Wednesday, October 5, 2011

နှင်းခဲပျော်ချိန် စိုးရိမ်သောက

by cherrymyodaw on Wednesday, October 5, 2011 at 8:46pm
 
နှင်းခဲပျော်ချိန်လော

၂၀၁၁ မှာ ခေတ်သစ် မြန်မာ့နိုင်ငံရေးခရီး၏ အရေးကြီးသော အလှည့်အပြောင်းတစ်ခုဖြစ်လေမည်လား စဉ်းစားမိသည်။
နိုင်ငံရေးသမားမဟုတ်သည့်တိုင် လူမှန်းသိတတ်ခါစ ကာလကတည်းက နိုင်ငံရေးအဖြစ်သနစ်တွေကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့မိသော စာရေးသူအတွက်မူ စိတ်အလှုပ်ရှားရဆုံး နှစ်တစ်နှစ်လည်း ဖြစ်နေသည်။
ဆိုရလျှင် တစ်သက်စာမျှော်လင့်ချက်နှင့် ယှဉ်သော စိတ်လှုပ်ရှားမှုများ ဖြစ်ပါသည်။ ကြည့်ပါ။ အစိုးရသစ်နှင့်အတူ ထွက်ပေါ်လာသော သမ္မတသစ်၏ အဖွင့်မိန့်ခွန်းနှင့် နောက်ဆက်တွဲ မိန့်ခွန်းများ။
နောက် - ဆင်းရဲမှုတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲများ။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏မိန့်ခွန်း။ (စာရေးသူ) စာပေသက်အတွင်း တစ်ခါဖူးမှ မကြုံဖူးသော မီဒီယာဖြေလျှော့မှုများ...။
ပြီး သမ္မတကြီးဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အပြုံးမျက်နှာ၊ ““ကျေနပ်စရာကောင်းပါတယ်”” ဆိုသော
နောက်ဆက်တွဲမှတ်ချက်စကား။ ထို့နောက် ဒုတိယအကြိမ် လွှတ်တော်ဆွေးနွေးပွဲများနှင့် အတူပေါ်ထွက်လာသော လွှတ်တော်ကော်မတီများ။ နောက်ဆုံး မိတ်ဆွေများ၏ ကျေးဇူးကြောင့်၊ စာရေးသူကိုယ်တိုင် တက်ရောက်ခွင့်ရလိုက်သော လွှတ်တော် ကော်မတီများနှင့် ပညာရှင်အဖွဲ့၊ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့၊ နိုင်ငံရေးပါတီကိုယ်စားလှယ်အဖွဲ့တို့၏
ပွင့်ပွင့်လင်းလင်းတွေ့ဆုံပွဲ ...။

ဘယ်မှာ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။ ဘယ်မှာမပျော်ဘဲနေမည်နည်း။ ဘယ်မှာ ရင်မခုန်ဘဲနေမည်နည်း။
သို့နှင့်တိုင် အပြောင်းအလဲ၏ “စပိ” မှာ မျှော်လင့်ထားသည်ထက် ပိုမြန်နေလေရာ၊ စိတ်လှုပ်ရှားရင်းက စိတ်ထင့်နေမိသည်။
ပျော်ရင်းက ရင်ဖိနေရသည်။ ရင်ခုန်ရင်း ရင်တုန်နေပြန်သည်။ စွဲလမ်းသော စကားလုံးတစ်လုံးကို
အထပ်ထပ်ရေရွတ်ရင်း စာရေးသူမှာ “မှင်တက်” နေမိတော့သည်။ “နှင်းခဲပျော်ချိန်”.........။

