Thursday, October 6, 2011

ဘိုဆိုရင် မာမူမုန်းလို့


ကျနော် မန်းလေးကနေ ရန်ကုန်ကိုလာတော့ ကျနော့် အိမ်က မြေနီကုန်းမှာ ဆိုင်ဖွင့်ထားတယ်။
ရောက်တော့ တက္ကသိုလ်ရိပ်သာလမ်းသစ် ထဲ မပြောင်းသေးဘူး အဲတုန်းက။
ဆိုင်အပေါ်ထပ်မှာပဲ နေဖြစ်တယ်။ ဆိုင်က သိပ်မကြီးပါဘူး သေးသေးလေးပါ။
ကျနော်ကလည်း အိမ်မကပ်တော့ ကိစ္စမရှိဘူးပေါ့ဗျာ။
ရန်ကုန် ကို ကျနော် ရောက်သွားတဲ့အချိန်က ညနေပိုင်းကြီး ...ရောက်ရောက်ချင်း ပစ္စည်းတွေဘာတွေချ ဘာညာနဲ့ အမောဆို့သွားတယ်။
အပေါ်ထပ်ကိုတက် တော့... အဲ အပေါ်ထပ် တက်တဲ့လှေကားထိပ်မှာ တံခါးရှိတယ်ခင်ဗျ
တံခါးမှာလည်း မှန်တစ်ဝက်တပ်ထားတယ်။ အထဲကို အထင်သား အကုန်မြင်ရတယ်။
ကျနော် တခါးကို ဖွင့်ပြီး ၀င်လိုက်တဲ့အချိန်မှာ အရိပ်တခုဖြတ်သွားတယ်။


ကျနော်လည်း လန့်ဖြန့်သွားပြီး .. အပေါ်ထပ်မှာ ဘယ်သူရှိလည်း လို့ အနောက်က တက်လိုက်လာတဲ့ အမကိုမေးတော့ "ဘယ်သူမှမရှိဘူးလေ ဘာဖြစ်လို့လည်း..."လို့ကျနော့်ကိုသူကပြန်မေးတယ်။
ကျနော်လည်း .... "သေပါပြီ နေရမဲ့နေရာမှာလည်း ရှိနေတာပဲလား "လို့ စိတ်ထဲမှာ ငြီးလိုက်မိတယ်။
အမကိုတော့ မပြောပြရဲဘူး သူက သရဲတွေဘာတွေ မမြင်ဖူးတော့ ပြောလိုက်ရင်လည်း... နင်က ...ဒါတွေ ယုံတာပဲလား ... ဘာညာ ကွိကွနဲ့ ဆူခံထိဦးမှာ။


ညအိပ်ယာဝင်ချိန်ရောက်တော့ တော်တော်နဲ့ အိပ်ချင်စိတ်မရှိဘူး...မန်းလေးမှာကျန်ခဲ့တဲ့ ရည်းစားကို လွမ်းလို့ .... အဟီးးး
ဒီအချိန်သူမ ဘာတွေများလုပ်နေမလည်း ... ဘာလည်းပေါ့ ....မန်းလေးက ခြင်ပေါတော့ ခြင်တွေကို လျှပ်စစ်ယပ်တောင်နဲ့ရိုက်ပီးများသတ်နေပီလား ပေါ့ဗျာ။ အဲလို အဲလို လွမ်းခဲ့ရတာ...ဟိဟိ
လွမ်းကောင်းတုန်း မုန့်ဖတ်ထုပ်လို့ အော်သံကြားရတယ် ။ အွန် ... ရန်ကုန်ကလည်း ထူးထူးဆန်းဆန်း ... ဒီအချိန်ကြီး ဘယ်သူက
မုန့်ဖတ်ထုပ်စားလို့ ဒီအသည်က ရောင်းရတာလည်း လို့ တွေးမိတယ်။ ထူးဆန်းတာဗျာ ဘယ်သူတွေများစားကြပါလိမ့်...
