Sunday, October 23, 2011

နိုင်ငံရေးနှင့် အစွန်းရောက်မှု

Rozoner King created a doc.
[By Yan Aung ]

စစ်တပ်နဲ့ ဒီမိုအုပ်စုတွေ ယုံကြည်မှုတွေမရှိကြတဲ့ အဓိက အကြောင်းမှန်က အယူအဆမတူ၊ ခံယူချက်မတူ၊ ခံစားချက်မတူရင် သူ့ဘက်၊ ကိုယ့်ဘက်ဆိုပြီး  ဘက်တွေနဲ့ အဓိကခွဲခြားနေကြတာတွေ၊ အစွန်းရောက်နေကြတာတွေ၊ စစ်တပ်ကိုလည်း စစ်အာဏာရှင်၊(နာလဗိန်းတုံးတွေ) စစ်တပ်ကလည်း အရပ်သားတွေ(ဘာမှသုံးစားမရဘူး) ဆိုတဲ့ အမြင်တွေ၊ အဲဒီအမြင်ဆိုးတွေက အဓိက အကျိုးသက်ရောက်မှုတွေဖြစ်ကုန်တာပါပဲ..။
စစ်တပ်ထဲမှာလည်း နည်းပညာကြောင့် မျက်စိပွင့်နားပွင့်ပြီး နိုင်ငံတကာဗဟုသုတကြောငု့် ထူးချွန်တဲ့သူတွေ  ယနေ့မှာ ရှိနေသလို၊ အပြင် နိုင်ငံရေးအသိုင်းအ၀ိုင်းနဲ့ ပြည်သူတွေကြားထဲမှာလည်း ထူးချွန်တဲ့လူ၊ စွမ်းဆောင်နိုင်စွမ်းရှိသူတွေ အများကြီးပါ..။
တိုင်းရင်းသားအားလုံး စုစုစည်းစည်းနဲ့ စုပေါင်းပြီး ငြိမ်းချမ်းနိုင်အောင် ဖော်ဆောင်ကြိုးစားနိုင်ဖို့က ကိုယ့်ရဲ့ ပုဂလ ခံယူချက်၊ ခံစားချက်ထက် တကယ်ဖြစ်နိုင်တာ ဖြစ်သင့်တာကို ညိနှိုင်းဖော်ဆောင်ဖို့ အခြေံစိတ်ဓာတ်တွေ သဘောထားကြီးမှုတွေ နားလည်ပေးနိုင်မှုတွေ နှစ်ဖက်လုံးမှာ အားနည်းနေတာတော့ အမှန်ပါပဲ..။

စစ်တပ်ကလည်း ငါတို့က လွတ်လပ်ရေးရကတည်းက ပြည်တွင်းပြည်ပရန်ကို တွန်းလှန်ရာမှာ အသက်ပေါင်းများစွာ စတေးပေးရတယ်၊ ယနေ့အထိလည်း ပင်ပန်းတယ် ဆင်းရဲတယ်၊  အဲဒီတော့ ငါတို့က အချုပ်အခြာအာဏာနဲ့ အရာရာကို စီမံအုပ်ချုပ်ခွင့်၊ စွက်ဖက်ခွင့်ရှိရမယ်ဆိုတဲ့ အုပ်ချုပ်သူလူတန်းစာဆန်ဆန် ပုဂလ ခံစားချက်အမြင်နဲ့တွေးကြတယ်..။ အဲဒီလို ပင်ပန်းနေတာတွေ သေဆုံးနေရတာတွေရဲ့ အကြောင်းအရင်းဖြစ်တဲ့ မူဝါဒတွေ၊ ခိုင်းစေချက်တွေက ဘာကြောင့်ဖြစ်လာသလဲဆိုတာ ဆက်စပ်မတွေးကြဘူး..။

