Tuesday, October 25, 2011

ငှက်ဘုံခန်းဝါ

by Kyaw Thurein on Tuesday, October 25, 2011 at 5:38pm
 
ကျီးတွေထဲမှာတော့ ကျုပ်က မိဘကျေးဇူး အသိတတ်ဆုံး ကျီးဗျ။ ဖအေအို ကျီးဒုက္ခိတကြီးကို ခုချိန်ထိ ပြုစုလုပ်ကျွေး နေတာ ကျုပ်တစ်ကောင်ပဲ ရှိတယ်။

ကျန်တဲ့ကျီး တစ်ကောင်တစ်မြီးမှ မိဘလုပ်ကျွေးတယ်ဆိုတာ မရှိဘူး။ ကျီးအားလုံးဟာ အပျံတတ်လို့ ကိုယ့်တောင်ပံကိုယ် အားကိုးနိုင်ပြီဆိုတာနဲ့ မိဘအသိုက်အမြုံကနေ တစ်ခါတည်း အပြီးထွက်သွားကြတာပဲ။ တစ်ခေါက်တလေတောင် ပြန်လာဖော်ရတာ မဟုတ်ဘူး။ မိဘဆိုတာ ရှိတယ်တောင် မအောက်မေ့ဘူး။ ပြုစုလ...ုပ်ကျွေးဖို့ နေနေသာသာ။ အဲဒီလို ကျီးတွေထဲမှာ ကျုပ်ကတော့ တစ်မိပေါက် တစ်ကောင်ထွန်းပေါ့ဗျာ။ ကျုပ်အမေလား။ အမေကတော့ မရှိတော့ဘူး။ ဆုံးတာ ကြာပါပြီဗျာ။ ကျုပ် အပျံတတ်စ အရွယ်ကတည်းက ဆိုပါတော့။ ကြမ္မာငင်ပြီး ဆွေးပေါက်နေတဲ့ ဓာတ်ကြိုးပေါ် သွားနားမိလို့ ဓာတ်လိုက်သေသွားတာလေ။ အခုတော့ အဖေတစ်ခု သားတစ်ခုပေါ့ဗျာ။


ကျုပ်တို့သားအဖက သိပ်ချစ်ကြတယ်။ သိပ်လည်း တွယ်တာကြတယ်။ အဲ… ဒါပေမယ့် တည့်လည်းမတည့်ဘူး။ ဒါလည်း မျိုးဆက်ကွာဟမှုလို့ ပြောရမလားပဲ။ အဖေနဲ့ ကျုပ်က အမြဲ ငြင်းရခုံရတယ်။ အမြင်လည်း မတူဘူး။ တွေးပုံခေါ်ပုံချင်းလည်း မတူဘူး။ အယူအဆလည်း ကွဲတယ်။ ဒါတောင် မျိုးဆက်က များများမဟုတ်ဘူးနော်။ တစ်ဆက်တည်းပဲ ကွာတာ။ ဘာပဲပြောပြော ကျုပ်က အဖေ့ကိုတော့ ကျေးဇူးတင်တယ်ဗျာ။ ကျုပ်ကို ကျီးတစ်ကောင်အဖြစ် မွေးဖွားဖြစ်တည်ခွင့် ပေးတဲ့အတွက် အရမ်းကျေးဇူးတင်တယ်။ ကျုပ်က ကျီးဖြစ်ရတာ ဂုဏ်ယူကျေနပ် နေတဲ့သူလေ။ ကျီးဆိုတာ စည်းလုံး ညီညွတ်ခြင်းရဲ့ သင်္ကေတဗျ။ အမျိုးထိရင် မချိအောင်နာတတ်တဲ့ သူတွေထဲမှာ ကျုပ်တို့ ကျီးကို ဘယ်သတ္တ၀ါမှ မမီဘူး။ ကျုပ်တို့က စံပြပဲ။ ကျုပ်တို့ ကျီးအချင်းချင်း အစာလုရင်း ဘာရင်း ခိုက်ရန်ဒေါသ ဖြစ်တာမျိုး မရှိဘူးမဟုတ်ဘူး။ တစ်ခါတစ်ရံမှာ ရှိတတ်ပါတယ်။ အဲ… ဒါပေမယ့် အပြင်ရန်သူနဲ့ ပတ်သက်လာရင်တော့ ကျုပ်တို့ ကျီးအားလုံးက တစ်သွေးတည်း တစ်သားတည်း၊ တညီတညွတ်တည်း ဖြစ်သွားရော။

ဥပမာဗျာ၊ ကျုပ်တို့ထဲက ကျီးတစ်ကောင်ကောင်နဲ့ အပြင်ကကောင်တစ်ကောင် အကြောင်းတစ်စုံတစ်ရာနဲ့ တစ်နေရာရာမှာ ပြဿနာဖြစ်ကြတယ် ဆိုပါစို့။ မသိလိုက်နဲ့၊ သိလိုက်ပြီဆိုတာနဲ့ ကျုပ်တို့ကျီးတွေ အုပ်စုလိုက် ချီတက်ပြီး အဲဒီ အပြင်ကကောင်ကို မှတ်လောက်သားလောက်အောင် ထိုးလွှတ်၊ ဆိတ်လွှတ်၊ စွာလွှတ်၊ အာလွှတ် လိုက်တာပဲ။ နောင်ကြဉ်သွားအောင် ကောင်းကောင်းကို ပညာပေး လွှတ်လိုက်တာပဲ။ ကျုပ်တို့ကောင် မှားတာ မှန်တာက နောက်။ ဒီနေရာမှာတော့ ကျုပ်တို့အချင်းချင်း ဘယ်သူ့ဘယ်သူမှ မလောဆော်ရဘဲ အလိုလို စည်းလုံးညီညွတ်သွားတာဗျ။ အသွေးထဲ၊ အသားထဲ၊ ရိုးတွင်းခြင်ဆီထဲကကို ညီညွတ်ပြီးသား ဖြစ်နေတာ။ တော်တော်တော့ ထူးဆန်းတယ်။

