Monday, October 24, 2011

နိုင်ငံရေးသမား အင်တာဗျူး နှင့် ဘ၀င်မကျခြင်း

by ဘကြီး စိုး on Tuesday, October 25, 2011 at 9:59am

ကျွန်တော်ညနေက "မြန်မာပြည်ပြုပြင်ပြောင်းလဲရေးနဲ့ ဒေါက်တာဇာနည်" ဆိုတဲ့ဆောင်းပါး အင်တာဗျူး တစ်ခုကိုဖတ်လိုက်ရတယ်။ ဦးသန်းလွင်ထွန်းက ဗြိတိန်နိုင်ငံ မဟာဗျူဟာလေ့လာရေးဌာနက မြန်မာအရေးသုံးသပ်သူဆိုတဲ့ ဒေါက်တာဇာနည်နဲ့ အင်တာဗျူးထားတဲ့ အကြောင်းအရာပါ။

ပညာရှင်ဆိုတဲ့ လူတွေရဲ့ အမြင်က ဘယ်လိုမျိုးလဲဗျာ။ Academic ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို ကြားဖူးပါတယ်။ ဆင်ဆွယ်နန်းထက်က ပညာရှင်ဆိုတာ လည်းဖတ်သိခဲ့ဖူးပါတယ်။ ပညာသည်သာ ပညာအတွက်ဆိုတဲ့ စကားလုံးပါ။ အင်္ဂလိပ်လို Knowledge for the sake of Knowledge ဆိုတာမျိုးပါ။ ပြင်ပအရေးကိစ္စတွေမှာ စိတ်မ၀င်စားပဲနဲ့ ရသမျှ အကြောင်းအရာတွေ အသိပညာတွေကို ပညာရပ်ပိုင်းသက်သက်နဲ့ ရှာဖွေ ဆည်းပူးသူ၊ သူတို့သိထားတဲ့ ပညာတွေကို ချပြသူဆိုတဲ့ လူတန်းစားတွေကို ခေါ်တာပါ။

ကျွန်တော်တို့ မြန်မာပြည်မှာ အဲ့ဒီလို ပညာရှင်တွေ ရှိပါတယ်။ ကျွန်တော်သိသလောက် ဆရာကြီး ဒေါက်တာသန်းထွန်း( သမိုင်းပညာရှင်)ပါ။ သမိုင်းကို ပုဂိုလ်ရေးဘက်လိုက်မှု့ လုံးဝမပါပဲ တရားလိုနဲ့ တရားခံကို ပညာဆိုတဲ့ ရုံးပေါ်ကို ဆွဲတင်ပြီး တရားသူကြီးလို ဘက်မလိုက်ပဲ ဆုံးဖြတ်ကောက်ချက်ချတဲ့ ပညာရှင်ပါ။ သမိုင်းပညာရှင် ဆိုပြီးနာမည် တပ်ထားတဲ့ ဒေါက်တာမတင်ဝင်း လည်း ဒေါက်တာသန်းထွန်းလို ပညာရှင်စစ်စစ် မဟုတ်ပါဘူး ဆိုတာ အတိအကျပြောဝံ့ပါတယ်။

ဦးသန်းလွင်ထွန်းရဲ့ မေးခွန်းက အာရပ်ကမ္ဘာမှာ ကဒါဖီ လိုအာဏာရှင် ပြုတ်ကျပြီး မြန်မာပြည်မှာလည်း အာဏာရှင်တွေ ပြုတ်ကျနိုင်သလား ဆိုတာပါ။ ဒေါက်တာဇာနည် ဆိုသူဖြေသွားတာတွေ ကျွန်တော့်ဘ၀င်မှာ သိပ်မတွေ့လှပါဘူး။ ပြည်သူ့မေတ္တာ မခံယူတဲ့ အာဏာရှင်တွေ ကျီးလန့်စာစား ဖြစ်သလို မြန်မာပြည်က အာဏာရှင်များလည်း ကျီးလန့်စာစားဖြစ်နေ ကြပါတယ်တဲ့။ ဒီအချက် မမှားနိုင်ပါဘူး။ မြန်မာပြည်မှာ လူထုအုံကြွမှု မဖြစ်နိုင်ဘူးဆိုတာ  David Steinberg ၊ Georgetown နဲ့ သူကိုယ်တိုင် ၉၉.၉% ယုံကြည်ထားပြီးသား ဖြစ်ပေမယ့် အခုလို အာရပ်ကမ္ဘာက ဖြစ်စဉ်တွေနဲ့ ပြည်တွင်းက ဖိအားနဲ့ ခံနိုင်အားနဲ့ စုပေါင်းရင် အနုနည်းနဲ့ ဖြစ်စေ အကြမ်းနည်းနဲ့ ဖြစ်စေ လုံးဝ ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ လူထုထက် နှစ်ရက် သုံးရက် ကြိုသိနိုင်တဲ့ အခြေအနေရှိတယ်ဆိုတာ တကယ်တမ်းအနေနဲ့ ကြွားလုံးတစ်ခု ဖြစ်ပေမယ်။ ဒီကိစ္စ သူ့ဟာသူ ကြွားတာ ကျွန်တော့်အနေနဲ့ မပြောသာပါဘူး။ ဒါကို မဝေဖန်ပါဘူး။

