Sunday, October 23, 2011

`အလုပ်သမားနဲ့ ယောက်ဖတော့ သေရှာပေါ့လို့တွေးမိတယ် ´´ ပခုက္ကူရေဘေးမှ လွတ်မြောက်လာသူ တဦးနှင့် မေးမြန်းချက်

by Yangon PressInternational on Sunday, October 23, 2011 at 11:51pm
Interview with a witness of Pakokku flash flood
အောက်တိုဘာ ၂၃၊ ၂၀၁၁ (YPI)

ယခုလ ၂၀ ရက်နေ့က ပခုက္ကူမြို့ရှိ ရွှေချောင်း ချောင်းရေ ရုတ်တရက် လျှံတက်လာပြီး ချောင်းအစပ်နှင့် ချောင်းထဲတွင် နေထိုင်လျှက်ရှိသည့် လူနေအိမ်၊ စီးပွားရေး လုပ်ငန်းများ နှင့် ဘုန်းကြီးကျောင်းများ ရေစီးတွင် မျောပါခဲ့ရသည်။ စတင်ဖြစ်ပွားသည်မှ ၄ ရက်မြောက်သည့် ယနေ့ထိ ရရှိသည့် သတင်းများအရ သေဆုံးသူနှင့် ပျောက်ဆုံးသူ ၂၀၀ကျော်ထိရှိနိုင်သည်ဟု ပခုက္ကူမြို့ခံများက ခန့်မှန်းကြသည်။ ယင်းနေ့က  ပဲကြော်ဖိုပိုင်ရှင် ကိုကြွယ်ဌေးကို ရေကြီးစဉ်ကိုယ်တိုင်တွေ့ကြုံရသူ ပဲကြော်ဖို ပိုင်ရှင် ကိုကြွယ်ဋ္ဌေးက ၎င်း အသက်ဘေးမှ မည်သို့ လွတ်မြောက်လာပုံကို ဖုန်းနှင့် ဖြေဆိုထားခြင်း ဖြစ်ပါသည်။


YPI     ရေကြီးတဲ့ မနက်က ဘယ်နေရာမှာ ရှိနေလဲ။

ဖြေ-     ကျနော်က ပဲကြော်ဖိုဆိုတော့ ရေဆိုးထုတ်တာနဲ့ ချောင်းထိပ်မှာနေတာပေါ့။ ၁၀နှစ်တောင်ရှိပြီဗျာ ဘာမှကြီးကြီးမားမား မဖြစ်ဖူဘူး။ ချောင်းထဲ အမှိုက်ပုံထားတောင်မှ မမျှောဘူး။
အဲဒီနေ့ညက မိုးလေ၀သသတင်း ကြေငြာတာ ကြားတော့ လဘက်ရည်ဆိုင်မှာ။ မိုးနည်းနည်းရွာလာတော့ ကိုးနာရီလောက် ပြန်လာတယ်။ ချောင်းထဲဆင်းကြည့်တယ်။ အခြေအနေမကောင်းရင် ပစ္စည်းတွေ ဘာတွေ ရွှေ့ထားရအောင်လို့ စဉ်းစားပြီးတော့။ ချောင်းထဲမှာ ညကိုးနာရီခွဲလောက် မြေပြင်အတိုင်းပဲ ချောင်းရေ မရှိသေးဘူး။

ညနှစ်ချက်ထိုးလောက် မိုးကသွန်ချသလို တအားသဲနေပြီ။ အိမ်ကယောက်ဖခေါ်ပြီး ချောင်းထဲ ဘယ်လိုအခြေနေရှိမလဲ ဆင်းကြည့်တော့ မိုးသည်းမယ့် စမ်းချောင်းလောက်ပဲ စီးနေတာ။ လေးနာရီထိုး ပဲပေးဖို့ ထတော့ သာမာန် အပျော့စားချောင်းလောက်ပဲ ရှိသေးတယ်။ အပြင်းစား တခါကျတုန်းကတောင် ဘာမှမဖြစ်ဘူးဆိုတော့ အေးဆေးဆိုပြီး ထော်လာဂျီနဲ့ ပဲအိပ်တွေ ပို့နေတုန်းကို ကုန်းထိပ်လောက် ရောက်သေးတယ် ချောင်းထဲက ရေတွေလျှံလာတယ်လို့ အလုပ်သမား တယောက်က ပြောတော့ ယောက်ဖက သွားကြည့်တယ်။

