Tuesday, June 7, 2011

ကျမတို့ နိုင်ငံခြားကျောင်းသားဘဝ

by Eingyin Khaine on Wednesday, June 8, 2011 at 9:53am
ကျမ မနက်က လမ်းမှာ လီလီနဲ့တွေ့သည်။
"ဟယ်လီလီရေ မတွေ့ရတာကြာလှပြီလှလာလိုက်တာ ဘယ်သွားမလို့လဲ" ဆိုတော့
"ငါအဆောင်ပြောင်းမလို့ အခန်းသွားကြည့်မလို့လေ လှအောင်တမင်ပြင်ထားတာဟ ငါ့ချစ်သူနဲ့ ကွဲသွားပြီ" "ဟင် ဟုတ်လား ဟိုနင်ပြောပြတဲ့ ကိုရီးယားကောင်လေးလား" " အေး.... ရီးစားနဲ့ ပြတ်တော့တမင်လှအောင်လုပ်ထားရတာ စိတ်တော့ညစ်တာပေါ့၊ နောက်မှနင်ငါ့အခန်းအသစ်ကိုလာလည် ထမင်းအတူစားကြမယ်"....


လီလီနဲ့ကျမက မနှစ်ကကျာင်းမှာ အတန်းအတူတက်ရင်း ခင်သွားကြသောသူငယ်ချင်းတွေ။ အတန်းက အနောက်တိုင်းဒဿနိက အထူး  ပါမောက္ခသင်သည့်အတန်းပေါ့၊ ဆရာက အလွန်အဆူသန်သည်။ စာသင်ရာတွင်လည်း အားနဲ့မာန်နဲ့သင်တတ်သည်။ အတန်းတွင် ကျမတို့နှစ်ယောက်သာ တခြားဘာသာမှဖြစ်ပြီး ကျန်တာသူတို့ဆိုင်ရာဘာသာရပ်က ကိုရီးယားကျောင်းသားတွေဖြစ်သည်။ ကျမက အာရှနှိုင်းယှဉ်သမိုင်း၊ လီလီက ကိုရီးယားဘာသာစကားအထူးပြုယူသူဖြစ်သည်။၊ လီလီနှင့် ကျမက ပျော့စိပျော့စိနှင့် ဆရာကိုကြောက်တာကြောင့် အသံကလည်း မထွက်ကြ၊ နှစ်ယောက်လုံးက စကားပြောရင် ချွဲသလိုပြောတတ်တာကြောင့်ထင်သည် ကျမတို့နှစ်ယောက်ကိုတော့ဆရာက သိပ်မဆူပါ။ ဆရာက ကျမကမြန်မာဆိုတော့ဒီဘက်ဌာနမှာ မမြင်ဖူးတော့ကျမကို တခြားသူတွေရှေ့ထွက်ပြီး မြန်မာလို စာကြောင်းရေးခိုင်းသည်။ ကျောင်းသားတွေက ကျမရေးပြတဲ့ မြန်မာစာကိုမမြင်ဖူးတော့ လုံးလုံးလေးတွေဆိုပြီး တအံ့တသြနဲ့လေ၊ ဆရာကလည်း အရှေ့တောင်အာရှ ဘာသာရပ်သည်စိတ်ဝင်စားဖို့ကောင်းသည်ဟု ပြောသည်။ လီလီ့အကြောင်းကိုလည်း မေးသည်။

လီလီကတော့ တရုတ်မလေးပါ။ ကျောင်းမှာ တရုတ်ကျောင်းသားတွေများသည်။ လီလီက အတန်းထဲတွင်ဆရာကိုပြောပြရာတွင် ကျမသည် တအံ့တသြောဖြစ်ရသည်။ သူက သူ့အထက်ကအကိုမွေးပြီးထပ်မွေးလို့ သူ့အဖေအဖမ်းခံရသည်တဲ့ နောက်တော့ သူ့အတွက်နှစ်စဉ်အခွန်ဆောင်ရသည် ခုချိန်ထိဆို တော်တော်များသည်။ သူ့ညီမလေးကိုတော့ သူများကို မွေးစားဖို့ပေးလိုက်ရသည်တဲ့၊ ဆရာက လီလီက အတော်ဈေးကြီးတာပဲဟု ရီမောရင်းပြောခဲ့ပါသည်။ အဲဒီတုန်းက အတန်းမှာ သင်ရတဲ့စာအုပ်ကလဲ Michel Focault ရဲ့ဒဿနတွေကို အင်္ဂလိပ်လိုသင်ရသည်။ စာတစ်ကြောင်း တစ်ကြောင်းကိုပဲအရှည်ကြီး၊ ကျမတို့ အလွန်ခက်သောစာတွေကို ကလယ်ကလယ်နဲ့ စာအတူလုပ်ကြရင်းခင်သွားကြသည်။ သည့်နောက်ကျောင်းက လေ့လာရေးခရီး ဂျယ်ဂျူဒိကို သွားရင်း ပိုခင်သွားသည်။ အဲဒီတုန်းက သူ့ချစ်သူကောင်လေးအကြောင်းပြောပြသည်။ တကယ်တော့ လီလီက စကားနဲသည်။ ကျမကိုသာ ပြောပြခြင်းဖြစ်သည်။ သူက ခုစိတ်ညစ်နေကြောင်းပြောသွားသေးသည်။ ကျမလည်း စိတ်မကောင်းပါ။

