Monday, June 20, 2011

ထိုစာတမ်းများ

by Khin Hnin Kyi Thar on Monday, June 20, 2011 at 11:06pm
အဲ့ဒီနေ့က မိုးတွေ သည်းသည်းမဲမဲ ရွာနေခဲ့တဲ့ နေ့တစ်နေ့ပါ။ အလုပ်ကိစ္စတစ်ခုနဲ့အပြင်ကပြန်ရောက်ခဲ့တဲ့ကျွန်မ အံ့သြတကြီး တွေ့လိုက်ရတာကတော့ စာအုပ်ကို ခေါင်းခုပြီး အိပ်ပျော်နေသူတစ်ယောက်(ကျွန်မနဲ့ ရွယ်တူလောက်ဖြစ်မယ့်လူငယ်တစ်ယောက်ဆို ပိုမှန်ပါလိမ့်မယ်)။ အော်…စာပေရဲ့ တန်ဖိုး ကြီးမားပေစွ။
အိပ်ပျော်နေတဲ့ထိုသူကို ကျွန်မစိတ်မဆိုးမိပါဘူး။ ထမင်းစားပြီးချိန်ကြီးလည်းဖြစ် မိုးကလည်း အေးဆိုတော့ စာဖတ်ရင်းအိပ်ချင်မှာပဲလေ။ တစ်ဖက်မှာကလည်းစာကြည့်တိုက်ရဲ့ စည်းကမ်း၊ ပြီးတော့ သူအိပ်ပျော်နေတာက ကြွေပြား အေးအေးကြီးပေါ်မှာ။ မနိုးပဲနေလိုက်လို့ကတော့ လေဖြတ်မှာ အသေချာပဲ။


