Saturday, October 22, 2011
လူထုအဓိကလူ့အဖွဲ့ အစည်းအယူအဆ မိတ်ဆက် (Introduction to Civil Society Concept)
ဝေါဟာရ၊ အယူအဆ နှင့် ချည်းကပ်မှု
အင်္ဂလိပ်ဘာသာဖြင့် (Civil Society) ဟု သုံးနှုံးလိုက်လျှင် နိုင်ငံတကာ၌ အများစု လက်ခံထားကြသည်မှာ အစိုးရနှင့်မပတ်သက်သည့် လူထုအသင်းအဖွဲ့ များနှင့် ပရဟိတအသင်းများဖြစ်ပါသည်။ ရှေးပညာရှိများ၏ အဆိုအမိန့် များကို လေ့လာရာ၌မူ (Civil Society) ဟူသောစကားလုံးဖြင့် လူ့ အဖွဲ့ အစည်းတရပ်လုံးကို ကိုယ်စားပြု၍ စဉ်းစားတွေးခေါ်သွားမှုများ ရှိခဲ့ကြောင်းတွေ့ ရသည်။ ဤမိတ်ဆက်တွင် (Civil Society) ကို လူထုအဓိကလူ့ အဖွဲ့ အစည်း ဟူ၍ ခေါ်ဆိုသုံးစွဲသွားပါမည်။ အစိုးရနှင့်မပတ်သက်သည့် လူထုအသင်းအဖွဲ့ များ နှင့် ပရဟိတအသင်းများသည် လူထုအဓိကလူ့ အဖွဲ့ အစည်းတရပ်လုံးတွင် အရေးပါသောအစိတ်အပိုင်း မှ ပါဝင်နေသည့် သဘောကိုလက်ခံပါသည်။ ဆိုလိုသည်မှာ အစိုးရနှင့်မပတ်သက်သည့် လူထုအသင်းအဖွဲ့ များ နှင့် ပရဟိတအသင်းများအခြေခံမှ လူ့ အဖွဲ့ အစည်းတရပ်လုံးကို ချည်းကပ်သွားရန် ဖြစ်ပါသည်။
အလျားလိုက်နှင့် ဒေါင်လိုက်ဆက်ဆန်ရေး၏ သဘော
လူထုအဓိကလူ့အဖွဲ့အစည်းအယူအဆသည် တိုင်းပြည်တွင် အစိုးရ၏ အရေးကြီးသောအခန်းကဏ္ဍကို မပစ် ပယ်ပါ။ သို့ရာတွင် လူတဦးခြင်းစီ၏ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ ဘ၀တိုးတက်မှုကို ရှာဖွေ၇ာ၌ နိုင်ငံတော်အာဏာကိုရယူထားသော အစိုးရကသာလျှင် စွမ်းဆောင်သွားမည်ဟူသောအယူအဆနှင့် တိုင်းပြည် ဖွဲ့စည်းတည်ဆောက်မှုမျိုးကို လက်မခံပါ။ ဒေါင်လိုက်ဆက်ဆံရေး ( Vertical Relationship ) ကို အားကောင်း အောင်ပြု၍ အလျားလိုက် ဆက်ဆံရေး ( Horizontal Relationship )ကို   ထိမ်းချုပ်သွားမည်ဟူသော အယူ အဆမျိုးဖြင့် တိုင်းပြည်ကိုတည်ဆောက်မည်ဆိုလျှုင် အရာရာကို အစိုးရကသာထိမ်းချုပ် လုပ်ဆောင်သွားတော့ မည် ဖြစ်သဖြင့် လူထုအဓိကလူ့အဖွဲ့အစည်း တည်ရှိရန်မလိုပါ။
