Friday, June 3, 2011

စင်ကာပူအတွက် မြန်မာ့သင်ခန်းစာ

(၂၀၁၁ ခုနှစ် မေလ (၁၉) ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ စင်္ကာပူ ရွေးကောက်ပွဲ ဆိုင်ရာ သုံးသပ်ချက် ဖြစ်ပါတယ်။ )
ပြီးခဲ့တဲ့ စနေနေ့က စင်ကာပူနိုင်ငံ ရွေးကောက်ပွဲ ရလဒ် သတင်းတွေ ဖတ်မိတဲ့အခါ အဖြစ်သည်း လိုက်တာ ဆိုပြီး ပထမ တော့ ကျွန်တော် နည်းနည်းတောင် အမြင်ကတ် သွားမိတယ်ဗျ။
ဘယ့်နှယ်ဗျာ၊ အမတ်နေရာ ၈၇ နေရာ ရွေးတယ်။ လက်ရှိ အာဏာရ ပြည်သူ့ လှုပ်ရှားပါတီ... (People’s Action Party-PAP) က ၈၁ နေရာနိုင်တယ်။ အတိုက်အခံ အလုပ်သမားပါတီက ၆ နေရာ နိုင်တယ်။ အဲဒါကို ပီအေပီက မခံမရပ်နိုင် ဖြစ်နေသတဲ့ဗျာ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက အတိုက်အခံက အမတ်နေရာ ၂ နေရာပဲ ရခဲ့ရာက အခု သုံးဆတိုးပြီး ၆ နေရာကြီး ရသွားလို့ သူတို့မှာ စပ်ပူစပ်လောင် ဖြစ်နေတာတဲ့ဗျ။ ဖြစ်ရလေဗျာ။
စင်ကာပူ ရွေးကောက်ပွဲရဲ့ အစိုးရပါတီနဲ့ အတိုက်အခံ ပါတီတို့ရဲ့ မဲရာခိုင်နှုန်းကို ကြည့်လိုက်တော့မှ ပီအေပီခေါင်းဆောင် တွေ ဘာကြောင့် မျက်ကလဲ ဆန်ပြာ ဖြစ်ကုန်သလဲ ဆိုတာ နားလည် တော့တယ်ဗျ။ အစိုးရပါတီက ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းရပြီး အတိုက်အခံတွေ စုစုပေါင်း ရမဲက ၄၀ ရာခိုင်နှုန်း ဆိုတော့ အမတ် အရေအတွက်မှာ အပြတ်အသတ် နိုင်သော်လည်း လူထု ထောက်ခံမှု ရာခိုင်နှုန်းကို ကြည့်ရင် အတိုက်အခံတွေကို ထောက်ခံတဲ့ ရာခိုင်နှုန်းအများကြီး တက်လာတာ အထင် အရှား ဖြစ်နေတာကိုး။ (စင်ကာပူမှာ အတိုက်အခံ ပါတီပေါင်း ၆ ပါတီ ရှိတယ်။ အလုပ်သမား ပါတီက အားအကောင်းဆုံး ဖြစ်ပါတယ်။)

၁၉၆၅ ခုနှစ်က စပြီး အာဏာရလာတဲ့ ပီအေပီဟာ ခုတစ်ကြိမ်မှ ပထမဆုံး ထောက်ခံမဲ ရာခိုင်နှုန်း အနည်းဆုံးရခြင်း ဖြစ်တယ်လို့ ဆိုတယ်ဗျ။ ဝန်ကြီးချုပ် လီရှောင်လွန်း ကတော့ သူတို့ ပါတီအနေနဲ့ အခြေအနေကို ပြန်လည် သုံးသပ် ရမယ်လို့ ပြောသတဲ့။ သူ့ဖခင် ဝါရင့်ဝန်ကြီး လီကွမ်းယူ ၈၇ နှစ်လည်း ရွေးကောက်ပွဲ ဝင်သေးတယ်။ သူ့ကိုတော့ ယှဉ်ပြိုင်သူ မရှိပါ ဘူးတဲ့။ သူ့မဲဆန္ဒနယ် တစ်ခုတည်း ပြိုင်ဘက် မရှိခဲ့တာ ဖြစ်ပါတယ်။
ပီအေပီဟာ ၁၉၆၅ ကနေ ၁၉၈၁ အထိ တစ်ကောင်တည်း ပြေးတဲ့ မြင်းလို အသာစီး ရနေခဲ့တယ်။ ၁၉၈၁ အထိ အတိုက် အခံ အမတ် တစ်ယောက်မှ လွှတ်တော်ထဲ မရောက်ခဲ့ဘူး။ အတိုက်အခံ အများဆုံး လွှတ်တော်ထဲ ရောက်ဖူးတာ ၄ယောက် အထိပဲ ရှိခဲ့ဖူးတယ်။
၂၀၀၆ မှာ ပီအေပီဟာ ဆန္ဒမဲ ၆၇ ရာခိုင်နှုန်း။ ၂၀၀၁ မှာ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်း ရခဲ့တယ်။ အခုလို ၆၀ ရာခိုင်နှုန်းလောက်ပဲ ရခဲ့တာ တစ်ကြိမ်မှ မရှိခဲ့ဘူးတဲ့ဗျာ။
သြစတေးလျနိုင်ငံ ပါ့သ်မြို့မားဒေါ့ တက္ကသိုလ်က စင်ကာပူရေးရာ ကျွမ်းကျင်သူ ဂယ်ရီရိုဒန် ကတော့ စင်ကာပူ မဲဆန္ဒရှင် တွေဟာ စစ်ဆေး ထိန်းညှိခြင်းများနဲ့ နိုင်ငံရေးယှဉ်ပြိုင်မှု (checks and balances and political competition) ပိုမိုပွင့်လန်းရေးကို လိုလားကြောင်း ပြသ လိုက်တာပါပဲလို့ မှတ်ချက် ချပေးလိုက်တယ်ဗျ။

