အာရှတိုက်ရဲ့တနေရာ
Rozoner King created a doc.
ဘ၀တပါးသို့ ပြောင်းသွားပြီ ဖြစ်တဲ့ ကဗျာဆရာ လှသန်း (ကြည်မောင်သန်း) ရေးခဲ့သော "အာရှတိုက် ရဲ့ တနေရာ" ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်..။
(၁)
အမှန်တကယ်ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ပြည်ရဲ့ရွာ
မြို့တော်နဲ့ ကီလိုမီတာ ၆၀ ခန့် ဝေးတဲ့နေရာ
အဝေးပြေးလမ်းမကြီးရဲ့ ပခုံးပေါ်မှာ
လေးထပ်တိုက် ၈ လုံးနဲ့ ဖွဲ့စည်းထားတဲ့ရွာ
အာရှတိုက်ရဲ့ တနေရာလို့ ဆိုပါစို့
အဲဒီရွာရဲ့ အဋ္ဌမမြောက် တိုက်ခန်း တစ်ခန်းထဲမှာ
အင်ဒိုနီးရှား လူငယ် ၄ ယောက်
(နှစ်ယောက်က ညီအစ်ကို)
ဘင်္ဂလားဒေ့ရှ် လူရွယ်တစ်ယောက်
ပြီးတော့ ငါတို့ ၂ ယောက်
ဓါရဏပရိတ်၊ ကိုရ်အန်ကျမ်း၊ ရော့ခ်သီချင်း
ဂျင်းဘောင်းဘီ၊ ဝါယာကြိုးခွေများနဲ့
အမျိုးအမည်မသိ အလှမွေးငှက် ၂ ကောင်
တစ်အိုး တစ်အိမ် ထူထောင်လို့နေကြ
သူတို့ဘဝတွေဟာ
အရှေ့တောင်အာရှ ကျွန်းဆွယ်ပေါ်က
အကြမ်းထည် ပစ္စည်းပစ္စယတွေနဲ့
ခပ်ဆင်ဆင်တူနေရဲ့
(၂)
နာရီစက်သံကြောင့်
အထိတ်တလန့်နိုးထ
အိပ်ရေးမဝတဲ့ မျက်လုံးထဲမှာ
နှင်းတွေ အတုံးအရုံးကျနေတဲ့ မနက်ခင်း
ရွာလည် လမ်းထိပ်မှာ ရေသန့်ဗူး ကိုယ်စီနဲ့
အလုပ်ဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ
တနေကုန်မြို့တော်ကြီးဆီကိုသွား
မြင့်မားတဲ့ အဆောက်အုံခေါင်မိုးတွေပေါ်တတ်
ဆံပင်တွေ အရည်ပျော်ကျ မတတ် နေရောင်အောက်မှာ
ချွေးတွေ သံတွေနဲ့ မချိမဆန့် အလုပ်လုပ်ကြ
အဲဒီ အလုပ်က အသက်အန္တရာယ်နဲ့ နီးပေမဲ့
“ငွေမရှိတာလည်း အသက်အန္တရာယ်နဲ့ နီးတာပဲ” လို့
ဘင်္ဂလားဒေ့ရှ် လူရွယ်က မှတ်ချက်ချတယ်
နေဝင်ရီတရောမှာ
ကျောပေါ်အမောတွေ ထမ်းပြီး ပြန်လာကြ
ရေချိုးခန်းကို သူ့ထက်ငါ ဦးအောင် အလုအယက် တိုးခွေ့ဝင်ကြ
ဒါဟာ နိစ္စဒူဝ ကိစ္စ
ညကျ
တစ်ဆိုင်ထဲသော ပင်လယ်စာဆိုင်မှာ
