Wednesday, October 5, 2011

အမျိုးသားခေါင်းဆောင်နဲ့အာဇာနည်ခေါင်းဆောင် (၁)

by Ramanya Ravika on Wednesday, October 5, 2011 at 2:01am
(ဤဆောင်းပါးကို မွန်ဘာသာဖြင့် ရေးသားခဲ့ပြီး တိုင်ပကောင်းဂျာနယ်တွင် ဖော်ပြပြီဖြစ်သည်။ Facebook အပေါင်းအသင်းများအတွက် မြန်မာဘာသာပြန်ဆိုပါသည်။)

မဟောသဓာဇာတ်တော်မှာ ဘီလူးမနဲ့မိခင်ရင်းတို့ သားလုခန်း ပါတယ်။ နှစ်ဦးလုံး ရုပ်ချင်းဆင်လို့ မိခင်မှန်ကို မှန်းရခက်ပါတယ်။ ဒီအချိန်မှာ မဟောသဓာပညာရှိက "မိခင်စစ်ကို မသိနိုင်တော့ပြီ၊ ကလေးကို ရအောင် လုကြပါ၊ ရသူကို အနိုင်သတ်မှတ်မယ်"လို့ ကျေညာလိုက်တယ်။ ဘီလူးမနဲ့မိခင်ရင်းတို့က အခါမဆိုင်းဘဲ အလုပြိုင်ကြတော့တယ်။ ခေါင်းရခေါင်းဆွဲ ခြေရခြေဆွဲနဲ့ ကလေးကို လုကြရာ နာလို့ ကလေးက ငိုပါတယ်။ ငိုသံကြားလို့ စားချင်တဲ့ ဘီလူးမနားမှာ ချိုသာလို့ နေတယ်။ မခင်ရင်းမှာတော့ ရင်ကွဲမတတ် ခံစားရတာပေါ့။ မလုရက်တော့ဘူး။ ကိုင်ထားတဲ့လက် လွှတ်လိုက်တော့ ကလေးက ဘီလူးမလက်ထဲ ပါသွားရတယ်။


ဒီအမှုမှာ မိခင်စစ်ကို လူအပေါင်းတို့က မခွဲတတ်ပါ။ အမျိုးသမီးနှစ်ဦးက ရုပ်ရည်လည်း တူတယ်။ ကလေးအပေါ်ထားရှိတဲ့ အပေါယံမေတ္တာနှောင်ကြိုးကိုလည်း ခန့်မှန်းရမလွယ်ပါ။ အခြေအတင်ပြောတော့လည်း အဖြေက မပေါ်ပါ။ ဒီလို အကြပ်အတည်းမျိုးမှာ သတိသမ္ပဇဉ်အကြောင်းကို လူတို့မေ့နေတတ်ပါတယ်။

ဒီအမှုမှာ ဒီလို စဉ်းစားကြည့်ရအောင်ပါ။ အနိုင်အရှုံးက အဓိကလား။ မိခင်စစ်မိခင်တုပေါ်ဖို့က အရေးကြီးလား။ ကလေးအသက်က အရေးကြီးသလား။ ဒါမှမဟုတ် ဘယ်ဟာက အရေးကြီးလဲ။

အနိုင်အရှုံးကို အမှန်တရားလို့ သတ်မှတ်ယင် အနိုင်ရဖို့ ကံကို ပြုကြပါလိမ့်မယ်။ ဒါပေမယ့် ကံတိုင်းက အကျိုးပေးမှာမို့လို့ ကံက အဓိကကျသလား၊ အကျိုးပေးက အဓိကကျသလား ထပ်ဆင့်စဉ်းစားရပါလိမ့်မယ်။

အကျယ်ချဲ့ပြီး ပြောရယင် ကံဆိုတာ စေတနာဖြစ်လို့ စေတနာကလည်း အဓိကကျပါတယ်။ စေတနာအရင်းခံက အဓိကကျတယ်ဆိုယင် အဲဒီစေတနာရဲ့ ကောင်းကျိုးဆိုးကျိုးကို ထည့်တွက်စရာမလိုတော့ဘူးလား။

