်။
“ငါ့သား။ ပွန်းလေးတွေကို ပါဝါငယ်တယ်ဆိုပြီး ဘယ်တော့မှ အထင်မသေးနဲ့။ ညီညွတ်ခြင်းသည် အင်အားဆိုသလို ပွန်းလေးတွေ ရှေ့နောက် အနေအထားမှန်ရင် တဖက်က တိုးမပေါက်နိုင်ဘူး။ နောက်ပြီး တဖက် ကင်းကို ထိုးဖောက်ဝင်ရောက်နိုင်ရင် အဲဒီပွန်းက ကွင်းလည်း ဖြစ်လာနိုင်တယ်ကွ”
ထိုစကားစုတို့ ပဲ့တင်ထပ်လာချိန်မှာတော့ ကျွန်တော့် ပွန်းလေးတွေကို ကာကွယ်ဖို့ ရထားကို တဖက် နယ်လိုင်းဆုံးတွင် နေရာသွား စွဲထားလိုက်သည်။ ကျွန်တော့် ဗျူဟာကို သူခုမှ သဘောပေါက်သွားပြီ ထင့်။ တရကြမ်း ကင်းကို တိုက်စစ်ဆင်မှုတန့်ကာ ပွန်းလေးတွေကို ချေမှုန်းဖို့ ကပ်လာသည်။ သူ့ကင်းကိုပါ တကွက်ချင်း ရွှေ့လာသည်။
သည်အချိန်ရောက်မှတော့ ကျွန်တော့် ပွန်းလေးတွေ အကျမခံနိုင်။ ကင်းနှင့် ကာလျက် ရှေ့ကို တက်ရမည်။ ရှေ့က အမည်းကွက်ကို ကျော်လိုက်နိုင်လျှင် သုံ့ပန်းဖြစ်နေသော ကွင်းကို ကယ်နိုင်မည်လေ။ အဟား ခုလိုဆိုတော့လည်း သူ ၀ိုင်းလိုက်လို့  ပြေးရင်းလွှားရင်း စစ်ကျွံလာသည့် အဖြစ်က ခပ်ကောင်းကောင်း။
“ချက်”
ကိစ္စမရှိ။ ရှေ့ဆုံး ပွန်းလေးကိုပန်းပြီး ရှေ့တက်လိုက်လျှင်ပင် ကိုယ်တိုင်တွက်လည်း ကွယ်ပြီးသား ဖြစ်သလို ပွန်းလေးတွက်လည်း ကာပြီးသား။ သူ့ကွင်း အဆုံးစည်းက ကြိုစောင့် မတိုက်နိုင်အောင် ရထားက နေရာယူပြီးသား။ သည်တော့ သူ့ ဘုရင်ကြီး တကွက်ရွေ့သည်။ ပူးပြီးတိုက်မည့် သဘော။
“ချက်”
သည်တခါ ထိုအသံက ကျွန်တော့်ထံမှ ထွက်လာခြင်းပင်။ မထိရောက်မှန်း သိသော်လည်း သူ့ကင်းကိုတော့ တစင်းတည်းသော ရထားနှင့် ဟန့်ထားနိုင်သည်။ ငါ့ကွင်းသာ ရှိနေလျှင်။
“တောက်”
သူ့ ကင်းကို ရှောင်သည့်အချိန်မှာ။
၈။
ဇက်ကို ဆတ်ခနဲ ခါလိုက်ရာ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သွားသည်။ ကျောရိုးတလျှောက် ညောင်းညာမှုက ပို၍တိုးလာသည်။ ဇောကြောင့် ဘာကိုမှ သတိမထားမိ။ မီးချောင်း အလင်းရောင်ကြောင့် အရုပ်တို့နှင့် အရိပ်ကို ကွဲပြားအောင် စူးစိုက်ရတာလည်း ပါမည်။
“ဟား။ တယ်ဇွဲကောင်းကြပါလား။ ခုထိ ပွဲမပြီးသေးဘူး”