သူတို့ဆီက “နှင်းခဲပျော်ချိန်” အမှန်စင်စစ် “နှင်းခဲပျော်ချိန်” ဆိုသည်မှာ ရုရှားစာရေးဆရာကြီး “အီလျာအာရင်ဘတ်” ၏
The Thaw ကို ဆရာကြီးဒဂုန်တာရာ မြန်မာမှုပြုထားသည့် ဝေါဟာရဖြစ်သည်။ ၀တ္ထုတစ်ပုဒ်၏ အမည်ဖြစ်သည့်တိုင် ဆိုဗီယက်ယူနီယံသမိုင်းနှင့် ဆက်စပ်နေသော နိုင်ငံရေးစကားလုံးဖြစ်သည်။ “အထွေထွေထိန်းချုပ်မှုများ ဖြေလျှော့ခြင်း” (Liberalization) နှင့် အနက်တူဟုဆိုနိုင်ပါလိမ့်မည်။ သူတို့ ရုရှားပြည်ကြီးတွင် “နှင်းခဲပျော်ချိန်” နှစ်ခါကြုံဖူးသည်ဟု ခဏတာခင်မင်ခွင့်ရခဲ့သော ရုရှားစာရေးဆရာမ “မာယာ” (မာယာကူချာစကားယား)က ပြောဖူးသည်။ ပထမအကြိမ်မှာ
စတာလင်အလွန် ခရူးရှက်ခေတ်။ သို့သော်သိပ်မကြာ။ ရုရှားတွေ မျှော်လင့်နေသော “နွေဦး” က ရောက်မလာဘဲ “ဆောင်း” လက်မည်းကြီးအောက်ပြန်ရောက်သွားသည်။ ဒုတိယနှင်းခဲပျော်ချိန်ကား ဂေါ်ဘာချော့ဖ်ခေတ်။ “ဂလပ်ခ်နော့” (ပွင့်လင်းရေး) သံစဉ်သစ်တွင် အမြူးလွန်ခဲ့ကြရာမှ နောက်ဆုံး ဆိုဗီယက်ယူနီယံဆိုသော ပြည်ထောင်စုကြီးပြိုကွဲသည်အထိ ဦးတည်သွားခဲ့ရသည်။ သူတို့အတွေ့အကြုံအရဆိုရလျှင် နှင်းခဲပျော်ချိန်လွန်လျှင် နွေဦးတစ်ခုအသေအချာ ရောက်လိမ့်မည်ဟုမဆိုသာ။
ဆောင်းကတ်္တီပါနက်ကြီးက လူးလွန့်ခါစရောင်ခြည်တန်းများကိုပြည်ဖုံးကားချပေးခဲ့သည့် သာဓကတွေရှိနေသည်။
စာရေးသူ (ပြောရလျှင် စာရေးသူတို့မျိုးဆက်တစ်ခုလုံး) တို့အတွက် “နွေဦး” မှာ တစ်သက်တာအိပ်မက်ပင်ဖြစ်သည်။
(နွေဦးအတွက် အသက်ပင်ပေးဆက်ခဲ့ကြသည့် သူငယ်ချင်းတွေရှိသည်။) သို့နှင့်အမျှ နှင်းခဲပျော်ချိန်ကို ရင်ခုန်မောလျစွာ စောင့်ဆိုင်းနေခဲ့ကြသည်မှာ ကြာတောင့်ကြာရှည်ရှိခဲ့ပါပြီ။ “ဒီတစ်သက်မကြုံလောက်တော့” ထင်ထားသည့်ကြားမှ နှင်းခဲပျော်စပြုလာပြီကို မျက်ဝါးထင်ထင်မြင်လိုက်ရရာ ဘယ်မှာအားမတက်ဘဲရှိပါမည်နည်း။ ခက်နေသည်က“ကရောက်ကယက် ဆောင်းအိပ်မက်” ဒဏ်ရာက မကျက်တကျက်ရှိနေပြန်ရာ စိတ်လွတ်ကိုယ်လွတ် အားမတက်နိုင်။
“အပျော်တစ်ဝက်သောကတစ်ဝက်” ဆိုရလေမည်လားမသိ။