လစ်ဗျားမှာ ကဒါဖီ အသေဆိုးနဲ့ နိဂုံးချုပ်ပြီးတဲ့ နောက်ပိုင်းမှာ လစ်ဗျားပြည်တွင်းမှာ တကယ်ပဲ ဒီမိုကရေစီ ရနိုင်မလား။ လုံးဝပြီးပြည့်စုံသည် မဟုတ်တိုင်အောင် သေချာတဲ့ အနေအထားတစ်ခု ရနိုင်မလား ဆိုတာ မေးခွန်းထုတ်ကြည့် နိုင်ပါတယ်။ မရနိုင်ပါဘူး။ လှိုင်းတံပိုးတစ်ခု ဖြစ်ပြီးတိုင်းမှာ ချက်ချင်း သေချာတဲ့ ငြိမ်သက်မှု့လေး လုံးဝမဖြစ်နိုင်ပါဘူး။ နောက်ပြန်ရိုက်တဲ့ လှိုင်းတွေနဲ့ မငြိမ်သက်မှု့တွေ အများကြီးဖြစ်နိုင်တဲ့ အခြေအနေပါ။

အာရပ်ကမ္ဘာက အဖြစ်အပျက်တွေနဲ့ အရှေ့တောင်အာရှ မြန်မာပြည်တွင်းက အဖြစ်အပျက်တွေ တူညီနိုင်မလား ဆိုတော့လည်း မတူညီနိုင်ပါဘူး။ မြန်မာပြည်ရဲ့ နိုင်ငံရေးဓလေ့ (political culture) ကို အလွယ်တကူလေ့လာ နိုင်ပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်း အရှည်ကြာဆုံးက ပဒေသရာဇ် ခေတ်ပါ။ အနော်ရထာ ၁၀၄၄ ကနေ သီပေါမင်းပါတော်မူတဲ့ အချိန် ၁၈၈၅ အထိဆိုရင် နှစ်ပေါင်း ၈၀၀ ကျော်ပါတယ်။ နှစ်ပေါင်းဒီလောက် ကြာတဲ့ အချိန်ကာလကို ဖြတ်သန်းခဲ့တဲ့ မြန်မာတွေရဲ့ အသည်းနှလုံးမှာ အမြစ်တွယ်ကျန်ရစ်နေဆဲ အတွေ့အကြုံတွေကလာတဲ့ စိတ်သဘာဝ  ဆိုတာ "မြန်မာ့ နိုင်ငံရေးဓလေ့"ပါ။