ပြည်သူအချင်းချင်းကြားအလျားလိုက် ဆက်ဆန်ရေးကို အားကောင်းအောင် တည်ဆောက်၍ အစိုးရနှင့် ပြည်သူကြား ဒေါင်လိုက်ဆက်ဆန်ရေးကို ထောက်ကူ၊ ကြပ်မတ်ကာ လူ့အဖွဲ့အစည်းကို တိုးတက်အောင် ဆောင်ရွက်သွားရေးအတွက်  လူထုအဓိက လူ့အဖွဲ့အစည်းက အခြေပြုသည်။ ဤနည်းဖြင့် ရှင်းရှင်းလင်းလင်း နှင့်၊ တာဝန်ခံမှုရှိ၍၊ ဥပဒေစိုးမိုးမှုအခြေခံတွင် ကောင်းမွန်သော လွှမ်းမိုးအုပ်ချူပ်မှုပေါ်ပေါက်ပြီး၊ လူတိုင်းလူ့ ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်ရှင်သန်ခွင့် ရှိစေမည့် လူ့အဖွဲ့ အစည်းမျိုးပေါ်ပေါက်လာစေရေးအတွက် ကြီးမားစွာ အထောက်အကူပြုသည်။ 
အခြေခံလူထုကို ချည်းကပ်ခြင်း
လူထုအဓိကလူ့ အဖွဲ့အစည်းအယူအဆအရ အခြေခံလူထုကို ချည်းကပ်မှုသည် လှုပ်ရှားမှုအတွက် အခြေခံ လူထုအား အရည်အသွေး မြှင့်တင်ပေးသွားရန်၊ လမ်းဖွင့်ပေးသွားရန်ဖြစ်သည်။ ဆိုလိုသည်မှာ အခြေခံလူထု ကိုယ်တိုင်က မိမိတို့၏ ဆုံးရှုံးနေသောအခွင့်အရေးကို သိမြင်၍၊ ယင်းအခွင့်အရေးကို ပြန်လည်ရရှိရေးအတွက်  စွမ်းဆောင်နိုင်သော လုပ်ငန်းစဉ်များကို ဒေသအခြေအနေပေါ်မူတည်၍  ကာလအပိုင်းအခြားအလိုက် မိမိတို့ ကိုယ်တိုင်ချမှတ်၊ ဒေသဆိုင်ရာအလိုက် မိမိတို့ ဖါသာစည်းရုံးစုစည်း၊ ဒေသတွင်း ဒေသပြင်ဆက်ဆံ၊ ဆက်သွယ် မှုများကို မိမိတို့ ဖါသာ တည်ဆောက်အားယူကာ လှုပ်ရှားမှုကိုဖေါ်ဆောင်သွားရန်၊ မိမိတို့၏အခွင့်အရေးကို မိမိ တို့ကိုယ်တိုင်မြှင့်တင်သွားနိုင်ရေးအတွက် စီမံဆောင်ရွက်သွားရန်ဖြစ်သည်။ တနည်းအားဖြင့် နေ့စဉ် လူတဦး ချင်းစီ ရင်ဆိုင်နေရသော ပြသနာများ၊ ဒေသတခုချင်းစီ၌ လူအချို့(သို့ မဟုတ်) လူအုပ်စု တစ်စုခြင်းစီ ရင်ဆိုင် နေရသော ပြသနာများကို မိမိတို့ ကိုယ်တိုင်ကျော်လွှားဖြေရှင်းကာ အခွင့်အရေးတိုးတက်ရရှိအောင် ဆောင်ရွက် သွားရန် ဖြစ်သည်။
လူထုအဓိက လူ့ အဖွဲ့ အစည်းအယူအဆသည် လူထုအတွင်းမှပင် လူထုကိုခေါင်းဆောင်လှုပ်ရှားနိုင်မည့် ပုဂ္ဂိုလ်များ
စဉ်ဆက်မပြတ်ပေါ်ထွက်လာရေးအတွက် စီစဉ်ဆောင်ရွက်မှုကို လက်ခံသည်။ သို့ ရာတွင် သူရဲကောင်းဝါဒကို ဆန့် ကျင်သည်။ လူထုအနေဖြင့် ဟိုမျှော်သည်မျှော် ဟိုလူ့ အားကိုး သည်လူ့ အားကိုး အနေအထားမျိုးကို အား မပေး။ လူထုအဓိက လူ့ အဖွဲ့ အစည်းအယူအဆကို စွဲကိုင်လှုပ်ရှားသည့်ပုဂ္ဂိုလ်တိုင်းနှင့် အဖွဲ့ အစည်းတိုင်းသည် အခြေခံလူထုကိုယ်တိုင်က ရေရှည် မိမိတို့ ခြေထောက်ပေါ်တွင် မိမိတို့ ကိုယ်တိုင်ရပ်တည်ကာ မိမိတို့ ကြမ္မာကို မိမိတို့ ကိုယ်တိုင် ဖန်တည်းလာစေနိုင်မည့် စွမ်းဆောင်ရည်မျိုး ရှိလာစေရန် စီစဉ်ချမှတ်လုပ်ဆောင်သည်။
