Saturday, October 15, 2011

အပြန်

ရေသည် ယောက်ျား၏ စိတ်ဆန္ဒ စွဲလမ်းမှုကို ကျွန်တော် ကိုယ်ချင်း စာမိပါပြီ။
ကျွန်တော် ရောက်နေသည့် နေရာက ပဲခူးရိုးမ အနောက်ဘက် ခြမ်းရှိ သစ်ထုတ်လုပ်ရေး စခန်းတစ်ခု ဖြစ်သည်။ သစ်ထုတ် စခန်းကို အမှီပြုကာ အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများ အတန်ငယ် တိုးတက် နေကြပေပြီ။ သို့သော်လည်း မြို့ပြနှင့် ဝေးနေပါ သေးသည်။ နေ့လယ် ၁ နာရီမှ ၂ နာရီအတွင်း ကျွန်တော့်မှာ လက်ဖက်ရည်၊ ကော်ဖီ တစ်ခုခု မသောက်ရလျှင် စိတ်တို နေတတ်သည်။ ဘာအလုပ် တစ်ခုမှ လုပ်ရတာ အဆင် မပြေပါ။ ဈေးကား အလှည့်မကြုံမီ နှင့် ကျွန်တော့်ထံမှာ ကော်ဖီထုပ်များ ပြတ်သွားသည့် အခါ ကျွန်တော့်မှာ အတော်ပင် ကသိကအောက် နိုင်လှပါသည်။


ကျွန်တော် လမ်းလျှောက်နေသည်။ ကျောက်စရစ်ခဲ လေးများ ရောပြွမ်းနေသော မြေနီလမ်း ဖြစ်သည်။ ပူပြင်းလှသော နေရောင်အောက်မှာ ဖုန်တထောင်းထောင်း လွင့်နေသော မြေလမ်းမှာ ကျွန်တော် ဘာကိုမှ အမှု မထားနိုင်ဘဲ စိတ်စေရာ အတိုင်း အားသွန်ကာ လျှောက်နေမိသည်။ ခရီးက မိနစ် ၃၀ စာမျှပင် ရှိပါသည်။ အပေါ်ပူ အောက်ပူနှင့်မို့ ပို၍ဝေးသည် ထင်ရပေမယ့် စိတ်ဆန္ဒက အတင်း တွန်းပို့နေသည်မို့ ကျွန်တော် အံခဲကာ လျှောက်နေမိသည်။ ကျွန်တော် ဦးတည်ရာမှာ သစ်ထုတ် စခန်းမှ အနီးဆုံး ရွာထိပ်ရှိ တောလက်ဖက်ရည် ဆိုင်ကလေးပင် ဖြစ်တော့သည်။ ကျွန်တော် လမ်းလျှောက် နေရင်းနှင့်ပင် ရေသည်ယောက်ျား မြို့ရိုးကြားမှာ ၀ှက်ထားသည့် ငွေလေး ရွေးသွားယူသည့် စိတ်မျိုးမှာ ယခု ကျွန်တော့် စိတ်မျိုးပင် ဖြစ်လိမ့်မည်ဟု ကိုယ်ချင်း စာနိုင်ခဲ့ပါပြီ။

ဘာမျှ ထူးထူးခြားခြား ဆွဲဆောင်မှု မရှိသည့် လက်ဖက်ရည်ဆိုင် ရောက်တော့ ဓာတ်ဘူးထဲမှ ရေနွေး အဖြူတစ်ခွက်နှင့် ကော်ဖီမစ် တစ်ထုပ်က ကျွန်တော့်ရှေ့ ရောက်လာသည်။ ကျွန်တော် အလွယ်တကူ ဖျော်စပ်ပြီး ဆိုင်ထဲမှ လှမ်းမြင်နေရသော တစ်မျှော် တစ်ခေါ်လယ်ကွက်များကို ငေးနေမိပြန် သည်။ လယ်ကွက်များကား ခြောက်သွေ့ အက်ကွဲပတ်ကြား အက်လျက် တည်ရှိကြကုန်၏။ လယ်ကွင်းများ၏ ဟိုးတစ်ဖက် ခင်တန်းအစပ်မှ သွပ်မိုး ပြောင်ပြောင်လက်လက်များကပင် မျက် စိများကို အပူဟပ်ကာ  ကျိန်းစပ်နေစေ တော့သည်။ ပတ်ကြားအက် လယ် ကွက်တစ်ခွင်လုံး၌ တံလျှပ်များက တရိပ်ရိပ် တလက်လက်။