ဥပမာ .. အခု ကချင်ပြည်နယ်မှာ တိုင်းရင်းသားအချင်းချင်းတိုက်ကြလို့ စစ်တပ်ကကျဆုံးနေကြတာ အဓိပါယ်ရှိသော၊ အကျိုးရှိသောသေခြင်းလား၊ တိုင်းပြည်အတွက် သေခြင်းလား၊ဆိုတာ မစဉ်းစားဘူး...။ အခုချိန်အထိ သူတို့ ကျဆုံးနေတာတွေကကော .. တန်ရဲ့လား.. မစဉ်းစားဘူး..။ အမိန့်နာလိုက်ခံလို့ ... သွားတိုက်ခိုက်ရင်း ကျဆုံးနေကြတာကတော့ .. အသေချာဆုံးပဲ..။  အခုလို အမိန့်နာခံလိုက်လို့ ကျဆုံးနေကြတာတွေက ဘယ်သူတွေအကျိုးရှိသွားတယ်၊ ဘာတွေအကျိုးရှိသွားတယ်ဆိုတာ ဆက်စပ်တွေးနိုင်စွမ်းမရှိဘူး..။

အပေါ်က ခိုင်းတိုင်း လုပ်တဲ့ … စိတ်ဓာတ်တွေကြောင့်လည်း အရင် တရုတ်ဖြူရန်ကို နှိမ်နင်းခဲ့တုန်းကလို ပြည်သူချစ်တဲ့တပ်မတော်၊ ပြည်သူကပေါက်ပွားတဲ့တပ်မတော်မဟုတ်ပဲ..။ အရေးအခင်းပြီးတော့ တပ်မတော်သာ အမိ တပ်မတော်သာအဖ ဆိုပြိး အာဏာရှင်ဆန်တဲ့ ခံယူချက်တွေပြောင်း၊ စိတ်ဓာတ်တွေမှိုင်းတိုက်၊ ဗိုလ်ချုပ်အောင်ဆန်းစကားတွေကို ပြောင်းပြန်တွေလှန်ပြီး အာဏာကို လက်မလွှတ်ပဲ အုပ်ချုပ်ခဲ့တယ်။ ကိုယ်မကျွမ်းကျင်တဲ့ ဗြူရိုကရေစီ အုပ်ချုပ်ရေးယန္တရားကို နှစ်ပေါင်းများစွာ ကိုင်တွယ်အုပ်ချုပ်ခဲ့တော့ .. တိုင်ပြည်လည်း သံယဇာတတွေကုန်၊ ဘာမှလည်းအကျိုးမဖြစ်ထွန်း၊ ရှိသမျှအကုန်စုတ်ပြတ်သတ်ပြီး ကျန်ခဲ့တော့တယ်..။ ထွက်သမျှထုတ်ကုန်ကလည်း အရည်အသွးညံ့ဖျင်းပြီး အကုန်ချွတ်ခြုံကျသွားတော့တာပဲ..။ ဒီအချိန်မှာ စီးပွားရေးပိတ်ဆို့တာဖွင့်ပေးရင်တောင် .. တကယ်နိုင်ငံတကာဈေးကွက်မှာ ထိုက်ထိုက်တန်တန်ရောင်းရမယ့် သယံဇာတတွေက ကုန်သလောက်ဖြစ်နေပြီ..။ အဲဒါက … စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုစနစ်ဆိုးကြောင့်ပါ..။ ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်တဲ့ စိတ်ဓာတ်ခံယူချက်ကြောင့် တိုင်းပြည်က သံယဇာတကုန်တာနဲ့ တိုးတက်နှုန်းနဲ့က ဇောက်ထိုးဖြစ်နေတယ်..။ အဂတိလိုက်စားမှုတွေများလာတယ်.။ စစ်တပ်ကလူတွေအုပ်ချုပ်လို့ ပို အဂတိလိုက်စားလာကြတာကတော့ … ဘယ်သူညံ့လို့လဲ. စဉ်းစားကြည့်ကြပေါ့.။ ပစ္စည်း အဆောင်အယောင်နဲ့ ကန်တော့တာတွေ၊ ကြွေးမွေးပြုစုတာတွေ၊ မုန့်ဖိုးပေးတာတွေကိုတောင် အဂတိလို့ ပြောလို့မရတော့တဲ့အထိ အမြစ်တွယ်အောင် ဘယ်သူကဖန်တီးခဲ့တာလဲ၊ အဲဒါတွေရဲ့ ရင်းမြစ်က ဘယ်သူ့ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဒီစနစ်ဖြစ်သွားတာလဲ..။ အဆင့်ဆင့် အုပ်ချုပ်ပုံရှိပေမယ့် ဘယ်သူက တိုက်ရိုက်နှုတ်မိန့်နဲ့ .. သက်ဆိုင်ရာအစိုးရအဖွဲ့ကိုခန့်ခဲ့တာလဲ..။ စီးပွားရေးမူဝါဒတလွဲတွေ၊ မက်လုံးပေးရင်ရှေ့နောက်မကြည့်လုပ်လိုက်ပြီးမှ အရှုံးပေါ်တဲ့ စီမံကိန်းတွေ၊ လုပ်ငန်းတွေ၊ ပြီးသွားရင်ဘာမှမဟုတ်တော့တဲ့ အတည်ပြုလိုက်ရတဲ့ ခဏပဲခံတဲ့ဥပဒေတွေ အမိန့်တွေ၊ စည်းကမ်းတွေကကော ဘာအကျိုးပြုခဲ့လဲ..။   သယံဇာတတွေကို ဘာမှအကျိုးခံစားခွင့်မရတဲ့ ပြည်သူတွေကဓားစားခံတွေဖြစ်ပြီး ဆင်းရဲမွဲတေကုန်တာပဲ အဖတ်တင်တယ်။ ဒါပေမယ့် အာဏာရှင်၊ အာဏာရူးတစ်စုက စစ်တပ်ကို အသုံးချသွားတဲ့အတွက် စစ်တပ်က ပြည်သူကို အဲဒီအကြွေးတွေ တင်သွားပါတယ်..။ အဲဒါကို ယနေ့စစ်တပ်က ပြည်သူ့ဆန္ဒကို နားထောင်တဲ့အနေနဲ့ ပြန်လည် ပြုပြင်ပေးဆပ်ရပါမယ်..။