အပျော်တစ်ဝက်၊ သောကတစ်ဝက်

၁။စတုတ္ထမဏ္ဍိုင်

စာရေးသူသည် ဂျာနယ်လစ်မဟုတ်။ စာရေးဆရာအဖြစ်ပင်မိမိကိုယ်ကိုယ် ခံယူနိုင်သေးသူမဟုတ်။ ဖတ်နေ၊ တွေးနေ၊ ရေးနေချင်
သူမျှသာဖြစ်သည်။ ဘာမှမဟုတ်။ သို့နှင့်တိုင် အခုနောက်ပိုင်း မီဒီယာဖြေလျှော့မှုများနှင့်အတူ စတုတ်္ထမဏ္ဍိုင်ဆိုသည်ကို ကျယ်ကျယ်လောင်လောင် ကြားလာရရာ အပျော်တစ်ဝက်နှင့် နားစွင့်နေမိသည်။ အမှန်စင်စစ် စတုတ္ထမဏ္ဍိုင်ဆိုသည်မှာ ရှေ့ကမဏ္ဍိုင်ကြီးသုံးရပ် ခိုင်ခိုင်ရပ်နိုင်မှ အနာဂတ်ရှိနိုင်သည်ကို စဉ်းစားမိ၍ အပျော်တစ်ဝက်ဟု ဆိုရခြင်းဖြစ်သည်။ ဆိုရလျှင် စာရေးသူတို့နိုင်ငံ၏ လက်ရှိအခြေအနေမှာ မူလပထမမဏ္ဍိုင်ကြီးသုံးရပ်ကိုပင် ကျားကုတ်ကျားခဲ တည်ဆောက်နေရဆဲဖြစ်လေရာ စတုတ္ထမဏ္ဍိုင်အနေနှင့် ဤလုပ်ငန်းစဉ်ကြီးကို ၀ိုင်းကြ၀န်းကြအားဖြည့်ကြဖို့လိုမည်ထင်သည်။ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ အားယူခါစ အဆိုပါမဏ္ဍိုင်သုံးရပ်ကို ၀ိုင်းနှဲ့သလိုဖြစ်လျှင် စတုတ္ထမဏ္ဍိုင်ကိုယ်တိုင်လည်း ယိုင်ဆင်းသွားနိုင်သည့် အန္တရာယ်ရှိလေမည်လား စဉ်းစားမိသည်။ သတင်းကျင့်စဉ်တွင် အမျိုးသားနိုင်ငံရေးဝိညာဉ်ဆင့်၍ နှလုံးသွင်းကြစေချင်သည်။

၂။ မြစ်ဆုံဒီဘိတ်


အမှန်စင်စစ် “ဒီဘိတ်” ဆိုသည်မှာ ဒီမိုကရေစီ၏ အလှတစ်ပါးပင်ဖြစ်လေရာ ၀မ်းပမ်းတသာကြိုဆိုအပ်သည်သာဖြစ်ပါသည်။
သို့တစေ သမိုင်းခေတ်များ ရွေ့သွားသည်နှင့် ဒီဘိတ်နှင့်ပတ်သက်သောချဉ်းကပ်ပုံများ မတူနိုင်တော့သည်ကို သတိချပ်ဖို့ လိုမည်ထင်သည်။ ဥပမာ-စစ်အေးခေတ်ဒီဘိတ်ဆိုလျှင် “တောင်းဆိုချက်”(Demand) ချင်းထိပ်တိုက်တွေ့သည်။ ကြားအဖြေမရှိ။ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဖယ်ရှားကြဖို့ဖြစ်သည်။ စစ်အေးလွန်ဒီဘိတ်ကား ဤသို့မဟုတ်။“အဆိုပြုချက်” (Proposal) ချင်းညှိပြီး “ကြားအဖြေ”ရှာသည်။ အပြန်အလှန် ဖယ်ထုတ်ဖို့မဟုတ်။ “ဘုံအကျိုးစီးပွား” (Common Ground) ကို ဦးတည်ကြဖို့ဖြစ်သည်။ ယခုမြစ်ဆုံဒီဘိတ်ကိုလည်း စစ်အေးလွန်ချဉ်းကပ်ပုံဖြင့် သွားစေချင်သည်။ ပြောရလျှင် ဤကိစ္စတွင် Common Ground ကိုပင်အထူးရှာနေစရာမလို။ ဧရာဝတီချစ်သူများနှင့် ဧရာဝတီသားသမီးများ၏ ဖွံ့ဖြိုးရေးကို အာရုံပြုကြသူများကြား အငြင်းပွားနေကြသည်ဖြစ်ရာ နှစ်ဖက်လုံးက ဧရာဝတီကို ဗဟိုပြုသည်။ အမှန်တော့ ဧရာဝတီသည် မြန်မာ၊ မြန်မာသည် ဧရာဝတီ ဘယ်မှာခွဲလို့ရမည်နည်း။