၁၉ရာစု ဒသနပညာရှင် ကား(လ)မတ်(ခ) ပြောခဲ့တာ ဒီလိုပါ။ "သေဆုံးပြီး မျိုးဆက်များဧ။် အစဉ်အလာ အစွဲအလမ်းများမှာ၊ သက်ရှိထင်ရှားရှိနေသူများဧ။် ဦးနှောက်ထဲတွင် အိပ်မက်ဆိုးများပမာ၊ ဖိစီးခြောက်လှန့် နေတတ်သည်" တဲ့။ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ မြန်မာ့ရိုးရာစကားပုံတွေလည်းရှိပါတယ်။ "မင်းတို့ နားတစ်ထောင်၊ မင်းမြောင်တစ်သိန်း" "မင်းတို့မျက်စောင်း အကြောင်းမရွေး" "အရှင်မွေး၊ နေ့ချင်းကြီး" "မင်းသုံးရင် ဓါးမတုံးတောင် ထက်" "မင်းခယောကျာင်္း ကမ်းနားသစ်ပင်" စသည်ဖြင့်ဗျာ။ မြန်မာပြည်သူတွေရဲ့ အတွေးပုံစံက နိုင်ငံရေးနဲ့ ပတ်သတ်ရင် အာရပ်ကမ္ဘာနဲ့ အနောက် ဥရောပ နိုင်ငံတွေနဲ့ လုံးဝ မတူပါဘူး။ ပုံစံ ၂ ခုကိုကောက်ချက်ချနိုင်ပါတယ်။ နံပါတ် ၁. နိုင်ငံရေးနှင့် ဝေးဝေးနေလိုသော တိမ်းညွတ်မှု (apolitical trend) နဲ့ နံပါတ် ၂. က အရင်းအမြစ်က စပြီးပြောင်းလဲ လိုတဲ့ တိမ်းညွတ်မှု (radical trend) ဆိုတာ ပေါ်လာပါတယ်။

လုံးဝ တိတိကျကျပြောရရင် အစွန်း ၂ ဖက်ရပ်နေတဲ့ အနေအထားပါ။ ပထမအစွန်းဖြစ်တဲ့ နိုင်ငံရေးနဲ့ ဝေးဝေးနေခြင်းဆိုတာ မျိုးဆက်အသစ်ရော အဟောင်းပါ နေသားကျနေပါပြီ။ နိုင်ငံရေးသမား ဆိုတဲ့အခေါ်အဝေါ် နိုင်ငံရေးမလုပ်နဲ့ ဆိုတဲ့အပြောအဆို တွေဟာ ပြည်တွင်းက လူတွေစိတ်ထဲမှာ နစ်ဝင်နေတဲ့ အတွေးပုံစံတွေပါ။ ကိုယ့်စီးပွါးရေး ကိုယ်လုပ်မယ်။ နိုင်ငံရေးနဲ့ ကင်းကင်း ရှင်းရှင်းနေမယ် ဒီလိုခံယူချက် စိတ်ထားတွေ လူတိုင်းမှာရှိပါတယ်။ အမှန်အတိုင်း မညာတမ်းပြောရရင် ကျွန်တော့်စိတ်ထဲမှာရော သူငယ်ချင်းတွေဆီမှာရော ဖြစ်တည်နေပြီးသား စိတ်ဓါတ်တွေပါ။ နိုင်ငံရေးနဲ့ ငြိစွန်းရင် ဘယ်လို သင်္ခန်းစာမျိုး ကြုံရမယ် ဆိုတာ ရှေ့မှာ နောင်တော် တွေရဲ့ ဖိနှိပ်ခံ အချိုးအနှိမ်ခံ ဖြစ်ရပ်တွေက ပြောပြနေပါတယ်။ သမိုင်းတစ်လျောက်လုံးရော အခုဆုံးဖြတ် နားလည် မလွယ်နိုင်သေးတဲ့ အချိန်ကာလမှာပါ ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ခံရမယ် ဆိုတဲ့ အတွေးတွေ ပြည်တွင်းက လူတိုင်းကိုယ်စီ မှာရှိပါတယ်။ မရှိကြနဲ့တော့ အဲ့ဒီ စိတ်ဓါတ်တွေ ဖျောက်ဖျက်ပစ်ကြ ဆိုတာမျိုး ဘယ်လိုပဲ ဘေးက သတိပေးပြောဆို နေပါစေ ဆက်ရှိနေဦးမှာပါ။ (ပြည်ပက အော်ချင်ရာအော် ပြောချင်ရာပြောသလို ပြည်တွင်းက လူငယ်၊လူကြီးတွေ ဘယ်သူကမှ လိုက်မလုပ်နိုင်ပါ။)