ကျွန်တော် တံလျှပ်များကို စတင် သိရှိရပုံမှာ ကျောင်းပင် မနေရသေးသည့် ကလေး အရွယ်မှာ ဖြစ်သည်။ နွေရာသီ အိမ်ရှေ့ကတ္တရာ လမ်းပေါ်မှာ တရိပ်ရိပ် တလှုပ်လှုပ် တွေ့နေရတာတွေကို ဘာ မှန်းမသိပါ။ တကယ် ရှိသလိုလို မရှိ သလိုလိုနှင့်မို့ “အမေ၊ အမေ အဲဒါတွေက ဘာတွေလဲ”ဟု အမေ့ကို မေးမိသည်။ အမေက “အဲဒါ တံလျှပ်တွေလို့ ခေါ် တယ်။ နေသိပ်ပူလွန်းလို့ ဖြစ်တာ၊ အပြင် မထွက်နဲ့”ဟု လွယ်လွယ်ရှင်းရှင်း ဖြေပေးခဲ့ပါသည်။

နောက်နောင် များမှာတော့ တံလျှပ်ကို ရေထင် ရွှေသမင် အလိုက်မှားသည့် ပမာ မိုက်မဲမိတာကလည်း မောင့်ရဲ့ အပြစ်ပါ အစရှိသဖြင့် ဘာတွေညာတွေ သိရှိ လာရပါတော့သည်။ တံလျှပ် ဆိုသည်မှာ တကယ် မရှိသော အမြင်အာရုံ လှည့်စားမှု တစ်ခုဆိုတာ ကျွန်တော် သိခဲ့ရချိန်မှာ တံလျှပ်တော အလယ်မှာ ချာချာလည်အောင် မောပန်း နေခဲ့ရပါပြီ။ သိပြီဆိုလျှင် ဘယ်တော့မှ နောက် မကျသေး ဆိုသည့် စကားကလည်း ရှိနေခဲ့ပြန်သည်။ ကျွန်တော့် အတွက်တော့ နောက်ကျခြင်း၊ နောက်မကျ ခြင်းများက အဓိက မကျလှပါ။ သိခြင်း၊ မသိခြင်းကသာ အရေး ပါလိမ့်မည်ဟု ထင်ပါသည်။ ဘာကို သိတာလဲ၊ အစစ်အမှန်ကို သိခြင်းလား၊ အတုအယောင်တွေကိုပဲ သိနေတာလား ကျွန်တော် မကွဲပြားပါ။ ကော်ဖီတစ်ခွက် အပေါ် တပ်မက်မှုကို အကြောင်းပြု၍ ကျွန်တော့်အား မည်သူ မျှ နန်းစည်းစိမ် တစ်ဝက် ခွဲပေးကာ အိမ်ရှေ့မင်း ရာထူးဖြင့် တိုင်းပြည် တစ်ဝက်ကို ခွဲဝေ အုပ်ချုပ်ခွင့် ပေးကြလိမ့်မည် မထင်ပါ။ ရေသည် ယောက်ျားကဲ့သို့ ကံကြမ္မာမျိုး ကျွန်တော့်မှာ ရှိမနေနိုင်မှန်း ကျွန်တော် အသေအချာ သိပါသည်။ ထို့ကြောင့် ဘာကို တပ်မက်မိမှန်း မသိဘဲ  အတုအယောင် တံလျှပ်များကြား ချာချာ လည်နေခြင်းကို စွန့်ခွာကာ ကျွန်တော် ပြန်တော့မည်။ မိဘများနှင့် အတူတကွ မောင်နှမများ စုံညီစွာဖြင့် ပျော်ရွှင်စွာ နေထိုင်ခဲ့ဖူးသော အမေ့အိမ် ရှိရာသို့ ကျွန်တော် ပြန်မည်။ လိုချင်တပ်မက်မှု များ၊ စွဲလမ်းမှုများ အရာ အားလုံးကို စွန့် ခွာပြီး အမေ့အိမ် ပြန်မည်ဟု တိတိကျကျ ဆုံးဖြတ်ချက်ချ အပြီးမှာ ကျွန်တော့် ရှေ့တွင်ရှိသော ကော်ဖီခွက်မှာ ခြောက်သွေ့ကာ ဖုန်အလိမ်းလိမ်းပင် ကပ်ငြိစ ပြုနေခဲ့ပြီ။