ဒါကြောင့်လည်း ကျုပ်တို့ကျီးတွေကို တော်ရုံသတ္တ၀ါ မစော်ကားဝံ့တာပေါ့ဗျာ။ စည်းလုံးခြင်းသည် အင်အားမဟုတ်လား။ ကြုံကြိုက်လို့ ကျုပ်တို့ ကျီးတွေမှာရှိတဲ့ တခြား အရည်အချင်းတွေကိုလည်း ပြောပြလိုက်ဦးမယ်။ ကျုပ်တို့ ကျီးတွေဟာ ရဲတယ်ဗျာ၊ လျင်တယ်ဗျာ၊ သွက်တယ်ဗျာ၊ အခွင့်အရေးကို လက်လွတ်မခံဘဲ အမိအရ ယူတတ်တယ်ဗျာ။ နောက်ပြီး ကျုပ်တို့က အအားမနေဘူး။ အမြဲလိုလို ဟိုဟိုဒီဒီသွားလာပြီး အရာရာကို စူးစမ်းလေ့လာနေတော့ ဗဟုသုတ ရှိတယ်ဗျာ၊ နှံ့စပ်တယ်ဗျာ၊ အမြင်ကျယ်တယ်ဗျာ။

အခွင့်အရေးယူတာနဲ့ ပတ်သက်လို့ အဖေနဲ့ကျုပ်နဲ့ တကျက်ကျက်။ ကျုပ်တို့က အမြင့်မှာ အနေများပေမယ့် မြေပြင်ပေါ်က အစာကိုလည်း အလွတ်မပေးဘူး။ အစာနဲ့ပတ်သက်ရင် အမြဲလက်ဦးမှု ယူတယ်။ သိပ်မကြာခင်က ဖြစ်ခဲ့တဲ့ ကိစ္စကိုပဲ ကြည့်။ တစ်မနက်ပေါ့ဗျာ။ စောတော့ တော်တော်စောပါတယ်။ လူတွေ ကားတွေတောင် သိပ်သွားသွားလာလာ မရှိသေးဘူး။ ကျုပ်တစ်ကောင်တည်း ဗဟိုလမ်း လမ်းဘေးဗာဒံပင်ပေါ် နားနေတုန်း လမ်းမပေါ်မှာ မြေကြွက်ကြီးတစ်ကောင် ပိုးလိုးပက်လက် သေနေတာကို တွေ့လိုက်မိတယ်ဗျ။

အဲဒါကို ဘယ်ကမှန်းမသိတဲ့ ခွေးဝဲစားနှစ်ကောင်က ကြွက်သေကို နမ်းကြည့်လိုက်၊ လှည့်သွားလိုက်၊ တစ်ခါထပ်နမ်းကြည့်လိုက်၊ ပြန်လှည့်သွားလိုက်။ စားတော့မလိုလို၊ မစားတော့ဘူးလိုလို။ ဘာလုပ်နေမှန်းလည်း မသိဘူး။ အကြာကြီး။ ပြီးတော့ တစ်ကောင့်တစ်ကောင်လည်း မာန်ဖီနေသေးတယ်။ ကျုပ်က သစ်ကိုင်းပေါ်ကနေ မကြည့်ချင် မြင်ရက်သား ဖြစ်နေတာပေါ့။ ကြာတော့ စိတ်က မရှည်တော့ဘူး။ ကျုပ်အဖော် ကျီး လေးငါးဆယ်ကောင်လည်း ရောက်လာရော၊ ကျုပ်တို့ အချင်းချင်း တစ်ကောင့်တစ်ကောင် မျက်စပစ်လိုက်ပြီး ကြွက်သေအနား ဝေါခနဲ ထိုးဆင်းလိုက်တာပေါ့။ တောင်ပံ တဖျပ်ဖျပ်ခတ်ရင်း ပါးစပ်ကလည်း တအားအားနဲ့ သံပြိုင် အော်ထည့်လိုက်သေးတယ်။

"ရှောင်ကြ ရှားကြ။ ဒါ တို့အစာဟေ့"လို့ ကြွေးကြော်လိုက်တဲ့ သဘောပေါ့။ ကျုပ်တို့လည်း မြေပေါ်ရောက်ရော၊ အို… ဘာပြောကောင်းမလဲ ခွေးဝဲစားနှစ်ကောင်ဆိုတာ အမြီးကုပ်ပြီး ပြေးလိုက်တာ တန်းနေတာပဲ။ နောက်တောင် တစ်ချက် လှည့်မကြည့်ဘူး။ ဟိုး ခပ်ဝေးဝေးကိုရောက်မှ နောက်လှည့်ပြီး မရဲတရဲ လှမ်းမျှော်ကြည့်တယ်။ ကျုပ်တို့ မြိန်ရေယှက်ရေ စားသောက်နေတာ မြင်သွားပြီး အရိုးအရင်းလေးများ ကျန်လေမလားလို့ မျှော်လင့်တယ် ထင်ပါရဲ့။