ကျွန်တော်က အေးဆေးဆိုအိပ်နေတုန်း တံခါးလာခေါက်ပြီးတော့ ချောင်းရေလျှံလာပြီ ဆိုတော့ ယူစရာ စာရွက်စာတမ်းတွေ ယူပြီး အိမ်ခန်းကဆင်းတော့ ဖိနပ်တောင် မမြုပ်သေးဘူး။ ကျွန်တော့်ပဲဖိုနဲ့ ကုန်းက ပေအစိတ်လောက်ပဲ ရှိမယ်။ ကျွန်တော် ၁၅ပေ လောက်ပဲ ပြေးရသေးတယ်။ နောက်ကရေက လိုက်လာတာ ပေါင်လယ်လောက် ရောက်လာတယ်။ ပြေးရင်းပြေးရင်း ရေကနောက်မဆုတ်ဘူး။ စွတ်လိုက်လာတယ်။ ကျွန်တော် ပြေးရင်းကျန်ခဲ့တဲ့နေရာက ရင်ခေါင်းလောက် ရောက်သွားတယ်။

နောက်ကျွန်တော် ကုန်းမြေရောက်တော့ ဘယ်သူမှ ဟိုဘက်မသွားနိုင်တော့ဘူး။ ကျန်ခဲ့တဲ့ လူလဲ ဒီဘက်မလာနိုင်ဘူး။ဘုန်းကြီးကျောင်းနဲ့ အလုပ်ရုံကြားမှာ လမ်းကျဉ်းလေး အရင်ကရှိတယ်။ အဲဒိလမ်းကျဉ်းလေးကနေ ရေတအားဝင်သွားတာ။ ရေကခြောက်ပေ ခုနှစ်ပေလောက် တက်တယ်။ နောက် စီးလာတဲ့ ရေသံတွေက ရေသံတွေ မဟုတ်တော့ဘူး။ အိမ်တွေသစ်သားတွေ ကျိုးကြေကျလာတဲ့ အသံတွေ။ ၀ုန်းဝုန်းဆိုတဲ့ အသံတောင် မဟုတ်တော့ဘူး။ ဂျုံးဂျူံး ဆိုတဲ့ အသံတွေ။ အိမ်တွေက ကြည့်ရင်း အလုံးလိုက်မြောက်တက် ပါသွားတာ ရေလုံးက အောက်က ပင့်ရိုက်ထားသလိုပဲ။

ကျွန်တော်လဲ အလုပ်သမားတွေ ထွက်ခဲ့လို့ အော်တာ သူတို့လဲရေသံနဲ့ မကြားတော့ဘူး။ ပဲကြော်တွေ ဂိုထောင်ထည့်ခဲ့ဆိုပြောလို့ ထည့်နေတဲ့ ကောင်တွေလဲ ဂိုထောင်ထဲ ရေတွေဝင်လာတော့ ဂိုထောင် တောင်ဘက်ကနေ ခုန်ထွက်ခဲ့ရတယ်။

အိမ်က ယောက်ဖလဲ ပဲကြော်အိတ်ထမ်းပြီး ထွက်လာတာ မရတော့ဘူးဆိုပြီး ပဲကြော်အိတ်ကိုချပြီးတော့ အနားက လူ့လက်တဖက် မကတဲ့ တမာပင်ကြီးပေါ်ကို ထောင်ထားတဲ့ ဆီပေပါကနေ ခုန်တက်ပြီး ဂွကြားက ထိုင်ကြည့်နေရတယ်။ ဂိုထောင်လဲ မြောက်က နံရံတခုက ပွင့်ထွက်သွားပြီး ရေလုံးက ဂိုထောင်ကို ခွဲလိုက်သလိုဖြစ်သွားတာ။
ကျွန်တော့စိတ်ထင် ယောက်ဖရော အိမ်ကအလုပ်သမားသုံးယောက်ကော သေပေါ့လို့ တွေးမိတယ်။

YPI     အိမ်နီးနားချင်းတွေထဲကကော အသေအပျောက်ရှိလား။ မျက်စေ့ရှေ့ပါသွားတာတွေ ရှိလား။