ကျွန်တော့်စိတ် မည်မျှ ခိုင်မာမည်၊ မခိုင်မာ မည်ကိုတော့ ကျွန်တော် မသိနိုင်သေးပါ။ သစ်ထုတ်လုပ်ရေး စခန်း ပြန်ရောက်တော့ ရရန်၊ ပေးရန်များ ရှင်းလင်းအပြီး လွယ်လင့်တကူ အ၀တ် အစားတချို့နှင့် ကျွန်တော်ပိုင်ငွေ အနည်း ငယ်ကို ခရီးဆောင်အိတ် အတွင်း ထိုးသိပ်ထည့်ပြီး ကျွန်တော် အပြီးအပိုင် ပြန်မည့်အကြောင်း စခန်း တစ်ခုလုံးကို အသိပေးကာ ထွက်ခွာခဲ့သည်။ ဆင်ဦး စီးတစ်ယောက် အနား ရောက်လာပြီး သူနှင့်အတူ လိုက်ခဲ့ရန် ပြောသည်။ ဆင်ကို မြို့ပေါ်မှ ရှင်ပြုပွဲက ငှားရမ်းထား သဖြင့် သွားရမည်မို့ ကျွန်တော့် အပြန် ခရီးမှာ ဆင်စီးခဲ့ ရသည်တော့ အမှန်ပင်။ မြင်းရံခြင်းတော့ မရှိခဲ့ပေ။ ဘူတာရုံ ရောက်တော့ ရန်ကုန်သို့ သွားမည့်ရထား ရှိနေသေးသည်။ မီးရထားက မလာ  သေး။ ကျွန်တော် ညနေစာ စားရင်း အေးအေးလူလူပဲ စောင့်ဆိုင်းနေလိုက်သည်။ မည်သည့် အချိန်ပဲ ရောက်ရောက်၊ ရောက်သည့် အချိန်မှာ ကျွန်တော် စီးနင်း လိုက်ပါခွင့်ရရန် လက်မှတ်တစ်စောင် လည်း ၀ယ်ခဲ့ပြီးပေပြီ။