“ဟုတ်တယ်ဗျို့။ ပွဲကကောင်းနေလို့ ကျုပ်ဆို ထမင်း ကပျာကယာ ပြေးစားပြီး ပြန်လာခဲ့တာ”
အင်း ..။ ဘယ်အချိန်က နေ၀င်သွားမှန်းတောင် မသိလိုက်။ အိမ်ကတော့ မျှော်နေမှာ။ အို ငါ ဘာလုပ်နေတယ်ဆိုတာ ဖေဖေ သိပါတယ်။ ပြန်မလာတာ ပွဲမပြီးသေးတာကြောင့် ဆိုတာ။
“အေးအေးဆေးဆေးပါဗျာ။ ပွဲက မိုးလင်းထိက ပြမှာပါ။ ဇာတ်ဆရာဖြစ်တဲ့ ကျွန်တော့်ပေါ်မှာ တည်ပါတယ်။ ဟဲ ... ဟဲ ... ဟဲ”
အလကား လူကြီး။ သူ့အခြေအနေ မဟန်ဘူးဆိုရင် စဉ်းစားတာလိုလို ဘာလိုလိုနှင့် ရေထသောက်လိုက်၊ သေးထပေါက်လိုက်နဲ့ အချိန်ဆွဲသည်။ ဟွန်း။
“ဒီအလုပ်က ဦးနှောက် အလုပ်ဗျာ့။ စဉ်းစားရတယ်။ ကမ္ဘာကျော် ဘောဘီဖစ်ရှာတို့ဆို တကွက်ရွှေ့ဖို့အရေး တလလောက် အချိန်ယူချင် ယူတာ။ ကျွန်တော်က တညလောက်ယူမှာပါ။ ဟဲ ... ဟဲ ... ဟဲ”
တောက်။ ငါ စဉ်းစားတုန်းကတော့ ကြာသလေး ဘာလေးနဲ့။ တော်တော် ဉာဏ်နီ ဉာဏ်နက်များသည့် လူကြီး။ ငါ့အလစ်အငိုက် စောင့်တာ မသိဘူးများ မှတ်လား။ ကြိုက်သလောက် အချိန် ဆွဲလိုက်စမ်း။ တက်လူ နှင့် ကျလူပါ။ အချိန်က အဖြေပေးပါလိမ့်မည်။
“ဟေ့။ ဘယ်သူရှိလဲ ဟေ့။ ကော်ဖီမစ်လေး တခွက်လောက် လုပ်ခဲ့ပါကွ”
လုပ်ပြန်ပြီ။ အချိန်ကြာသည်။ ခုထက်ထိ သူ့ ကင်းကို မရွှေ့သေး။ အင်း။ ကော်ဖီနံ့ရမှ ဗိုက်ဆာလာသည်။ တခုတခု တောင်းဖို့က အားလုံးက သူ့လူတွေချည်းဆိုတော့။ နေပါစေတော့။ သူ့လက်သည် ကင်း ကိုကောက်ကာ ရွှေ့ပြီးမှ ဘယ်အကွက်ကို မြင်ပြန်သည် မသိ။ ပြန် ရွှေ့ပြန်သည်။
“ကမ္ဘာကျော် စစ်တုရင်သမားကြီးတွေက စဉ်းစားဖို့ အချိန်သာယူကြတာပါ။ ခုလို ရွှေ့ပြီးမှ ဘွာခတ်တာတော့ မရှိကြဘူးဗျ”   
သူ ဘာမျှ မပြောနိုင်။ အရှိုက်ထိမည်။ မသိသလို နေလိုက်သည်။ ထိုစဉ် မီးကင်းမှ ကင်းသံချောင်းသံ ကြားရသည်။ စိတ်ဖြင့် ရေတွက် နေမိစဉ်...။
“ဒီ သောက်သံချောင်း ကလည်း”
မဆီမဆိုင် ကင်းသမားကို လှမ်းဆဲရေးသည်။ ကျိတ် ပြုံးနေလိုက်သည်။
“ဟောဗျာ။ ဆယ့်နှစ် နာရီတောင် ထိုးပြီ။ ပြန်ဦးမှ။ ပွဲက ကောင်းနေပေမယ့် မနက်အလုပ်က ရှိသေးတယ်”
