Monday, June 13, 2011

အမှိုက်ပုံ


February 15, 2011


                                                   (ခ)
တဲ (၄) လုံးကြား သစ်ပင်ရိပ်အောက်တွင် လူ (၄၀) ခန့် ဝိုင်းစုထိုင်ကြသည်။ ကောင်းကင်ပြာ စာသင်ကျောင်း ကျောင်းအုပ်နှင့် တူမလေး မြတ်နိုဗယ်သန်းက လူအုပ်၏ ထိပ်တွင် နေရာယူလိုက်သည်။ လူ (၄၀) ခန့်ဆိုသည်မှာ ခလေးရော လူကြီးအပါအဝင် လူ (၄၀) ကို ဆိုလိုခြင်းဖြစ်သည်။ ခလေးများ ကို နှုတ်လိုက်လျင် လူကြီး (၂၀) ခန့်တော့ ရှိမည်ဖြစ်သည်။

ကျနော်တို့လူအုပ်၏ဘေးတွင် ရေမြောင်းတစ်ခုရှိနေသည်။ ရေမြောင်း၏တဖက်တွင် ကြံခင်းရှိနေပြီး ကြံခင်းကို သံဆူးကြိုးဖြင့် ကရော်ကမယ် ခြံကာထားသည်ကို တွေ့ရ၏။ ကျနော်တို့နှင့် ကိုက်၂၀၀ ခန့်အကွာ ကုန်းမြင့်ပေါ်တွင် အမှိုက်ပုံကြီးကို မြင်နေရသည်။ လေတင်ဘက်တွင် ဖြစ်ဟန်တူပါသည်။ အမှိုက်ပုံကြီးဆီမှ  အနံ့အသက်များက ကျနော်တို့ဆီ ရောက်မလာကြ။

လူအုပ်ထဲတွင် အရွယ်မျိုးစုံ ကလေးတွေ ရှိနေသည်။ ရင်ခွင်ပိုက် ခလေးမှအစ အသက် ၁၀ နှစ်ခန့် ခလေးအထိ ဝင်ထိုင်နေကြသည်။ ခွေးဆယ်ကောင်ခန့်ကလည်း ကျနော်တို့လူအုပ်ဘေးတွင် အိပ်သူအိပ် ဆော့သူဆော့ လုပ်နေကြသည်။ ကျနော်က တူမလေး မြတ်နိုဗယ်သန်းကို ဓါတ်ပုံရိုက်ပေးရင်း သူတို့ပြောဆို ဆွေးနွေးကြသည်များကိုလည်း နားထောင်နေမိသည်။

တူမလေး မြတ်နိုဗယ်သန်းက မြေဝယ်မည့်ကိစ္စ၊ မြေဝယ်ပြီးလျင် ဝယ်ပေးထားသည့် မြေပေါ်တွင် စည်းကမ်းရှိရှိ အတည်တကျ နေထိုင်ရေးကိစ္စများကို ရှင်းပြနေသည်။ မြေဝယ်မည့်ကိစ္စ ဝယ်ထားသည့်မြေပေါ်တွင် ပြောင်းရွှေ့နေချင်သည့်ဆန္ဒ ရှိ မရှိ။ အချက် တစ်ချက်ချင်းစီ ရှင်းပြနေသည်။
မြေဝယ်ပေးလျင် ဝယ်ပေးသည့်မြေပေါ်တွင် အားလုံးလိုလိုက ပြောင်းရွှေ့နေကြမည့်အကြောင်း အကယ်၍ မြေဝယ်မည်ဆိုလျင် အမှိုက်ပုံနှင့်လည်း မနီးမဝေးဖြစ်ရမည်၊ စိုက်ပျိုးစားသောက်လို့ရသည့်မြေလည်းဖြစ်ရမည်၊ အကယ်၍ ပုလိပ်လာလျင်လည်း အလွယ်တကူ ထွက်ပြေးပုန်းအောင်းလို့ ကောင်းသည့် တောနှင့်လည်းနီးရမည်။ ဝိုင်းထိုင်နေသူများက စိတ်ဝင်တစား တက်တက်ကြွကြွပင် ပြန်လည်ဆွေးနွေးနေကြသည်။ နောက်ပြောင် ပြောဆိုငြင်းခုန်နေကြသည်။ 