ဒီဇာတ်တော်မှာ အနိုင်အရှုံးကတော့ ဘီလူးမအတွက်ရော မိခင်ရင်းအတွက်ပါ အရေးပါနေတယ်။ မဟောသဓာသုခမိန်လည်း ဒီအမှုကို အကိုင်အတွယ်မှားယင် ငါတော့ သွားပြီလို့ ပူပန်မှုမရှိနိုင်ဘူးလား။ ပရိသတ်အပေါင်းမှာလည်း ကလေးကို အမှန်တကယ် စိုးရိမ်သူများ ရှိသလို ပွဲကို အပျော်သဘော ကြည့်ချင်သူ ၊ ပွဲဆူအောင် လုပ်ချင်သူ၊ ပွဲပျက်အောင် ကြံသူများ ရှိမနေနိုင်ဘူးလား။

တရားရုံးပြင်မှာ လူ(၁၀၀) ရှိယင် စေတနာစေတသိက်လည်း (၁၀၀) ရှိမှာပဲ။ စေတနာ (၁၀၀)လုံး ကမ္မပထမြောက်ယင် အဲဒီ(၁၀၀)အနက် မည်သည့်စေတနာက အမှန်တရား ဖြစ်နိုင်မလဲ။ ကောင်းစေလိုတဲ့ စေတနာတစ်ချက်ထဲနဲ့ အဆင်ပြေသလို ဆုံးဖြတ်လို့ မရမှန်း ထင်ရှားသွားပြီ။

လူတိုင်းမှာ ကိုယ်မှုနဲ့နှုတ်မှု ရှိပါတယ်။ လုပ်ရပ်ကိုပဲဖြစ်ဖြစ်၊ အပြောအဆိုကိုပဲဖြစ်ဖြစ် အဖြူအမည်းသိဖို့ တခါတလေ ခက်လှတယ်။ မှန်သလိုနဲ့ မမှန်ဘူး။ မှားသလိုနဲ့ မမှားပြန်ဘူး။ ဆီလျော်အောင် ကောက်ချက်ဆွဲဖို့ ခက်လှတယ်။

ဒီနေရာမှာ သတိသမ္ပဇဉ်တရားကို ယူပြီး လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာကို ခန့်မှန်းဆုံးဖြတ်ရပါတယ်။ စရိုက်ဆိုသည်မှာ ဝါသနာအလေ့လည်း တစ်စိတ်တစ်ပိုင်း ပါလို့ သတိလက်လွှတ်ဖြစ်ချိန်မှာ ပေါ်လာတတ်ပါတယ်။ စကားထဲက ဇာတိပြဆိုသလို စရိုက်ကနေတဆင့် ဇာတိကို ပြတတ်ပါတယ်။

မဟောသဓာပညာရှိလည်း ရုပ်ရည်အရ မိခင်စစ်ကို ဆွဲမထုတ်နိုင်ဘူး။ ကိုယ်ဟန်အမူအရာအရလည်း မိခင်စစ်ကို မခန့်မှန်းတတ်ဘူး။ အခုန စရိုက်လို့ ခေါ်တဲ့ စိတ်နေစိတ်ထားကိုပဲ မှတ်ကျောက်တင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပညာရှိက သားလုပွဲမှာ ဘာကို သတိထားမိလဲ။