ဒုတိယအစွန်းက အကြီးအကျယ် ဖိနှိပ်မှုတွေ ခါးစီးခံနေရသူတွေ ဘက်ကပါ။ ဖိအားများလေလေ ပြန်ကန်တက်မယ့် အနေအထားတွေပါ။ နိုင်ငံရေး တစ်စွန်းတစ်စ ၀င်ရောက် ပါဝင်လှုပ်ရှားမိပြီး မတန်တဆ ခံစားခဲ့ရတဲ့ လူတွေအတွက် အပြုတ်ချချင်တဲ့ လမ်းစဉ်ကို ပထမဆုံး စဉ်းစားမိကြမှာပါ။ နာကျည်းချက် ဒဏ်ရာ အဟောင်းတွေကို ရှေ့တန်းတင်ပြီး ဦးတည်နိုင်မယ့် တိမ်းညွတ်မှု့ ဖြစ်ပါတယ်။ အကြမ်းဖက် အနာခံတဲ့ အခြေအနေမျိုးကိုလည်း တွန်းပို့စေနိုင်မှာ အသေအချာပါ။  အစွန်း ၂ ဖက် လို့ ဆိုထားတဲ့အတိုင်း ဘယ်ဘက်မှ မကောင်းပါဘူး။ အစွန်းတွေက အဆိုးတွေဖြစ်လာ နိုင်စေပါတယ်။

ဒေါက်တာ ဇာနည်က  ခေါင်းဆောင်တွေ (ဒေါ်စု၊ ဦးသိန်းစိန်) ညှိနှိုင်းဦးဆောင် နေချိန်မှာ နောက်လိုက်ငယ်သားတွေ ပြည်သူပြည်သားတွေ ငြိမ်နေရတာ မကောင်းဘူးဆိုတာ ပြောပါတယ်။ ခေါင်းဆောင်တွေ ဆီက နားစွင့်ပြီး နောက်ကလိုက်လုပ်တာ လည်းမကောင်းဘူးလို့ ပြောပါတယ်။ ဒီမိုကရေစီ နဲ့ထိုက်တန်တဲ့ လူထု၊ ဒီမိုကရေစီနဲ့ တန်တဲ့ပြည်သူ ဆိုတာ ခေါင်းဆောင်ပြောတာ ထိုင်စောင့်ပြီး နောက်ကလုပ်တာ မဟုတ်ဘူး။ ဒီမိုကရေစီ အတွေးအခေါ်မျိုး၊ စဉ်းစားမှုမျိုး မရှိပဲ ဘယ်တော့မှ မဖြစ်နိုင်ဘူး။ ဒီလိုအပြောတွေ ဒီလူ့ဆီက ကြားရပါတယ်။

မေးချင်ပါတယ်ဗျာ၊ သူပြောတဲ့ ဒီမိုကရေစီ အတွေးအခေါ်မျိုး စဉ်းစားမှုမျိုးဆိုတာ ဒီမိုကရေစီ ချန်ပီယံတွေ ဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံများဆီကနေ ပုံတူ ကော်ပီပွါးလို့ ရနိုင်ပါသလား။ ကျွန်တော်တို့ ပြည်တွင်းက မြန်မာလူငယ်တွေ အမြင်နဲ့ဆို လုံးဝ တက်တက်စင်အောင် လွဲမှားနေပါတယ်။ ဥရောပနိုင်ငံတွေမှာ ဒီမိုကရေစီ ဖြစ်တည်တဲ့ သမိုင်းကြောင်းမှာ တင်ကူးအခြေအနေ( precondition) မျိုးတွေ ၃ မျိုးခန့် ရှိပါတယ်။ တစ်စုံတစ်ရာသော အတိုင်းအတာဖြင့် စီးပွါးရေးဖွံ့ဖြိုးမှု၊ လူလတ်တန်းစားနဲ့ အရပ်ဘက် အဖွဲ့အစည်းများ (civil society) ဆိုပြီးဖြစ်ပါတယ်။

အတိုင်းအတာတစ်ခု အနေနဲ့ စီးပွါးရေးဖွံ့ဖြိုးမှု့ ဆိုတာလည်း လူမွဲတွေများတဲ့  မြန်မာပြည်မှာမရှိပါဘူး။ လူလတ်တန်းစား ဆိုတဲ့ ပညာတတ် စီးပွါးရေးလုပ်ငန်းရှင်တွေ၊ အရပ်ဖက်အဖွဲ့ အစည်းလို့ခေါ်တဲ့ အသင်းအဖွဲ့ အစုအဝေးတွေ လုံးဝ အားမကောင်းပါဘူး။ မရှိမဲ့ရှိမဲ့ နာရေးကူညီမှု့လို အသင်းတွေ လက်တစ်ဆုတ်စာတောင် မရှိပါဘူး။