မီးရထားက လာတော့လာမည်။ ဘယ်အချိန် ရောက်မည် ဆိုတာကိုတော့ မည်သူမျှ မသိနိုင်သေးပါ။ ဘူတာရုံထဲ ဟိုငေးသည်ငေး ရှိနေစဉ်မှာပင် လူတစ်စုကို ပျာယီးပျာယာ အမူအရာများဖြင့် တွေ့ရ၏။ ကျွန်တော့်အနား ရောက်လာကြတော့ သွေးအလှူ ခံနေကြခြင်း ဖြစ်ကြောင်း သိရသည်။ ကျွန်တော် စဉ်းစား  ကြည့်တော့ တိုက်နယ်အဆင့် ဆေးရုံမို့ အစစအရာရာ လိုလေသေးမရှိ ပြည့်စုံ နိုင်မည်တော့ မဟုတ်။ သူတို့ စုဆောင်း ထားသော လူများကို သွေးအမျိုးအစား  ခွဲနေရတာနှင့်ပင် လူနာ ဒုက္ခများသွား နိုင်သည်။ မနေနိုင်၊ မထိုင်နိုင် မေးကြည့် မိတော့ လယ်ထဲသို့ နောက်ချေးသွားချ တာ လှည်းက လူကို ပြန်ကြိတ်မိခြင်း ဖြစ်သည်။ ဒီအရပ်မှာက ထိုဖြစ်ရပ်မျိုး မကြာခဏ ဖြစ်နေကျ။ လှည်းလမ်းများ  က မညီမညာ။ သွေးအုပ်စု မေးကြည့်တော့ အေဘီဟုသိရသဖြင့် လူနာရှင် တစ်ဦးကို ခေါ်ကာ ကျွန်တော် ဆေးရုံ သို့ လိုက်သွားခဲ့ပြီး သွေးတစ်ပုလင်း အလျင်အမြန်ထုတ်ပေးလိုက်သည်။ ရိုးမ တောထဲနေလာခဲ့ပေမယ့် ကျွန်တော့်သွေးများ ရဲရဲနီစွေး တောက်ပနေဆဲပင်။ ငှက်ဖျားပိုးပင် မရှိခဲ့။ ခွဲစိတ်ခံလူနာမှာ အသက်ချမ်းသာရာ ရခဲ့ပေပြီ။ ဆင်စီး၍ ပြန်ခဲ့သော ကျွန်တော့် အပြန်ခရီးမှာ ပီတိများ တဝေေ၀။ ကျွန်တော် ဘူတာရုံ ပြန်ရောက်ပြီးနောက် အတန်ငယ်ကြာ အောင်အထိ ရထား ရောက်အလာကို စောင့်ရသေးသည်။

စိတ်ဆိုသည်ကလည်း ခက်သားပေမို့ နေ့စဉ်ကတော့ တဆွေးတမြည့် နေနိုင်ခဲ့ပေမယ့် ပြန်ပါမည် ဆုံးဖြတ်ပြီးကာမှ ချက်ချင်း အိမ်ကို ရောက်နေချင် တော့သည်။ အိမ်ပြန် ရောက်ဖို့က ခရီး အဆင့်များစွာ ကျန်သေးသည်။ ရထား လမ်း၊ ကားလမ်း၊ ရေလမ်း အားလုံးကို ဖြတ်သန်းရလိမ့်မည်။ ကျွန်တော့်မိဘ၊ ညီအစ်ကို မောင်နှမများအိမ် တည်ရှိရာက ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသဖြစ် သည်။

ကမ္ဘာကို တစ်ပတ်ပတ်ရန် မိနစ် ၉၀ မျှသာ ကြာပေမယ့် ကျွန်တော့်မှာ အိမ်ပြန်ရောက်ရန် ၂ ညအိပ် ခရီးမျှ ကြာဦးမည်။ စိတ်ကတော့ အိမ်ပြန်ရောက်နှင့် နေတာ ကြာပြီ။ ခန္ဓာကိုယ်ကြီးက တော့ ဘူတာရုံ တစ်ခုမှာပင် ရှိနေဆဲ။ ကျွန်တော် အိမ်ပြန်လာမည့် အကြောင်းကို မိဘများအား အကြောင်းမကြားခဲ့။ ကျွန်တော် မိဘများနှင့် အတူ မခွဲမခွာ  နေထိုင်ကြတော့မည် ဖြစ်ကြောင်း ပြောပြလျှင် ၀မ်းသာကြပေမည်။ ကိုယ်လက်အင်္ဂါ အစုံအလင်ဖြင့် ကျန်းမာစွာ ပြန်ရောက်လာသည့် ကျွန်တော့်အတွက် မိဘ၊ မောင်နှမများ ပျော်ရွှင်ကြပေမည်။  အိမ်ထောင်ခွဲပြီး မိဘအိမ်မှာ မနေကြ တော့သည့် နှမများလည်း ရှိပါသည်။ သို့သော်လည်း တစ်မြို့တည်းတွင်သာမို့ သိပ်မသိသာလှပေ။