လီလီ့လိုတခြားတရုတ်ကျောင်းသားသူငယ်ချင်းတွေကျမတွင်ပေါပေမယ့် ကျောင်းတွင် ဗီယက်နမ်တွေလည်းများသည်။ ကျမတို့ဌာနတွင် ၈ယောက်လောက်ရှိသည်။ ကျမတို့မေဂျာတွင် လက်ရှိ၂ယောက်ရှိသည်။ ကျမ အရင်အဆောင်က ဗီယက်နမ်မလေးကိုသတိရမိသည်။ ကျမ မနှစ်မိုးတွင်းမှာ မြန်မာပြည်ကို စာတမ်းအတွက်ပြန်သွားကာ ၂လလောက်ကြာပြီး ကိုရီးယားကို ပြန်လာတော့ ယခင်ကျောင်းပြီးဆဲ့ဗီယက်နမ်မလေးအခန်းကို နေဖို့ပြောထားတော့ လေဆိပ်က အဆောင်ကို တန်းသွားရသည်။ အထုပ်အပိုးတွေနဲ့ အတော် ဒုက္ခရောက်ခဲ့သည်။ ဒီမှာ အလုပ်လုပ်တဲ့ မြန်မာသူငယ်ချင်းက ကူလို့သာ တော်သေးသည်။ နောက်တော့ အဲဒီအဆာင်က ကျမအခန်းဘေးတွင်နေသည့် ဗီယက်နမ်မ ပိန်ပိန်လေးက အခန်းကိုလာကာ မိတ်ဖွဲ့သည်။

အဆောင်တွင် ကျန်သည့်ကျောင်းသားတွေက တရုတ်တွေဖြစ်သည်။ ကောင်လေးကတစ်ယောက်သာရှိသည်။ ကျန်တာကောင်မလေးတွေ တချို့ကတခန်းထဲ ၂ယောက်အတူနေသည်။ အဲလိုနေရင် အခန်းခသက်သာသည်။ တော်တော်များများကတော့ တယောက်စီသာ နေလေ့ရှိသည်။ ခုနကကောင်မလေးအကြောင်းပြောပြပါမည်။ သူက သူရီးစားတွေအကြောင်းလာလပြောပြသည်။ သူကအလုပ်လဲလုပ်သည်။ ဘာသာစကားလာသင်ပေမယ့် ကျမတို့လို့ ကျောင်းဗီဇာနဲ့ မတူပဲကွာသည်။ သူ့ကောင်လေးတွေက ကိုရီးယားကောင်လေးတွေ။ကောင်လေးတွေဆိုတာ ရီးစားတွေပါ တပြိုင်နက်တော့မဟုတ်ပါ။
ပထမရီးစားနဲ့ပြတ်တော့ ငိုလိုက်ရတာ နေမကောင်းဖြစ်ပြီးဆေးရုံတောင်ရောက်ကြောင်းနဲ့ အစုံပြောပြသည်။ ကျမရောက်တော့ နောက်တယောက် နောက်၂ပါတ်လောက်နေတော့ ပြတ်သွားသည်။ နောက် တပါတ်လောက်နေတော့ အသစ်တယောက်၊ ကိုရီးယားကျောင်းသားလေးပဲဖြစ်ပါသည်။ ကျမက "နင်ကိုရီးယားဆို အဲလိုပဲနေမှာပေါ့ ဗီယက်နမ်ကိုပဲ ကြိုက်ပါလား" ဆိုတော့ သူကမကြိုက်ဘူးလို့ဆိုသည်။ ဟုတ်မှာပေါ့ ဗီယက်နမ်ကောင်လေးတွေက ဖြူပေမယ့် ဘာကွာမှန်းတော့မသိပါ ကိုရီးယားကောင်လေးတွေက ရှိုးအပြည့်မို့ထင်သည် ပိုကြည့်ကောင်းသည်။ အရပ်မြင့်မြင့်တောင့်တောင့်လေးတွေများသည်ကိုး။ သူက သူ့ရီးစားအကြောင်းပြောရင်ပျော်နေသည်။ သူကပြောသည် "ငါတို့က နိုင်ငံခြားမှာ မိသားစုနဲ့ခွဲပြီးလာနေနေရတာ အထီးကျန်တယ် ရီးစားတော့ ရှာရထားရမယ်"တဲ့၊ သူပြောသလိုပါပဲ တကယ်တော့ ကျမတို့တွေက အလုပ်ဘယ်လောက်များနေနေ အချိန်မရှိ အမြဲပြေးလွှားနေရပေမယ့် မိသားစုနဲ့ဝေးနေရတော့ လွတ်လပ်ပေမယ့် တခါတလေ အထီးကျန်တာပဲပေါ့။ ဒီတော့ တယောက်ထဲရှိတဲ့အချိန်မှာ ကွန်ပြူတာ အင်တာနက်ကအမြဲအဖော်လိုနေကြရသည်။ သူဆို မနက်အစောကြီး ကွန်ပြူတာဖွင့်ပြီး သူ့အမေနဲ့ ချက် (Chatting)နေတာ ကျမအခန်းက ကြားရမြဲ၊ တခြားကျောင်းသားတွေလည်းသည်လိုပါပဲ။ သည်အဆောင်မှာ ကျန်တဲ့ကျောင်းသူတွေအသံကလည်း မနက်ဆို မပျင်းရအောင်ကြားရပါသည်။ နောက်ပြီး သူ့လိုပဲ အဆောင်က ကျန်တဲ့ တရုတ်မလေးတွေလည်း ဒီမှာ အာရဘိုက်ခေါ်တဲ့ အချိန်ပိုင်းအလုပ်တွေကို အပြေးအလွှား လုပ်ကြသည်။ မဟာကျောင်းသားတွေကတော့ စာများတော့ လုပ်လေ့မရှိကြပါ။