မိခင်တို့မည်သည် မိမိသားသမီး ဒုက္ခရောက်မယ့်အရေး အလျဉ်းမျှပင် အလိုမရှိ။ မမြင်လို။ အကြင်သူက မိခင်စစ်ရိုးမှန်ယင် မိမိကလေး ဆင်းရဲခြင်းမှ အနည်းငယ် လွှတ်နိုင်ယင်ပဲ ကျေနပ်တတ်လို့ မိမိကိုယ်ကို စွန့်လွှတ်ဖို့ ဝန်မလေးပါ။ ဒီသဘောတရားကို သုံးပြီး ကလေးလွှတ်သူကို မိခင်စစ် ဖြစ်ကြောင်း မဟောသဓာပညာရှိက ဆုံးဖြတ်နိုင်ခဲ့ပါတယ်။

စကားပုံတစ်ခု ရှိပါတယ်။ "အချစ်နဲ့စစ်မှာ မတရားတာ မရှိ"တဲ့။ "All are fair in Love and War" လို့ ပြောရမှာပဲ။ သရေပွဲ မရှိ။ တစ်ယောက်မဟုတ်တစ်ယောက် အနိုင်အရှုံး ပေါ်ရမယ့်ပွဲပါ။ အနိုင်နဲ့အရှုံးမှာ အနိုင်က အဓိကကျလို့ တရားသလား မတရားဘူးလား စဉ်းစားဖို့ အချိန်မရှိပါ။ စဉ်းစားသူက လူဖြုံလူအပဲ ဖြစ်ရမယ်။ ဒါဆို ဒီနေရာမှာ စေတနာက အဓိကမဟုတ်၊ အကျိုးသာ အဓိက ဖြစ်မယ့်သဘောပါ။ ကောင်းတဲ့စေတနာလည်း ဖြစ်ချင်ဖြစ်မယ်၊ မကောင်းတဲ့စေတနာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် အလုပ်က ကောင်းကောင်းပြီးသွားယင် အလုပ်ကောင်းလို့ လူတို့ သတ်မှတ်ကြတယ်။

ပြည်မြို့တိုက်ပွဲမှာ စစ်နားတုန်း "မွန်နဲ့မြန်မာ လှေစီးချင်းထိုးကြစေ"ဆိုပြီး မြန်မာဥပရာဇာ မင်းရဲကျော်စွာက အဆိုပြုတယ်။ "ကောင်းပြီ" ရာဇာဓိရာဇ်က ဆိုပြီး လဂွန်းအိမ်ကို လွှတ်လိုက်တယ်။ အစမှာ မြန်မာဘက်က စုက္ကတေးတစ်စီးထဲ ထွက်လာတယ်။ ဒါပေမယ့် မနိုင်တော့ တစ်စီးပြီးတစ်စီး ထွက်ထွက်လာတော့ မြန်မာလှေ (၅)စီးအထိ လဂွန်းအိမ်ကို ဝိုင်းတိုက်ကြတယ်။

လှေစီးချင်းမဟုတ်တော့ဘဲ ဝိုင်းအုံတိုက်လို့ လဂွန်းအိမ်လည်း ဒဏ်ရာရလို့ လက်နက်ချခဲ့ရတယ်။ ဒဏ်ရာက ပြင်းလို့ ညဥ့်သန်ခေါင်းကျော်မှာ လွန်တယ်။ ဒီတိုက်ပွဲမှာ မြန်မာတွေ မရိုးသားဘူးလို့ မွန်တွေက စွပ်စွဲပါတယ်။ မွန်တွေ စစ်ရေးပရိယာယ်မှာ မလိမ္မာကြဘူးလို့ မြန်မာတွေ ပြက်ရယ်ပြုတယ်။

"သမိန်ဗြာဇ္ဇလည်း စုတေခဲ့ပြီ။ အခု လဂွန်းအိမ်လည်း မရှိတော့ပြီ။ ရာဇာဓိရာဇ်မှာ လက်နှစ်ဖက်ပြတ်သလို ဖြစ်ပြီ။ မကြာခင် ငါ့လက် မခ္ပျွတ်ရောက်ရတော့မယ်"လို့ မင်းရဲကျော်စွာက ကြုံးဝါးခဲ့တယ်။