၃။ “စပိ” ပြဿနာ

“အပြောင်းအလဲ” သို့မဟုတ် "Change" သို့မဟုတ် “အနစ္စ”။ ဘုရားဟော “ဒေသနာ” တစ်ရပ်ဖြစ်လေရာ တရားကိုယ်သဘောအရ
ဘယ်သူမှ အပြောင်းအလဲကို ဆန့်ကျင်ကြမည်မထင်ပါ။ သို့ဖြစ်လင့်ကစား၊ “ဘယ်ပုံပြောင်းကြမည်နည်း” ဆိုသော ချဉ်းကပ်ပုံတွင်မူ မတူ
သောအယူအဆများရှိနိုင်ပါသည်။ ဒါလည်း သဘာဝကျပါသည်။ယနေ့မြန်မာ့နိုင်ငံရေးခေတ်ပြောင်းချိန်တွင် အသိမ်မွေ့ဆုံး ကိုင်တွယ်
ကြဖို့လိုမည်မှာ “စပိ” (Speed) ပြဿနာ ဖြစ်လေမည်လား တွေးမိသည်။ အချို့သောကိစ္စရပ်များမှာ အချိန်ဆိုင်းလို့ဖြစ်ချင်မှ ဖြစ်မည်။
ချက်ချင်းလက်ငင်းကိုင်တွယ်ဖြေရှင်းဖို့ လိုနိုင်သည်။ သို့အတွက် စပိတင်ရသည်များရှိလိမ့်မည်။ သို့နှင့်တိုင် အရာရာ စပိတင်လို့လည်း
မဖြစ်ပြန်။ “စပိ” မြန်လွန်းလျှင် “ရှော့ခ်” ရှိနိုင်သည်။ “ရှော့ခ်ရိုက်ကုထုံး” (Shock Thearapy) မှာ ရောဂါကုဖို့ဖြစ်သော်လည်း လူနာကရှော့ခ်
ဒဏ်မခံနိုင်လျှင် ကတိမ်းကပါးဖြစ်နိုင်သည်။ ဆရာဝန်ကောင်းမည်သည် မိမိလူနာ၏ အခြေအနေကို ကြိုတင်ဆ၀ါးနိုင်ဖို့ လိုပါလိမ့်
မည်။ စာရေးသူအထင် အပြောင်းအလဲတွင် အရေးအကြီးဆုံးမှာ “အနှေး” “အမြန်” မဟုတ်၊ နောက်ပြန်မလည်စေဖို့ဖြစ်သည်။ ရှေ့သို့
ချီနိုင်ရေးဖြစ်သည်။ ဤသည်တို့မှာ စာရေးသူ၏ ဝေဖန်ချက်မဟုတ်ပါ။ အကြံပြုချက်ပင်မဟုတ်ပါ။ အကြောက်ကြီးသူတစ်ဦး၏ သွေးပျက်ချောက်ချား စကားများဟု ယူလိုက ယူနိုင်ပါသည်။ ၀န်ခံပါသည်၊ စာရေးသူကြောက်သည်။ အကြောင်းတစ်ခုခုကြောင့် လက်ရှိအနေအထားမှ နောက်ပြန်လည်သွားမည်ကို အမှန်ပင်ကြောက်ပါသည်။