ဥရောပနိုင်ငံတွေမှာက ဒီမိုကရေစီကို မကူးပြောင်းခင် ကာလမှာ တင်ကူးးအခြေအနေတွေ (preconditions)  ပြည့်စုံပြီးသားပါ။ စနစ်ဟောင်းနဲ့ ပြတ်ပြတ်သားသား လမ်းခွဲပြီး ဒီမိုကရေစီိကို ကူးပြောင်းနိုင်ပါတယ်။ ဥရောပနိုင်ငံတွေ ဒီမိုကရေစီ စတင်ကျင့်သုံးမှု့မှာ ချက်ချင်းနီးပါး ပြောင်းလဲနိုင်တဲ့ အခြေအနေမှာရှိပါတယ်။ လစ်ဘရယ်လိုက်ဇေးရှင်း Liberalization နဲ့ ဒီမိုကရက်တိုက်ဇေးရှင်း Democratization ဆိုတာ ထပ်တူညီပါတယ်။ (မြန်မာလို မရေးတတ်လို့ ဒီတိုင်းရေး လိုက်တယ်။ သည်းခံပါခင်ဗျာ။) ဒီမိုကရက်တိုက်ဇေးရှင်း အဆင့် ပြီးတဲ့နောက်မှာ ဒီနေ့လိုမျိုး အောင်မြင်တဲ့ ဒီမိုကရေစီ ချန်ပီယံ နိုင်ငံတွေ ဖြစ်လာကြပါတယ်။

မြန်မာပြည်အနေနဲ့ အဆင့် ၃ ဆင့် ဖြတ်သန်းပြီးမှ ရနိုင်မယ့် အနေအထားပါ။ ပထမအဆင့် အကြမ်းထည်အော်တိုကရေစီ(rigid autocracy) ကနေ liberalized autocracy ဖြစ်အောင် လုပ်ရမယ့် လစ်ဘရယ်လိုက်ဇေးရှင်း liberalization အဆင့်ပါပဲ။ ယခုလက်ရှိ ရောက်နေတဲ့ အဆင့်က ဒီအဆင့်မှာ ဆိုတာ အသေအချာပြောရဲပါတယ်။

ဒုတိယအဆင့် အနေနဲ့ အကူးအပြောင်းအဆင့် (transition) အာဏာရ အဖွဲ့အစည်းထဲမှာ လူဟောင်း၊လူသစ်တွေ လက်တွဲပြီး တည်ဆောက်ရမယ့် အဆင့်ပါ။ Institutionalization အဆင့် လို့ခေါ်ပါတယ်။ သေသေချာချာ လက်တွဲပြီး ကျော်ဖြတ်လုပ်ဆောင် ရမယ့် အဆင့် တစ်ဆင့်ပါ။ အဲ့ဒီအဆင့် မရှိပဲနဲ့ အလုပ်မဖြစ်နိုင်ပါဘူး။

တတိယအဆင့် အနေနဲ့ ခိုင်မာစေရေး အဆင့် (consolidation) တည်ဆောက်ပြီး အင်စတီကျူးရှင်း အခြေခံပေါ်မှာ ဒီမိုကရေစီ ကိုကောင်းကောင်း တည်ဆောက်ရမှာဖြစ်ပါတယ်။

ဒီအဆင့် ၃ ဆင့်က မြန်မာပြည်အတွက်ပါ။ ဒေါက်တာဇာနည် က ဒီမိုကရေစီ နဲ့တန်တဲ့ ပြည်သူ၊ နောက်လိုက်တွေ၊ ဒီမိုကရေစီ အတွေးအခေါ်တွေ စဉ်းစားမှုမျိုးတွေ စွတ်ပြောသွားတာ ဘ၀င်မကျပါဘူး။ အနောက်နိုင်ငံတွေနဲ့ လုံးဝ ပုံတူကူးချလို့မရပါ။ ဒီမိုကရေစီနိုင်ငံ တွေက လူတွေဆီက စိတ်ဓါတ်မျိုးတွေ မြန်မာပြည်သူတွေဆီ ပုံတူကူးပေးလို့ မရပါ။