ဒီမိုကရေစီရေး လှုပ်ရှားတဲ့ နိုင်ငံရေးသမားတွေကလည်း ငါတို့က ဒီလို ထောင်ကျခံ လူအများကြီး အသေခံပြီး အနှိပ်စက်ခံပြီး နိုင်ငံကောင်းဖို့လုပ်ခဲ့တာ.. ဒီအစိုးရကို အမျိုးဖြုတ်ရမယ်..။ စစ်တပ်ကလာတဲ့သူတွေအကုန်လုံး ဒီအတိုင်းပဲ။ စစ်တပ်နဲ့ ပတ်သက်ရင် အားလုံးကငါတို့ရဲ့ ရန်သူ ဆိုတဲ့ အစွန်းရောက် အတွေးတွေနဲ့ အာဏာရှင် လက်တစ်ဆုပ်အသုံးမကျမှုကြောင့် စစ်တပ်တစ်ခုလုံးကို မုန်းတီးနာကြည်းသွားပြီး စစ် ဆိုရင် ရေတောင် စစ် မသောက်ဘူးဆိုတဲ့ ခံယူချက်တွေကို ကိုင်စွဲထားကြတယ်..။  ရာထူးအဆင့်ဆင့်ဖွဲ့စည်းစီမံခန့်ခွဲထားတဲ့ မြန်မာပြည်ရဲ့ အကြီးဆုံး လက်နက်ကိုင်အင်အားစုဖြစ်တဲ့ စစ်တပ်ကို လစ်ဗျား၊ အီဂျစ်၊ တို့လို နိုင်ငံတကာအကူအညီ၊ နည်းပညာ အကူအညီမပါဘဲ ...  လက်သီးလက်မောင်းတန်းစိန်ခေါ်ပြီး လမ်းပေါ်ထွက်ခဲ့ကြတယ်..။  နောက်တော့ .. ဘာဖြစ်သွားကြလဲ..။  ရလာဒ်က အာဏာရှင်စနစ်ကြောင့် ဖမ်းဆီးထောင်ချခံရပြီး အသက်တွေကြီးလာကြတယ်...၊ အတွေးအခေါ် အသိတရား ခံယူချက်မတူတဲ့ မျိုးဆက်တွေ ပြောင်းလဲသွားတဲ့ကာလတွေအထိ အချိန်အကြာကြီး ထိန်းသိမ်းခံခဲ့ရတယ်..။