ကျနော်က ဓါတ်ပုံ တစ်ပုံ နှစ်ပုံခန့်ရိုက်ပေးပြီးနောက် လူအုပ်ဘေးက အိမ်ထရံအစွန်းတွင် လာထိုင်နေသည့် အသက် ၃ နှစ်ခန့်အရွယ် ခလေးမလေးတစ်ဦးကို စိတ်ဝင်စားနေမိပြန်သည်။ သူက သနတ်ခါး ဘဲကြားလူးလျက်။ အိမ်ထရံကို မှီပြီး ထိုင်နေပုံကအစ ခတ်နွဲ့နွဲ့လေး ဖြစ်နေသည်။ သူ့ ဘေးနားကို တိုးကပ်သွားပြီး သူ့ လက်မောင်းလေးကို ကျနော်ကိုင်တော့ ကျနော့်ကို အနည်းငယ် ရှက်ရွှံ့သလို မေါ့ကြည့်သည်။ ကျနော်က သူ့မျက်နှာလေးကို ကြည့်ကာ ပြုံးပြလိုက်သည်။
                                        ရွှေမင်းသမီးလေးပါ...
သမီးနာမည်ဘယ်လိုခေါ်သလဲလို့ ကျနော်မေးတော့ သူက ချက်ချင်းဆိုသလို ပြန်ဖြေသည်။ သို့ သော် အသံတိုးလွန်းသဖြင့် သူ့ စကားကို သဲကွဲစွာမကြားရ။ ထပ်မေးရသည်။ သူကလည်း အသံမြှုင့်ပြီး ပြန်ဖြေသည်။ သို့ သော် သူ့ လေသံက ပျော့ပျော့လေး။ ချစ်စရာ ကြည်လင်သည့် အသံ။ သူ့ နံမည်ကို ကျနော်ကြားတော့ ကုန်းထားသည့် ကျနော့်ခါးသည်ပင် ဆန့်သွားသည်ဟု ယူဆလိုက်မိသည်။
“ ရွှေမင်းသမီး ”
ကျနော်က သေချာစေရန် ထပ်မေးသည်။ သူကလည်း သည်နံမည်ကိုပဲဖြေသည်။ ကျနော် သဘောကျသွားရသည်။ ကျနော်နှင့် ရွှေမင်းသမီးကို ဘေးက အမျိုးသမီးကြီး နှစ်ယောက်က ကြည့်နေသည်။ သူတို့မျက်နှာများက ရွှေမင်းသမီးပြောပြသမျှ သဘောတူထောက်ခံကြောင်း ဖေါ်ပြနေသည်။ ထို့ကြောင့် ရွှေမင်းသမီးကို ကျနော် ကြေနပ်သွားရသည်။ နောက်ကို အသာဆုပ်ကာ ရွှေမင်းသမီးလေးကို ဓါတ်ပုံရိုက်သည်။
လူတွေ ဆူဆူညံညံပိုဖြစ်လာသဖြင့် လူအုပ်ဖက် အာရုံပြန်ရောက်သွားရပြန်သည်။ အမျိုးသမီးကြီးတစ်ဦးက အရင်တစ်ခေါက်က ရထားသော အလှူပစ္စည်းများကို တနေရာတွင် သိမ်းထားသည့်အကြောင်း ပစ္စည်းတွေ ရောင်းစားသည်ဟုပြောသည့် ပစ္စည်းမရလိုက်သူများ၏ ဒီစကားကို မယုံကြည်ဖို့ တူမလေးမြတ်နိုဗယ်သန်းကို ရှင်းပြနေသည်။ သူက ပြောလည်းပြော သူနှင့် လေးငါးယောက်အကွာက အမျိုးသမီးများဆီ မျက်စေါင်းတထိုးထိုး လုပ်သည်။ 
                      ဦးဆောင်ဆွေးနွေးနေတဲ့ တူမလေး မြတ်နိုဗယ်သန်း