ကျွန်တော်ပြောတဲ့ Democratization ဆိုတာ အမေရိကန်နဲ့ ဥရောပက နိုင်ငံရေးတက္ကသိုလ် ဘာသာရပ်မှာ မပါဝင်ပါ။ Democratization ဘာသာရပ်ကို အခုမှ သုတေသန ပြုဆဲ အဆင့်မှာရှိပါတယ်။ ကျောင်းသုံးစာအုပ်ထဲ ကိုမရောက်နိုင်သေးဘူး ထင်ပါတယ်။ အနောက်နိုင်ငံက ပညာရှင်တွေ ကိုယ်တိုင် မြန်မာပြည်လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေက အဖြစ်အပျက် အခြေအနေမှန်တွေကို ဆုတ်မိကိုင်မိ မရှိလှပါဘူး။ သူတို့လေ့လာခဲ့တဲ့ ကျောင်းသုံးစာအုပ်တွေမှာ ဒီမိုကရေစီ အကြောင်းပဲပါပြီး ဒီမိုကရက်တိုက်ဇေးရှင်း အကြောင်းကို မသင်ကြားဖူးတဲ့ အတွက်လည်း ဖြစ်နိုင်ပါတယ်။

နားလည်သမျှ ဒေါက်တာဇာနည် ပြောတဲ့ စကားတွေထဲမှာ " ideas နှစ်ခု" ဖိနှိပ်ခံရတဲ့ အခါ မခံနိုင်တဲ့ ရုန်းကြွမှု နဲ့ အခုလက်ရှိ တိုင်းပြည်ကို ပြောင်းလဲဖို့ကြိုးစားမှု့ ..အဲ့ဒီ ၂ ခုစပ်ဆက်နေတယ်လို့ ပြောထားတယ်။ လုံးဝ မှားပါတယ်။ အရင်ကတည်းက ပြည်သူတွေ ဘယ်လိုအခြေအနေပဲ ရောက်နေပါစေ လုံးဝလစ်လျူရှု ဂရုမစိုက်ပါဘူး။ လုပ်ချင်ရာလုပ်တဲ့ အဖွဲ့အစည်းက ဖိနှိပ်မှု့ကြောင့် ရုန်းကြွလာမှု့ကို ဂရုမစိုက်ပါဘူး။ လုပ်ချင်ရာလုပ်ခဲ့ပါတယ်။ ဘယ်သူဘာပြောပြော နိုင်အောင် ထိန်းပြီး ဖိနှိပ်ခဲ့ပါတယ်။ အဲ့ဒီ အခြေအနေ ၂ ခုကို စပ်ဆက်လို့ မရပါဘူး။ ရှင်းရှင်းပြောရရင် မင်းတို့ ဘာလုပ်လုပ် ဂရုမစိုက်ဘူး ဆိုတဲ့ အနေအထားမျိုး အတိတ်မှာ ဖြစ်ခဲ့ပါတယ်။

ပြည်တွင်းက အာဏာရ အဖွဲ့အစည်းနဲ့ အကြံပေးပညာရှင် ဦးနေဇင်လတ်၊ ဦးကိုကိုလှိုင်တို့ ဆက်ဆံရေးကိုကြည့်ပြီး သူများနိုင်ငံတွေနဲ့ မတူဘူး ဆိုတဲ့ အပြောအဆို အပေါ်နားလည်ရ မခက်ပါဘူး။ ဒေါက်တာဇာနည် အနေနဲ့ နှိုင်းယှဉ်တာက အပေါ်က ကျွန်တော်ရေးခဲ့တဲ့ အတိုင်း ဥရောပ နိုင်ငံတွေရဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလတွေနဲ့ နှိုင်းယှဉ်နေတာ ဖြစ်ပါတယ်။ အခင်းအကျင်း ဇာတ်လမ်း ကိုက မတူညီနိုင်ဘူး ဆိုမှ ဘယ်လိုမှ နီးစပ်အောင် ဆွဲယူပြလည်း မတူညီနိုင်ပါဘူး။