မြန်မာပြည်မှာ တကယ်လည်း စစ်တပ်တို့ ရဲတို့ကို ပြည်သူတွေ အမြင်ကတ်ကြတယ်၊ မုန်းကြတယ်..။ ဒါပေမယ့် . ဆယ်တန်းအောင်/ ဘွဲ့ရပြီးရင် ဗိုလ်သင်တန်းကို ဘာကြောင့် မိဘတွေက လျှောက်စေချင်ကြတာလဲ၊ လူငယ်တွေကကော ဘာကြောင့် ခံယူချက်မရှိဘဲ လျှောက်နေကြတာလဲ..။ ရဲအဖြစ်ကော ဘာ့ကြောင့် လျှောက်ထားကြလဲ။ အဲဒါတွေကို နိုင်ငံရေးသမားတွေ လေ့လာ ကြည့်ရင် ..ဘ၀ကို အဆင်ပြေစွာရပ်တည်မှု၊ ရာထူးအာဏာလိုချင်မှု၊ ၀င်ဆန့်မှု စတဲ့ အချက်တွေကို မိဘတွေကော လူငယ်တွေအများစုကော လိုချင်နေကြတာကို တွေ့ရမှာပါ.။ အဲဒီလို ခံယူချက်တွေ၊ ရပ်တည်မှုအဆင်ပြေဖို့ အခြေခံစိတ်ဓာတ်တွေကို ဒီအချိန် ပြည်တွင်းက ပြည်သူအများစုမှာ ရှိနေကြပါတယ်..။

၈ လေးလုံးအရေးအခင်းပြီးတော့ စစ်တပ်က အာဏာသိမ်းတဲ့အချိန်မှာလည်း အဲဒီလို အခြေခံစိတ်ဓာတ်တွေ သက်သေပြခဲ့တာ သတိထားမိမှာပါ..။  န၀တက ၁၉၉၀ ရွှေးကောက်ပွဲ လုပ်ပေးမယ်ဆိုတော့ ...  မြန်မာပြည်မှာ ပါတီ ဘယ်နှစ်ခုဖြစ်သွားသလဲ. . ပါတီပေါင်း တစ်ရာကျော်သွားတယ်... ။ ပါတီမှတ်ပုံတင်မှု အများဆုံး နိုင်ငံ စာရင်း ၀င်သွားတယ်..။ ဘယ်လိုအခြေခံစိတ်ဓာတ်တွေကြောင့် ပါတီတွေအဲဒီလောက်များသွားတာလဲ..။ အမှန်ဆို တိုင်းရင်းသားပါတီတွေအပါအ၀င် ပါတီအချင်းချင်းစည်းရုံးစုပေါင်းပြီး အင်အားတောင့်တင်းတဲ့ ပါတီတွေပဲ ရှိခဲ့ဖို့ သင့်ပါတယ်..။

