Friday, June 10, 2011

နိုင်ငံရေးအယ်နီညိုနဲ့ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲ

သတင်း ကောင်းကင်မှာ ဖိုးသောကြာက အားကောင်း မောင်းသန် ပျံသန်းခဲ့ရတဲ့ အချိန် တစ်ချိန်က ၁၉၅၆ ခုနှစ်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်က အာဏာရ ဖဆပလ အဖွဲ့မှာ "နိုင်ငံရေး အယ်နီညို" ကျရောက်နေလို့ ဖြစ်ပါတယ်။ ဖိုးသောကြာတို့ နိုင်ငံတော်ကြီးကို လွတ်လပ်ရေး ရရင် လက်ခံ ကျင့်သုံးဖို့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို ရေးဆွဲ ပြဋ္ဌာန်းရမယ့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကို ၁၉၄၇ ခုနှစ် ဧပြီ ၁၉ ရက်မှာ ပြုလုပ် ခဲ့ပါတယ်။ "တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေမယ်" ကြွေးကြော်သံနဲ့ လွတ်လပ်ရေးကို တောင်းဆိုကြတော့ ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ကလီးမင့်အက်တလီက အခြေခံဥပဒေကို ဦးစွာပြဋ္ဌာန်းဖို့ တောင်းဆိုခဲ့လို့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးချန်ထွန်း (နောင်တရား လွှတ်တော်ချုပ် တရားဝန်ကြီး)က တာဝန်ခံ ရေးဆွဲခဲ့ကြပါတယ်။

အဲဒါ အခြေခံ ဥပဒေကို ပထမဆုံး ပြည်သူ့လွှတ်တော်မှာ အတည်ပြုရမှာမို့ အာဏာရ ဖဆပလဟာ ပဏာမ ပြင်ဆင်မှု ညီလာခံကို ၁၉၄၇ မေလ ၂၃ ရက်နေ့မှာ ခေါ်ယူပြီး လွှတ်တော်ကို တင်သွင်း အတည်ပြုချက်ယူဖို့ အချောသတ်ခဲ့ကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပေဒကြီး အတည်ပြု ပေါ်ပေါက်လာပေမယ့် အငြင်းပွားမှုတွေက ရှိနေကြပါတယ်။ အဆိုးဆုံးက 'အတုအယောင် လွတ်လပ်ရေး' စွပ်စွဲချက်ပေါ့။ လွတ်လပ်ရေးရဖို့ အဓိက ရည်မှန်းချက် (အမျိုးသား နိုင်ငံရေးအမြင်) နဲ့ စုစည်း ညီညွှတ်ခဲ့ကြတဲ့ ဖဆပလ တပ်ပေါင်းစု ထဲက သခင်စိုးက ပထမဆုံး ခွဲထွက်သွားတယ်။ ကွန်မြူနစ်ပါတီ (ဗမာပြည်) (CPB) ကို ဖွဲ့လိုက်တယ်။ မြန်မာ သတင်းစာတွေက (အလံနီ) လို့ နာမည်သုံး ရေးခဲ့ကြတယ်။