လက်ရှိ ပြည်တွင်းနိုင်ငံရေးမှာ ခေါင်းဆောင် player တွေ ဖြစ်ကြတဲ့ ဦးသိန်းစိန်နဲ့ ဒေါ်စုတို့က ဖြစ်နေတဲ့ အခြေအနေ ဖြစ်နေဆဲ. ဖြစ်ပေါ်လာတော့ မယ့် အခြေအနေတွေ အပေါ်မှာသာ မှီခိုပြီး ကစားနေကြတာပါ။ အခြေအနေ သရုပ်သကန် က players တွေထက် အဓိကကျပါတယ်။ နိုင်ငံရေးက ကိန်းသေ မဟုတ်ပါဘူး။ လက်ရှိအခြေအနေက ကိန်းရှင်တွေ ဖြစ်ပါတယ်။ ကိုယ်လုပ်ချင်ရာ လုပ်ဖို့ အခွင့်အရေး အရမ်းမသာတဲ့ အခြေအနေမှာ ခေါင်းဆောင်တွေ ရှိနေပါတယ်။

"လိုအပ်တာက ပြည်သူက ပိုပြီးထပ်တွန်းရမယ်။ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ရမယ်။" ဆိုတာမျိုးက တကယ်ဆိုးရွားတဲ့ စဉ်းစားမှုပါ။ အစွန်းတစ်ဖက်ကို တွန်းပို့နေပါတယ်။ radical ဆိုတဲ့ အပြုတ်ချမယ့် အစွန်းကို တွန်းပို့နေပါတယ်။ ပြည်ပက လူတွေအဖို့ အော်ရုံ ဟစ်ရုံအပြင် အစားပျက် အသောက်ပျက် ဖြစ်ဖို့မရှိပါဘူး။ ပြည်တွင်းမှာ ထပ်ပြီး ခြစားတဲ့ သမိုင်းတစ်ခု ထပ်တိုးလာနိုင်ပါမယ်။ လူထုအုံကြွမှုကို အားပြုတဲ့ လမ်းပေါ်ထွက်နိုင်ငံရေး၊ လက်နက်ကိုင်တော်လှန်ရေး ဒီလို radical သဘောတရားတွေ တိုင်းပြည်ကို ချောက်ထဲ ဆွဲချနိုင်တဲ့ ကိစ္စတွေပါ။

အင်တာဗျူးတစ်ခုလုံး ခြုံငုံ လိုက်ရင် ဒီမိုကရေစီ စနစ်ရောက်ဖို့က ဒီမိုကရေစီ အတွေးအခေါ်မျိုး၊ စဉ်းစားမှုမျိုး မရှိပဲ ဘယ်တော့မှ မဖြစ်နိုင်ဘူး ဆိုတာ ပြောဆိုထားပါတယ်။ ဒေါက်တာဘွဲ့ရထားတဲ့ ပညာရှင်တစ်ယောက်ကို အားနာနာနဲ့ ပြောရမယ်ဆိုရင် "မြန်မာ့ နိုင်ငံရေး ကို ပကတိ အရှိကိုကြည့်ပါ "တကယ်ကျွမ်းကျင်တဲ့ ပညာပေးနိုင်တဲ့ ပညာရှင်တွေရဲ့ စာတွေကိုရှာဖတ်ပါ" လို့ပဲပြောချင်ပါတယ်။

 Georgetown နဲ့ David Steinberg လောက်ပဲ ကိုးကားနိုင်ရင် အလုပ်မဖြစ်ပါဘူး။ နိုင်ငံရေး နဲ့ပတ်သတ်ပြီး စဉ်းစားမှုတွေ အားလုံး သမာသမတ်ကျရင် ကောင်းမှာပါ။ တဖက်သတ် ကောက်ချက်နဲ့ ဒါမျိုးမလုပ်ပဲ ဘယ်တော့မှမဖြစ်နိုင်ဘူး ဆိုတဲ့ အတွေးမျိုးကို လုံးဝမကြိုက်ပါ။