လှေစီးချင်းထိုးပွဲမှာ မြန်မာတို့ (၅)စီး ထွက်လာယင် မွန်တွေက ဘာကြောင့် နည်းတူ ထွက်မလာတာလဲ။ မေးစရာ ရှိပါတယ်။

ဒီနေရာမှာ သူ့ရှင်ရာဇာဓိရာဇ်က အဆုံးအဖြတ် ပေးရမယ့်သူ ဖြစ်တယ်။ စစ်လန့်မှာစိုးလို့ လဂွန်းအိမ်ကို လက်ပိုက်ကြည့်နေခဲ့ရကြောင်း စာက ဆိုတယ်။ ဒါပေမယ့် Consequential Moral Reasoning နဲ့ Categorical Moral Reasoning အရ တွေးခေါ်ယင် သူ့ရှင်အဆုံးအဖြတ်က မှန်ပါရဲ့လား။

အဲဒီတုန်းက ဘာကြောင့် စစ်လန့်မှာ စိုးလို့လဲ။ သေချာတာက သူ့ရှင်ရာဇာဓိရာဇ်မှာ Plan B က အဆင်သင့် မရှိဘူးဆိုတာပါပဲ။ Plan A ပဲ ရှိတယ်ဆိုတာ ထင်ရှားတယ်။ Plan B မရှိလို့ Plan A ပျက်တဲ့အခါ လက်ပိုက်ကြည့်နေရုံကလွဲပြီး ဘာမှ လုပ်လို့မရတော့ပါ။

လဂွန်းအိမ်ကို ကူမယ်ဆိုပြီး ရေတပ်ထွက်ယင် ကြည်းတပ်လည်း အရေးကြုံက ထွက်ဖို့ အဆင်သင့် ဖြစ်နေရမယ်။ အဲဒီအဆင့်အထိ ရာဇာဓိရာဇ်မှာ ပြင်ဆင်ထားဟန် မရှိဘူး။ Fail to Prepare ဆိုတော့ Prepare to Fail ဖြစ်ရတော့တာပဲ။ ပြင်ဆင်မှုမရှိဘဲ စစ်ချီယင် မွန်စစ်က မြေလှန်ခံရမှာဖြစ်ပြီး သူ့ရှင်လည်း အသက်အန္တရာယ် ရှိနိုင်တယ်။ သူ့ရှင်မရှိယင် ဗဂိုးမှာ ကျန်ခဲ့တဲ့ သားတော်ဗညားကျန်းလည်း မင်းရဲကျော်စွာတပ်ကို နိုင်မှာမဟုတ်လို့ ရာမညတိုင်းလည်း မြန်မာတို့လက်အောက် ရောက်ဖွယ်ရှိတယ်။

ဒီအချက်(၂)ချက်ကို ဝေဖန်ရယင် မြန်မာတို့က မွန်တို့အင်အားချည့်နဲ့အောင် ဉာဏ်ဆင်တယ်။ မွန်တို့ အင်အားနည်းမှ အနိုင်ယူလွယ်မှာပါ။ ဒါကြောင့်လည်း ဥပါယ်တံမျဉ်နဲ့ လဂွန်းအိမ်ကို ရအောင် ကြံခဲ့တယ်။ သူ့ရှင်ရာဇာဓိရာဇ်ကလည်း မိမိအသက်နဲ့တိုင်းပြည်ကို ကယ်တင်ဖို့ မိမိရဲ့သူရဲကောင်းနဲ့ လှေသူရဲများ မြန်မာတို့လက်အောက်မှာ ဒုက္ခရောက်နေရတာကို မချိတင်ကဲ ကြည့်နေခဲ့ရတယ်။