ဘယ်ကျန်မလဲဗျာ၊ ကျုပ်တို့ကလည်း အဖွဲ့နဲ့ဆိုတော့ သိပ်တောင် မလောက်ငချင်ဘူး။ အဖေ့အတွက်လည်း ၀မ်းရှယ်ယာ အိမ်သယ်ရသေးတာ။ အဲဒီအကြောင်း ကျုပ်က အဖေ့ကို အားရပါးရ ပြောပြတော့ အဖေက ဘာပြန်ပြောတယ်ထင်လဲ။
"သားရယ် မင်းတို့ချည်းပဲ အုပ်စုဖွဲ့ပြီး အနိုင်မယူပါနဲ့ကွယ်။ သူများတွေကိုလည်း နည်းနည်းပါးပါး ပေးကျွေးပါဦးလား" တဲ့။
ဟား… အဲဒါပဲ။ အဖေတို့ ခက်နေတာ။

"အဖေ သေချာမသိဘဲ ရမ်းရမ်း မပြောနဲ့ဗျ။ ကျွန်တော်တို့က ပေးမကျွေးတာ မဟုတ်ဘူး။ အဲဒီ ခွေးဝဲစားတွေက အရင်မြင်တာ၊ အရင်မြင်ပြီး မစားတတ်တာ။ စားရကောင်းမှန်း မသိတာ။ အချင်းချင်းလည်း မညီညွတ်ဘူး။ သတ္တိလည်း မရှိဘူး။ ဆုံးဖြတ်ချက်လည်း မပိုင်ဘူး။ ဒီတော့ ငတ်ပေါ့"

"မဟုတ်သေးဘူးလေကွာ။ တော်ကြာ သူများတွေက မင်းတို့ကို အစာနဲ့ပတ်သက်ရင် တစ်မိုးလုံးဖျောက်ဆိပ်တို့ ဘာတို့ ပြောနေမှာစိုးလို့ပါ"

"ပြောပြောဗျာ။ မနာလိုတဲ့သူတွေ ပြောတာ လိုက်ဂရုစိုက် မနေနိုင်ဘူး။ ကျွန်တော်ကတော့ ကိုယ်လုပ်စရာရှိတာ လုပ်သွားမှာပဲ"
အဲဒီတုန်းက သားအဖနှစ်ကောင် ကတောက်ကဆတ် ဖြစ်ရသေးတယ်။

အဖေက တစ်ခါတစ်ခါကျတော့လည်း နည်းနည်း အစိုးရိမ်လွန်တယ်လို့ ပြောရမယ်ထင်တယ်။ အလကားနေရင်း ပူပန်လား ပူပန်ရဲ့။ မလိုအပ်ဘဲ ကြောင့်ကြလား ကြောင့်ကြရဲ့။ အဖေက သားသမီး ဆုံးမတာလည်း တော်တော် ၀ါသနာပါတယ်ဗျ။ အခွင့်အရေး ရရင်ရသလို ဆုံးမနေတာပဲ။ အေးလေ… ဒါလည်း ဖခင်တစ်ဦးရဲ့ လုပ်ပိုင်ခွင့်ဆိုတော့ သူ့လုပ်ပိုင်ခွင့်သူ အပြည့်အ၀ သုံးတာပေါ့။ အဖေ ဆုံးမတဲ့အထဲမှာ နည်းနည်း အဓိကကျတယ်လို့ ရိပ်စားမိတဲ့ အကြောင်းအရာကတော့ စကားပြောတာနဲ့ ပတ်သက်တာပဲ။

အမြဲလိုလိုပဲ ကျုပ်ကို စကားမများဖို့၊ စကား မဖွာဖို့၊ စကား မကျွံဖို့၊ စကားကို လိုအပ်မှသာ ပြောဖို့၊ စကားလုံး ချွေတာဖို့၊ အသံမကျယ်ဖို့ စတာတွေကို ပြောဆိုဆုံးမလေ့ ရှိတယ်။ "စကားနည်း ရန်စဲ" တို့၊ "အသံကြောင့် ဖားသေ" တို့၊ "ကြမ်းကျွံလျှင် နုတ်ရ၊ စကားကျွံလျှင် နုတ်မရ" တို့၊ "စကား စကား ပြောပါများ၊ အမှား ပါတတ်သည်" တို့ဟာ အဖေ့ရဲ့ လက်သုံး စကားပုံတွေပေါ့။

အမှန်တော့ သူပြောတဲ့အတိုင်းနေဖို့ မလွယ်ပါဘူးဗျာ။ ခင်ဗျားသိတဲ့အတိုင်း ကျီးဆိုတာ စကားများတဲ့ အမျိုးလေ။ ပြီး ကျုပ်တို့က အုပ်စုနဲ့ လှုပ်ရှားသွားလာနေတတ်တော့ တစ်ကောင်မပြော၊ တစ်ကောင်ပြောနဲ့ အမြဲလိုလို ဆူညံနေတော့တာပေါ့။ နောက်ပြီး ကျုပ်တို့က ပြောစရာရှိ ပွင့်ပွင့်လင်းလင်းပဲ။ ပြောပြီဆိုလည်း ကျယ်ကျယ်လောင်လောင်ပဲ။ ခိုတွေလိုလည်း တအီအီ မညည်းဘူး။ ဥသြလိုလည်း အသံကောင်း မဟစ်ဘူး။ စာကလေးလိုလည်း ပတ်ချွဲ နပ်ချွဲ ပိညက် ပိညက် မလုပ်ဘူး။ ကျုပ်တို့စရိုက်ကိုက ဟောင်ဖွာဟောင်ဖွာမျိုး။