အစည်းအဝေးလာတက်သူများထဲတွင် အမျိုးသမီးများက အများစုဖြစ်နေသည်။ ယောင်္ကျားတွေက အလုပ်သွားလုပ်နေကြသည်။ တချို့က နေ့စားသွားလုပ်နေကြကြောင်း တချို့က ကြံခုတ်လိုက်ကြကြောင်း အစည်းအဝေးအစကတည်းက ပြောခဲ့ကြသည်။ ရောက်နေသည့် ယောင်္ကျားကြီး သုံးလေးဦးကလည်း ပြောသမျှကိုသာ နားထောင်သည်။ ဘာတခွန်းမျှ ဝင်မပြော။
အစည်းအဝေး အလည်လောက်ရောက်တော့ ဘေးက တဲအောက်တွင်ထိုင်နေသည့် အမျိုးသားတစ်ဦးက ထလာကာ အစည်းအဝေးအတွင်း ဝင်ပြောသည်။ သူက အော်ကျယ်အော်ကျယ်နှင့် ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြောကြဖို့ သူများက စေတနာနဲ့ ငွေအကုန်ခံပြီး မြေဝယ်ပေးမှာကို မနေချင်ဘူးဆိုလျင် အခုကတည်းက ပြတ်ပြတ်သားသား အဖြေပေးကြဖို့ အော်ပြောလိုက်သည်။

အစည်းအဝေးက အစကိုပြန်ရောက်သွားပြန်သည်။ တူမလေး မြတ်နိုဗယ်သန်းက နေကာမျက်မှန်ကို နဖူးထိပ်ပေါ်တင်ရင်း စာအုပ်ကိုဖြန့်ကိုင်ရင်း ညာဖက်လက်က ဘောလ်ပင်ကိုကိုင်ရင်း ပြောသမျှစကားကို နားထောင်သည်။ ပြီးတော့မှ မြေဝယ်မည့်ကိစ္စ သဘောတူမတူ အကြိမ်ကြိမ် ပြန်ပြီး အတည်ပြုချက်ယူရပြန်သည်။ ထိုအခါကျပြန်တော့လည်း လူတိုင်းလိုလိုက သဘောတူကြောင်း ပြန်ပြောကြသည်။ ရှေ့နားတိုးထိုင်ရင်း တချိန်လုံး တက်တက်ကြွကြွ နောက်ပြောင်ပြောဆို ဆွေးနွေးနေသည့် အမျိုးသမီးကြီးနှစ်ဦး၏ သဘောတူကြောင်း အော်ပြောနေသည့်အသံက အားလုံးကို လွှမ်းသွားသည်။
ထိုအမျိုးသမီးကြီး နှစ်ဦးမှာ လူအုပ်ထဲတွင် အတက်ကြွဆုံးဖြစ်သည်ကို ကျနော် သတိထားမိသည်။ သူတို့က ရယ်စရာလည်းပြောသည်။ တူမလေးမြတ်နိုဗယ်သန်းက မြေဝယ်ပြီးလျင် ဖဲရိုက်လို့ အရက်သေစာ သောက်စားမူးယစ်လို့ မြေဝယ်ပေးသူက ကြားသွားလျင် မကောင်းကြောင်း ပြောစဉ်တုန်းကလည်း သူတို့နှစ်ဦးကို လူတွေက ဝိုင်းပြီး လက်ညှိုးထိုးခဲ့ကြသည်။ သူတို့နှစ်ဦးကလည်း ရယ်မောပျော်ရွှင်စွာပဲ ဟုတ်ကြောင်း ဝန်ခံသည်။ မြေဝယ်ပေးလျင် ဒီအလုပ်တွေ မလုပ်တော့မယ့်အကြောင်း ပြောခဲ့ကြသည်။ ယောင်္ကျားတွေ အရက်သောက်တာ သူတို့ တာဝန်မယူကြောင်းတော့ ပြောနေကြသေးသည်။ အကယ်၍ ယောကျာင်္တွေက အရက်ဆက်သောက်နေလျင်တော့ သူတို့ လည်း ဖဲဆက်ရိုက်ကောင်း ရိုက်ရလိမ့်မည်ဟု ပြောနေသည်။ လူတွေက သူတို့ နှစ်ယောက်ကို ဝိုင်းဝန်းရယ်မော ကန့် ကွက်လိုက်ကြသည်။

