Tuesday, October 25, 2011

စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရန် စောသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

by General Knowledge on Tuesday, October 25, 2011 at 10:50pm

By featured, ဧရာဝတီ on October 25, 2011 5:39 pm
 
အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ မရုပ်သိမ်းမီ မြန်မာအစိုးရအနေဖြင့် အပြောင်းအလဲ များစွာလုပ်ရန်လိုသေးကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က The Wall Street Journal သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။

 
အောက်တိုဘာ ၂၂ ရက်နေ့က NLD အမျိုးသမီးအဖွဲ့ဝင်များ၏ ရိုးရာ အထည်လုပ်ငန်းသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာစဉ် (ဓာတ်ပုံ - AP)

ယနေ့ထုတ် အဆိုပါ သတင်းစာတွင် ပါရှိသည့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက် ဆီလင်း ဖာနန်ဒတ်ဇ်အား မြန်မာပြည်အပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် စောသေးသည်ဟု ပြောရသည့် အချက်နှစ်ချက် ရှိကြောင်း ပြောသည်။

ပထမတချက်မှာ မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရန်ဖြစ်ပြီး ဒုတိယအချက်မှာ တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ပွဲများနှင့် ပတ်သက်သည့် ပြဿနာများကို ရှင်းလင်းပေးရန် လိုအပ်ကြောင်း၊ ထိုနှစ်ချက်ကို မဖြေရှင်းနိုင်သေးသရွေ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရန် အချိန်မကျ သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရ၏ အပြောင်းအလဲများအပေါ် သံသယကြီးလွန်းသော အတိုက်အခံများအားလည်း နားလည်မှု ရရှိစေရန် စည်းရုံးထိန်းကွပ်နေရကြောင်း၊ မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာရှေ့မှောက်တွင် တရားဝင်ဖြစ်စေရန် ၎င်းကို အသုံးချနေသည်ဟု တချို့သော အတိုက်အခံများက စွပ်စွဲပြောဆိုကြကြောင်း သူက ဆက်ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြင့် အနိုင်ရယူခဲ့သည့် အစိုးရကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာချိန်တွင် အပြင်းအထန် ဆန့်ကျင်လိမ့်မည်ဟု အတိုက်အခံတချို့က မျှော်လင့်ခဲ့ကြသော်လည်း ၎င်းအနေဖြင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိုသာ ဦးစားပေးခဲ့သည်။

ထို့အပြင် ယခု အစိုးရသစ်အဖွဲ့ဝင်များနှင့် ဆွေးနွေးမှုများသည် ယခင်ဆွေးနွေးမှုများနှင့် မတူဘဲ ဟန်ဆောင် ပြောဆိုနေခြင်း မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ခံစားရကြောင်း The Wall Street သတင်းထောက်ကို ပြောသည်။

“အစိုးရအဖွဲ့ဝင်တွေနဲ့ စကားပြောကြည့်တော့ သူတို့ တကယ့်ကို ပြောနေကြတာလို့ ခံစားရတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

လက်ရှိ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်လိုသော ဆန္ဒများသည် မြန်မာနိုင်ငံကို နိုင်ငံတကာမိသားစုများ အတွင်း သိက္ခာရှိရှိ ပြန်လည်ရပ်တည်နိုင်ရန် အခွင့်ကောင်းတရပ် ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာအစိုးရ၏ မီဒီယာထိန်းချုပ်မှုများ လျှော့ချပေးခြင်း၊ ပြုပြင်ပြောင်းလဲရေးများ စတင် လုပ်ဆောင်နေခြင်း၊ ၎င်းနှင့် ဆွေးနွေး စကား ပြောဆိုခြင်း စသည်တို့ကို အပြည့်အဝ ကြိုဆိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဦးသိန်းစိန်အပါအဝင် မြန်မာအစိုးရအဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ လတ်တလော တွေ့ဆုံဆွေးနွေးမှုသည် ၁၉၉၀ ဝန်းကျင်ကာလများက အသားအရောင်ခွဲခြားမှု စနစ်ကို ရပ်စဲရန် တောင်အာဖရိကတွင် နှစ်ဘက် အပြန်အလှန် ညှိနှိုင်းကြခြင်းနှင့် အလားသဏ္ဍန်တူကြောင်း သူက ပြောသည်။

သမ္မတဦးသိန်းစိန်သည် ရိုးသားပွင့်လင်းပုံရ၍ နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရန် ဆန္ဒရှိပုံရကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးခဲ့သည်။

“ကျမတို့ ပန်းတိုင်ကို မရောက်သေးပေမယ့် အဲဒီ ပန်းတိုင်ဆီကို ဦးတည်သွားနေကြတယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း သိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြန်လည်မှတ်ပုံတင်ရေးနှင့် လာမည့် ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး ကိစ္စရပ်များမှာ အစိုးရပေါ်တွင် မူတည်နေသည်ဟု သူက ဆိုသည်။