အဖေကတော့ ဟုတ်တာပေါ့ဗျာ။ အသိုက်ထဲပဲ အနေများတော့ စကားမပြောလည်း ဖြစ်နေတာပေါ့။ ကျုပ်တို့က ဘယ်ရမလဲ။ အများကြားထဲမှာ မပြောချင်လည်း ပြောရ၊ ပြောချင်လည်း ပြောရ။ အမှန်တော့ အဖေ့ ဆုံးမစကားတွေဟာ သူ့ဘ၀တစ်ခုလုံးနဲ့ ရင်းနှီးပြီး ရလာတဲ့ ဘ၀သင်ခန်းစာတွေဆိုတာ နားလည်ပါတယ်။ ခါးသီးတဲ့ အတွေ့အကြုံကနေ ထုတ်နုတ်ရယူခဲ့ရတာမို့ တန်ဖိုးကြီးမှန်းလည်း သိပါတယ်။

တစ်ဖက်ကတွေးရင်လည်း အဖေတို့ ခေတ်မမီတာ ပါတာပေါ့ဗျာ။ မပါးနပ်တာ၊ ရိုးအတာ၊ ကျီးရည်မလည်တာတွေ ပါတာပေါ့။ အဲဒီတုန်းက ကျုပ်ငယ်ငယ် ရှိပါသေးတယ်။ ရာသီဥတု သာယာတဲ့ မနက်ခင်း တစ်ခင်းမှာ အဖေက လူတွေနေထိုင်တဲ့ အိမ်တစ်အိမ်ရဲ့ ၀ရန်တာ လက်ရန်းမှာ သွားနားပြီး "မင်္ဂလာနံနက်ခင်းပါ ခင်ဗျာ" "မင်္ဂလာနံနက်ခင်းပါ ခင်ဗျာ" လို့ သွားနှုတ်ဆက်သတဲ့။

စောစောစီးစီး အဖေ့အသံလည်းကြားရော အိမ်ရှင်တွေဆိုတာ သူတို့အိမ်ရှေ့ လာအာရပါ့မလားဆိုပြီး ဒေါသူပုန်တွေထ၊ တွေ့ကရာနဲ့ ကောက်ပေါက်၊ တစ်ယောက်ကဆိုရင် အဖေ့ကို လေးခွနဲ့တောင် ပစ်ထည့်လိုက်တာတဲ့။ "ကျီးစုတ်၊ ကျီးပဲ့၊ ကျီးနာ၊ အယုတ်တမာကျီး" လို့လည်း အဖေ့ကို ၀ိုင်းဆဲကြသေးသတဲ့။

အဲဒီတုန်းက အဖေ ဒဏ်ရာအကြီးအကျယ် ရခဲ့တာပေါ့။ အဖေ့ ဘယ်ဘက်တောင်ပံက လောက်စာလုံးမှန်တဲ့ ဒဏ်ရာဟာ သေရွာပါပါပဲ။ အဲဒီကတည်းက အဖေ ကောင်းကောင်းမပျံနိုင်တော့လို့ အသိုက်မှာပဲ အောင်းနေရတာ ဘယ်လောက်ကြာပြီလဲ။ သြော်... အဖေ အဖေ၊ အဖေတို့ရဲ့ ဟိုး ဘိုးဘွားဘီဘင် လက်ထက်က ကျင့်သုံးခဲ့တဲ့ မိတ္တဗလဋီကာကြီးကို ဒီကနေ့ခေတ်မှာ မဆီမလျော် သွားထုတ်သုံးတာကိုး။

ဟိုး ရှေးရှေးတုန်းကတော့ ဟုတ်တာပေါ့။ ကိုယ့်အိမ်ရှေ့မှာ မနက်စောစောစီးစီး ကျီးလာအာရင် လူတွေက မင်္ဂလာရှိတယ်လို့ သတ်မှတ်ကြတယ်လေ။ "ဟယ်၊ ဒီနေ့ ရွှေကျီး သာတယ်ဟေ့။ ဘယ်က ဧည့်သည်လာမလဲ မသိဘူး" ဆိုပြီး လူတွေက ၀မ်းသာအယ်လဲ ဖြစ်ကြတယ်။ ကျီးတွေကိုတောင် "ရွှေကျီး" လို့ အမွှမ်းတင်ကြတယ်။ ဧည့်သည်ကိုလည်း လိုလိုလားလား မျှော်ကြတယ်။

ကနေ့ခေတ်က ဧည့်သည်မျှော်တဲ့ခေတ်မှ မဟုတ်တော့တာပဲ။ ဧည့်သည်ကြောက်တဲ့ ခေတ်လေ။ ဧည့်သည်လာမှာ စိုးရိမ်တဲ့ခေတ်လေ။ ဒါကို အဖေက မသိဘူး။ လူတွေက "ကျီးသာရင် ဧည့်လာတယ်" ဆိုတဲ့ အစွဲလေးကလည်း ရှိနေသေးတော့ အဖေ့ကို စိတ်ဆိုးကြတာပေါ့။ ခေတ်ကို မျက်ခြည်ပြတ်လို့ အဖေတို့ ခံလိုက်ရတာပါပဲ။ အဲဒီကတည်းက အဖေလည်း အများရှေ့ဆို စကားဟဟတောင် မပြောဝံ့ရှာတော့ဘူး။ "ဆိုက်ကို" ၀င်သွားတာနဲ့ တူပါတယ်။