စိတ်ကူးယဉ် အတွေးများများနှင့်   ပိုက်ဆံထုပ်လေး နည်းနည်းကို ပိုက်ကာ ကျွန်တော့် မိဘများ နေထိုင်ရာ မြို့သို့ ကျွန်တော် ပြန်ရောက်ခဲ့ပြီ။ ကျွန်တော် မြို့သို့ ပြန်ရောက်သည့် အချိန်မှာ အရုဏ်တက် အလင်းရောင်ပင် ကောင်းကောင်း မမြင်ရသေးပါ။ အမှောင်ထုထဲ စမ်းတ၀ါးဝါး တိုးဝင် လျှောက်လှမ်းခဲ့သည်။ ကျွမ်းကျင်စွာ နေထိုင်ခဲ့ဖူးသည်မို့ လမ်းများက အလွတ်ရနေဆဲ။ ကျွန်တော် လျှောက်ခဲ့ရာ လမ်းတစ်လျှောက်မှာ အထင်ကရ အမှတ်အသား များကတော့ အတော်ပင် ပြောင်းလဲကုန်ကြပြီ။ သစ်ပင်များနှင့် အကျွမ်းတ၀င် ရှိခဲ့သူမို့ သိထား မှတ်ထားသည့် သစ်ပင်ကြီးများ မရှိ တော့ပေ။ နာဂစ် မုန်တိုင်းထဲ ပါသွားကြဟန် တူပေသည်။ အဆောက်အအုံ သစ်များကိုလည်း ပြောင်းလဲစွာ တွေ့မြင်ရသည်။ အင်တာနက် ကဖေးဆိုင်လေး တစ်ခုကိုပင် တွေ့ခဲ့ရသေးသည်။ မိုး လင်းပေါက်ထိုင်ကာ ဂိမ်းဆော့ နေကြသော လူငယ်များ၏ စီခနဲ အသံကို တစ်ချက် ကြားလိုက်ရသည်။

လမ်းထိပ်မှ နေ၍ အိမ်ခြံရှေ့အထိ ရောက်အောင် ခြေလှမ်း အရေအတွက်ကိုပင် တိတိကျကျ မှတ်မိနေသည်။ ငယ်စဉ်က ညဥ့်နက်သန်းခေါင် မှောင်မှောင်မူးမူး ပြန်နေကျမို့ ခြေလှမ်း အရေအတွက်ဖြင့် မှတ်သားရသည်။ ကျွန်တော့်ထုံးစံ အတိုင်း အသည်း ကွဲခဲ့တဲ့ အမေ့ရဲ့သားလေး ပြန်လာပြီxxx၃ နှစ်လောက် အမေ့ ဆီမပြန်ဘဲ လွင့်တဲ့သားလူမိုက်ဟာ ဆို သည့်သီချင်းတေးသွား အလိုက်ကို လေချွန်ရင်း လျှောက်လှမ်းခဲ့သည်။