မြန်မာနိုင်ငံက အတိုက်အခံ တပ်ပေါင်းစု
စင်ကာပူ ရွေးကောက်ပွဲ သတင်းကို ဖတ်ပြီး မြန်မာနိုင်ငံမှာလည်း ပါလီမန် ဒီမိုကရေစီခေတ်က အတိုက်အခံ ပမညတ အဖွဲ့ကြီး လူထုထောက်ခံမဲ ရာခိုင်နှုန်း တိုးပြီးရခဲ့ချိန်မှာ နိုင်ငံရေး အလှည့် အပြောင်းတွေ ဖြစ်ခဲ့ပုံကို သတိရမိတယ်ဗျာ
လွတ်လပ်ရေးရပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ကျင်းပချိန်မှာ အားကောင်းတဲ့ အတိုက်အခံ ပါတီရယ်လို့ မရှိခဲ့ဘူး။ ရွေးကောက်ပွဲ ဝင်တဲ့ ပါတီတွေကလည်း အာဏာရ ဖဆပလ အဖွဲ့ကြီးရဲ့ အရှိန်အဝါကို အနားတောင် မကပ်နိုင်ခဲ့ကြဘူး။
သို့ပေမယ့် ၂၇ ဧပြီလ ၁၉၅၆ မှာ ကျင်းပတဲ့ ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမှာတော့ မပညတ ဆိုတာ ပေါ်လာတယ်။ လေးနှစ်ကျော်မျှ အတိုက်အခံ နိုင်ငံရေး အတွေ့အကြုံ ရရှိပြီးဖြစ်တဲ့ အင်အားစုတွေဟာ သည်တစ်ပွဲ မှာတော့ ပမညတကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ကြတယ်။ အမည်အပြည့်အစုံက ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု ဖြစ်ပါတယ်။ ပါဝင်တဲ့ အဖွဲ့တွေက ပြည်သူ့ဒီမိုကရေစီပါတီ (တို့ဗမာအစည်းအရုံး)၊ ဦးသိန်းဖေမြင့်ရဲ့ ပြည်သူ့ ညီညွတ်ရေး ပါတီ၊ ပြည်သူ့ ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစု၊ ဗမာပြည် အလုပ်သမား လယ်သမားပါတီ (ဆိုရှယ်နီ)၊ ဗမာပြည် အလုပ်သမား အစည်းအရုံးများ အဖွဲ့ချုပ် (ဘီတီယူစီ)၊ တောင်သူလယ်သမား ညီညွတ်ရေး အစည်း အရုံး (တလညစ)၊ ပြည်သူ့လူငယ် အဖွဲ့ချုပ်၊ ဒေါက်တာ ဧမောင်ရဲ့ တရားမျှတမှုပါတီ၊ မွန်တိုင်းရင်းသား အစည်းအရုံး၊ ကရင် အမျိုးသားခေါင်းဆောင် မန်းထွန်းရင် အစရှိတဲ့ တစ်သီးပုဂ္ဂလများ၊ နိုင်ငံရေးပါတီများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ လူမျိုးစု အဖွဲ့အစည်းများနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မြေပြန့် ချင်းအမျိုးသား အစည်းအရုံးနဲ့ (အလံနီ ကိုယ်စားပြု) လူငယ့်တပ်ဦးအဖွဲ့၊ အစဉ်အလာရှိတဲ့ အမှုထမ်းသမဂ္ဂ ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်တို့ ပူးပေါင်း ပါဝင် လာကြတယ်။