မွန်တွေက ပြင်ဆင်မှုမရှိလို့ မြန်မာတို့နဲ့ စစ်မတိုက်ခဲ့ဘူး။ မင်းရဲကျော်စွာက ဆုတ်ခွာသွားတဲ့ ရာဇာဓိရာဇ်တပ်နောက် လိုက်ရင်း ဗဂိုးကို ဝိုင်းရံနိုင်တဲ့အထိ ဖြစ်တယ်။ ဒါပေမယ့် ဒီတစ်ခါ မြန်မာတို့က ပြင်ဆင်မှုမရှိဘဲ မွန်တို့ကို တိုက်ခိုက်ခြင်းဖြစ်တယ်။ မြန်မာတွေ အကြီးအကျယ် စစ်ရှုံးပြီး မင်းရဲကျော်စွာလည်း ကျဆုံးခဲ့ရတယ်။

ဒီလိုဆိုတော့ လဂွန်းအိမ်နဲ့ လှေသူရဲတွေကို အဆုံးရှုံးခံခဲ့တဲ့ ရာဇာဓိရာဇ်ဆုံးဖြတ်ချက် သင့်လျော်မှန်ကန်တယ်လို့ သတ်မှတ်ရမလား။ ဒီဆုံးဖြတ်ချက်မှန်တယ်ဆိုယင် လဂွန်းအိမ်တို့အဖွဲ့ဟာ စေတနာအဓိကဝါဒအရ အသက်ပေးရတာမဟုတ်ဘဲ အကျိုးအဓိကဝါဒအရ ဘဝပျက်ရတာ ဖြစ်တယ်။

ဒါပေမယ့် လဂွန်းအိမ်ဘက်က စဉ်းစားကြည့်ယင် မင်းရဲကျော်စွာနဲ့ ရာဇာဓိရာဇ်တို့ ဆုံးဖြတ်ချက်ဟာ သူ့အတွက် တရားမျှတမှု ရှိပါ့မလား။ လဂွန်းအိမ်ဆိုသည်မှာ သူ့ရှင်အတွက်ဆိုယင် အရိုးကြေကြေအရေခန်းခန်း အမှုတော်ကို ထမ်းမယ့်သူ ဖြစ်တယ်။ သူ့ရှင်ထမင်းကိုပဲ ဝမ်းကို ဝင်စေသူ ဖြစ်တယ်။ မြန်မာတို့ထမင်းကို ငြင်းသူ ဖြစ်တယ်။ ဒီသေဆုံးမှုမှာ လဂွန်းအိမ်ကလည်း ငြိုးမှာမဟုတ်၊ မင်းရဲကျော်စွာအကြိုက်လည်း ဟုတ်၊ ရာဇာဓိရာဇ်အတွက်လည်း အပူမငုပ်လို့ အဆင်ပြေသလို ရှိပါတယ်။

ဒါပေမယ့် လဂွန်းအိမ်ရယ်၊ မင်းရဲကျော်စွာရယ်၊ ရာဇာဓိရာဇ်ရယ် ဒီ(၃)ယောက်ထဲမှာ နောက်နှစ်ယောက်က ဘာတွေ ဖြစ်ကျန်ခဲ့လဲ။

မင်းရဲကျော်စွာက လဂွန်းအိမ်ကို ရပြီးနောက်ပိုင်း တိုက်ပွဲကြီးတွေ တစ်ပွဲမှ မနိုင်တော့ဘူး။ ဘုန်းတန်ခိုးနည်းရတယ်။ ရာဇာဓိရာဇ်မှာလည်း သေတဲ့အထိ စိတ်ခြောက်ခြားရတယ်။ လဂွန်းအိမ်ကို အိပ်မက်ဆိုး မက်ရတယ်။ ဒီအချက်မှာ လူတွေအားလုံးက သင့်လျော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ ကာယကံရှင်များကလည်း သင့်လျှော်မှန်ကန်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် ဘာကြောင့် ရာဇာဓိရာဇ်နဲ့ မင်းရဲကျော်စွာတို့က ထိတ်လန့်မှု၊ စိတ်ဖိစီးမှုတွေ ရှိနေရသလဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...