ဝရန်တာမှာ မုန့်ဖတ်ထုပ်သည်ကို ကြည့်နေရင်း မန်းလေးရည်းစားကို လွမ်းကောင်းနေတုန်း အနောက်ကနေ " တောက် " ဆိုပီး ခေါက်သံကြားလိုက်ရတယ် ...တော်တော်ကျယ်တာဗျ။
ဆံပင်တွေတောင် ထောင်ကုန်တယ် ... Gel တွေဘာတွေမလိုဘူး။ :P
အဲဒါနဲ့ လန့်လန့်နဲ့ အိပ်တော့မယ် ဆိုပြီး အိပ်ယာဝင်တယ်ဗျာ။
ညမအိပ်ခင် ဘုရားကန်တော့ဖြစ်တယ် (အိမ်မှာတော့ တခုခုရှိနေပြီ မဖြစ်ဘူး ဆိုပြီး)
အမျှတွေဘာတွေပေး .... အိမ်မှာရှိနေတဲ့ မမြင်ရတဲ့သူတွေ အမျှရအောင်ပေါ့ဗျာ အသံထွက်ပီးပေးတယ်။
ကျနော်လည်း အိပ်ပျော်သွားတယ် ... အိပ်ယာလည်း အပြောင်းအလဲနဲ့ဆိုတော့ ကောင်းကောင်းအိပ်မရပါဘူး
အိပ်တ၀က်နိုးတ၀က် ဖြစ်နေတုန်း ရေချိုးခန်းထဲက ရေချိုးတဲ့အသံ လိုလို ကြားရပါတယ် ...
ဟာ ... ဒီအချိန်ကြီး အမ ရေထချိုးတာတော့ မဖြစ်နိုင်ဘူး ....
ကျနော်လည်း ဘယ်သူလဲလို့ သိလည်းသိချင်တယ်.. အမှန်ပြောရရင် ကြောက်လည်းကြောက်နေတယ်။
ဒါပေမယ့် ထ မကြည့်လို့ရင်လည်း တညလုံး ပြန်အိပ်ပျော်မှာ မဟုတ်တော့ဘူး။ အဲဒါ မီးဖွင့်ပြီး ထကြည့်တော့ အသံတိတ်သွားတယ် ... ဘာဆို ဘာသံမှကိုမကြားရတော့တာ။
ဗားဂရာ ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံ .. တုံ.. တုံ...တုံ တုံ ဆိုတဲ့ အသံကလြွဲပီး ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေတယ်။
ရေချိုးခန်းနား ရောက်တော့ တံခါးကလည်း ပွင့်နေတယ်...တကယ်လို့ တံခါးသာ
ပိတ်ထားရင် ကျနော်လည်း ဖွင့်မကြည့်ရဲမှာမဟုတ်ဘူး။ ဒါနဲ့ ရေချိုးခန်းထဲ လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့
ဘယ်သူမှမရှိဘူး ... ကြမ်းခင်းမှာတော့ ရေတွေစိုရွဲနေတာပဲ .. လတ်တလော ချိုးသွားတဲ့ ပုံမျိုးဗျာ။
အဲမှာ ကျနော့် ကြောက်တာဗျာ .. သေချာပါပြီ...ဆိုပြီးတော့...ဒါပေမယ့် စိတ်ထဲကလည်း နည်းနည်းတွေဝေမိသေးတယ်.. အမ များလားပေါ့ ။ အမက ညနေပြန်လာကတည်းက ရေချိုးထားတာ။
ဒါမှ မဟုတ် ဆိုင်က အလုပ်သမားတွေလား ပေါ့ဗျာ။ အလုပ်သမားတွေက ဆိုင်အနောက်က အတန်းမှာအိပ်ကျတယ်ဗျ။
ပြီးတော့ သူတို့ ဒီအချိန်ကြီးမှ အပေါ်တက်လာပြီး ရေချိုးစရာအကြောင်းလည်း မရှိပါဘူး။ အဲဒါနဲ့ ကျနော်လည်း ကြောက်ကြောက်နဲ့ ကိုယ့်နေရာကိုယ်ပြန် ပြီး
အတင်းမျက်စိမှိတ်အိပ်တော့တာပဲ။
နောက်နေ့ကျ
အမကို မေးတယ် အမ ညသန်းခေါင် ရေထချိုးသေးလားလို့ အမက မချိုးဘူးတဲ့တရေးမှကိုမနိုးတာတဲ့ ..