အပေါ်က ကျွန်တော် ဒေါက်တာ ဇာနည်ရဲ့ အင်တာဗျူး အဖြေနဲ့ ပတ်သတ်ပြီး ရေးထားသမျှ တွေဟာ ဖတ်ခဲ့ဖူးတဲ့ စာတွေထဲက ကောက်နှုတ်ပြီး တင်ပြထားတာပါ။ ဆရာကျော်ဝင်း ရဲ့ မြန်မာ့ နိုင်ငံရေးဓလေ့ စာအုပ်နဲ့ ဆရာမိတ်ဆက်ပေးခဲ့တဲ့ Philippe.C.Schimtter ရဲ့ စာတမ်း ၃ ခုလောက်က ကောက်နှုတ်ပြီး ရေးလိုက်ပါတယ်။ Philippe.C.Schimtter ဆိုတဲ့ ပါမောက္ခတစ်ယောက်ရှိပါတယ်။ 1974 ပေါ်တူဂီကစတဲ့ မျက်မှောက်ခေတ်၊ ဒီမိုကရက်တစ် လှုပ်ရှားမှုများ ကစပြီး ယခု တတိယလှိုင်း (ဟားဗတ်ပါမောက္ခ Samuel.P.Huntungton စကားနဲ့ ပြောရင်) အခြေအနေ နိုင်ငံရေးလှုပ်ရှားမှုကို ကျွမ်းကျင်တဲ့ သူပါ။ ပါမောက္ခ Philippe.C.Schimtter ရဲ့ စာတွေ များများဖတ်ပါ။  မြန်မာပြည်နိုင်ငံရေးနဲ့ ပတ်သတ်ပြီး အတော်များများ သိနိုင်ပါတယ်။


ဆရာကျော်ဝင်းရဲ့ မြန်မာ့နိုင်ငံရေး ဓလေ့ နှင့် တတိယလှိုင်း အတွေ့ စာအုပ်နဲ့ Philippe.C.Schimtter ရဲ့ စာတမ်း Liberalization, Transition and Consolidation ၊ Twenty-Five Years, Fifteen Findings ဆီက အများကြီးယူထားပါတယ်။ Political Science စာတွေဟာ ကျွန်တော့်အတွက် ငယ်ချစ်ဦးလိုပါပဲ။ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ဆရာကျော်ဝင်းစာတွေက တဆင့် ရင်းနှီးခဲ့ပါတယ်။ ဆရာ reference ပေးထားတဲ့ စာအုပ်ကောင်းတွေ မူရင်းကို American Library နဲ့ British Council က တခုတ်တရ ငှားယူဖတ်ခဲ့ပါတယ်။ ပြည်ပကိုထွက် ပညာသင် အလုပ်လုပ်တဲ့ အချိန်က အခုပြည်တွင်းကို ပြန်ရောက်တဲ့ အထိ အဆက်အသွယ်ပြတ်ပြီး စာမဖတ်ဖြစ်တာ ကြာပါပြီ။ အရေးကြီးတဲ့ စာအုပ်တစ်ချို့လောက်သာ ဖတ်ဖြစ်ခဲ့ပါတယ်။ မနေ့ကမှ ဦးစိန်စိုး လာtag တဲ့  ဒေါက်တာဇာနည်ဆိုသူရဲ့ အင်တာဗျူး ဆောင်းပါး(လင့်ခ်က http://www.facebook.com/note.php?note_id=265317946844473) ကို မြင်ပြီး စိတ်ထဲမှာ ဘ၀င်မကျစိတ်တွေနဲ့ ရေးဖြစ်ပါတယ်။ ဒေါက်တာဘွဲ့ရသူတစ်ယောက် အမြင်နဲ့ ကျွန်တော့်လို ပြည်တွင်းသာမန်ဘွဲ့တစ်ခု ပြည်ပ ဒစ်ပလိုမာတစ်ခုလောက်ပဲ ရထားသူတစ်ယောက် အမြင်ကွဲပြားမှု့ ရှိမှာပါ။ ကျွန်တော့်အမြင်ဆိုသည့်တိုင်အောင် ပညာရှင်များရဲ့ အမြင်ကို စုစည်းပြီး ရေးထားခြင်းဖြစ်ပါတယ်။ "နိုင်ငံရေးသမား ဆိုသူများ အရှိအတိုင်း မြင်ကြပါ။ စာဖတ်ကြပါ။"

ဆရာကျော်ဝင်း၊ Philippe.C.Schimtter နှင့် အသိပညာပေးခဲ့ဖူးသူ ကျေးဇူးရှင်များ အားလုံးကို ယခုဆောင်းပါးဖြင့် ဂါရ၀ပြုပါသည်။


SOE HTET
1:48AM, Tuesday,
25/10/2011
MYANMAR

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...