အဲဒီလို အခြေခံစိတ်ဓာတ်ပြောင်းလဲနေတဲ့ ပြည်သူတွေကို စည်းရုံးလမ်းပေါ်ထွက်ဖို့က ဘယ်လိုမှ စည်းရုံးဖို့မလွယ်ပါဘူး။ 2007 ရွှေဝါရောင်တော်လှန်ရေးမှာလည်း အဓိက အားနည်းချက်က ပြည်သူတွေ.. တက်တက်ကြွကြွပါဝင်မှု မရှိဘူးလို့ ... ဦးဆောင်သံဃာတော်တပါးက မိန့်ကြားခဲ့ဖူးပါတယ်..။ တကယ်လည်း သိန်းဂဏန်းမရှိပါဘူး..။ လာကြည့်သူတွေ၊ သံဃာတော်တွေကို စောင့်ရှောက်သူတွေ၊ ယောင်နေတဲ့ သူတွေနဲ့သာ လမ်းတွေပြည့်သွားတာပါ..။ တကယ် ခံယူချက်ရှိရှိနဲ့ ရင်ကော့ပြီးလိုက်တဲ့သူ နည်းပါတယ်..။ နိုင်ငံရေးနိုးကြားတယ်ဆိုတဲ့ ရန်ကုန်မြို့မှာတောင်.. ၀ရံတာတွေပေါ်ကြည့်တဲ့သူတွေက ကြည့်တာပဲရှိတာ.. တကယ်ဆင်းမလိုက်ကြပါဘူး..။ တကယ်တန်း စိတ်ဓာတ်သာ တက်ကြွနေကြတာ... သတင်းစောင့် နားထောင်သူတွေကအများဆုံးပါ..။

သူများနိုင်ငံတွေမှာက အကြမ်းဖက်နှိမ်နှင်းလို့ ဆက်တိုက် တောင့်ခံနိုင်တော့ နိုင်ငံအကာအကူအညီရပြီး တော်လှန်ရေးအသွင်ပြောင်းသွားကြတယ်..။ ဥပမာ ဒီနေ့ .. ပစ်တယ်… နောက်နေ့လမ်းပေါ်ပြန်ထွက်တယ်..။ ထပ်ပစ်လည်း ထပ်ထွက်မှာပဲ….အဲဒီလိုစိတ်ဓာတ်တွေကို နိုင်ငံတကာက အသိအမှတ်ပြုလာတော့ လက်နက်ကိုင်တော်လှန်ရေးအသွင်းပြောင်းသွားခဲ့တယ်..။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွေကိုကြည့်လိုက် .. စစ်တပ်က တပ်ရင်းဘယ်နှစ်ရင်းသုံးရလဲ..။ ဘယ်နှစ်ရက် နှိမ်နင်းခဲ့လဲ..။ အဲဒီနိုင်ငံတွေလို ရက်ပေါင်းများစွာ ဆက်တိုက် တောင့်ခံနိုင်အောင်ု ဦးဆောင်လှုပ်ရှားခဲ့တဲ့သူတွေလို ခံယူချက်ပြင်းထန်တဲ့သူတွေ ပြည်သူထဲမှာ တကယ်ရှိခဲ့ပါသလား..။ မရှိတဲ့အခါကျတော့ တကယ်ပါဝင်သင့်တဲ့ပြည်သူတွေက ပွဲကြည့်ပရိသတ် ဖြစ်နေခဲ့ကြတယ်..။ သူတို့ရဲ့ နိုင်ငံရေးဗဟုသုတမရှိတာတွေ၊ ခံယူချက်ထက် အကြောက်တရားကစိုးမိုးတာတွေ၊ လက်ရှိ ရပ်တည်မှုလေးကို မပျက်စီးစေချင်တဲ့ စိတ်ဓာတ်တွေကို ဦးဆောင်လှုပ်ရှားသူတွေက မချေဖျက်၊ မစည်းရုံးနိုင်ခဲ့ကြဘူး..။ ၀န်ထမ်းတွေကလည်း သူတို့ခေတ်ဖြစ်နေတဲ့အတွက် ခံယူချက်ပြောင်းလဲအောင် မစည်းရုံးနိုင်ခဲ့ဘူး..။ အဲဒီတော့ အုပ်ချုပ်ရေးယန္တရား မပျက်စီးခဲ့ဘူး..။