သူကလည်း ဆင်အော်ရင်တောင် နိုးတဲ့လူမှ မဟုတ်တာ ....
အဲလိုနဲ့ တပါတ်ကြာတယ်။ ညတိုင်းရေချိုးသံကြားရတယ် စိတ်ထဲမှာ တွေးမိတယ် ။ ဒီသရဲက အသန့်အရှင်းတော့ တော်တော် အလေးထားတဲ့ပုံပဲ :D
ကျနော့်မေမေ သင်ပေးတဲ့ သရဲနှင်နည်းအတိုင်း ပရိတ်ခွေဖွင့်တယ်ဗျ ဖွင့်ပြီး တစ်အိမ်လုံးကို ပရိတ်ရေနဲ့ လိုက်ပက်တယ် ..
ရှိသမျှ နေရာ တနေရာမှ မလွတ်ဘူး ... ပြီးတော့ တံခါးဖွင့်ပေးထားတယ်
အဲလိုလုပ်လည်း...
ညည ဆိုရင် သူရေချိုးမြဲချိုးတာပါပဲ။ ကျနော်လည်း လက်လျှော့ပြီး နေချင်သလိုနေတော့ ဆိုပြီး ထားလိုက်တယ်။
ကျနော့် ကိုလန့်အောင်မခြောက်ရင်ပြီးတာပဲပေါ့ ဒီအတိုင်းနေနေလိုက်တယ်။ တစ်ပါတ်လောက်နေပြီးတော့ ကျနော်လည်း ပျင်းပီလေ အဲဒါ အခွေကြည့်မယ်ပေါ့ဗျာ
ခွေငှားလာတယ် ...ငှားလာတာ မှတ်မှတ်ရရ သုံးခွေ အင်္ဂလိပ်ကား၂ခွေ မြန်မာကား ၁ ခွေ။
ညကျ ကြည့်မယ်ပေါ့ အမက ညနေကတည်းက မြန်မာကားတခွေအရင်ကြည့်နေတယ် ကြည့်ပေါ့ ကျနော်လည်း သူနဲ့အတူလိုက်မကြည့်ဖြစ်ဘူး။
မန်းလေးက ကျန်ခဲ့တဲ့ရည်းစားကို ဖုန်းနဲ့ ကျူနေတာ မအားဘူးလေ :P
ဖုန်းပြောပီးတော့ အခွေကြည့်မယ်ပေါ့ဗျာ ကျနော်ဌားခဲ့တဲ့ခွေက Gladiator ။ အဲဒါ ခွေလည်း ထည့်ပီး TV ဖွင့် လိုက်တာ စာတန်းထိုးတာတွေဘာတွေပီးသွားတော့
အင်္ဂလိပ်လို စလည်းပြောရော TV က ပိတ်သွားတယ်။ အွန်... ဘာဖြစ်တာလည်းပေါ့ဗျာ။
ကျနော်လည်း ပြန်ဖွင့် အင်္ဂလိပ်လိုပြောတာနဲ့ TV ကပြန်ပိတ် မဟုတ်သေးဘူး TV များပျက်သလားပေါ့ဗျာ အဲဒါ နောက်တခွေ ထည့်ကြည့်တယ် အင်္ဂလိပ်ကား ဒီလိုပဲ ပြန်ပြန်ပိတ်သွားတယ် အင်္ဂလိပ်လိုစပြောတာနဲ့။
ကျနော် စိတ်ပေါက်လာပီလေ စက်ကလည်း ဖြစ်တာမဟုတ်... ခွေကလည်း မရပ်ဘူးလေ TV သာပိတ်သွားတယ် ခွေက သွားနေတုန်း။
အဲဒါ ဌားထားတဲ့ခွေထဲက နောက်ဆုံးခွေ မြန်မာခွေ ထည့်ပီးဖွင့်တော့ ရတယ်ဗျ။
ပြန်မပိတ်သွားဘူး...