အိမ်၏ ခြံတံခါးဝရှေ့တည့်တည့် ရောက်တော့ ကျွန်တော့်မှာ အံ့သြဘနန်း မျက်ရည်ဝဲသွားသည် အထိ ခံစားရသည် မှာ အမေ့မေတ္တာ အေးရိပ်သာ ဖြစ်နေသည်။ ၁၃ နှစ်ကျော်အောင် အိမ်မပြန်ခဲ့ ပေမယ့် ကျွန်တော် အိမ်ရှေ့ရောက်တော့ ငယ်စဉ်က အတိုင်း အမေက ခြံတံခါး ဖွင့်လျက်သား ကျွန်တော့်ကို ကြိုဆိုနေတာ တွေ့လိုက်ရသည်။ လမ်းထိပ်မှ ကျွန်တော့် လေချွန်သံ ကြားကတည်းက အမေ နိုးနေပြီးသား ဖြစ်လိမ့်မည်။ ကျွန်တော် ဆိုတာကိုလည်း အမေ့ ရင်ထဲမှာ အသေအချာ သိနေခဲ့သည်တဲ့လေ။ ငယ်စဉ်က အမှုမဲ့ အမှတ်မဲ့ နေခဲ့သည် မို့ ယခုလို အသက်အရွယ် ရလာချိန်မှာတော့ မိခင် မေတ္တာကို ထူးခြား တုန်လှုပ်စွာ သိရှိ ခံစားလိုက်ရသည်။ ငယ်စဉ်က အတိုင်းပင် အမေ့ပခုံးလေး ဖက်ကာ အိမ်ထဲ ၀င်ခဲ့ကြသည်။ အမေ့ကို ဖက်ထားသည့် ဘယ်လက်မောင်းနှင့် လက်ဖ၀ါး တို့မှာ အမေ့၏ အရိုးအကြောများကို သိသိသာသာ ထိတွေ့ရသည်။ အမေ အိုမင်း နေခဲ့ပါပြီကော။ ၁၀ စုနှစ်ကျော် အောင်ကြာခဲ့ပေမယ့် မနေ့တစ်နေ့က အတိုင်းပင် ကျွန်တော်တို့ ဖယောင်းတိုင် လေးထွန်း၍ စကားတွေ ပြောရင်း အလင်းရောင် လာချိန်ကို စောင့်နေခဲ့ကြသည်။ ကျွန်တော့် စိတ်အတွင်း၌လည်း မိဘများနှင့် သေတစ်ပန်သက်ဆုံး မခွဲခွာတော့ပြီဟု ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချနေမိပြန်သည်။

နေ့အလင်းရောင် ကောင်းကောင်းရသည့် အခါ ကျွန်တော် ခြံထဲ ဆင်းကြည့်သည်။ အုန်းပင်တချို့နှင့် မရမ်းပင်လေး တစ်ပင်သာ ပလူမွေးပလူတောင် ကျန်တော့သည်။ သရက်ပင်ကြီးများနှင့် ပိတောက်ပင်၊ တမာပင်ကြီးတို့ မရှိရှာကြတော့ပေ။ ခြံစည်းရိုး အဖြစ် ထားရှိသာ ပုဏ္ဍာရိက်တန်းမှာလည်း ကျိုးတိုးကျဲတဲ ဖုန်အလိမ်းလိမ်း ကပ်ငြိလျက် ဘယ်နေရာကြည့်ကြည့် တွေ့ရသည်ကတော့ ကြွပ်ကြွပ်အိတ် အခွံ အစုတ် အပြတ်များသာ။ ခြံကို ရှင်းဖို့ရာ ကျွန်တော့်အတွက် မထောင်းတာလှပါ။ ကျွန်တော် တစ်ယောက်တည်း နှစ်ရက်မျှဖြင့် ရှင်းနိုင်သည်။ အိမ်ကို လှည့်ပတ်ကြည့်မိတော့ အတော့်ကိုပင် ပျက်စီးယိုယွင်း နေခဲ့ပြီ။