အဆာင်ကအကြောင်းပြန်ပြောပါအုံးမည်။ ကျမတို့ကျောင်းပါတ် ၀န်းကျင်တွင် အပြင်ဆောင်တွေတအားပေါပါသည်။ အခန်းတိုင်းကတော့ အမြဲအပြည့်ပါ။ ကျောင်းသားတွေကလည်း အဆောင်ပေါတော့ မကြိုက်တာနဲ့ရှာကာ မကြာခဏပြောင်းကြသည်။ နေရာကလည်း တဆောင်နဲ့တဆောင်နီးတော့ သူငယ်ချင်းအချင်းချင်းကူကာအထုပ်သယ်ကာပြောင်းကြသည်။ ကျောင်းသားတွေဆိုတော့ နှမျောရကောင်းမှန်းမသိဘူးထင်ပါသည်။ အ၀တ်အစား၊ ဖိနပ် အိုးခွက်ပန်းကန်တွေကအစ အသစ်တွေကို ဒီအတိုင်းပစ်ထားကာပြောင်းကြသည်။ နောက်တော့ အသစ်ပြန်ဝယ်ကြသည်။ နိုင်ငံခြားသားကျောင်းသားတွေကတော့ အချင်းချင်းပေးပစ်ခဲ့ကို ပြန်သုံးတာ၊ ဌားသုံးကြတာလည်းရှိသည်။ တခါတလေ အခန်းထဲမှာ ကျန်ခဲ့လို့ အိမ်ရှင်ကမသိမ်းရင် ဒီအတိုင်းသုံးရလျင်သုံး မဟုတ်လဲ ရှင်းပစ်ရသည်။ ကျမလည်း အဆာင်ပြောင်းတုန်းက အ၀တ်တွေ(အထူးသဖြင့် လေးတဲ့ အနွေးထည်တွေ)မသယ်နိုင်တော့ ခဏခဏလွင့်ပစ်လိုက်ဖူးသည်။ အဲလိုလုပ်တာကို ကျမ ယခင်အလုပ်တုန်းက ဆရာက နင်လည်း ဒီကကိုရီးယားကျောင်းသားတွေလိုပဲ အနှောမျောမရှိဘူးလို့ဆူသည်။ ကိုယ်မှမသယ်နိုင်ဘဲကိုး..ထားပါတော့။  ကျမလည်း အဆောင်ပြောင်းတာခုဆို ၄ခုရှိပြီ။ ဒါတောင် ကျမကအနဲဆုံး မပြောင်းဘဲနေတာ တခြားသူငယ်ချင်းတွေဆို ၃လတခါလောက်ပြောင်းနေသည်။