ပြည်ပရောက်နေတဲ့ ဒီမိုကရေးစီရေးလှုပ်ရှားသူအများစုကလည်း နိုင်ငံရေးကို စီးပွားရေးတစ်ခုလို ကိုယ့်ရဲ့ရပ်တည်မှု၊ ရန်ပုံငွေ အစရှိသဖြင့် မပြတ်မလတ်တည်မြဲအောင် information တွေချဲ့၊ Campaign တွေလုပ်၊ သံရုံးတွေမှာ ဆန္ဒပြရင်းနဲ့ပဲ အသက်တွေကြီးလာ၊ နောက်ပြီး စီးပွားရေးလုပ်ငန်းတွေလို ဖြစ်လာတယ်..။ နှစ်စဉ်ရန်ပုံငွေတွေ၊ လစဉ်ရန်ပုံငွေတွေထဲမှာပဲ ..ရေရှည်ရပ်တည်ဖို့ …စဉ်းစားတော့တယ်..။  အဲဒီတော့ အဲဒါတွေပျောက်ရင် ရပ်တည်မှုပျောက်မှ ကြောက်လာတယ်..။ ပြည်တွင်းက မျိုးဆက်သစ်လူငယ်တွေရဲ့ အတွေးအခေါ်၊ အသိတရား၊ ဗဟုသုတ ခံယူချက်တွေ ပေါ့ပါးပြောင်းလဲနေတာကို သတိမထားမိကြဘူး..။ နှစ်တွေကြာလာတော့ မြန်မာနိုင်ငံကိုမရောက်ဖူးတဲ့လူတွေက မြန်မာစကားကိုပီပီပြင်ပြင်မပြောနိုင်ဘဲ  မြန်မာ့အရေးမှာ ဆန္ဒပြတာတွေဖြစ်လာတယ်..။ ။ သမိုင်းလိမ်ထားတဲ့ လူမျိုးခြားတွေကို ရန်ပုံငွေအတွက် တိုင်းရင်းသားပါဆိုပြီး မျက်စိစုံမှိတ်ထောက်ခံ၊ တိုင်းရင်းသားပါလို့ အသိအမှတ်ပြုရေးကြိုးစားနေကြပြီး  မြန်မာနိုင်ငံကိုချစ်ပြနေကြတယ်..။


အဲဒါတွေအားလုံးဟာ .. အစွန်းရောက်မှုတွေရဲ့ အကျိုးသက်ရောက်မှုတွေပါပဲ..။ နှစ်တွေကြလာလေ၊ အသက်တွေကြီးသွားလေ..။ ပြောင်းလဲလာလေပါပဲ..။ အခုအချိန်မှာ. .. NCGUB တို့ DAB တို့ အစရှိတဲ့ အဖွဲ့တွေကို သိတဲ့လူငယ် ဘယ်နှယောက်ရှိပါသလဲ..။ နောက်ဆုံး မိုးသီးဇွန်ကိုတောင် မျိုးဆက်သစ်လူငယ်တွေ မသိတော့ပါဘူး..။ အဲဒီတော့ မြန်မာနိုင်ငံပြင်ပမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကိုသိတဲ့လူငယ် .. ဒီခေတ်မှာ ဘယ်နှယောက်ရှိပါသလဲ။ ဘယ်နှယောက်သိအောင် စည်းရုံးစွမ်းဆောင်နိုင်ပါသလဲ..။ နိုင်ငံတကာ ရန်ပုံငွေတွေနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေဟာ ပြည်တွင်းကလူငယ်အများစုသိအောင်၊ နိုးကြားအောင် စည်းရုံးလှုပ်ရှားနိုင်စွမ်းမရှိတော့တာ ကြာပါပြီ..။ အရင် နိုင်ငံရေးသမားတွေ၊ ၈၈ ကျောင်းသာတွေရဲ့ မျိုးဆက်တွေနဲ့ ၀ါသနာပါသူ၊ လေ့လာသူတွေလောက်ပဲ အချိတ်အဆက်ရှိကြတော့တယ်.။