NLD မှတ်ပုံတင်လိုက်ခြင်း အားဖြင့် အစိုးရ၏ နိုင်ငံရေး စနစ်ကို တနည်းတဖုံ ထောက်ခံရာရောက်မည် ဖြစ်သောကြောင့် မြန်မာအစိုးရက ပါတီ မှတ်ပုံတင်ရန် လိုလားနေခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင်ကျဖူးသူများကို ပါတီနိုင်ငံရေးထဲတွင် ပါဝင်ဆောင်ရွက်ခွင့် ကန့်သတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ယခုအခါ ရွေးကောက်ပွဲ ဥပဒေနှင့် ပါတီ မှတ်ပုံတင်ရေး ဥပဒေများကို ကျင်းပနေသည့် လွှတ်တော်တွင်း ဆွေးနွေးနေပြီ ဖြစ်သောကြောင့် ထွက်ပေါ်လာမည့် ရလဒ်အပေါ်တွင် မူတည်၍ စဉ်းစားသွားမည် ဖြစ်ကြောင်းလည်း သူက ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်အပေါ် NLD က ဆက်လက်ဆုပ်ကိုင်ထားမှုနှင့် ပတ်သက်၍   “လူတော်တော်များများ ထင်သလို ၁၉၉၀ ရွေးကောက်ပွဲရလဒ်အတိုင်း အာဏာလွှဲပြောင်းပေးဖို့ မဟုတ်ပါဘူး။ ဒါဟာ လက်တွေ့လည်း မကျဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ် တော်တော်များများဟာ ကွယ်လွန်ကုန်ကြပြီ၊ တချို့လည်း နိုင်ငံခြားတိုင်းပြည်တွေမှာ ရောက်နေကြပြီ” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများအနက် မီဒီယာလောကကို ချုပ်ချယ်မှု လျှော့ချလာခြင်းအား ထောက်ပြ၍ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မီဒီယာလွတ်လပ်ခွင့် အရဆုံးကာလဟု မှတ်ချက်ချပြီး လှိုက်လှိုက်လှဲလှဲ ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“လူတွေဟာ နိုင်ငံရေးမှာ ပါဝင်လာဖို့ ပိုပြီး သက်သောင့်သက်သာ ရှိလာတယ်။ အရင်ကလို မကြောက်ကြတော့ဘူး။ တက်ကြွ လှုပ်ရှားသူတွေ အနေနဲ့လည်း အန္တရာယ်ကင်းကင်းနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက် လာနိုင်နေပြီ” ဟု သူက ဆိုသည်။

၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို မြန်မာနိုင်ငံအနေဖြင့် ရယူရေး ကိစ္စရပ်နှင့်ပတ်သက်၍မူ ဒေါ်အောင်ဆန်း စုကြည်က လှိုက်လှိုက်လှဲလှဲ ပြောဆိုလိုခြင်း မရှိကြောင်း သတင်းစာတွင် ရေးထားသည်။

“အာဆီယံ ဥက္ကဋ္ဌ ရာထူးကို မျှော်မှန်းနေတာဟာ ပြည်သူလူထုဘဝ တိုးတက်လာဖို့ ကိစ္စနဲ့ ဘာမှမသက်ဆိုင်ဘူးလို့ မြင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာအစိုးရကမူ လာမည့် ၂၀၁၄ ခုနှစ်တွင် ကျရောက်မည့် အာဆီယံ ဆွေးနွေးပွဲတွင် ဥက္ကဋ္ဌ ရာထူးကို လက်ခံရယူရန် ဆန္ဒရှိနေသည်။
တချိန်တည်းတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်၏ တရားစီရင်ရေး စနစ်ကို ဝေဖန် ရှုတ်ချလိုက်သည်။
မြန်မာပြည်တရားစီရင်ရေး စနစ်နှင့် ပတ်သက်၍  “အားလုံး သိကြတဲ့အတိုင်းပါပဲ” ဟု ပြောပြီး လွတ်လပ်မျှတမှု မရှိသော တရားစီရင်ရေးစနစ် ဖြစ်သည် ဟုလည်း ၎င်းကဆိုသည်။

မီဒီယာတင်းကျပ်မှုများကို လျှော့ချပေးနေသော်လည်း အစိုးရအဖွဲ့အတွင်း ပွင့်လင်းမြင်သာမှု ကင်းမဲ့နေဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုသည်။

ဥပမာ တခုအနေဖြင့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသည် ယခုတိုင် အစိုးရကို နောက်ကွယ်မှ ကြိုးကိုင်နေဆဲလော (သို့မဟုတ်) အမှန်တကယ် အငြိမ်းစားယူသွားခြင်းလော ဆိုသည့်အချက်ကို မရှင်းလင်းကြောင်း၊ ထိုသို့ မရှင်းလင်းရခြင်းမှာလည်း လူအများမှာ ကောလာဟလများကိုသာ အားကိုးနေရဆဲ ဖြစ်သောကြောင့် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သို့သော် သမ္မတ ဦးသိန်းစိန်သည် တစုံတရာသော သြဇာအာဏာကို ဆုပ်ကိုင်ထားပြီး ထိုသြဇာအာဏာကို အသုံးချကာ ပြုပြင်ပြောင်းလဲရေးများကို လုပ်ကိုင်သွားနိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း ၎င်းက ဆိုသည်။

“လူတွေမှာ မေးစရာမေးခွန်းတွေရှိနေတယ်လို့ ကျမထင်တယ်။ အဲဒါကတော့ အစိုးရအဖွဲ့ဝင်တွေထဲမှာကော၊ စစ်တပ်ထဲမှာပါ ဦးသိန်းစိန်ကို ဘယ်လောက် ထောက်ခံကြသလဲ ဆိုတဲ့မေးခွန်းပါ။ ဒီမေးခွန်းတွေ ရှိနေတာကို ကျမလည်း မငြင်းနိုင်ဘူး။ ဒါပေမယ့် အတိအကျ ခံစားယုံကြည်မိတာကတော့ ဦးသိန်းစိန်အနေနဲ့ အလုံးစုံကို မချုပ်ကိုင်နိုင်ရင်တောင်မှ သူဟာ ထိပ်ဆုံးကလူပဲ ဆိုတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ကောက်ချက်ချသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...