ဒါ့ကြောင့် သူငယ်ချင်းယောကျာင်္းလေးကို အကူအညီ တောင်းပြီး နိုးလိုက်ပါလို့ပြောလိုက်ပါတယ်။သူသွားနိုးလိုက်သံလည်းကြားလိုက်ပါရဲ့။ ထိုသူ နိုးလာသံလည်း ကြားလိုက်ပါရဲ့။ အလုပ်တွေဆက်လုပ်နေရင်း သူအိပ်ပျော်နေတဲ့အကြောင်း မေ့သွားပါတယ်။ နာရီဝက်လောက်ကြာမှထင်တယ် သူအပေါ်ထပ်က ဆင်းလာပြီး
လက်ထောက်ညီမလေးကို တာဝန်ရှိသူက ညီမလားလို့မေးပါတော့တယ်။ ညီမလေးက ကျွန်မကို ညွှန်ပြလိုက်တော့ ကျွန်မဆီရောက်လာပြီး အမကတာဝန်ရှိသူလားတဲ့။
ကျွန်မက
”ဟုတ်ပါတယ်၊ ကျွန်မ စာကြည့်တိုက်မှုးပါ ဘာအဆင်မပြေတာများရှိပါသလဲ” ဆိုတော့
” ဒီ စာရေးသူများ ရည်ညွန်းစင်တာ ဖွင့်ရတဲ့ရည်ရွယ်ချက်က စာရေးသူတွေ ရည်ညွန်းကိုးကားစရာရအောင်၊ စာဖတ်သူနဲ့ စာရေးသူတွေ တွေ့ခွင့်ရအောင်၊ ပြီးတော့ လူငယ်တွေ လွတ်လပ်စွာ စာပေလေ့လာနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်မဟုတ်လားတဲ့၊ ဒါဆို အိပ်နေတာကို ဘာလို့လာနှိုးသလဲတဲ့”
ကျွန်မပြန်ဖြေမိတာက ” ဟုတ်ကဲ့ မှန်ပါတယ်။ ဒါပေမယ့်
လွတ်လပ်စွာစာပေလေ့လာတယ်ဆိုတာ အိပ်တာကိုပြောတာမှမဟုတ်တာ” လို့။
ဒီတော့သူက
” မအိပ်စေချင်ရင် ”မအိပ်ရ” ဆိုတဲ့ စာကပ်ထားပေါ့”တဲ့။
ကျွန်မ နောက်ဆုံးပြန်ဖြေမိတာက
” သတိပေးချက် စာတမ်းတွေ၊ ဘာတွေ ညာတွေ ကပ်ထားမှ လိုက်နာမယ်ဆိုတဲ့ စိတ်ဓါတ်ကြီးကို မကြိုက်လို့ ဘာမှကပ်မထားဘူးရှင့်။ စာကြည့်တိုက်ထဲမှာ စကားကျယ်ကျယ်မပြောဖို့၊ မအိပ်ဖို့ အဲဒီလို စည်းကမ်းတွေကိုတော့ စာကြည့်ကိုသုံးနေတဲ့လူတိုင်း သိတဲ့စည်းကမ်းတွေပါပဲ” လို့ပြောလိုက်ပါတယ်။
သူလည်း ဟိုအကြောင်းပြော ဒီအကြောင်းပြောနဲ့ ပြန်သွားပါတယ်။ သူပြန်သွားတာကို ကြည့်ပြီး ကျွန်မ ဆက်တွေးမိပါတယ်။ အပြုအမှုတစ်ခုကို လုပ်သင့် မလုပ်သင့်ဆိုတာ ကိုယ်ပိုင်မတွေးခေါ်တော့ပဲ နံရံပေါ်မှာ ဘာစာကပ်ထားသလဲ ကြည့်၊ ဘာမှမရှိရင် လုပ်ချင်တာ လုပ်။ အဲ..ကပ်ထားပြန်ရင်လည်း လူလစ်ခိုးလုပ်မယ် ဆိုတဲ့ သူတွေ အတော်အတွေ့များလာပါတယ်။ ကျွန်မတို့ အထက်တန်းကျောင်းတုန်းက စာကြည့်တိုက်ထဲမှာ စည်းကမ်းတွေ အများကြီးကပ်ထားပါတယ်။
” တိုးတိုးပြောပါ” ”မုန့်မစားရ” ”စည်းကမ်းရှိပါ” ”ယူပြီးလျှင် နေရာတကျ ပြန်ထားပါ”
” စာရွက်များ မစုတ်ဖြဲရ” ” မအိပ်ရ” ”မဆော့ရ” စတဲ့ စတဲ့ များစွာသော စာတမ်းတွေပါ။
ဒီစာတမ်းတွေ ဖတ်မိပြီးကတည်းက စိတ်ထဲမှာ စွဲနေခဲ့တာကတော့ စာကြည့်တိုက်ဆိုတာ ဒါတွေ ရှောင်ကြဉ်ရမယ့် နေရာတစ်ခုပါလားပေါ့လေ။
ဒီလိုနဲ့ တက္ကသိုလ်ကြီးရောက်ပြန်တော့ ထပ်တိုးပြီးတွေ့လိုက်ရတဲ့ စည်းကမ်းက  ”စုံတွဲများ ချိန်းမတွေ့ရ” တဲ့။ ကျန်တဲ့စည်းကမ်းတွေကတော့ အတူတူပါပဲ။ ဒီတော့ ထပ်ပြီးနားလည်ရပြန်တာက စာကြည့်တိုက်ဆိုတာ အမျိုးအစားသာ ကွဲပြားမယ် စည်းကမ်းတွေကတော့ အတူတူပါပဲ ဆိုပြီး ခုချိန်ထိ အသုံးပြုခဲ့သမျှ စာကြည့်တိုက်တွေ အားလုံးကို ဒီလိုပဲ တိတ်တဆိတ်နဲ့ လိုက်နာကျင့်သုံးခဲ့ရတာပါပဲ။ ကျွန်မစာကြည့်တိုက်လေးထဲမှာတော့ အားလုံးသိပြီးသားဖြစ်မယ့် စည်းကမ်းတွေ ကပ်မထားခဲ့ပါဘူး။ဒီလိုနဲ့ ဖတ်ဖူးတဲ့ စာလေးစဉ်းစားမိတယ်။” ကိုယ့်ရဲ့လွတ်လပ်မှု့ဟာ သူတစ်ပါးကို ထိခိုက်စေရင် အဲဒါ လွတ်လပ်မှု့ မဟုတ်ပါဘူး”တဲ့။ ခုတော့ လွတ်လပ်မှု့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ညည့်နက်သန်းခေါင်ကြီး ဂစ်တာတွေ တီးကြ၊ အော်ကြ ဟစ်ကြ၊ သီချင်းတွေ အကျယ်ကြီးဖွင့်ကြနဲ့ အစွမ်းကုန်လွတ်လပ်နေတော့တာပဲ။ အလုံပိတ် အဲကွန်းခန်းတွေ၊ ကားတွေပေါ်မှာ ဆေးလိပ်သောက်ကြရဲ့၊ ရှေ့လူနောက်လူမကြည့်ပဲ ကွမ်းတွေ ထွေးလားထွေးရဲ့၊အမှိုက်တွေ ပြစ်ကြရဲ့နဲ့ အော် လွတ်လပ်လိုက်ကြတာနော်။ တစ်ဦးချင်းစီ စောင့်ထိန်းရမယ့် အရာတွေကို စောင့်ထိန်းသင့်သလားလို့ တွေးတောချိန်မရတော့တဲ့ ခေတ်ကို ရောက်ပြီဆိုတော့လည်း ဒီလိုစာတမ်းတွေ
နေရာတကာ ကပ်ထားရပြီပေါ့။
အော်……နီတိ..နီတိ…ဘယ်ဆီကိုမင်းရောက်နေသလဲ။ လေးဖြူရဲ့ သီချင်းလေးကို ညည်းရင်းနဲ့ပဲ ကွန်ပြူတာကိုဖွင့်ပြီး စာရိုက်မိပါတယ်။
” ဆေးလိပ်မသောက်ရ”
”တိုးတိုးပြောပါ”
”မုန့်မစားရ”
”မအိပ်ရ”
ဘာတွေကျန်သေးလဲ..အော်သိပြီ
”စည်းကမ်းရှိပါ”
”အမှိုက်များကို အမှိုက်ပုံးထဲသို့ စွန့်ပစ်ပါ”
”စာရွက်များကို မှတ်သားခြင်း၊ ခေါက်ချိုးခြင်း၊ စုတ်ဖြဲခြင်း မပြုရ”
…………………….
…………………..
…………………..
မနက်ဖြန် ပရင့်ထုတ်ပြီးရင်တော့ ကပ်ရဦးမှာပေါ့လေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...