မိုးပက်များသည့် နံရံတစ်ဖက်က ထရံများ အစားထိုးထားရပြီ။ ဆွေးမြည့် ပေါက်ပြဲနေသော ၀ါးထရံများနေရာမှာ  မိုးရေကာဖျင်နှင့် အုပ်ကာထားသည်။ ပြတင်းပေါက်တံခါးတချို့ပင် ပြုတ်ကျ နေကြပြီ။ တိုင်များ ခြစားကာ ဆွေးနေပြီ။ ဆင့်တန်းများ၊ ထုပ်၊ ယောက်၊ ဒိုင်း၊ မြား ဘာတစ်ခုမှ မကောင်းတော့။ ကြမ်းခင်းများက ပေါက်သည်က ပေါက်၊ သံချက်များ ကျွတ်ကာ ငေါ ထွက်သည့်နေရာက ထွက်နေသည်။ မီးဖိုချောင်က အဆိုးဆုံးပင်။ ရေက ပြင်က ၀ါးခြမ်းများခင်းထား ရသည်။ သွပ်ပြားအမိုးများ နေရာမှာ ဓနိဖက်များ အစားထိုးမိုး ထားသည်မှာ ကျိုးတိုးကျဲတဲ။ ဘုရားကျောင်းဆောင် ထုတ်ထားသော ဒေါက်တိုင် တစ်ချောင်းက လေထဲမှာ တွဲလောင်းဆွဲနေသည်။ ဖိနပ်ချွတ်နေရာက တစ်ပြင်လုံးမြေကြီး ပေါ်ပြုတ်ကျကာ နှစ်ဆင့်သာ ရှိသော အုတ်ခုံအတက် လှေကားက ပိုမြင့်နေသည်။ နှစ်ထပ်အိမ် တစ်ဆောင်လုံး ဘာတစ်ခုမှ ကောင်းတာ မရှိတော့ပါ။ အရေးကြီးဆုံး နေရာက စပြင်ဖို့ စိတ်ကူးကြည့်သည်။ အကုန်လုံး အရေးကြီးသည့် နေရာများသာ ဖြစ်နေသည်။ တစ်နေရာရာမှ စတင်ကာ ပြုပြင်ဖို့ ပြင်ဆင် လုပ်ကိုင်လျှင် တစ်အိမ်လုံး ရစရာ မရှိအောင် ပြိုပျက် သွားနိုင်သည်။ ကြမ်းခင်းများကို နင်းသည့်အခါ အသက်ပင် ၀၀ မရှူရဲ။ ဘယ်နေရာက ကျိုးကျမည်လဲ စိုးရိမ်နေရသည်။

ရစရာ မရှိအောင် ပျက်စီးနေသည့် အိမ်ထဲမှာ တော်သလိုလေး ကြည့်နေ ထိုင်ပါက အိမ်ဟုတော့ သတ်မှတ်၍ နေနိုင်သေးသည်။ ပြင်ဆင်ဖို့ရန်တော့ ကျွန်တော့်မှာ ရှိသည့် အင်အားကလေး   ဖြင့် သစ်ဈေး သံဈေးများ ချိန်ထိုးကြည့်တော့ မည်သို့မျှ မဖြစ်နိုင်ပြန်။ ညီအစ်ကို မောင်နှမများ ၀ိုင်းဝန်း၍ အမေ့အိမ်ကို ပြင်ဆင်ရန်မှာလည်း အခက်အခဲများ ရှိကြပေမည်။ အိမ်ထောင်ခွဲ မိသားစုများက သူတို့ စားဝတ်နေရေးနှင့် သူတို့ပင် အလျဉ် မမီကြ။ မနက်စာ စားပြီး ညနေ စာအတွက် ရုန်းကန် နေကြရသည်။ မိဘနှစ်ပါး ထူထောင်ခဲ့စဉ်က စိုပြည် တောင့်တင်းခဲ့သော အိမ်ကို ကျွန်တော်တို့မောင် နှမများ စုပေါင်း၍ တည်ဆောက်ရန်မှာ မနိုင်ဝန် တစ်ခု ဖြစ်နေတော့သည်။