နောက် သခင်သန်းထွန်း ခေါင်းဆောင်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) (BCP) လို့ ခွဲထွက်လိုက်တယ်။ ဖိုးသောကြာတို့ သတင်းစာတွေက (အလံဖြူ) လို့နာမည်တပ်ပြီး ကွဲပြားသွားအောင် သတင်း ရေးခဲ့ကြတယ်။ သခင်စိုးရဲ့ ကွန်မြူနစ်ပါတီ (အလံနီ) က ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့မှာ တောခို သွားခဲ့တယ်။ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်ရောက်တော့ သခင်သန်းထွန်း ကွန်မြူနစ်ပါတီ(အလံဖြူ) က တောခိုသွားပြန်တယ်။
ဖဆပလထဲမှာ ကျန်နေတဲ့ လက်ဝဲဆန် ပါတီတွေရဲ့ လှုပ်ရှားမှုက ရပ်မသွားပါဘူး။ ပြည်တွင်းစစ်မီး တောက်လောင်ဆဲမှာပဲ ဗိုလ်ဖိုးကွန်း၊ ဗိုလ်စိန်မှန်၊ ပြည်သူ့ရဲဘော် အဖွဲ့က ခွဲထွက်သွားပြန်ရော သူတို့အဖွဲ့ကို ဖိုးသောကြာတို့ သတင်းစာတွေက (ရဲဘော်ဖြူ)လို့ ကင်ပွန်းတပ် လိုက်တယ်။ ကျန်နေတဲ့ ဗိုလ်မှူးအောင်တို့ ပြည်သူ့ရဲဘော် အဖွဲ့ကိုတော့ (ရဲဘော်ဝါ) လို့ ခေါ်လိုက်ကြတယ်။ ကွဲ/ခွဲမဆုံးဘဲ ဖဆပလထဲက လက်ဝဲဆန် ဆိုရှယ်လစ်ပါတီက ၈-၁၂-၁၉၅၆ မှာ ကွဲကြပြန်ရော ဖဆပလရဲ့ အဓိက ပါတီဖြစ်တဲ့ ဆိုရှယ်လစ် ပါတီရဲ့ ခေါင်းဆောင်၊ သခင်လွင်နဲ့ သခင်ချစ်မောင် (နောင်ဝိဓူရ) တို့ ခေါင်းဆောင်တဲ့အဖွဲ့ကို သတင်းစာတွေက (ဆိုရှယ်နီ) လို့ ခေါ်လိုက်ကြတယ်။ နောက် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး (ဗတလစ)က ခွဲထွက်သွားတဲ့ တောင်သူလယ်သမားများ ညီညွတ်ရေး အစည်းအရုံးကို သခင်ချစ်မောင်က ခေါင်းဆောင်လိုက်တယ်။ အလုပ်သမား အစည်းအရုံးများ အဖွဲ့ချုပ် တီယူစီ(ဘီ)၊ ကခွဲထွက်ပြန်ရော (ဘီတီယူစီ) လို့ခေါ်တယ်။ သခင်လွင်က ခေါင်းဆောင်လိုက်တယ်။
အဲသလို လွတ်လပ်ရေးနဲ့ အတူ 'နိုင်ငံရေး အယ်နီညို' ဟာ ဖဆပလ ကိုလည်း ဒုက္ခပေး၊ လူမျိုးစုတွေ ကိုလည်း ဆက်တိုက် ဒုက္ခပေးလို့ မြန်မာနိုင်ငံရေး မိုးခေါင်မှုဟာ ၁၉၅၆ ခု ဧပြီလ ၂၇ ရက်ကို ရောက်လာခဲ့ ပါတယ်။ ဖိုးသောကြာတို့ သတင်းစာ တွေဟာ နိုင်ငံရေး အယ်နီညိုနဲ့ အတူ မတူကွဲပြား တာတွေ ရှိခဲ့ကြပေမယ့် 'သတင်းစာရဲ့မူ' ကို စောင့်ထိန်းကြတာ များပါတယ်။ ဒါကြောင့် မြန်မာသတင်းစာတွေဟာ စာဖတ်သူနဲ့ လူထုအပေါ် သြဇာ သက်ရောက်မှုလည်း ကြီးမားပါတယ်။ နိုင်ငံရေးပါတီများ ယောက်ယက်ခတ် ကြတာကိုလည်း အတော်လေး သိလာကြပါတယ်။ အဲဒီအချိန်မှာ ၁၉၅၆ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကို ဒုတိယအကြိမ် ကျင်းပတာပါပဲ။