အာဏာတည်မြဲရေး ရှေ့တန်းတင်လျှင်
အဲသည် ကာလမှာ ဖဆပလ အချို့ရဲ့ မသမာမှုတွေဟာ ပြည်သူကြားမှာ အလွန် နာမည်ပျက်ခဲ့တယ်။ ပမညတက ပြည်တွင်းစစ် ရပ်စဲရေး ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ ဝင်ခဲ့လို့ ငြိမ်းချမ်းရေး သမားများ အဖြစ် ပြည်သူ့ အမြင်မှာ ဘဝင်ကျ စရာ ဖြစ်ခဲ့တယ်။ ဖဆပလက အနှစ်လေးဆယ် အာဏာ တည်မြဲရမည်လို့ ကြွေးကြော် စည်းရုံးခဲ့တယ်။ အာဏာ တည်မြဲရေးကို ရှေ့တန်းတင်ထားတဲ့ ဖဆပလကို ပြည်သူများက သံသယတွေ ဖြစ်လာပုံ ရပါတယ်။ ရွေးကောက်ပွဲ ရလဒ် ကြေညာတဲ့ အခါ ဖဆပလက အမတ်နေရာ ၁၄၄ နေရာနဲ့ နိုင်တယ်။ ပမညတက ၄၆ နေရာ ရရှိခဲ့တယ်။ အမတ်နေရာ အနိုင်ရရှိမှု အပြတ်အသတ် ကွာပေမယ့် ရရှိတဲ့ မဲအရေအတွက်မှာ ဖဆပလက တစ်သန်း ၇ သိန်းကျော် (၁၇၄၃၈၁၆) ရပြီး ပမညတက တစ်သန်း တစ်သိန်းကျော် (၁၁၃၉၂၈၆) ရခဲ့လို့ ဖဆပလ ရှေ့ရေးအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရတယ်။ တခြား အတိုက်အခံများ ရတဲ့ မဲတွေကိုပါ ပေါင်းရင် ပမညတနဲ့ အတိုက်အခံတွေ စုပေါင်းရရှိ မဲအရေအတွက်ဟာ တစ်သန်း ၅ သိန်းကျော် (၁၅၃၀၆၃၀) ဖြစ်ပါတယ်။

သုံးသပ်လက်ခံပုံချင်းမတူ
အတိုက်အခံ ပမညတ အင်အား ကြီးမားလာခြင်း အပေါ် သုံးသပ် လက်ခံပုံချင်း မတူကွဲပြားခြင်းဟာ ဖဆပလ ခေါင်းဆောင် တွေ သဘော ကွဲလွဲရခြင်းရဲ့ အကြောင်း တရားတွေထဲမှာ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ခဲ့ပါတယ်။
ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့က ပမညတ အင်အား ကြီးလာတာဟာ ကွန်မြူနစ် သူပုန်တွေက လက်နက်နဲ့ ခြိမ်းခြောက် မဲပေး ခိုင်းလို့ပဲ ဖြစ်တယ်လို့ ကောက်ချက်ချတယ်။ ဦးနုကတော့ ဖဆပလအဖွဲ့တွင်း အာဏာ အလွဲသုံးစား လုပ်ခြင်း၊ ခြစားခြင်း၊ လူထုအပေါ် ခေါင်းပုံဖြတ်ခြင်း တို့ကြောင့် ဖြစ်တယ်လို့ မြင်တယ်။ ဒါကြောင့် သန့်ရှင်းရေး လုပ်ရမယ်လို့ ဆိုပါတယ်။
အဲသည် နောက်တော့ ဖဆပလကြီးဟာ ၁၉၅၈ ခုမှာ နှစ်ခြမ်းကွဲသည် အထိ ဖြစ်ခဲ့ရပါတော့တယ်။ ဖဆပလ နှစ်ခြမ်းကွဲ ချိန်မှာ အတိုက်အခံ ပမညတက ဦးနုဘက်က ထောက်ခံ လိုက်ပါတယ်။ ပမညတ ထောက်ခံမဲ များကြောင့် ဦးနု အနိုင်ရ သော်လည်း ၃ လ ၁၇ ရက်သာခံတဲ့ အစိုးရဘဝကို ရောက်ခဲ့ရပြီး စစ်ဗိုလ်ချုပ်ကြီး လက်ထဲ အာဏာ သက်ဆင်း သွားကာ မြန်မာပြည် နိုင်ငံရေးဟာလည်း ကြီးမား ပြင်းထန်လှတဲ့ ဝဲသြဃကြီးထဲ ကျရောက်ခဲ့ရပါတယ်ဗျာ။

စင်ကာပူကို သင်ခန်းစာပေးရမယ်
စင်ကာပူက စပ်ပူစပ်လောင် ဖြစ်နေတဲ့ အာဏာရ ပီအေပီဟာ ဖဆပလ အဖွဲ့ကြီးရဲ့ ကြမ္မာငင်ပုံကို သင်ခန်းစာယူနိုင်မယ် ထင်တယ်။ စင်ကာပူက အတိုက်အခံ ၆ ပါတီဟာလည်း အားကောင်းတဲ့ ပမညတကြီးရဲ့ အတွေ့အကြုံတွေကို နမူနာ ယူနိုင်မယ် ထင်တယ်ဗျ။ စင်ကာပူ နိုင်ငံရေးက ၁၉၆၅ ကျမှ စတင်ခဲ့တာပါ။ ကျွန်တော်တို့က အဲဒီအချိန်မှာ အံတောင်တို နေပြီ မဟုတ်လားဗျာ။
မောင်ဝံသ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...