လူအုပ်ဘေးတွင်ရပ်ကာ “အပြာရောင်ကောင်းကင် စာသင်ကျောင်း” ကျောင်းအုပ်ကြီးကို ကျနော်ကြည့်သည်။ သူက စကားသိပ် မပြော။ လိုအပ်မှ ဝင်ပြောသည်။ တူမလေး မြတ်နိုဗယ်သန်း ဘေးတွင် ရပ်နေလိုက်၊ ထိုင်ပြီး မြေကြီးကို တုတ်နှင့် ခြစ်လိုက် လုပ်နေသည်။ အမှန်တကယ်တော့လည်း သူက မြတ်နိုဗယ်သန်းကို ကူညီသည့်သဘော လိုက်လာခဲ့ခြင်းဖြစ်သည်။ လူစုပေးရန် လိုက်လာခဲ့ခြင်းဖြစ်သည်။ သို့ သော် မြေဝယ်မည့်ကိစ္စကိုတော့ သူလည်း တစုံတရာတက်တက်ကြွကြွ ဝင်ပြီး ဆွေးနွေးခဲ့သည်။ အထူးသဖြင့် မည်သည့်နေရာက မြေကိုဝယ်သင့်သလဲဟု မေးခွန်းထုတ်ကာ ဝယ်သင့်သည့်မြေကို သူကပဲ ဖြည့်စွက်အကြံပြုခဲ့သည်။ မည်သည့်မြေနေရာမျိုးကို ဝယ်သင့်သလဲဟု ဆွေးနွေးကြသောအခါ ပုလိပ်လာလျင် အလွယ်တကူ ထွက်ပြေးပုန်းအောင်းလို့ လွယ်ကူသည့် မြေနေရာဖြစ်လျင် အကောင်းဆုံးဖြစ်မည်ဟု တညီတညွတ်တည်း တင်ပြနေကြသည်ကို နားထောင်ကာ ကျနော့်မှာ ပြုံးမိသည်။

အစည်းအဝေးမှာ နာရီဝက်နီးပါး ရှိလာခဲ့ပြီ။ မြေဝယ်သည်ကို သဘောတူကြောင်း အတည်ပြုနိုင်ခဲ့ပြီ။ ယခင်အပါတ်က အလှူရှင် ဥရောပတိုက်သား ဇနီးမောင်နှံတို့၏ အလှူပစ္စည်းများကိစ္စဘက် ရောက်သွားပြန်သည်။ မြတ်နိုဗယ်သန်းက ပစ္စည်းတွေ ပြန်ရောင်းမစားကြဖို့ ပြောသည်။ ထိုင်နေသူများက ပစ္စည်းတချို့ မြန်မာပြည်ပြန်ပို့ လိုက်တဲ့အကြောင်း ပြောနေကြပြန်သည်။ တချို့က ပုလိပ်လာလျင် လူတွေ ထွက်ပြေးနေစဉ် တဲပေါ်က ပစ္စည်းအကောင်းဟူသမျှ ကားနဲ့ တင်ယူသွားသည့်အကြောင်း၊ မွေးထားသည့် ကြက်နှင့်ဝက်တွေကိုပင် ပုလိပ်တွေက ယူသွားကြသည့်ကြောင်း၊ တဲတွေကို ဓါးနှင့်ခုတ်လှဲ ဖျက်ဆီးထားခဲ့သည့်အကြောင်း ဒါကြောင့်မို့ အပိုပစ္စည်းများ ပစ္စည်းကောင်းများကို ရောင်းသင့်တာရောင်း မြန်မာပြည်ပြန်ပို့ သင့်တာပို့  လုပ်ကြရသည့်အကြောင်း ကြွက်ကြွက်ညံအောင် ရှင်းပြနေကြသည်။ သို့ သော် တဲမိုးဖို့ရထားသည့် မိုးကာစများကိုတော့ အားလုံးလိုလို သိမ်းထားကြသည့်အကြောင်း ပြောကြသည်။