ဖိုးသောကြာတို့ နိုင်ငံရေး သတင်းထောက်တွေလည်း နိုင်ငံရေးသတင်းတွေကို အတော်လေး ကျွမ်းကျင်လာကြပြီး နိုင်ငံရေး ပါတီတွေ ခေါင်းဆောင်တွေ နဲ့လည်း နှံ့နှံ့စပ်စပ်ရှိနေကြပြီ။ 'ရွေးကောက်ပွဲ' ဆိုတာက နိုင်ငံရဲ့ ကံကြမ္မာကို ဖန်တီးမယ့်ပွဲ ဖြစ်တာမို့ သတင်းဆရာတွေ အတွက် အတိမ်းအစောင်းခံလို့ မရဘူးပေါ့။ နိုင်ငံရေး သတင်းထောက် ဖိုးသောကြာ အတွက် ကတော့ ၁၉၅၆ ခု ဧပြီ ၂၇ ရက် ရွေးကောက်ပွဲဟာ ပထမဆုံး သတင်းယူရတဲ့ ရွေးကောက်ပွဲ သတင်းဖြစ်လာပါတယ်။ ဖိုးသောကြာတို့ သတင်းထောက်တွေကို သတင်းထောက်ချုပ် ဦးရှိန်(ကွယ်လွန်) က တာဝန်ခွဲပေးပါတယ်။ ဖိုးသောကြာက ရွေးကောက်ပွဲ အရာရှိ ရုံးစိုက်ရာ 'မြို့တော်ခန်းမ' ကို တာဝန်ကျပါတယ်။ ရွေးကောက်ပွဲ သတင်းတာဝန်ကျ သတင်းထောက် တွေကို နေ့တွက် ငါးကျပ် ပေးပါတယ်။ ညမဲရေတွက်ချိန်မှာ မိုးချုပ်တာမို့ ညနေစာအတွက် ထမင်းဖိုး နှစ်ကျပ်လည်း ပေးပါ တယ်။ ဖိုးသောကြာက မြို့တော်ခန်းမရှိရာ ကျောက်တံတား အပါအဝင် အဲဒီတုန်းက အခေါ် 'အလယ်ပိုင်းတိုက်နယ်' ကိုပါ တာဝန်ယူပါတယ်။ ဖိုးသောကြာ တာဝန်ကျနယ်မြေမှာ နိုင်ငံရေးပါတီ တွေကများတယ်။ ဆိုရှယ်နီ အုပ်စုပါတီတွေက အများစုပါ။
အာဏာရ ဖဆပလအဖွဲ့က စီးပွားကုန်သည်အဖွဲ့ (စ၊ပ၊က၊သ) ကတော့ ဖဆပလရဲ့ အလှုပ်ရှားဆုံး အဖွဲ့လည်းဖြစ် မြို့လယ် ဈေးကြီးတွေ အပေါ်မှာ သြဇာလည်း ကြီးတော့ ပိုသတိထား ရပါတယ်။ သခင်ပန်းမြိုင်က ခေါင်းဆောင်ပါတယ်။ မဲရုံတွေ ပိတ်ပြီး ညဘက် မြို့တော်ခန်းမကြီး(ပထမထပ်) မှာ မဲရေတွက်ပါတယ်။ ရွေးကောက်ပွဲ အရာရှိက ရန်ကုန် ကော်လိတ္တော် အရာရှိ (RANGOON COLLECTOR) ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ ထဲမှာ ဖဆပလ အစိုးရရဲ့ ဆန့်ကျင်ဘက်အဖွဲ့တွေ များပါတယ်။ ဖဆပလရဲ့ ခွဲထွက်နိုင်ငံရေး ပါတီတွေဖြစ်ပါတယ်။ အဲဒီပါတီတွေက (၁) ပြည်သူ့ ဒီမိုကရေစီပါတီ၊ (၂) ပြည်သူ့ ညီညွတ်ရေးပါတီ၊(၃) ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစု၊ (၄) ဗမာပြည်အလုပ်သမား၊ လယ်သမား ပါတီ၊ (၅) ဗမာပြည် အလုပ်သမား အစည်းအရုံးများ အဖွဲ့ချုပ်၊ (၆) တောင်သူလယ်သမား ညီညွတ်ရေး အစည်းအရုံး၊ (၇) ပြည်သူ့ လူငယ်အဖွဲ့ချုပ်၊ (၈) တရားမျှတမှုပါတီ၊ (၉) မွန်တိုင်းရင်းသား အစည်းအရုံး၊ (၁၀) ကရင် အမျိုးသား နိုင်ငံရေးသမား မန်းထွန်းရင်အဖွဲ့နှင့် တစ်သီးပုဂ္ဂလအများ စုပေါင်း ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု (နောင် ပမညတ) ဖြစ်ပါတယ်။
"ဖဆပလ အနှစ် ၄၀ အာဏာတည်ရမည်" ဆိုတဲ့ နိုင်ငံရေး ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ ဖဆပလ ဟာ ၁၉၅၆ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်မရခဲ့ပါဘူး။ ဖဆပလဟာ ရွေးကောက်ပွဲ နောက်ပိုင်းမှာ စည်းရုံးရေး ကျဆင်း လာပါတယ်။ အဲသလို ကျဆုံးလာရတာကလည်း ဖဆပလ အတွင်း အာဏာ အလွဲသုံးစား ပြုခြင်း၊ ခြစားခြင်းတို့ကြောင့် ဖြစ်တယ်လို့ အဲဒီအချိန်က ၀န်ကြီးချုပ် (ဦးနု)က သုံးသပ်ပြီး ဖဆပလကြီးကို သန့်ရှင်းရေးလုပ်ဖို့ ၀န်ကြီးချုပ်အဖြစ်က နှုတ်ထွက် လိုက်တယ်။ အထူးစုံစမ်းစစ်ဆေးရေး (စစစ)ဥပဒေကို ပြဋ္ဌာန်းတယ်။ ဖဆပလ ဥက္ကဋ္ဌ သန့်သန့် တာဝန် ယူလိုက်တယ်။ စသုံးလုံး ဥပဒေသစ်နဲ့ အရာရှိကြီးတွေကို ဖမ်းဆီး စစ်ဆေးတယ်။ အရေးယူတယ်။ အဲဒီမှာ ဆိုရှယ်လစ်ပါတီ ဘက်တော်သားတွေ အများအပြား ပါကုန်တယ်။ (အထောက်အထား= ၁၉၅၈ - ၁၉၆၂ မြန်မာ့နိုင်ငံရေး ပထမတွဲ)
ဒါပေသိ ကြားစကားနဲ့ ဖော်လံဖားယဉ်ကျေးမှု စရိုက်က ဖဆပလကို နက်နက်ရှိုင်းရှိုင်း တိုက်လာတော့တယ်။ ၀န်ကြီးချုပ် အဖြစ်က နှုတ်ထွက်ထားတဲ့ ဦးနုဟာ ၁၉၅၇ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ၀န်ကြီးချုပ် ပြန်လုပ်တယ်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်တင်နဲ့ ခွန်ချိုတို့ကို ဒုတိယ၀န်ကြီးချုပ် တာဝန်ပေးပြီး ဖဆပလကို ပြန်ဆွဲစေ့တယ်။ ဖဆပလ အခက်ကို ချက်ကောင်း ယူပြီး တရားမျှတမှု ပါတီဥက္ကဋ္ဌ ဦးအေးမောင်က လက်ဝဲဆန်အုပ်စုအမတ် ၁၀ ဦး ထောက်ခံချက်နဲ့ ၁၉၅၇ မတ် ၁၂ ရက် လွှတ်တော်မှာ ဖဆပလ အစိုးရကို "အယုံအကြည်မရှိ" (NON-CONFIDENCE) အဆိုတင်တယ်။ သူတို့ အဆိုလွှတ်တော်မှာ ရှုံးသွားပေမယ့် ဖဆပလကိုတော့ အောင်မြင်စွာ "ထိုးနှက်"လိုက်တဲ့ "ထိုးကွက်" တစ်ခုအဖြစ် အမြတ်ရလိုက်တယ်။