အစိုးရ အဓိကလူ့အဖွဲ့အစည်းနှင့် လူထုအဓိက လူ့အဖွဲ့အစည်း
အစိုးရများသည် မင်းကျင့်တရားဆယ်ပါးနှင့်အညီ အုပ်ချုပ်ကြလျှုင် တိုင်းပြည်ကြီးပွားတိုးတက်၍ ငြိမ်းချမ်း သာယာ နိုင်ပေသည်ဟူသော ရှေးထုံးအစဉ်အလာ မြန်မာ့လူ့အဖွဲ့အစည်းက လက်ခံထားသောအယူအဆကို ယေဘုယျအားဖြင့် အငြင်းမပွားလိုပါ။ သို့ရာတွင် တိုင်းပြည်နှင့် လူ့အဖွဲ့အစည်းကြီးပွားတိုးတက်ရေးအတွက် ဤ ဆောင်ပုဒ်မျှနှင့်ရပ်ထားလျှင် အရာရာကို အစိုးရအပေါ်ပုံ၍ အားကိုးသည့်သဘော သက်ရောက်သွားပြီး လူ့အဖွဲ့အစည်းသည် အစိုးရအဓိကလူ့အဖွဲ့အစည်း ဖြစ်သွားပေမည်။
မင်းကျင့်တရားဆယ်ပါးနှင့်အညီ အုပ်ချုပ်ကြလျှင် ယေဘုယျအားဖြင့်ကောင်းပါသည်။ သို့ရာတွင် မအုပ်ချုပ်ကြလျှင် ဘာလုပ်မလဲဟူသည်ကို စဉ်းစားကြရန်လိုပါမည်။ ဒီမိုကရေစီနိုင်ငံများတွင် လက်ရှိ အစိုးရ၏လုပ်ဆောင်ချက်ကို မကြိုက်လျှင် လာမည့်ရွေးကောက်ပွဲ၌ လက်ရှိအစုးရကို ဖြုတ်ချပြီး နောက် အစိုးရသစ်တရပ် တင်ကြရမြဲဖြစ်သည်ဟု ဖြေသူများရှိပါမည်။ လူထုအဓိက လူ့အဖွဲ့အစည်းက လျှောက်လှမ်း လျှက်ရှိသောလမ်းကြောင်းမှာ ယင်းထက်ပို၍ အသေးစိပ်ကျပါသည်။ နောက်လာမည့်ရွေးကောက်ပွဲ၌ လက်ရှိအစိုးရကိုဖြုတ်ချပြီး နောက်အစိုးရသစ်တရပ်တင်ရန်ဟူသော ရွေးကောက်ပွဲလမ်းကြောင်းနှင့် လေးနှစ် တကြိမ်၊ ငါးနှစ်တကြိမ် အစိုးရအပြောင်းအလဲ လုပ်ပေးရေးဟူသည်ကို လက်မခံနိုင်စရာ အကြောင်းမရှိပါ။ ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏အသက်သွေးကြောတရပ်လည်း ဖြစ်ပါသည်။
သို့ရာတွင် နောက်ထပ်လေးနှစ် ငါးနှစ် ကြာသည်အထိမစောင့်ဘဲ ဒီမိုကရေစီကို နေ့စဉ်မည်သို့ လက်တွေ့ကျင့် သုံးမလဲဟူသည်ကို ပို၍အလေးထားစဉ်းစားရန်လိုပါမည်။ ဆိုလိုသည်မှာ ပြည်သူလူထု ယနေ့ခံစားနေရသော ပြသနာကို ယနေ့ရှင်းရန်ဖြစ်သည်။ လူထု၏အခွင့်အရေးဆုံးရှုံးနေမှုကို ယနေ့ပဲတိုးတက်ရရှိအောင် ဆောင်ရွက် သွားရန်ဖြစ်သည်။ တာဝန်ရှိအာဏာပိုင်များကို ယနေ့ပဲ အရေးယူနိုင်သည့် အနေအထားကို ဖေါ်ဆောင်သွားရန် ဖြစ်သည်။ ယင်းရှုဒေါင့်မှနေ၍ လူထုအဓိက လူ့အဖွဲ့အစည်းက ချည်းကပ်ပါသည်။