ဖြေသိမ့်စရာ

စာရေးသူ၏ “အကြောက်” ကို မှုတ်လွှင့်ဖယ်ရှားစေနိုင်လောက်သည့် ခေါင်းဆောင်များ၏ သဘောထားအမြင်အချို့ကိုလည်း ဤ
ရက်ပိုင်းအတွင်း ဖတ်ရမှတ်ရပါသေးသည်။ စာရေးသူအတွက်တော့ “ဖြေသိမ့်စရာ” တွေဟုဆိုနိုင်သည်။ ဤသည်တို့ကိုလည်း ထုတ်နုတ်
ဖော်ပြလိုပါသေးသည်။ “တစ်ဖက်က လျှပ်စစ်တွေရမယ်၊ ၀င်ငွေရမယ်၊ ကောင်းတဲ့ကိစ္စတွေပါပဲ။ တစ်ဖက်က တန်ဖိုးထားတဲ့သဘာဝပတ်ဝန်းကျင်ကိစ္စ၊ အမိဧရာဝတီမြစ်ကြီးတစ်လျှောက်၊ မြစ်ဖျားခံရာမှ ပင်လယ်ဝအထိ ဒေသများကို ပျက်စီးသွားမယ့်အရေး စိုးရိမ်ပူပန်ကြတဲ့ကိစ္စ။ ဒါလည်းကောင်းတဲ့ကိစ္စ၊ ပူပင်ရမယ့်ကိစ္စပါပဲ။ ... ဒီကိစ္စ၊ ဒီ Issue တွေ ကြောင့် စည်းလုံးညီညွတ်မှုအားချည့်နဲ့မသွားစေချင်ပါဘူး။”

ကောက်နုတ်ချက်
(7 Days News Sept 22 2011) (စာ- 12)
အမှတ် (၁) နှင့် (၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ သဘောထားအမြင်ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတကိုယ်တိုင်အလေးထား
ပြောဆိုနေသော Common Ground ကို ဦးတည်နေသော မျှတသည့်အမြင်ဟု သဘောရသည်။ ဤသတင်းမှာပင် အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းက အကြံပြုချက်များကို ပြန်လည် လက်ခံစဉ်းစားပေးမည်ဖြစ်ကြောင်း ဖတ်လိုက်ရရာ “စစ်အေးလွန်ဒီဘိတ်” သဘောကိုမြင်လိုက်ရ၍ ပိုကျေနပ်မိသည်။ ““ဟိုဘက်၊ ဒီဘက်ကြည့်ပြီး အကောင်းဆုံးအဖြေကို ရှာပါလို့ပြောချင်တယ်။””

ကောက်နုတ်ချက်
(The Voice Weekly Sept 19 2011) (စာ-အချပ်ပို A)
“ဒီမိုကရေစီရေးအတွက် ပြည်သူလူထုမထိခိုက် မနစ်နာ၊ ယခင်အစိုးရလည်း မနစ်နာစေဘဲ ငြိမ်းချမ်းသောနည်းလမ်းကို အခြေခံကာ
အသွင်ပြောင်းရမည်။”

ကောက်နုတ်ချက်(အထက်ပါ ဂျာနယ် - စာ ၅)
“ပြည်သူလူထုထောက်ခံတဲ့ အဖွဲ့အစည်းတစ်ခုဟာ တစ်ချိန်မဟုတ် တစ်ချိန် တရားဝင်အဖွဲ့အစည်း ဖြစ်ကိုဖြစ်သင့်တယ်လို့အန်တီတို့ယုံကြည်ပါတယ်။”