အဲဒီတော့ .. ပြည်တွင်းနဲ့ပြည်ပက  တဖြည်းဖြည်းနဲ့ သီးခြားစီဖြစ်လာတယ်..။ ပြည်တွင်း လူငယ်တွေက ၂၀၀၇ တုန်းက ဦးဆောင်သူတွေကို သတိရတယ်၊ အနုပညာရှင်ကိုဇာဂနာ၊ လောင်စာဆီရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူကိုမင်းကိုနိုင် အစရှိသူတွေကို မှတ်မိသိရှိကြတယ်..။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အားလုံးရဲ့စိတ်ထဲမှာ မမေ့နိုင်ဆုံးပေါ့..။ အမေစုလွတ်တုန်းက မျက်ရည်ကျတဲ့ လူငယ်တွေအပါအ၀င် ပြည်သူတွေ အများကြီးပါ..။

လက်ရှိအချိန်မှာ ထူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အသက် ၆၆ နှစ်ကျော်နေပါပြီ အဲဒီတော့ သူလုပ်ရမယ့်အလုပ်နဲ့ သူရဲ့ အနာဂတ်ကို သူကိုတိုင်လည်း အတတ်နိုင်ဆုံးကောင်းအောင်လုပ်ဖို့ ကြိုးစားနေပါတယ်.။  လက်ရှိအစိုးရနဲ့ ညှိနှိုင်းပြီး အတိုင်းအတာတစ်ခုအထိ ပြောင်းလဲအောင်သူ့သက်တမ်းအတွင်းမှာ လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်..။ လက်ရှိမှာ သူ့ကို အားပျော့တယ် စစ်တပ်နဲ့ပေါင်းတယ်ဆိုပြီး နိုင်ငံရေးတက်ကြွသူတွေထဲက ခုရေတွင်းတူး ခုရေကြည်သောက်ချင်တဲ့လူတွေရှိပါတယ်..။
စစ်တပ်ကို မစည်းရုံးပဲ ရန်သူလို သဘောထားနေသရွေ့ လူထုလှုပ်ရှားမှုတိုင်းမှာ စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်မိမှာပဲ..။ အဲဒါကို အခုထိစိတ်ကူးယဉ်လို့ကောင်းနေကြတုန်း။ လူထုကို စည်းရုံးဖို့ လွယ်တယ်လို့ယူဆပေမယ့် လမ်းပေါ်ရောက်ရင် ထိန်းသိမ်းဖို့မလွယ်ပါဘူး။ အဲဒီတော့ အချိန်အနည်းငယ်အတွင်း ပြိုကွဲမှာပါပဲ..။

အဲဒီလို အစွန်းရောက်လှုပ်ရှားသူတွေနဲ့ အစိုးရထဲမှာ အမျိုးဖျက်မ ဆိုပြီး စိတ်ထဲမှာကြိတ်မကျေနပ်နေတဲ့ သဘောထားတင်းမာသူတွေရဲ့ တိုက်ခိုက်မှုတွေကြားမှာ အမေစုပါးနပ်စွာလှုပ်ရှားနိုင်မှာပါ..။

အမေစုရဲ့မှတ်သားနာယူဖို့ကောင်းဆုံးစကားလုံးတစ်ခုက  “နိုင်ငံရေးလုပ်ရင် ခံစားချက်နဲ့ မလုပ်ပါနဲ့ ခံယူချက်နဲ့ လုပ်ပါ “ ဆိုတဲ့စကားပါ… အဲဒီစကားဟာ တကယ်အမှန်ဆုံးပါပဲ..။