အစိုးရအာဏာပိုင်များသည် မိမိတို့၏လုပ်ဆောင်မှုတိုင်းအပေါ် တာဝန်ခံရမည် ( Accountable and Respon --sible ) ဟူသောအချက်ကို  နေ့စဉ်ကြပ်မတ် ဖေါ်ဆောင်သွားနိုင်ရန် ဖြစ်သည်။ ယင်းအခြေခံများပေါ်တွင် တိုင်းပြည်၏ဖွဲ့စည်းပုံ ( Constitution of the State ) ကို စဉ်းစားတည် ဆောက်ခြင်း၊ တိုင်းပြည်၏အဆောက် အအုံကြီးများ ( State Organs and Institutions ) ကို စီစဉ်ဖန်တီးပေါ်ပေါက်စေခြင်း၊ ပြည်သူလူထု၏ နေ့စဉ် နေထိုင်မှုဘ၀ကိုထိခိုက်စေမည့် အာဏာပိုင်များ၏လုပ်ဆောင်မှုများအပေါ် ကြပ်မတ်ခြင်း၊ တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် ပြည်သူလူထု၏ ပါဝင်ပတ်သက်မှူကို ခွင့်ပြုစေမည့် မူများကို ကျင့်သုံးရန်ကြိုးပမ်းခြင်း၊ စသည်တို့သည် လူထုအဓိကလူ့အဖွဲ့အစည်း၏ အခြေခံများဖြစ်သည်။
လူထုအဓိက လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတရပ်အဖြစ် လက်ခံနိုင်လောက်သည့် လူထုအသင်းအဖွှဲများ၏ အခြေခံလက္ခဏာ သတ်မှတ်ချက်များ
(၁) မိမိသဘောဆန္ဒအလျှောက်ပါဝင်ဖွဲ့ စည်းခြင်း
လူပုဂ္ဂိုလ်တဦးခြင်းစီက မိမိသဘောဆန္ဒအလျှောက်ပါဝင် (Voluntary participation ) ဖွဲ့စည်းတည်ထောင် သော အသင်းမျိုးဖြစ်ရန်လိုပါမည်။ သက်ဆိုင်ရာနိုင်ငံအာဏာပိုင်များက ခြိမ်းခြောက်သဖြင့် ကြောက်ရွံ့၍ ဖြစ်စေ၊ အသင်းသို့ အဖွဲ့ဝင် အဖြစ်ဝင် ရောက်ခြင်းဖြင့် အာဏာပိုင်များကပေးအပ်သည့်မည်သည့် အခွင့်အရေးများရရှိ နိုင်သည်ဟူသော မြှော်လင့်ချက် ဖြင့်ဖြစ်စေ ပါဝင်လာကြသူများနှင့် ဖွဲ့စည်းထားသောအသင်းအဖွဲ့မျိုးသည် မည်သည့်အခါတွင်မျှ လူထုအဓိက လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတရပ် မဖြစ်နိုင်ချေ။
(၂) လွတ်လပ်သော အသင်းအဖွဲ့တရပ်အဖြစ် ခိုင်ခိုင်ခန့်ခန့် ရပ်တည်နိုင်ခြင်း