အဖေဟာ အဲဒီလို ခေတ်ရေစီးကြောင်းနဲ့အတူ စီးမျောလိုက်ပါနိုင်သူတစ်ဦး မဟုတ်ပေမယ့် အဖေ့ရဲ့ အတွေးအမြင် တချို့ကိုတော့ ကျုပ် ကြိုက်တယ်ဗျို့။ (တချို့ပဲ ပြောတာနော်) အထူးသဖြင့် ကျီးငယ်တွေအပေါ် အဖေ နားလည်စာနာ ပေးတတ်ပုံကိုတော့ ကျုပ်လေးစားတယ်။ ကျုပ်တို့ ကျီးတွေနဲ့ ပတ်သက်ပြီး လူတွေပြောတဲ့ စကားပုံတွေ ရှိတယ်မဟုတ်လား။ ဘာတဲ့။ "ကျီးလန့်စာစား" တို့၊ ကျီးကန်းတောင်းမှောက်" တို့၊ "ကျီးစောင့်ကြက်နှင်" တို့၊ "ဒေါင်းယောင်ဆောင်သောကျီး" တို့ ဘာတို့လေ။

အဲဒီထဲမှာ "ဒေါင်းယောင်ဆောင်သောကျီး" ဆိုတဲ့စကားပုံ ဖြစ်ပေါ်လာရတဲ့ အရင်းခံဇာတ်ကြောင်းဟာ ကျီးသမိုင်းမှာတော့ အတော့်ကို အကျည်းတန် အရုပ်ဆိုးခဲ့တဲ့ ကိစ္စပဲ။ သမိုင်းမှတ်တမ်း တင်သွားတဲ့အတွက် ရှက်ဖို့လည်း ကောင်းတယ်။ ကျီးတွေရဲ့ ဇာတိပုည၊ ဂုဏ်မာနကို ထိခိုက်တဲ့ ဖြစ်ရပ်လည်း ဖြစ်တယ်။

အဲဒီ ဇာတ်လမ်းကို ခင်ဗျားလည်း ကြားဖူးမှာပါ။ ကျီးတစ်ကောင်ဗျာ၊ ဒေါင်းဖြစ်ချင်လို့ ဒေါင်းတောင်တွေ သူ့ကိုယ့်မှာစိုက်ပြီး ဒေါင်းတွေကြား ၀င်ရောတာလေ။ နောက်တော့ ဒေါင်းတောင်တွေ ကျွတ်ကျကုန်ပြီး ဒေါင်းအစစ် မဟုတ်မှန်းလည်းသိရော ဒေါင်းတွေက သူ့ကို စိတ်ဆိုးမာန်ဆိုးနဲ့ ၀ိုင်းထိုးဆိတ်ပြီး မောင်းထုတ်။ ကျီးတွေဆီ လာတော့လည်း ကျီးတွေက မျိုးချစ်စိတ်ဓာတ် မရှိတဲ့ကောင်၊ သစ္စာဖောက် လောက်ကောင်ဆိုပြီး ၀ိုင်းထိုးဆိတ်ပြီး မောင်းထုတ်။ နောက်ဆုံးမှာတော့ဗျာ အပယ်ခံဘ၀နဲ့ မရှုမလှ ဘ၀နိဂုံးချုပ်သွားတဲ့ ဇာတ်လေ။ သိတယ် မဟုတ်လား။

ကျုပ်အမြင်ပြောရရင် ဒါဟာ အသားအရောင် ခွဲခြားမှုနဲ့လည်း တစ်စိတ်တစ်ဒေသ ဆိုင်တယ်ဗျ။ ကျုပ်တို့ ငှက်လောကမှာလည်း အသားအရောင် ခွဲခြားမှုက နည်းနည်းတော့ ရှိတာပဲ။ ခင်ဗျား မသိလို့။ ဗျိုင်းတို့၊ ငန်းတို့၊ ဒေါင်းတို့ဆိုတဲ့ အကောင်တွေက ကျုပ်တို့ကျီးတွေကို နည်းနည်းတော့ နှိမ်ချင်တာပဲဗျ။ အခုလည်း ဒေါင်းတွေက ကျီးတွေကို နှိမ်ချင်လို့ ဖြစ်သွားရတာလေ။

ဒီဇာတ်ကြောင်းနဲ့ ပတ်သက်တဲ့ အဖေ့အမြင်ကတော့ မိုက်တယ်။ အတွေးက ဆန်းသစ်တယ်။ သဘာဝလည်း ကျတယ်။ လက်လည်း လက်ခံနိုင်တယ်။ ဒီဇာတ်လမ်းကို အတွင်းကျကျ သိခဲ့တဲ့ ကျီးအိုကြီးတွေ လက်ဆင့်ကမ်းခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်က နှလုံးသားရေးရာကိစ္စနဲ့ ပတ်သက်နေတာတဲ့။ ဇာတ်လိုက် ကျီးလုလင်ဟာ အင်မတန် ချောမောလှပတဲ့ ဒေါင်းပျိုမလေးတစ်ကောင်နဲ့ ငှက်ငယ်ဘ၀ ချစ်ကြိုးသွယ်မိတာတဲ့။ ကျီးနဲ့ဒေါင်း မျိုးမတူ ဇာတ်မတူတဲ့အတွက် မိန်းကလေး အသိုင်းအ၀ိုင်းက လက်သင့်မခံမှာစိုးလို့ ကလေးမလေးနဲ့ နီးစပ်နိုင်အောင် မောင်ရွှေကျီး ကြံမိကြံရာ ကြံရင်းကနေ ဒီဇာတ်လမ်း ဖြစ်သွားရတာတဲ့။ အမျိုးမချစ်တာတို့၊ မျိုးနွယ်မစောင့်ရှောက်တာတို့ မဟုတ်ပါဘူးတဲ့။