အွန်...ဘယ်လိုဖြစ်တာလည်း နားမလည်နိုင်အောင်ကိုဖြစ်သွားတယ်။ မြန်မာကားထိုင်ကြည့်လိုက်တယ် ပီးတဲ့အထိ လုံးဝကိုပြန်မပိတ်သွားတာ TV က။
အဲဒါ နောက်နေ့ ကျနော် ခွေဆိုင်သွားပီး ခွေဆိုင်ရှင်ကို သွားရစ်တယ် အင်္ဂလိပ်ခွေတွေမကောင်းဘူးလား ကျနော် ဘယ်လိုမှဖွင့်မရဘူး ဆိုတော့
ဆိုင်ရှင်က ကျနော့်ရှေ့တင် သူဆိုင်က စက်နဲ့ဖွင့်ကြည့်တယ် နှစ်ခွေလုံး အကောင်းအတိုင်းပဲဗျာ ။ သူက ကျနော့် စက်မကောင်းတာနေမယ် ... လို့ပြောတော့
ကျနော်လည်း မဖြစ်နိုင်ဘူး.. မြန်မာကားဖွင့်လို့ရတယ် ကျနော် ကြည့်ပီးသွားပြီလို့ ဆိုတော့...
သူက ဒါဆို နောက်နှစ်ခွေယူသွားမလားတဲ့ ဒါနဲ့ ကျနော်လည်း နောက်အခွေအသစ်နှစ်ခွေယြူပီးပြန်လာခဲ့တယ်။
အိမ်ရောက်တော့ အဲဒီ ခွေအသစ်တွေကိုဖွင့်ကြည့်တာ စကားစပြောတာနဲ့ သူ့အလိုလို... ပြန်ပြန် ပိတ်သွားတယ် .. ဖွင့်လို့ကို မရဘူး။
ကျနော်လည်း တော်တော်တင်းသွားတယ်။
စက်ကလည်း မပျက်ပဲနဲ့ ဘာကြောင့်ဖွင့်မရလည်းဆိုပြီး.. စဉ်းစားလို့မရဘူး။
ဒါနဲ့ ကျနော် ဆိုင်ပြန်သွားလိုက်တယ်။ ပီးတော့ ကာတွန်းကားတွေငှားတယ်။ ကာတွန်းကားတွေကလည်း အင်္ဂလိပ်ကာတွန်းတွေဆိုတော့ အင်္ဂလိပ်လိုပြောလိုက်တာနဲ့
ဖွင့်မရဘူးခင်ဗျ။
အဲဒီညမှာပဲ ကျနော်ည နောက်ဖေးသွားချင်လို့ ထတယ် အခန်းကနေ အိမ်သာကို
လှေကားဖြတ်ပြီးမှ သွားရတာကိုး .. ဒီတော့ လှေကားလည်းရောက်ရော။ လှေကားတဖက်က မှန်မှာ ကုလားလူမျိုး တယောက်ရပ်နေတာတွေ့တယ်ဗျာ။
ကျနော်လန့်ပီး ရပ်ကြည့်နေတုန်း လုံးဝ ပျောက်သွားတယ်
ကျနော်အရမ်းလန့်ပြီးအခန်းကိုပြန်ပြေးတာပေါ့။
နောက်နေ့ သူငယ်ချင်းကို အကြောင်းစုံပြောပြဖြစ်တယ် အိမ်က သရဲအကြောင်းရယ် အင်္ဂလိပ်ကားဆိုဘာကားမှဖွင့်မရတာတွေရယ် ပြောပြတော့...