လူပုဂ္ဂိုလ်တဦးခြင်းစီက မိမိသဘောဆန္ဒအလျှောက် ပါဝင်ဖွဲ့စည်းတည်ထောင်သော အသင်းမျိုးဖြစ်သော်လည်း ၄င်းအသင်းအဖွဲ့ သည် အစိုးရ (သို့ မဟုတ်) အုပ်ချုပ်ရေးအာဏာပိုင် တရပ်ရပ် (သို့ မဟုတ်) ငွေရှင်ကြေးရှင် ပုဂ္ဂိုလ်တဦးဦး (သို့ မဟုတ်) နိုင်ငံရေးအဖွဲ့အစည်းတရပ်ရပ်၏ ထောက်ပံ့မှုကိုရယူကာ မူဝါဒပိုင်းဆိုင်ရာအရ သော်လည်းကောင်း၊ လုပ်ငန်းလက်တွေ့ များအရသော်လည်းကောင်း၊ ချုပ်ကိုင်လွှမ်းမိုးမှုအောက်တွင် တ လျှောက်လုံး ရပ်တည်လုပ်ဆောင်ရသည့် အနေအထေားမျိုးရှိလျှင် အဆိုပါအသင်းအဖွဲ့သည် လွတ်လပ်သော အသင်းအဖွဲ့ဟူ၍ ခေါ်ဆိုနိုင်မည် မဟုတ်ချေ။
(၃) ဟန်ချက်တခုဖန်တီး၍ အစိုးရ၏အာဏာကို ထိမ်းကျောင်းခြင်း
လူထုအများကမိမိတို့ သဘောဆန္ဒအလျှောက်စုစည်း၍ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး၊ သာရေးနာရေး၊ အပြန်အလှန်ကူညီရေး အသင်းများ ဖွဲ့ စည်းဆောင်ရွက်ရုံဖြင့် ၄င်းတို့သည် လူထုအဓိက လူ့အဖွဲ့ အစည်း၏ အစိပ်အပိုင်းတရပ်ဟူ၍ မှတ်ယူခြင်းမပြုနိုင်ပေ။ လူထုအဓိကလူ့အဖွဲ့ အစည်း၏ အစိပ်အပိုင်းအဖြစ် မှတ်ယူ နိုင်မည့် လူထုအသင်းအဖွဲ့ များ၊ ပရဟိတအသင်းများမှာ မိမိတို့ အသင်းအဖွဲ့၏ ထူးခြားကျွမ်းကျင်မှုရှုဒေါင့်မှ စေါင့်ကြည့်ကာ အစိုးရ သို့ မဟုတ် အုပ်ချူပ်သူ အာဏာပိုင်များ၏ အာဏာအလွဲသုံးမှုများ၊ အစိုးရ သို့ မဟုတ် အုပ်ချူပ်သူ အာဏာပိုင်များမှ လူတဦးခြင်းစီ၏   အခြေခံအခွင့်အရေးနှင့် လူမျိုး၊ လူ့ အလွှာ၊ လူအုပ်စုများ၏ ရပိုင်ခွင့်များအပေါ် ထိပါးစေမှုများနှင့် အစိုးရသို့ မဟုတ် အုပ်ချုပ်သူအာဏာပိုင်များ၏ လုပ်ဆောင်ချက်ကြောင့် တိုင်းပြည်(သို့ မဟုတ်)လူ့အဖွဲ့ အစည်းတရပ်လုံး၏ အကျိုးနစ်နာဆုံးရှူံးစေမှုများ ရှိမရှိကို ဝေဘန်ထောက်ပြကာ တည့်မတ်ပေးနိုင်အောင် လှုပ်ရှားဆောင်ရွက် လေ့ရှိကြသည်။  တိုင်းပြည်တွင် အစိုးရနှင့် အုပ်ချုပ်သူများ၏ အာဏာကို လွတ်လပ်သည့် လူထုအသင်းအဖွဲ့များနှင့် ပရဟိတအသင်းများက ဟန်ချက်တခုဖန်တီး၍ ကြပ်မတ် ထိမ်းကျောင်းသွားသည့် သဘောဆောင်သည်။
အခြေခံအားဖြင့် အထက်ပါ အသွင်လက္ခဏာသုံးရပ်ဖြင့် ပြည့်စုံသော လူထုအသင်းအဖွဲ့ နှင့် ပရဟိတ အသင်းများကို လူထုအဓိကလူ့ အဖွဲ့အစည်း၏ အစိပ်အပိုင်းများအဖြစ်မှတ်ယူ နိုင်မည်ဖြစ်သည်။
ဦးအောင်ထူး
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...