အဖေက ပြောသေးတယ်။
"အင်း ငယ်ရွယ်သူတွေဟာ နှလုံးသားရေးရာကို ရှေ့တန်းတင်တတ်တာ သဘာဝပဲလေ။ အခုလည်း ချစ်စိတ်မွှန်ပြီး တစ်ဇွတ်ထိုး လုပ်မိလုပ်ရာ လုပ်သွားတဲ့အတွက် အပြစ်တော့ မတင်သင့်ပါဘူးကွာ" တဲ့။ ဒီလိုကျပြန်တော့လည်း အဖေက ခေတ်မီနေပြန်ရော။

အဖေက ကျုပ်ထက် နှလုံးသား ပိုနူးညံ့တယ်ဗျ။ အချစ်ကိုလည်း ကျုပ်ထက်ပိုပြီး ထိရှခံစား နားလည်နိုင်တယ်။ ဒါကြောင့်လည်း မြို့သူဖြစ်တဲ့ အမေနဲ့ ပေါင်းဖက်ဖို့ တောကအသိုင်းအ၀ိုင်းကြီး တစ်ခုလုံးကို စွန့်ခွာခဲ့ပြီး အချစ်သူရဲကောင်းကြီး လုပ်ခဲ့တာပေါ့။ အမေဆုံးတော့ အဖေ တော်တော်ခံစားခဲ့ရ၊ ပူဆွေးခဲ့ရရှာတယ်။ အဖေ လောက်စာလုံးမှန်တဲ့ ဒဏ်ရာနဲ့ အသိုက်ထဲ လဲနေတဲ့အချိန်မှာ အမေ ဆုံးတာဆိုတော့ အဖေ့ခမျာ မရူးရုံတမည်ပဲ။ အမေ့နောက် လိုက်သေမယ် တကဲကဲ လုပ်နေလို့ ကျုပ်က "အဖေ ကျွန်တော့်ကို တစ်ကောင်တည်း ထားခဲ့တော့မှာလား။ ကျွန်တော့်ကို တစ်ကောင်တည်း ထားခဲ့တော့မှာလား" လို့ ငိုပြီး တားခဲ့လို့ပေါ့။ သား မျက်ရည်ကျတာ မြင်တော့မှပဲ အဖေလည်း သူ့ရဲ့ မကြံကောင်း မစည်ရာ အကြံတွေ စွန့်လွှတ်လက်လျှော့ခဲ့တာ။ အဲဒီတုန်းကများ အဖေ ကျုပ်ကို ဖက်ဖက်ပြီး ငိုတာ ခုနစ်ရက် ခုနစ်လီ။ နောက်ပိုင်းမှ အဖေ ဖြေနိုင်သွားတာ။

ကျုပ်တို့သားအဖရဲ့ အဖြစ်က အဲဒီလိုဗျ။ ဒါကြောင့်လည်း တစ်ကောင့်တစ်ကောင် သိပ်ချစ်ကြတာ။ ကျုပ်က တစ်ခါတစ်ခါ အဖေ့ကို သွေးတိုးစမ်းကြည့်တယ်။ "အဖေ အဖေ့အမျိုးတွေ တောမှာ အများကြီးမဟုတ်လား။ ကျွန်တော်တို့ ပြန်ကြမလား"

အဲဒီလိုမေးရင် အဖေက တွေတွေကြီး တမေ့တမော ငေးနေပြီး-
"တောတော့ သတိရပါတယ်ကွာ။ ဆွေမျိုးတွေကိုလည်း အောက်မေ့ပါတယ်။ ဒါပေမယ့် အဖေ မပြန်ချင်တော့ဘူး သားရယ်။ မင်းအမေနဲ့ ငါနဲ့ နဖူးကချွေး ခြေမကျတဲ့အထိ ကြိုးပမ်းတည်ဆောက်ထားတဲ့ ဒီအသိုက်အမြုံလေးမှာပဲ တစ်သက်လုံးနေပြီး မင်းအမေ ခေါင်းချသွားတဲ့ အရပ်မှာပဲ ငါသေချင်တယ်" တဲ့။ တွေ့လား။ အဖေတို့များ အဲဒီလောက်ထိ အစွဲအလမ်းကြီးတာ။ နောက်တစ်ခုလည်း ရှိတယ်။ သူ ထုတ်သာမပြောတာပါ၊ ခုလို မသန်မစွမ်း ဒုက္ခိတ ဘ၀ကြီးနဲ့ သူ့ရပ်သူ့ရွာ ဘယ်ပြန်ချင်မလဲ၊ ဟုတ်တယ် မဟုတ်လား။

ကျုပ်ကလည်း စကားအဖြစ်သာ ပြောတာပါ။ တကယ့်တကယ် အဖေက ပြန်မယ်ဟဲ့ဆိုရင်တောင် ဘယ်လိုလုပ်ရမှန်း မသိပါဘူး။ အဖေတို့တောက အဝေးကြီးရယ်။ အဖေ့ကို ကျောပေါ်တင်ပြီး အကြာကြီးပျံဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဖေ မပြန်ချင်တာ တော်သေးရဲ့။ ကျုပ်ကတော့ မြို့မှာမွေး၊ မြို့မှာကြီးဆိုတော့ မြို့သားစစ်စစ်ပေါ့။ မြို့မှာ ကျင်လည်ကျက်စားရတာကိုလည်း ပျော်ပါတယ်။ မြို့မှာက အန္တရာယ်များတယ် ဆိုပေမယ့် ရှာဖွေစားသောက်ရတာ လွယ်တယ်ဗျ။ မခက်ဘူး။ လျင်ဖို့ ရဲဖို့ပဲ လိုတာ။ ပြီးတော့ ခွင်တစ်ခွင်လောက် မိထားလိုက်ရင် တစ်သက်စားရောပဲ။