ဒေသရဲ့ ရိုးရာ ထမင်းကြော်ကို စားရင်း
စကားစမြည်ဆိုကြ
ကျိုးပဲ့နေတဲ့ ဘာသာစကားနဲ့ပ
ပြီးတော့ ကိုကာကိုလာ တစ်ပုလင်းသောက်ရင်း
လေးညှင်းနံ့သင်းတဲ့ စီးကရက်ကိုဖွာရှိုက်
ဂျက်ကွာ ကားတစ်စီးရဲ့ နောက်ကို ပြေးလိုက်သွားတဲ့ စိတ်ကူးတွေ
သဘာဝကျပါတယ်လေ
စားသောက်ဆိုင်က အပြန်
လမ်းဘေး အများသုံးဖုန်းကနေ
ကိုယ့်တိုင်းပြည်ကို ဖုန်းဆက်သူဆက်
တိုက်ပေါ်ပြန်တတ်ပြီး ရေဒီယို နားထောင်သူထောင်
နေ့လယ်ကတွေ့ခဲ့တဲ့ ပေါတံဖြူဖြူနဲ့ တရုတ်မလေးတွေကို
စိတ်ကုးယဉ်သူယဉ်
အဓ္ဓမ အကျင့်ခံလိုက်ရတဲ့ ဖိလစ်ပင်းအိမ်ဖေါ်မလေးအတွက်
ကရုဏာသက်သူသက်
နေရပ်ပြန်ပို့ခံ ဗီယက်နမ်တွေအတွက် စိတ်မကောင်းဖြစ်သူဖြစ်
ဘုရားဝတ်ပြုသူကပြု
သမားရိုးကျ လူ့အဖွဲ့အစည်းငယ်လေးပါပဲ။
(၃)
နေ့စဉ်နဲ့အမျှ
ကျွဲလို နွားလို အလုပ်လုပ်ရ
အခန့်မသင့်ရင် ခွေးသေ ဝက်သေ သေသွားကြ
နက်ရှိုင်းလှတဲ့ ဆင်းရဲတွင်းထဲက ခုန်ထွက်ဖို့
အလုအယက်ကြိုးစားရင်း
အာရှတန်ဖိုးဆိုတာဘာလဲ
ကွန်ဖြူးရှပ်ယဉ်ကျေးမှုဆိုတာ ဘာလဲ
မေးခွန်းတွေ ထုတ်ရင်း ကျေကွဲရပြန်
“တရားမဝင် အလုပ်သမား”တဲ့
အာရှကျားတွေ ထွားကျိုင်းဖို့အရေးမှာ
ခိုင်းနွားတစ်ကောင်လို လုပ်အားပေးခဲ့ရတာကိုပဲ
ဂုဏ်ယူရမလား
အာရှတိုက်ကြီးကတော့ အပျိုပေါက်တစ်ယောက်လို ခြယ်သ
ဂျပန်၊ ဥရောပနဲ့ အမေရိကကို
မျက်စပစ်နေလေရဲ့
(၄)
ပြန်လည်ဆန်းစစ်ကြည့်တော့
ငါတို့ဟာ စက်ရုံ တစ်ရုံ မဖြစ်နိုင်ခဲ့
ငါတို့ဟာ ကုမ္ပဏီ တစ်ခု မဖြစ်နိုင်ခဲ့
ငါတို့ဟာ ဘဏ်တိုက်တစ်ခု မဖြစ်နိုင်ခဲ့
ငါတို့ဟာ ဈေးကွက်တစ်ခုကို မဖန်တီးနိုင်ခဲ့
ငါတို့ဟာ ဈေးပေါတဲ့ ကုန်ကြမ်းတွေသာဖြစ်တယ်
အာရှတိုက်ရဲ့ တနေရာမှာ စတေးခံ ဘဝများစွာ
ငါတို့ဟာ ငြိမ်းချမ်းရေး မရနိုင်သေးပါဘူးကွာ
ငါတို့ရဲ့ ဘဝဟာ ဘာမှ မသေချာလှ
အဲလို မသေချာမှုတွေထဲကပဲ
သေချာတဲ့ ဘဝကို တည်ဆောက်ယူရတာ
တို့လူသားရဲ့ မွေးရာပါ တာဝန်ပဲ မဟုတ်လား