စစ်တပ်ရဲ့အနှောင်အဖွဲ့မကင်းတဲ့ လက်ရှိအစိုးရကလည်း အမေစုကို အသုံးချနေတယ်ပဲပြောပြော အမေစုက အစိုးရကို အသုံးချနေတယ်ပဲပြော .. ဒီအချိန်မှာ အဲဒီနည်းထက် ပိုကောင်းတဲ့၊ ထိရောက်တဲ့ လှုပ်ရှားမှုမျိုးရှိမယ်လို့ မယူဆပါဘူး..။  စစ်တပ်ကို စည်းရုံးနိုင်တဲ့အင်အားက အမေစုက အဓိကဖြစ်သလို အမေစုကို စည်းရုံနိုင်တဲ့အင်အားလည်း စစ်တပ်မှာ ရှိပါတယ်..။ အခု ပြည်တွင်းက ‘NLD အပါအ၀င် နိုင်ငံရေးအင်အားစုတွေ၊ မီဒီယာတွေရဲ့ ကြိုးစားမှုနဲ့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Win-Win ပေါ်လစီအတိုင်း သွားနေတဲ့လမ်းစဉ်တွေဟာ ဒီအချိန်မှာ အသင့်လျှော်ဆုံးပဲလို့.. ယူဆပါတယ်..။ အပစ်အခတ်အခတ်ရပ်စဲပြီး တိုင်းရည်သားစည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်မှာဆိုလို့ အဲဒီတစ်ခုကိုပဲ မျှော်လင့်ပါတယ်..။ အဲဒီအတွက် ဦးသိန်းညွန့်အပါအ၀င် လွှတ်တော်အမတ်တွေ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်တွင်းကမီဒီယာတွေအားလုံးက ကြီုးစားနေကြပါတယ်..။ အဲဒါ သင့်တော်တဲ့ လမ်းစဉ်ပဲလို့ သုံးသပ်ပါတယ်။


ကိုရီးယားစစ်ပွဲတုန်းက တောင်ကိုရီးယားကို မြောက်ကိုရီးယားကွန်မြူနစ်တွေကျူးကျော်ပြီး ပြန်ဆုတ်သွားတော့ ကွန်မြူနစ်သတ်လို့ ပြည်သူတွေသေဆုံးသလို အသက်အန္တရာယ်ကြောင့် ကွန်မြူနစ်ပါတီဝင်ဖို့ လက်မှတ်ထိုးမိတဲ့ ကိုယ့်ပြည်သူတွေကို တောင်ကိုရီးယားအာဏာပိုင်တွေချက်ချင်းပြန်သတ်တာတွေကို မမေ့သင့်ဘူး..။ အစွန်းရောက်ရင် democratic လည်း အစွန်းရောက်တာပါပဲ..။

အခုအချိန်မှာ အစိုးရက ကန်ခွင့်ပေးထားတဲ့ ကွင်းထဲကို တိုက်စစ်မှူးတစ်ဦးလည်း ရောက်လာပါပြီ..။ သူက အပြောင်အပျက်နဲ့ ဟာသလုပ်ပြီး တစ်ဖက်ကိုမျက်စိနောက်အောင်လည်း ကစားတတ်ပါတယ်..။ အဲဒီတော့ ဒီပွဲကို ပြည်သူတွေဟာ လက်ရှိအချိန်မှာ စောင့်ကြည့်နေရပါဦးမယ်..။ သူကတော့ ..သူ့ကို အနီကတ်နဲ့ မထုတ်မချင်းလည်း မရပ်မနား ကစားနေမယ့်သူပါ..။
(မိမိ၏ ကိုယ်ပိုင် တွေးခေါ်ယူဆချက်များဖြစ်ပါသည်)
ရန်အောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...