အဆောင်မှာ ကျောင်းသားပေါင်းစုံတွေ့ရသည်။ အထူးသဖြင့် နိုင်ငံခြားသားဆို တရုတ်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတွေ၊ အများအားဖြင့်ကိုရီးယားကျောင်းသားတွေပေါ့၊ ကျန်တဲ့ အနောက်တိုင်းသားတို့ ပါကစ်စတန်လို အိန္ဒိယလိုကျောင်းသားတွေက သီးသန့်နေကြသည်။ ထိုင်းနဲ့ ဂျပန်ကတော့ သည်ကျောင်းတွင်ရှားသည်။ သည်နေရာတွင် အတင်းပြောလိုက်ရအုံးမည်၊ တရုတ်ကျောင်းသူတွေရှိတဲ့ အဆောင်ဆို ဟင်းအလွန်ချက်စားကြကာ ညစ်ပါတ်သည်၊ ဗီယက်နမ်မတွေများလျှင်တော့ စကားများတာ အလွန်ကိုဆူညံသည်။ သူတို့အသံကလည်း ထောက်တောက်တောက်ကြီး အသံက ယိုးဒယားနဲ့တော့ဆင်သလိုပါပဲ။ အဆောင်မှာ တခါတလေ စကားများရန်ဖြစ်ကြတာလည်းရှိသည်။ ကျမတောင်ဖြစ်ဖူးသည် (နောက်တော့မှ ရေးပါမည်)။
ကျမခုနကပြောတဲ့ အဆောင်က ကျောင်းသားတွေအတွက် မီးဖိုသီးသန့် မပါပါ။ အခန်းထဲတွင် ဂက်စ်မီးဖို အသေးလေးတွေနဲ့ ချက်စားကြသည် အဆောင်က အဖွားကြီးကလည်း ပိုင်ရှင်မဟုတ်ပါ။ လာစောင့်ပေးသည်ထင်ပါသည်။ မနက်ဆိုထွက်သွားပြီး ညနေဆိုမှပြန်ရောက်လာသည်။ များသော အားဖြင့် အဆောင်ရှင်က အပေါ်ထပ်ဖြစ်စေ ဘေးမှာဖြစ်စေ သီးသန့်နေပေမယ့် အခန်းတွေမှာ အိမ်ရှင်နှင့် အတူတွဲရှိသည်။ ကျောင်းသားတွေချက်စားဖို့ မီးဖိုနဲ့ သီးသန့် ရေခဲသေတ္တာ တစ်လုံးပေးထားလေ့ရှိသည်။ အဆောင်ရှင်တွေက သိပ်ချက်စားတာမကြိုက်ပါ ဂက်စ်ကုန်တယ်ဘာတယ်နဲ့ ...တခါတလေခေါက်ဆွဲပြုတ်တာတော့ ဘာမှသိပ်မပြောပေမယ့် နေ့တိုင်းချက်ရင် ပြောချင်သည်။

ရေချိုးခန်း အိမ်သာကတော့စုသုံးရသည် အဲဒီမှာ အ၀တ်လျှော်စက်ရှိသည်။ အဆောင်တိုင်း အ၀တ်လျှော်စက်ကတော့ရှိသည်။ အချိန်မရတော့ ဘယ်သူမှလည်း လက်နဲ့မလျှော်နိုင်ကြပါ။ အများအားဖြင့် ကျောင်းသားတွေက ညဥ့်နက်အထိလျှောက်လည် စာလည်းကျက်ပေါ့ မနက်ဆို ၁၀နာရီလောက်မှထကြသည် အိမ်သာကို အလုအယက်ဝင်ကြသည် တခါတလေ စောင့်နေရတတ်သေးသည်။ မနက်ဘက် အတန်းရှိလျှင် အိပ်ချင်မူးတူးနဲ့ ကပိုကရိုနဲ့ ပြေးကြတာမဆန်းတော့ပါ။ ကိုရီးယားကျောင်းသားတွေဆို လမ်းမှာပင်သွားပွတ်တန်ကြီးတန်းလန်းနဲ့ တိုက်ရင်းသွားတဲ့သူပင်တွေ့ရတတ်သေးသည်။

နောက်မှ ဆက်တင်ပါမည်။အများကြီးကျန်နေသေးလို့ အရှည်ကြီးဖတ်နေရမှာမို့ပါ...
သည်စာထဲမှာ သူ သူမနဲ့ ကျောင်းသူကျောင်းသားကို ရေးရတာရှည်လို့ သူနဲ့ ကျောင်းသားလို့ပဲရေးထားပါတယ်။

အင်ကြင်း

11:50 am
8 June 2011.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...