ကောက်နုတ်ချက်
(ရန်ကုန်တိုင်းမ်ဂျာနယ် စက်တင်ဘာ ၂၂ ၂၀၁၁)(အထူးအချပ်ပို (ခ))
ဒေါ်အောင်ဆန်းစုကြည်၏ စကားများဖြစ်ပါသည်။ ပထမစကားမှာ “မြစ်ဆုံ” နှင့်ပတ်သက်သော မှတ်ချက်ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးတစ်ဦး၏ အမြင်နှင့်တူညီနေသည်ကို နှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်သတိပြုမိ၍ စိတ်ထဲကပျော်သွားသည်။ ဒုတိယစကားကို ကမ်္ဘာ့ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြောခဲ့ခြင်းဖြစ် သည်။ ဆရာကြီးဒဂုန်တာရာ မကြာခဏညွှန်းလေ့ရှိသော “ရန်သူမရှိ၊မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိ” နိုင်ငံရေးမျိုးဖြစ်၍သဘောတွေ့သည်။
နောက်ဆုံးစကားမှာ ဆရာကို (ကိုကို၊ စက်မှုတက္ကသိုလ်) နှင့် အင်တာဗျူးမှဖြစ်သည်။ အနာဂတ်နိုင်ငံရေးအတွက် အားတက်
စရာဖြစ်လေမည်လား တွေးမိသည်။ ဗိုလ်ချုပ်ဝိညာဉ်ကို “သမီးအောင်ဆန်း” တွင် တွေ့လိုက်ရ၍ ကျေနပ်သွားသည်။
(ဗိုလ်ချုပ်ကသူတို့ခေတ်ပြိုင်ခေါင်းဆောင်တွေထက် ခေါင်းတစ်လုံးသာသည်မှာ“လက်တွေ့ကျကျ ဆုံးဖြတ်နိုင်စွမ်း” ဟု စာရေးသူက ထင်သည်။)

အဖြူရောင်လီလီပန်းများ

ယခုစာစု အဆုံးမသတ်တတ်သေးခင်တွင် 7 Days News ဂျာနယ်ရောက်လာရာ စာရေးစားပွဲမှ ခေတ္ထထပြီး ဖတ်ရသည်။ ဂျာနယ်တစ်စောင်လုံးဆုံးသွားသည့်တိုင် စာရေးသူမှာ စားပွဲပြန်မထိုင်နိုင်သေး။ စာတစ်ပုဒ်က အာရုံကို ချုပ်ငင်ထားသောကြောင့် ဖြစ်သည်။ ငြိမ်းငြိမ်းနိုင်ရေး “လီလီပန်းကလေးများရဲ့နောက်ကွယ်မှာ...။ လီလီဇာတ်လမ်းက ဒီလို ...။ ကွယ်လွန်သူ ဂဠုန်ဦးစော၏မြေး မင်္ဂလာဆောင်၊ အဘွားဖြစ်သူ ဒေါ်သန်းခင် (ဦးစောဇနီး) ကမြေးမလေး၏ မင်္ဂလာပွဲဘိသိက်ပန်းငွေဖလားတွင်
အဖြူရောင်လီလီပန်းတွေကိုမှ ထိုးချင်သည်။ ခက်နေသည်မှာ ရန်ကုန်တစ်မြို့လုံးလီလီကိုရှာမတွေ့။ တွေ့မယ့်တွေ့တော့ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏ခြံထဲ။ ဤတွင် ဒေါ်ခင်ကြည်က လီလီပန်းတွေ ကြည်ကြည်ဖြူဖြူပေးလိုက်သည်။ ဖြစ်ရပ်လေးက ကြည်နူးစရာ၊ လွမ်းလောက်ဖွယ်ရာ၊ထို့ထက်အတုယူစရာ၊ လှပလေစွ။ စာရေးသူက နှင်းခဲပျော်ချိန်တွင် လီလီပန်းတွေ မြင်ချင်သည်။ အနှစ်နှစ် အလလက တောင့်တရည်စူးခဲ့ရသော ပန်းတွေဝေမည့် နွေဦးတစ်ခုကိုလည်း မသေခင် မြင်လိုက်ချင်ပါသေးသည်။
နေရောင်အောက်တွင် ပန်းများပွင့်ကြပါစေသတည်း ...။

(ကျော်ဝင်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...