သူတို့တတွေ အခုလို ထိုင်းပုလိပ်များနှင့် ရင်ဆိုင်ရပုံကို ကြားတော့ လွန်ခဲ့သော (၁၄) နှစ်က ရှေ့တန်းသို့ ခရီးထွက်ခဲ့သည့် အတွေ့အကြုံတချို့ကို ကျနော် ပြန်ပြီး သတိရလာခဲ့သည်။ ထိုစဉ်က ဖါးအံမြို့နယ်ထဲက မဲပလိကျေးရွာထဲ ကျနော် ရောက်နေစဉ် စစ်အစိုးရစစ်တပ်ရောက်လာလို့ တရွာလုံး ထွက်ပြေးရသည်ကို တွေးမိလာသည်။ ကျနော်က  ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ရွာသားများနှင့်အတူ ဖြတ်ပြေးနေစဉ် ရွာထဲက သေနတ်သံတွေ ခွေးဟောင်သံတွေ ကြားနေခဲ့သည်။ စစ်သားတွေ ရွာထဲက ပြန်ထွက်သွားတော့ ရွာသားတွေ ပြန်ဝင်လာကြသည်။ အိမ်တချို့က အဝတ်အစားများ ဒန်အိုးဒန်ခွက်များ ပျောက်ဆုံးကုန်သည်။ အိမ်တချို့ကို စစ်သားများက မီးတင်ရှို့ထားခဲ့ကြသည်။ မွေးထားသည့် ကြက်နှင့် ဝက်များကို ပစ်သတ်သွားကြသည်။ တချို့ ဖမ်းယူသွားကြသည်။ 

လေတချက် အဝေ့တွင် အမှိုက်ပုံကြီးဆီက ညှီစို့စို့ အောက်သိုးသိုးအနံ့များ ကျနော်တို့ဆီ ရောက်လာကြပြန်သည်။ ကျနော်က အမှိုက်ပုံကြီးဆီ လှမ်းမျှော် မေါ့ကြည့်ကာ အမှိုက်ပုံကြီးနံဘေးတဝိုက် တဲထိုးပြီး နေကြသည့် မိသားစုများအတွက် ပင့်သက်ရှိုက်မိသည်။ အထူးသဖြင့် ခလေးသူငယ်များရဲ့ကျန်းမာရေးအတွက် ကျနော် စိတ်ပူသည်။ မိုးတွင်းရောက်လာလျင် ကြုံတွေ့ ရမည့်အခြေအနေကို ခန့်မှန်းပြီး သက်ပြင်းချမိသည်။ ယခုပင်လျင် မြေတချို့က အစိုဓါတ်ရှိနေသည်။ ကျနော်တို့စကားဝိုင်း၏ဘေးတွင် ရေဗွက်တချို့ ရှိနေသည်။

သတိရလို့ ကျနော့်မိတ်ဆွေ “ ရွှေမင်းသမီးလေး ” ဆီ ကျနော် လှမ်းကြည့်ရပြန်သည်။ ရွှေမင်းသမီးလေးက ကျနော့်ကို အားအင်ဖျော့တော့သော အကြည့်ဖြင့် ပြန်ကြည့်နေသည်ကို တွေ့ရ၏။

ငြိမ်းဝေ
( အပိုင်း -ဂ- ကို ဆက်လက်ဖတ်ရှုပါရန်....)

http://sandaywe.blogspot.com/ မှ ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...