ဖြေ-     ကျွန်တော့တောင်ဘက်က အိမ်က လူတွေ မိသားစုလိုက်ရယ်။ အိမ်ရှေ့က သားအမိ တစ်တွဲရယ် နောက်ဖေးကပ်ရပ်က အိမ်က သားအမိနှစ်ယောက်ရယ်။ သူတို့ကတော့ သေကုန်တာပေါ့။
တောင်ဘက်အိမ်က မိသားစုဆို အိမ်အလုံးလိုက် နဲ့မြုပ်ပါသွားတာ။ အိမ်ရှေ့က သားအမိတွေကတော့ ပြေးရင်းပြေးရင်း နောက်ရေလုံး တလုံးလာရိုက်တော့ ပါသွားတာ။ ရေလုံးရိုက်တာ ၀မ်းလျားထိုးလဲသွားတာ နောက်ကပင့်ရိုက်သလိုပဲ သစ်ပင်တွေကော အိမ်ပျက်တွေကောပါလာတယ်။
မနေ့တုန်းက စာရင်းကောက်တော့ ကျွန်တော်နေတဲ့ ၂လမ်းကြားက နှစ်ယောက်ပါတယ်။ ၃လမ်းက ၃၀ပါတယ်။ ပေါင်းတော့ ၃၂ယောက်ပေါ့။

YPI     သက်ဆိုင်ရာက ကြိုတင်သတိပေးချက် မရဘူးလား။

ဖြေ-     ကြိုတင်သတိပေးချက် ရေဒီယိုတွေကတော့ ကြားရတာပေါ့။ ဟိုတခေါက်တုန်းက ကုန်းတွင်းပိုင်း မုန်တိုင်းလာဖူးတော့ လေကတော့ တိုက်တာပေါ့။ ခုဟာက ရေအလုံးလိုက်လာတာ လေမပါဘူး။ ရေချည်းပဲ။ ဆည်ဖောက်တယ် လို့တော့ ပြောတာပဲ။ အဲဒီနေ့ နှစ်ချက်ထိုးကတော့ မိုက်နဲ့ မီးသတ်ကလား ဘယ်ကလဲမသိဘူး ကြေငြာတယ်။ နောက်ထပ်ဆည်ဖွင့်ချမှာမို့ ဒီကမ်းနားမှာ ရှိတဲ့လူတွေ မနေကြဖို့နဲ့ သယ်စရာရှိတာတွေ သယ်ဖို့ ပြောတယ်လို့ ကြားတယ်။ အဲနေ့မတိုင်မှီက ကြေငြာတယ်ပြောတယ် ကျွန်တော်တို့ မကြားဘူး လဘက်ရည်ဆိုင်ရောက်နေလို့။မုန်တိုင်းလာမယ်လို့ပဲ ကြေငြာတာကြားတယ်။ ရေလာမယ်လို့ မကြေငြာဘူး။

YPI     အခုကယ်ဆယ်ရေးအနေနဲ့ကော လုံလောက်မှုရှိလား

ဖြေ-     အကူညီကတော့ ခုတော့ မဆိုးတော့မဆိုးဘူး။ ဒီနေ့လဲဒုသမ္မတဆိုလား လာတယ်။ မြို့နယ်အနေနဲ့ကော သူတို့အစိုးရဘက်ကကူညီတာကော မဆိုးတော့ မဆိုးဘူး။
မြို့မြောက်ဘက်ကဆို ကယ်နေရင်း မိသားစုတစ်စု ကြိုးနဲ့လှမ်းဆယ်တာ နှစ်ယောက်ပါပြီး ခြောက်ယောက်က အိမ်နဲ့ အလုံးလိုက်ပါသွားတယ်။ ဒီဘက်ကလဲ အိမ်ထဲဝင်မဆယ်ရဲ ဟိုဘက်ကလဲ မထွက်ရဲဆိုတော့။ နောက်သုံးယောက်ထပ်ဆယ်မိတယ် ဒါပေမဲ့ ကျန်သုံးယောက်ကတော့ ပါသွားတယ်ဗျ။
ကျွန်တော့ခန့်မှန်းချေ ၁၀၀ ကျော်လောက်သေမယ်ကြားတယ်။ ကျွန်တော်ကတော့ သိန်းလေးငါးရာလောက် ဆုံးရှုံးတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...