အိမ်နားမှာ အကြားအမြင် ဗေဒင် ဆရာမ တယောက်ရှိတယ်လို့ ပြောလာတယ် အဲဆရာမက မဟေသီတို့အမျိုးသမီး မဂ္ဂဇင်းတွေမှာ တပတ်စာဟောစာတန်းတွေ ဘာတွေရေးတယ်ဆိုပဲဗျ။
အဲဒါနဲ့ အတော်ပဲ အိမ်က ရေချိုးသရဲအကြောင်းမေးချင်တယ် ပြီးတော့ ဘယ်လိုလုပ်ရမလည်း ဆိုတာရောပေါ့ဗျာ။
ဆရာမ နဲ့ တွေ့တယ် ဆရာမက ချက်ချင်းပြောတယ်ဗျ အိမ်မှာ အစောင့်ရှိနေတယ်တဲ့ အဲဒါ သူ့ပစ္စည်းသူစောင့်နေတာတဲ့ဗျ။
အမျှပေးလည်း ယူမှာမဟုတ်ဘူးတဲ့ နှင်ထုတ်လို့လည်း မလွယ်ဘူးတဲ့ ... ဒီတော့
မေတ္တာများများပို့တဲ့ မဟုတ်တာ မလုပ်နဲ့ စောင့်ရှောက်လိမ့်မယ်တဲ့။ ကျနော်ကလည်းသူ့ ကို အတွန့်တက်ပြီးမေးမိတယ်... အိမ်မှာ အင်္ဂလိပ်ခွေတွေ ဖွင့်မရဘူး ကျန်တာအကုန်ဖွင့်လို့ရတယ်ပြောတော့။
ဆရာမကပြောတယ်။ ဟုတ်တယ်တဲ့ အင်္ဂလိပ်ခေတ်ကသေသွားတာတဲ့ အင်္ဂလိပ်စစ်သားလက်ချက်နဲ့တဲ့ဗျာ ပြီးတော့ ပစ္စည်းတွေ စိတ်စွဲပီးတော့ အဲမြေမှာစောင့်နေရတာတဲ့ဗျ။
ဒါကတော့ သူမြင်တာပြောတာပေါ့ ... ဟုတ်တော့ ဟုတ်လောက်ပါတယ်။
နောက်ပိုင်း ကျနော်သူ့ကို မေတ္တာပို့တယ် ပြီးရင် ငါ့ကိုလည်း ကြောက်အောင်မလန့်နဲ့ နင့်ကိုလည်း အေးဆေး ပေးနေတယ် ဆိုပြီး ပြောတော့ နောက်ပိုင်းရေချိုးတဲ့ အသံပါ မကြားရတော့ဘူး။
ကျနော်လည်း ၃ လလောက်နေပီးတော့ ဆိုင်မှာ မနေတော့ဘူး။ အလုပ်သမားတွေတော့ဆက် နေကြတယ်။သူတို့ကိုမေးကြည့်တော့ သူတို့လည်း အဲလိုပဲ အင်္ဂလိပ်ကားဖွင့်မရဘူး ဆိုတဲ့ အသံတွေထွက်လာတယ်။ ပြီးတော့ အဲဒီအပေါ်ထပ်ကို မတက်ရဲကြတော့ဘူးလို့ ပြောလာတယ်။
ကျနော်ဘာလို့လည်း မေးကြည့်တော့ သူတို့ကိုပစ္စည်းတွေရွှေ့ အသံတွေပေး ညအချိန်မတော်ရေချိုးတဲ့အသံပေးတာတို့ တခါးကိုပွင့်လိုက်ပိတ်လိုက်လုပ်ပြပြီး ညမအိပ်နိုင်အောင် နှိပ်စက်လို့ပါတဲ့ ခင်ဗျာ။
နောက်ထပ်ကြားရတာတော့ ... အဲဒီအစောင့်က အင်္ဂလိပ်ကားကြည့်တဲ့နေ့ဆို ပိုပြီးလက်စွမ်းပြတယ်တဲ့ ... ။
ဒါပါပဲ ခင်ဗျာ.....
အင်္ဂလိပ်မုန်းတဲ့ ကိုကိုကုလားအကြောင်းကတော့။
Choco Naing
( Be Kind to Others )


ကိုယ်တွေ့ဖြစ်ရပ်မှန် ပရလောက အတွေ့အကြုံများကို ပြန်လည်မျှဝေပေးသူ ကိုChoco Naing အား Admin များ အားလုံးမှ အထူးကျေးဇူးတင်ပါသည်။


မာမူကြီးနှင့် ငြိမ်းချမ်းရေးရယူလိုသော

(အက်ဒမင်-ရွာတော်ရှင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...