ကျုပ်ဆိုရင် စမ်းချောင်း ဦးရွှေမန်းဈေး အမှိုက်ပုံခွင်ကို ရထားတာ ကြာပြီကော။ တစ်ဈေးလုံးက စွန့်ပစ်ကြတဲ့ စားစရာတွေဆိုတာ ဖောချင်းသောချင်းပဲ။ ကြက်အရိအရွဲ စားမလား၊ ၀က်အရိအရွဲ စားမလား၊ အမဲအရိအရွဲ စားမလား၊ ငါးအူ စားမလား၊ ဖားအူ စားမလား အကုန်ရှိတယ်။ ထမင်းကျန်၊ ဟင်းကျန် မရှားဘူး။ သစ်သီးဝလံ အပုပ်အသိုး ပေါမှပေါ။ သက်ဆိုင်ရာက မှန်မှန်လာမသိမ်းလေ ကျုပ်တို့ အူစိုလေပဲ။ အဲဒါကြောင့် ကျုပ်က မြို့ကိုကြိုက်တာ။ မြို့ကို ကြိုက်သလို တောအရပ်၊ တောသဘာဝလေးကိုလည်း ကျုပ်သဘောကျတာပါပဲ။ မြို့မှာ ပြေးပြေးလွှားလွှား၊ လုလုယက်ယက် ရှာဖွေစားသောက်ရတာ သိပ်ပင်ပန်း ငြီးငွေ့လာရင် ကျုပ် တောသွားပြီး နှစ်ရက်တန်သည်၊ သုံးရက်တန်သည် အနားသွားယူလေ့ ရှိတယ်။ တောမှာက တကယ့်ကို အေးဆေးဆိတ်ငြိမ်တာဗျ။ လူသံ၊ သူသံ၊ ကားသံ၊ စက်သံ ဘာဆူညံသံမှ မကြားရဘူး။ မျက်စိအေး နားအေးနဲ့ အင်မတန် နေလို့၊ ထိုင်လို့ ကောင်းတာ။ စိတ်ဖိစီးမှုလည်း သက်သာတယ်။

တစ်ရက်တော့ အဖေက ကျုပ်ကို ပြောတယ်။ တောက သူ့အစ်မကြီးရဲ့သတင်း မကြားရတာ ကြာပြီတဲ့။ နေထိုင် ကောင်းမကောင်း သွားကြည့်ပေးပါတဲ့။ ဟန်ကျလိုက်တာ။ ကျုပ်ကလည်း မြို့စာတွေ ဆက်တိုက်စားရတာ ငြီးငွေ့လို့ တောစာ တောင်စာလေး စားချင်နေတာနဲ့ အတော်ပဲ။

"ဟုတ်ကဲ့၊ သွားပေးပါ့မယ်အဖေ" ဆိုပြီး သူစားဖို့သောက်ဖို့ အပြည့်အစုံ စီစဉ်ခဲ့ပြီးမှ ကျုပ် တောဘက် ထွက်ခဲ့တယ်။ သွားခါနီး ထုံစံအတိုင်း အဖေက မှာတမ်းခြွေသေးတယ်။

"သား သတိဝီရိယနဲ့သွားနော်။ တွေ့တဲ့သူတိုင်းကို ချေချေငံငံ ဆက်ဆံ။ အေး ဒါပေမယ့် စကားတော့ မဖွာနဲ့ကွယ်။ လိုအပ်တာပဲပြော၊ အပိုမပြောနဲ့ ကြားလား"

"ဟုတ်ကဲ့ပါ အဖေရယ်" ဆိုပြီး ကျုပ် မနည်းစကားဖြတ် ထွက်လာရတယ်။ တောရောက်တော့ ဆွေမျိုးတွေ အားလုံးကို သိုက်ပေါက်စေ့ လိုက်နှုတ်ဆက်ပါတယ်။ ကြီးဒေါ်ကြီးလည်း တွေ့ပါတယ်။ နေကောင်းပါတယ်။ ၀၀ဖြိုးဖြိုး ကျန်းကျန်းမာမာကြီးပါ။ ကျုပ် သိပ်ကြိုက်တဲ့ ညောင်သီးတွေတောင် တ၀ကြီး ကျွေးလိုက်သေးတယ်။ မပြန်ခင် တစ်ရက်မှာတော့ ကျုပ်တစ်ကောင်တည်း ဟိုဟိုဒီဒီ လျှောက်ပျံရင်း စမ်းချောင်းလေးဘေး ပေါက်နေတဲ့ လက်ပံပင်ကြီးရဲ့ ကိုင်းတစ်ကိုင်းပေါ် ကျုပ် ရောက်သွားတယ်ဗျ။

အဲဒီနေရာလေးက သိပ်သာယာတယ်ဗျာ။ လေနုအေးလေးက တဖြူးဖြူးနဲ့ တိုက်နေတာ ကောင်းလိုက်တာ။ တောပန်း တောင်ပန်းတွေရဲ့ ရနံ့လေးကလည်း မွှေးကြိုင်နေတာပဲ။ စမ်းရေစီးသံလေးကလည်း နားဝင်ချိုမှချို။ ဒါနဲ့ ကျုပ်လည်း စိတ်ရောကိုယ်ပါ လျှော့ပြီး သစ်ကိုင်းမှာ အေးအေးလူလူ အနားယူ အပန်းဖြေ ပစ်လိုက်တယ်ဗျ။ အဲဒီအချိန်မှာ ဟိုချုံကနေ ဒီချုံ၊ ဒီချုံကနေ ဟိုချုံ တစ်ချိန်လုံး အငြိမ်မနေဘဲ ကူးသန်းပြေးလွှားနေတဲ့ ယုန်တစ်ကောင်ဟာ ကျုပ်ကို မြင်သွားရောဗျို့။ ကျုပ်ကို အကြာကြီး မော့ကြည့်နေပြီး အောက်ကနေ လှမ်းနှုတ်ဆက်တယ်ဗျ။