အဲသည် သတင်းတွေဟာ ဖိုးသောကြာတို့ နိုင်ငံရေး သတင်းထောက်တွေကို အလွန်တရာ အလုပ်များစေပါတယ်။ ညကြီးမိုးချုပ် အချိန်မတော်မှာ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ (ဒုတိယ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ) နေအိမ်ကို ဝင်ထွက် သတင်းယူရတယ်။ အများဆုံး ဝင်ထွက်ရတာက ဦးကျော်ငြိမ်းနဲ့ သခင်ကျော်ထွန်းတို့ အိမ်တွေ ဖြစ်ပါတယ်။ သတင်းထောက်ချုပ် ဦးရှိန်က ဖိုသောကြာကို အမြဲ လက်တွဲခေါ်ပါတယ်။ ဦးရှိန်ကမေး၊ ဖိုးသောကြာ က ရေးပေါ့။
ဒါပေမဲ့ တွက်ရေးက မကိုက်ပါဘူး။ ဒါကြောင့် ဖဆပလကြီးကို အဖတ်ဆည်ဖို့ သန့်စင်စည်းလုံး ညီညွတ်အောင် လုပ်ဖို့ဆိုပြီး ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီးကို ကမ္ဘာအေး စေတီကုန်းမြေမှာ ၁၉၅၈ ဇန်နဝါရီလ ၂၉ ရက်ကနေ ဖေဖော်ဝါရီလ ၂ ရက်နေ့ အထိ ပြုလုပ်ပါတယ်။ ညီလာခံ အပြီးမှာ အကျင့်ပျက် ခြစား ပြန်ပေးသမားများကို နိုင်ငံရေး ခေါင်းဆောင်များ ကာကွယ် ပေးထားတယ် ဆိုတဲ့ အစီရင် ခံစာတွေ အရ အစိုးရက ဖမ်းဆီး အရေးယူရတာတွေ ဖြစ်လာတယ်။ အဲသည် အဖမ်းအဆီးတွေက စပြီး ဖဆပလကို 'အကွဲ' ထိုးသလို ဖြစ်သွားခဲ့တာပါပဲ ခင်ဗျ။
သတင်းထောက် ဖိုးသောကြာတို့ အတွက်ကတော့ သတင်းတွေက ကောင်းလှသပေါ့။ သတင်း ကောင်းတော့လည်း မောရ ပန်းရမှန်း မသိပါဘဲ ခင်ဗျ။ တစ်ချိန်တည်းမှာ တောတွင်း ရောင်စုံတွေက နိုင်ငံရေး အခက်ကို အကွက်ယူပြီး ရထားလမ်းတွေ မိုင်းခွဲတိုက်ခိုက်၊ ခရီးသည်တွေကို ဓားစာခံလုပ်၊ ဖိုးသောကြာတို့ သတင်းထောက်တွေလည်း မိုင်း အများဆုံး ခွဲတတ်တဲ့ ပဲနွယ်ကုန်း၊ ပြွန်တန်ဆာတို့ဘက် မကြာခဏ သတင်း ထွက်လိုက်ရ၊ ပုဂ္ဂလိက နေ့စဉ် သတင်းစာတွေ ဆိုတော့ ကိုယ့်သတင်းစာ အတွက် အဘက်ဘက်က သက်လုံ ကောင်းခဲ့ကြတာ ဖိုးသောကြာရဲ့ သတင်းထောက် ဘဝမှာတော့ 'အားကောင်း မောင်းသန်' အားစိုက် ပျံသန်းရတဲ့ အချိန်ကာလ တစ်ပိုင်းတစ်စ ဖြစ်လာရပါတယ် ခင်ဗျာ။
ဖိုးသောကြော

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...