ကိုယ့် အမာခံ ပရိသတ်ဖြစ်သော ဆိုက်ကားဆရာပင် လက်လျှော့သွားချေပြီ။ ပွဲက ဘယ်အချိန်မှ ပြီးမည် မသိ။ သင်းကြီးကို အနိုင်မခံချင်လို့သာ။ ခုချိန်မှာဆို။ အို အိပ်ရေးပျက်တော့ ဘာအရေးလဲ။ သူလည်း အတူတူပဲဟာ။ ကြိုက်သလောက် အချိန်ဆွဲလိုက်စမ်း။
ခုထက်ထိ ညနေက အနေအထားကို သိသိသာသာ ပြောင်းလဲအောင် သူ မရွှေ့နိုင်သေး။ ဒါကိုက ကိုယ့်အတွက်။
“ကဲ။ ကျူပင်ခုတ် ကျူငုတ် မကျန်အောင် ရှင်းလိုက်မယ်”
သူ ပွန်းကလေးတွေကို စားဖို့ ချောင်းပြီ။ အလဟဿ အစားမခံနိုင်။ အကောင်ငယ်ပေမယ့် သတ္တိထည်သည့် သူရဲကောင်းလေးများ သူ စားနိုင်မလား။ စဉ်းစားစမ်း၊ စဉ်းစားစမ်း၊ စဉ်းစားစမ်း၊ စဉ်းစား။
၉။
စဉ်းစားရင်း စဉ်းစားရင်း အရုပ်တွေကေ၀၀ါးလာသည်။ ခေါင်းကို မသိ မသာခါလိုက်သည်။ ငိုက်လို့ မဖြစ်၊ ငိုက်ခြင်းဟာ သည်လူကြီးကို ဦးညွတ်သလို ဖြစ်မည်။ ခုနေ လေးဖြူတပုဒ်လောက် ဟစ်လိုက်ရရင်။ ဟို ကောင်တွေ သည်ည ဂစ်တာ တီးဖြစ်ကြသေးလား။ ဒီရေ ကမ်းဝေး မုန်တိုင်းက ကြမ်းနေလို့။
အင်း .. တီးဖြစ်လည်း ခုချိန်ဆို အိပ်လို့ သိုးနေကြရော့မည်။ အင်း။ သူတို့ကတော့။ ငါနိုင်မှ သည်ကောင်တွေကို ကြွားပစ်လိုက်ဦးမည်။ ရှုံးရင်ကော။ ရှုံးရင်တော့ မိနန်း ငါ့ကိုလှောင်လိမ့်မည်။ နင် သည်လူကြီးကို ယှဉ်နိုင်ပါ့မလားဆိုတုန်းက “ဒီမယ် စပါတာတွေဟာ လူသုံးရာတည်းနဲ့ သန်းချီနေတဲ့ ပါရှန်တွေကို ရင်ဆိုင်ခဲ့တာပါဟ”လို့ ပြောမိခဲ့သည်လေ။ အိုး ခုလည်း ပွဲပြီးသေးတာမှ မဟုတ်တာ။
“ကိုရွှေ။ ခုထိ ဒီကောင်လေးကို အနိုင်မယူနိုင်သေးဘူးလား။ အိပ်ရေး ပျက်ခံလို့။ မနက်မှ ဆက်ထိုးပါလား။ ခု ကြက်တွေ တွန်နေပြီ”
သူ့မိန်းမကြီးရဲ့အသံ။ ကြက်တွန်နေပြီ တဲ့။ ညနေ သုံးနာရီလောက်က စလိုက်သည့်ပွဲ။ ကြက်တွန်ပြီ တဲ့။ လင်းကြက်လား မသိ။ လင်းကြက်ဖြင့် အတန်ဆော်ပြီ။ လင်းကြက်ဖြင့် အတန်ဆော်ပြီ။ အဘွားဆိုဆိုနေကျ တေးထပ်လေး။ ရှေ့ဆက် မရတော့။ နားထောင်လို့ သိပ်ကောင်းတာ။ စာသားထဲမှာ ဝေဘူတောင်တို့၊ ရွှေဂူချောင်တို့၊ ရသေ့တို့ ကိန္နရီတို့ ပါတာကို အမှတ်ရသည်။ သြော် အဘွား၊ အဘွား။ ကွယ်လွန်တာ သုံးနှစ်တောင်ရှိပြီ။ “ငါ့ မြေးရဲ့ ဘယ်နေရာ မဆို ရှုံးတာ၊ နိုင်တာက ပဓာန မဟုတ်ဘူးကွယ့်။ မှန်တာ မှားတာက အခရာကျတာ။ တချို့ နိုင်တော့နိုင်ပါရဲ့။” အဘွား အသံတိမ်တိမ်လေးကို ကြားယောင်မိသည်။ သူ့ ရှေ့တွင် အရုပ်ဖြူလေးများ ငိုက်မျဉ်းနေပြီ ထင်သည်။ မှန်း အဟား ရယ်ရသည်။ သူ့ပုံကြီးကိုမြင်လျှင် ဟို ကောင်တွေဆို ဘယ်လောက် ဟားလိုက်ကြမလဲ။ ဟုတ်သည်လေ။ တဖွဲ့လုံးက သည်လူကြီးကို ရွံ့မုန်းကြတာလား။ အညောင်းဆန့်ရင်း ချောင်းကို ကျယ်ကျယ်လေး ဟန့်လိုက်သည်။ သူ လန့်ဖျပ် သွားကာ ...
“ဟား ... လင်းရောင်တောင် ပြေးနေပြီ။ ငါ့အလှည့် လား”
“မဟုတ်ဘူး။ ကျွန်တော့် အလှည့်”
“မင်းကလည်း တကွက် ရွှေ့မယ့်အရေး ... ရှီးတဲ့မှပဲ”
နှုတ်တုံ့ပြန်ရန် ရွယ်မိသည်။ ရှက်ရမ်းရမ်းတာပဲဟု နားလည်ကာ စစ်တုရင်ကွက်ကို အာရုံစိုက်လိုက်သည်။ နိုင်ခြင်း ရှုံးခြင်းထက် မှန်ခြင်း မှားခြင်းက ဂုဏ်သိက္ခာ။ တကယ်လို့ မတော်မတည့်နည်းနှင့် သူ နိုင်သွားလျှင်တောင်မှ အားလုံးက သူဟာသူကိုင်ထားတဲ့ အရုပ်မည်းမည်း တွေလို။
အာရုံကိုစုစည်းကာ တဖက် အခြေအနေကို ကြည့်လိုက်သည်။ ခေါင်းထဲတွင် လက်ခနဲ ဖြစ်သွားစဉ်...။
၁၀။
“တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ xxx တို့ ပြည် xxx တို့မြေ”
ဟောဗျာ ... ရေဒီယိုတောင် လာနေပြီ။ ဒါဆို မနက် ခုနစ်နာရီပေါ့။ ကြည့်စမ်း တော်တော်ကြာတဲ့ ပွဲပါလား။ ဘာပဲဖြစ်ဖြစ် သည်လူကြီး တခါမှ ငါ့ကို သည်လောက်ကြာအောင် မထိုးခဲ့ရပေ။ နောက်ပြီး သူ့ တိုက်စစ်ကလည်း အားမရှိတော့။ ဘေးက လူတွေလည်း  သေချာကြည့်နေတော့ သူ ကောက်ကျစ်ရဲမှာ မဟုတ်တော့ဘူး။
“များလူခပ်သိမ်း အေးငြိမ်းစေဖို့ ခွင့်တူညီမျှ xxx ၀ါဒ xxx”
ရှေ့က ပွန်းလေးကို ကောက်ကိုင်လိုက်သည်။ လက်ထဲတွင် စီးစီးပိုင်ပိုင် ရှိလှသည့်ဖြစ်ခြင်း။ ရှေ့က အဖြူကွက်ပေါ် ခြေချမိသည်နှင့် ထိုပွန်းကလေးသည် ...။
“xxx ကမ္ဘာမကြေ xx ဗမာပြည် xxx
ပြည်ထောင်စုကို အသက်ပေးလို့ xxx”။
ကံထွန်းသစ်
(ရွှေအမြုတေ မဂ္ဂဇင်း၊ မေလ ၂၀၁၁)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...