(ဝဋ်ကြွေးလည်း ဖြစ်နိုင်ရဲ့)
ခုမှ ငါ့ရဲ့ ကိုယ်ပိုင် ကောင်းကင်မှာ
ကြယ်ရောင် မှိန်ပျပျ
မြင်ရရုံပဲ ရှိပါသေးတယ်
တခါတလေ
နံရံပေါ်က ကမ္ဘာမြေပုံကိုကြည့်ရင်း
ငါလွမ်းနေမိရဲ့
ငါလွမ်းနေခဲ့တာ
ပီဇာနဲ့ ဟမ်ဘာဂါတွေကို မဟုတ်ဘူး
ဟာဒ်ရော့ကဖေးကို မဟုတ်ဘူး
“နိုင်ငံကူး လက်မှတ်”လို့ အမည်ရတဲ့
ဝီစကီ ပုလင်းလှလှကို မဟုတ်ဘူး။
အောင်လတ်မှတ်တွေနောက်ကို လိုက်လျှောက်နေတဲ့
ကျွန်းတစ်ကျွန်းကို မဟုတ်ဘူး
မီရှယ်ယိုးဆိုတဲ့ ရုပ်ရှင်မင်းသမီးကို မဟုတ်ဘူး
ငါလွမ်းနေခဲ့တာ
ကံခေပေမယ့်
ချစ်စရာ ကောင်းနေတဲ့ တိုင်းပြည် တပြည်ကိုပါ
လေပြင်းထန်တဲ့ ကမ်းခြေက
ငါ့ရဲ့ ခြေတံရည်အိမ်လေးကိုပါ။
(၅)
“အမျိုးသားက နိုင်ငံခြားမှာလေ ...” ဆိုပြီး
ရပ်ကွက်ထဲမှာ တချို့ ဇနီးမယားတွေ ပါးစပ် အရသာခံကြတာမျိုးအတွက်နဲ့တော့
ဒီနေရာကို ငါ ဘယ်ထွက်လာပါ့မလဲ
မိအို ဖအိုတွေ ရှိနေစဉ်မှာ
အဆင်ပြေပြေ အကြွေးကင်းကင်း ရှိနေစေချင်တာအတွက်
ငါ့ ဆန္ဒတွေကို ကွက်မျက်ခဲ့ရတာပါ
မိသားစုနဲ့ အိမ်ကို ခွဲခွာခဲ့
သူငယ်ချင်းများနဲ့ တိုင်းပြည်ကို ခွဲခွာခဲ့
အဲဒီအတွက်ရမယ့် ဆုလဒ်ဟာ
စင်္ကာပူက ကြိမ်ဒဏ်မျိုးတော့ မဟုတ်တန်ရာ
အသာမာတတ်နေတဲ့ လက်နဲ့
ပြက္ခဒိန်ပေါ်က နေ့တွေကို ရေတွက်ရင်း
“လေယဉ်ပျံတွေမြင်ရင် အိမ်ပြန်ချင်တယ်” လို့ ညည်းမိ
ဒါပေမယ့် သုဝဏ္ဏသျှံမဟုတ်တော့ .....
(၆)
ခုတော့
အာရှကျားတွေရဲ့ ပါးစပ်ထဲက
အမဲသား တစ်ဖတ်
သွားကြားညှပ်ခဲ့ရင် ခွင့်လွှတ်ပါ
ဒါဟာ ဒဏ္ဍာရီ မဟုတ်ပါဘူး
အာရှတိုက်ရဲ့ တနေရာက
မြုံနေတဲ့ အနာတွေပါ
ရင်းနေတဲ့ အနာတွေပါ။
လှသန်း
အောက်တိုဘာ ၂၀၀၅
မတရားမှုတွေကို ရွံမုန်းပြီး ဆန့်ကျင်ရေးသားခဲ့တဲ့ စစ်အစိုးရရဲ့ Black List စာရင်းဝင် ဆရာ ကောင်းရာ သုဂတိ လားပါစေ..။
အားလုံးကို ချစ်ခင်လေးစားသော.. ဖိုးသိကြား(၂၃-၁၀-၂၀၁၁)

0 comments:
Post a Comment