လွှတစ်ချက် ဆွဲလျှင်၊ တူတစ်ချက် ရိုက်လျှင် ပုံလျက်သား လဲကျသွားနိုင်သည့် အိမ်ကြီးကို ထိုင်ကြည့်ရင်း ရင်ထဲ မွန်းကျပ်လာသည်။ ကျွန်တော် တစ်ဦးတည်း အင်အားဖြင့် တစ်နေရာတည်း ကွက်၍ ပြင်ဆင်ဖို့ မဖြစ်နိုင်သော အမေ့ အိမ်ကို ထိုင်ကြည့်ရင်း အိမ်အသစ် တစ်လုံး တည်ဆောက်ဖို့ ကျွန်တော် တစ်ယောက်တည်း မစွမ်းနိုင်မှန်း အလိုလို သိနေသည်။ စားဝတ်နေရေး အတွက် ကျားကုတ်ကျားခဲ  ရုန်းကန် နေရသော နှမများကိုလည်း စုစည်း၍ ရနိုင် မည်မဟုတ်ပါ။ အမေ့မေတ္တာကြောင့် လန်းဆန်း တက်ကြွခဲ့ရသော ကျွန်တော့်  နှလုံးသားများ  အိမ်အိုကြီးကို ကြည့်ရင်း ပူလောင် လာခဲ့ရပြန်သည်။ တစ်ပြိုင် တည်းမှာပင် ကျွန်တော် ကျင်လည်ခဲ့ရာ ရိုးမ တောကြီးထဲတွင် အချောထည် အဖြစ် မရောက်ရရှာဘဲ ထင်းဖြစ်သွားသည့် သစ်လုံးကြီးများကို တပ်မက် သတိရနေပြန်သည်။ ခုတ်လှဲပြီး စက် ကိရိယာများဖြင့်ပင် ထုတ်ယူသယ် ဆောင်ခြင်း မပြုနိုင်သော မီးရှို့ ထင်းဆိုက်ပစ်ရသည့် သစ်လုံးကြီးများကို ကျွန်တော် ထမ်းယူ နေချင်မိသည်။ မဖြစ်နိုင်မှန်းလည်း သိပါသည်။ ထို့အတွက်ကြောင့် အမေ့အိမ်ကို အိမ် အသစ်တစ်ဆောင် တည်ဆောက်ဖို့ ရည်ရွယ်ချက်ဖြင့် ငွေကြေးအင်အား စုဆောင်းရန် ကျွန်တော် တောထဲသို့ တစ်ခါပြန် လည်ဝင်ရောက် ရပေဦးမည်လား။

အပြန်ခရီး၏ ရလဒ်ဖြစ်သော မိဘ မေတ္တာ အေးရိပ်ကို ခံစားရင်း အပျက်အစီး ပုံကြီးထဲ နေထိုင်ရမည်လား။ အိမ်အသစ် တည်ဆောက်နိုင်ရန် လုပ်ငန်းခွင်  သို့ပြန်၍ စီးပွား ရှာရမည်လား။ ကံအား လျော်စွာ သားရွှေအိုး ထမ်းပြန်လာသည့် ကိန်းဖြင့် ကြုံရပါက သက်ရှိထင်ရှား မိဘများ၏ အေးမြသော မေတ္တာရိပ်မှာ ခိုလှုံခွင့် ရနိုင်ပါမည်လား။ ဘာမှ မသေချာပါ။ ကျွန်တော် တစ်ခုခုကို ဆုံးရှုံးရနိုင်သည်။

ထို့ကြောင့် ကျွန်တော် ဆုံးဖြတ်ချက်ကို ယတိပြတ် ချမှတ်ရပါတော့ သည်။ မိဘများနှင့်သာ မခွဲမခွာ နေထိုင်မည်။ တတ်စွမ်းသမျှ ရသည့်နည်းဖြင့် ရုန်းကန် ကြိုးစားကာ အမေ့ကို အိမ် အသစ် တည်ဆောက်ပေးမည်။ အစားထိုး မရနိုင်သည့် မိဘ၏ မေတ္တာရိပ်မှာသာ ကျွန်တော် ကြိုးစားတည်ဆောက်ခြင်း ပြုတော့မည်။

Written by Pဆာမိ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...