လွတ်ငြိမ်းချမ်းသာခွင့် ပါဝင်သူများစာရင်းအား အကျဉ်းထောင်များမှ ဖြေကြားခြင်း မရှိ
by The Voice Weekly on Tuesday, October 11, 2011 at 8:12pm
ရန်ကုန် အောက်တိုဘာ ၁၁
နိုင်ငံပိုင် ရုပ်သံမီဒီယာများမှတစ်ဆင့် ယနေ့မွန်းလွဲ ၁ နာရီတွင် လာမည့် အောက်တိုဘာလ ၁၂ ရက် (မနက်ဖြန်) အတွက် တရားဝင် ထုတ်ပြန် ကြေညာခဲ့သော လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နှင့် ပတ်သက်၍ အကျဉ်းထောင်များထံသို့ လွတ်မြောက်လာဖွယ် ရှိသောသူများ၏ အခြေအနေနှင့် ပတ်သက်ပြီး The Voice Weekly သတင်းအဖွဲ့က ဆက်သွယ်မေးမြန်းရာ အကျဉ်းဦးစီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်များက ညွှန်ကြားချက် တစ်စုံတရာ ရောက်ရှိလာခြင်း မရှိသေးဟုသာ ပြန်လည် ဖြေကြားခဲ့သည်။
လူရွှင်တော် ဟာသပညာရှင် မောင်သူရ (ခေါ်) ဇာဂနာနှင့် အားကစားကလောင်ရှင် ကိုဇော်သက်ထွေးတို့ အကျဉ်းကျခံ နေသော မြစ်ကြီးနား အကျဉ်းထောင်နှင့် တောင်ကြီး အကျဉ်းထောင်များသို့ ယနေ့ညနေ ၂ နာရီနှင့် ၅ နာရီခန့်တွင် ဆက်သွယ် မေးမြန်းခဲ့ရာ ညွှန်ကြားချက် တစ်စုံတစ်ရာ ရောက်ရှိလာခြင်း မရှိသေးကြောင်း အကျဉ်းဦးစီးဌာန တာဝန်ရှိ ဝန်ထမ်းများက ပြန်လည် ဖြေကြားသည်။
ဘူးသီးထောင် အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ အခြေအနေနှင့် ပတ်သက်၍ ၎င်း၏ ယောက်ဖတော်စပ်သူ ဦးဖြိုးမင်းသိန်းက ယနေ့ညနေပိုင်းတွင် အဆိုပါ အကျဉ်းထောင်သို့ ဆက်သွယ် မေးမြန်းခဲ့ရာ ညွှန်ကြားချက် မရောက်ရှိသေးဟုသာ ပြန်လည် ဖြေကြားသည်ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
အင်းစိန်ထောင်ရှေ့တွင် ယနေ့ နေ့လယ် ၁ နာရီကျော်က သတင်းသွားရောက်ယူခဲ့ကြသော သတင်းထောက်များကို အကျဉ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိငယ်အချို့က အင်းစိန်ထောင်သည် ကန့်သတ်နယ်မြေ ဖြစ်သဖြင့် ထောင်ရှေ့တွင် လာရောက် ဓာတ်ပုံရိုက်ခြင်း၊ ကင်မရာရိုက်ခြင်း မပြုလုပ်ရန် ပြောဆိုတားမြစ်ပြီး တင်းတင်းမာမာ ပြောကြားခဲ့သည်ဟု သွားရောက်သတင်းယူခဲ့သော ဓာတ်ပုံသတင်းထောက် အချို့က ပြောကြားသည်။
အလားတူ ကျိုင်းတုံ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ မိသားစုဝင်များထံ The Voice Weekly က ယနေ့ညဦးပိုင်းတွင် ဆက်သွယ်မေးမြန်းခဲ့ရာ အကြောင်း တစ်စုံတစ်ရာ သိရှိရခြင်း မရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။
" မူလအစီအစဉ်က ၁၃ ရက်နေ့မှာ ကျွန်မတို့ ကျိုင်းတုံသွားဖို့ ရှိပါတယ်၊ နေ့ခင်းပိုင်းအထိ ဆက်သွယ်လို့ ရသေးတယ်၊ ညနေပိုင်းကျတော့ အဆက်အသွယ် မရသေးပါဘူး " ဟု ကိုမင်းကိုနိုင်၏ မိသားစုဝင် တစ်ဦးက ဆိုသည်။
ယုံကြည်ချက်ကြောင့် နယ်အကျဉ်းထောင် အသီးသီးတွင် ရောက်ရှိနေသူအချို့
မြစ်ကြီးနား - မောင်သူရ (ခေါ်) ဇာဂနာ၊ ဝီရသူ
ဘူးသီးတောင် - ကိုဌေးကြွယ်
ကျိုင်းတုံ - ကိုပေါ်ဦး (ခေါ်) မင်းကိုနိုင်
တောင်ကြီး - ကိုဇော်သက်ထွေး၊ ကိုဂျင်မီ
ခန္တီး - ကိုထင်ကျော်၊ မစုစုနွေး
ဗန်းမော် - မမာမာဦး၊ ပဏ္ဏိတ်ထွန်း
မြင်းခြံ - သက်သက်အောင်၊ ဒေါက်တာကျော်ကျော်
ကလေး - အရှင် ဂမ္ဘီရ
မုံရွာ - ဒီငြိမ်းလင်း၊ နိုဘယ်အေး၊ နှင်းမေအောင်
လားရှိုး - မင်းဇေယျ
သီပေါ - သားကြီးကိုဇေယျ
ရွှေဘို - ဒေါက်တာဝင်းမောင်
ပူတာအို - ဦးခွန်ထွန်းဦး၊ ဒေါ်ဝင်းမြမြ၊ ကိုအောင်သူ၊ ထက်ထက်ဦးဝေ
မန္တလေး - ကိုလှမျိုးနောင်၊ ကိုမင်းသူ၊ ကိုကျော်နိုင်
0 comments:
Post a Comment