Saturday, October 8, 2011

အဘွားအိုနှင့် အလုပ်သမားများ

by သစ္စာနီ on Sunday, October 9, 2011 at 12:27pm

တစ်နေ့သ၌ ကျွန်ုပ်သည် လမ်းလျှောက်သွားရင်း အဘွားအိုတစ်ဦးပိုင်ဆိုင်သော ခြံတစ်ခြံသို့ ရောက်ရှိသွားသောအခါ ထိုင်မှိုင်နေသော အလုပ်သမားတစ်စုကို တွေ့ရလေသည်။ အကြောင်းစုံကို မေးကြည့်၍ သိရသောအခါ ကျွန်ုပ်သည် “အဘွားအို နှင့် အလုပ်သမားများ” ပုံပြင်ထဲ ရောက်ရှိနေကြောင်း သဘောပေါက်၍ သွားလေတော့သည်။ ပုံပြင်ကား ဤသို့ဖြစ်၏။

တစ်ခါက အလုပ်ကို အင်မတန် မြတ်နိုးတဲ့ အဘွားအိုတစ်ယောက်ရှိတယ်။ သူက ကြက်တွန်တိုင်း အိပ်ရာက ထလေ့ရှိတယ်။ သူဟာ သူ့ခြံထဲက အလုပ်သမားတွေကိုလည်း သူ့လိုပဲ အလုပ်ကို မြတ်နိုးစေချင်တော့ လင်းကြက်တွန်သံကြားလို့ သူ့အိပ်ရာက ထလာတာနဲ့ အလုပ်သမားတွေကို နှိုးပြီး အိပ်ရာကထခိုင်းတယ်။ နိုးလာရင် အလုပ်ခွင် ဝင်ခိုင်းလေ့ရှိတယ်။


ပျင်းရိတဲ့ အလုပ်သမားတွေက ဒီလို စောစောထကြရတာကို မကျေနပ်ကြဘူး။ သူတို့က စောစောစီးစီးလည်း အလုပ်မလုပ်ချင်ကြဘူး။ ဒီတော့ ဘာလုပ်ရင်ကောင်းမလဲ တိုင်ပင်ကြတယ်။ (သူတို့ ဒီလိုစောစောထ အလုပ်လုပ်ရတာ ကြက်ဖကြောင့်ပဲ)လို့ သိကြတော့ ဒီကြက်ဖကို သတ်စားရရင် ဒီပြဿနာ မပေါ်နိုင်တော့ဘူးလို့ တွေးကြတယ်။ ဒီလိုနဲ့ တစ်ရက်မှာ အဘွားကြီးမသိအောင် ကြက်ကို ခိုးသတ်စားလိုက်ပြီး ကြက်မွေးတွေကို မြေမြှုပ်ပစ်လိုက်တယ်။ အဘွားအိုကတော့ သူ့ကြက်ဖ သာမန် အခိုးခံလိုက်ရပြီလို့ပဲ ထင်တယ်။

“ငါ့ကြက်ဖ အခိုးခံလိုက်ရတော့ ကြက်တွန်သံ မကြားနိုင်တော့ဘူး။ အဲဒါဆို မိုးလင်းပြီဆိုတာ ဘယ်လို သိပြီး ငါဘယ်လို လုပ်စားနိုင်တော့မှာလဲ” လို့ တွေးတောပူပန်တယ်။

ဒါကြောင့် သူဟာ ညဆို တစ်ရေးပဲအိပ်တယ်။ ဆက်အိပ်လိုက်ရင် အချိန်လွန်သွားမှာစိုးတဲ့အတွက် အရုဏ်မတက်ခင် မနက်အစောကြီးကတည်းက အိပ်ရာကထတယ်။ ပြီးတော့ အလုပ်သမားတွေကို အလုပ်လုပ်ဖို့ သွားနိုးတော့တာပဲ။ တစ်ခါတစ်လေ အလုပ်သမားတွေ အိပ်ရာဝင်ကာစ သန်းကောင်ကျော်ရုံပဲ ရှိသေးတယ်။ အဘွားအိုက လာနှိုးတော့ အလုပ်သမားတွေဟာ စောစောစီးစီး အိပ်ရာက ထပြီး အလုပ်ဝင်ကြရတော့တာပဲ။ အခုတော့ ကြက်ဖကြီးကို သတ်မိတာ သူတို့မှားတယ်လို့ မြင်လာကြပြီလေ။ ကျွန်ုပ်ကို အလုပ်သမားများက ဤသို့ ပြောလေသည်။

“ကြက်ဖတွန်လို့ နှိုးတုန်းကမှ အချိန်မှန်သေးတယ်။ အခုတော့ အဘွားအိုက သူနိုးတဲ့ ချိန် ကျုပ်တို့ကို နှိုးတယ်။ တစ်ခါတလေ သန်းကောင်ကျော်ထပြီး ကျုပ်တို့အလုပ်လုပ်ကြရတယ်။ ဒီဒုက္ခက လွတ်အောင် ဘယ်လိုလုပ်ရမလဲ”

ကျွန်ုပ်ဟာ အလုပ်ရှင်အဘွားအိုထံ သွားကာ ဆွေးနွေးရလေသည်။

“ဒီကိစ္စ ပြေလည်သွားအောင် နောက်ထပ်ကြက်ဖတစ်ကောင် အစားဝယ်လိုက်ပါ”

သို့သော် အဘွားအိုက လက်မခံ။

“ဟိုတစ်ကောင်တုန်းကတော့ ဘူးသီးနဲ့တွေ့သွားပြီ။ ဒီတစ်ကောင်လည်း အာလူးနဲ့တွေ့ဦးမှာပဲ”

သူ့ကြက်ကို အလုပ်သမားတွေ သတ်စားကြောင်း သူကောင်းကောင်းသိနေလေသည်။ (ပုံပြင်ထဲက အလုပ်ရှင် အဘွားအိုမှာ ဤကိစ္စကို မသိဆိုတဲ့အတွက် ယုတ္တိမရှိဟု ကျွန်ုပ်တွေ့သော အဘွားအိုက ဆိုလေသည်။)

“သူတို့ကို တမင် သင်ခန်းစာပေးချင်လို့ အခုလို မနက်မတိုင်မီ နှိုးပြီး ခိုင်းနေတာပဲ”
ဟုဆိုသည်။

အဘွားအို၏လုပ်အား ခေါင်းပုံဖြတ်မှုကို မာ့က်စ်၏ “အပိုတန်ဖိုး ထုပ်လုပ်မှု သီအိုရီ” ထဲတွင် ရှာမတွေ့ခဲ့ပါ။
အဘွားအိုက...

“မင်းမပူနဲ့ ငါလည်း ဒီလောက်သင်ခန်းစာပေးရတာ ကျေနပ်ပါပြီ။ မနက်ဖြန်ကစပြီး အချိန်မှန်ပါတော့မယ်”

“ခင်ဗျား ကြက်ဖတစ်ကောင်ဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့”

“ဟင့်အင်း... စားပွဲတင်နှိုးစက်နာရီတစ်လုံး ဝယ်လိုက်တာ”

မှန်ပါသည်။ စားပွဲတင်နာရီသည် အာလူးနှင့်သော်လည်းကောင်း၊ ဘူးသီးနှင့်သော်လည်းကောင်း တွေ့နိုင်ရန် အကြောင်းမရှိပါ။


သစ္စာနီ  (ဟဒယမဂ္ဂဇင်း၊ ဧပြီလ၊ ၂ဝဝ၆ခုနှစ်။)

credit: lucky82(mmcybermedia)

Read more...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...