"မိတ်ဆွေကျီး မိတ်ဆွေကျီး" တဲ့။

ကျုပ်ကလည်း "ဘာလဲ" လို့ မေးတော့ "မိတ်ဆွေကျီး၊ အဲဒီလို ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေး သက်သောင့်သက်သာ နားနေရတာ သိပ်ဇိမ်ရှိမှာပဲနော်" တဲ့။

ကျုပ်ကလည်း သူ့ကို "အင်း၊ ရှိပါတယ်" လို့ တိုတိုပဲ ဖြေလိုက်တယ်ဗျ။ ဒါနဲ့ ယုန်ကလည်း ကျုပ်ကို အားကျသွားဟန် တူပါတယ်။ တစ်ချိန်လုံး ဟိုချုံ၊ ဒီချုံ ကူးလူးပြေးလွှား နေရာက ဆက်မလုပ်တော့ဘဲ ကျုပ်နားနေတဲ့ လက်ပံပင် ရှေ့ဘက်နားက သရက်ပင်အောက်မှာ စိတ်အေးလက်အေး ငုတ်တုတ်လေး သွားထိုင်နေတော့တယ်ဗျ။ ကျုပ်လိုပဲ သက်သောင့်သက်သာ အနားယူ အပန်းဖြေနေတာပေါ့လေ။

ဒါပေမယ့် မကြာပါဘူးဗျာ၊ အစာရှာ ထွက်လာပုံရတဲ့ ခွေးအ တစ်ကောင်က ယုန်ကို တွေ့သွားတယ်။ ပြီးတော့ ခွေးအဟာ ယုန်ကို အလွယ်တကူ ဖမ်းယူပြီး သတ်ဖြတ်စားသောက်လိုက်တာ အို… မိနစ်ပိုင်းအတွင်း ယုန်ကလေး အစပျောက်သွားပါလေရော။ ဟာ ကျုပ်ဆို အရမ်းကို တုန်လှုပ်ချောက်ချား သွားတာပဲ။ မျက်စိအောက်တင် ဖြစ်သွားတဲ့ ကိစ္စဆိုတော့ စိတ်မကောင်းလိုက်တာလည်း မပြောပါနဲ့တော့။ အမှန်တော့ ကျုပ်အပြစ်ဗျ။ ကျုပ် လိုသွားတာ။

ယုန်က ကျုပ်ကို "အဲဒီလို ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေး သက်သောင့်သက်သာ နားနေရတာ သိပ်ဇိမ်ရှိမှာပဲနော်" လို့ ပြောမေးလေး မေးတုန်းက ကျုပ်က "အင်း ရှိပါတယ်" လို့ ပြီးလွယ်စီးလွယ် တိုတိုပဲ ဖြေခဲ့မိတယ်။ အဲဒါ ကျုပ်မှားတာပဲ။ တကယ်ဆိုရင် သူမေးတာကို ကျုပ်က "အင်း သက်သောင့်သက်သာလေး နားနေရတာ ဇိမ်ရှိပါတယ်ကွာ။ အေး ဒါပေမယ့် သက်သောင့်သက်သာနဲ့ ဇိမ်ရှိရှိ နားနေချင်တယ် ဆိုရင်တော့ ပထမဦးဆုံး ခပ်မြင့်မြင့် နေရာလေး တစ်နေရာကိုတော့ ရွေးချယ်ရလိမ့်မယ်" လို့ ပြည့်ပြည့်စုံစုံ ပြောရမှာကို ကျုပ် မပြောလိုက်မိဘူး။

ကျုပ်စကားကို ပြည့်ပြည့်စုံစုံမပြောလို့ သူ့ခမျာ ဒီလို အဖြစ်ဆိုးနဲ့ ကြုံရတာပေါ့။ ကျုပ်အပြစ်ပါဗျာ။ ကျုပ် လိုသွားတာပါ။ ယုန်လေးသေရတာ ကျုပ်ကြောင့်ပါ။ ကျုပ် တကယ်နောင်တရမိတယ်။ ဒါ သင်ခန်းစာပဲ။ မြို့ပြန်ရောက်ရင်တော့ အဖေနဲ့ ငြင်းခုံရဦးမယ်။ ဒီတစ်ခါတော့ ကျုပ် အခိုင်အမာ ပြောရတော့မယ်။

"အဖေ… စကားဆိုတာ အများကြီးပိုပြောတာ မကောင်းတာမှန်ပေမယ့် မပြည့်မစုံပြောရင်လည်း မကောင်းဘူးဗျ။ အချက်အလက် ပြည့်စုံအောင်၊ လိပ်ပတ်လည်အောင်တော့ ပြောကို ပြောသင့်တယ်ဗျ" လို့။

အင်း ဒီတစ်ခေါက် တောပြန်ရတာ မပျော်ပါဘူးဗျာ။ စိတ်မချမ်းမသာ ဖြစ်ရတာပဲ အဖတ်တင်တယ်။


(မနှင်းဖွေး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...