၅၂၈ များအကြောင်း
(၁)
ကျနော့်တွင် စုံလင်သောမိသားစုကို ပိုင်ဆိုင်ထား၏၊ အဖေ၊
အမေ၊ အကို၊
အမ၊ ညီ၊ ညီမ
အားလုံးရှိ၏၊ ကျနော် မမွေးခင်ဆုံးသွားသည့်
အကိုတယောက်လွဲ၍ အားလုံးပင် အစုံအလင်။
မီးရထားဝင်းက အလုပ်သမားတန်းလျှာ ခန်းတွင် အရှေ့ဘက်နှင့် ဘေးတစ်ဖက်ကို အဖီဆွဲ၍ ကျနော်တို့မိသားစု
နေထိုင်အသက်ရှင်ခဲ့ကြရသည်။
လျော်နီ ခုနစ်တုံး၊ မီးဖုတ်ထားသော
ထမင်းဆုပ်၊ ဂဏန်းကျစ်စာခဲမီးဖုတ်၍ သုံးမျိုးရောစပ်ထား သည့် မြေးအိုး အသစ်ကလေးထဲမှ ဆေးရည်သည်
ရေငတ်ဝမ်းကျဟူသော ရောဂါကုထုံးဆေး။ ကျနော်အပါအ၀င်မောင်နှမ (၅) ယောက်အတွက် လက်ကတုံးတောင်ဝှေး
မိသားစုဆေး။ ကျန်းမာရေး အသိအမြင်ရှိသမျှဖြင့် အမေဖော်စပ် တိုက်ကျွေးလာခဲ့သော ဖွားဘက်တော်များ လည်း
ဖြစ်ခဲ့ပါ၏။
အမေ၏ “ငါ့သားသမီးတွေ မီးရထားသံလမ်းလုပ်သားဘ၀က
လွတ်မြောက်စေရမယ်” ဟူသောကြွေးကြော်သံ၊ “နင်တို့ကို ပညာအမွေတခုကလွဲရင် အမေတို့ ဘာမှ
မပေးနိုင်ဘူးနော်” ယူသော ဆုံးမစကားတို့ဖြင့် ကျနော်တို့ မောင်နှမ (၅) ယောက် ကြီးပြင်လာခဲ့ရပါသည်။
(၂)
အစ်မက
မိုးကုတ်မှာနေ၏၊ မိသားစု က(၆)ဦး။ အစိုးရ၀န်ထမ်း(၃)ဦးဖြစ်ပြီး၊
သားနှစ်ယောက်ကပြင်ပမှာ အလုပ်
လုပ်ကြ၏။ အိုးပိုင်အိမ်ပိုင်မဟုတ်သော်လည်း အစ်မ၏သမီးဝန်ထမ်း အပျိုကြီးနှစ်ယောက်အတွက်ရသော တိုက်ခန်းက အစ်မအတွက်ပူစရာမလို။
မီးအသင့်၊ ရေအသင့်၊ စားစရာသုံးစရာအသင့်၊ စလောင်းမှ အချိန်ပြည့်လာ
သောဇာတ်လမ်းများ၊
အစီအစဉ်များက
အစ်မ၏ ပင်တိုင်အဖော်မွန်များဖြစ်လေ၏။ မချမ်းသာကြသည့်တိုင် ပူစရာမရှိ၊ အစ်မယောက်ျားက
တပ်ထွက်။ ရသောပင်စင်ဆုငွေဖြင့် ဆိုက်ကားဝယ် နင်း။
အဆင်မပြေတော့ ဆရာသမားများထံ
ချဉ်းကပ်။ ဆက်သွယ်ရေးအတတ်ပညာကြောင့် မိုးကုတ် ကျောက်မျက်ရုံးတွင် ၀န်ထမ်း
တနေရာ
ရရှိခဲ့သည်။ အရက်၊ ဆေးလိပ်၊ ကွမ်း စွယ်စုံရသူဖြစ်၏။
ငွေပေါပေါရသော
နေသာသောနေ့များက ဆေးပင်သုံးခဲ့ဖူးသေးဟူ၏။ သို့သော် အစ်မ ကံကောင်းပါသည်။
ရိုက်နှက်
နှိပ်စက် ဆူပူကြိမ်းမောင်းငေါက်ငန်း ဆဲဆိုရန် ဝေးစွ၊ စကားပြင်းပြင်းပင် မငြင်းခဲ့ဘူး။
အစ်မ ဘက်တော်သား၊
သားသမီး (၄) ယောက်ကြောင့်လည်း ဖြစ်နိုင်ပါသည်။
သိသမျှ ရေဒီယိုပြင်၊
ဆိုက်ကားနင်း၊ ဗေဒင်ဟော၊ ပရောဂကု၊ နေ့စားလိုက်၍ မိသားစုကို အလုပ်တစ်ခုမက လုပ်၍ ရှာကျွေးတတ်သူဖြစ်၏။
ယခုလည်း
ပင်စင်ရပြီး ၎င်းဌာနတွင်ပင် နေ့စားဝန်ထမ်း ပြန်ဝင်လုပ်နေသည် ဟူ၏။ အစ်မ
တို့မိသားစုကံဟု
ဆိုရမည်လားမသိ။ အလုပ်ခွင်တွင်ရှိစဉ် သိကျွမ်းသူတစ်ယောက်က
အငြိမ်းစားယောက်ဖအား
လုပ်ငန်းကြီးကြပ်သူအဖြစ် မရဖူးသော လခငွေပေး၍ ကမ်းလှမ်းလာကြောင်းသိခဲ့ပါသည်။
မစားရသော်လည်း
အစ်မတို့ မိသားစုအတွက် ကျွန်တော် ဝ
နေခဲ့ရပါသည်။
(၃)
အ၀င်ဖုန်းကိုပင် စိတ်ရှည်ရှည်မပြောတတ်သူက ညီအငယ်ဆုံး
... ။
အိမ်ထောင်မကျခင် အကြိမ်ကြိမ်ငြင်းခဲ့သော လက်ဖက်ခြောက် အရောင်းအ၀ယ်က
သူ့သမီးဦးကလေး ရပြီးအချန်တွင် ကိုးကွယ်ရာ အဆင့်သို့ရောက်ရှိခဲ့၏။
မြတ်ရင်
မင်းယူကွာ၊
ရှုံးရင် အကိုကြီးက စိုက်လျှော်ပေးပါ့မယ်ဟုသော
ဖခင်၏
အရိုက်အရာကို ကိုယ်တိုင်သတ် မှတ်ကာ နေရာဝင်ယူခဲ့သုမှာ
ကျွန်တော်။
ရန်ကုန်တွင် လက်ထောက်အင်ဂျင်နီယာရာထူးနှင့် ရုံးအုပ်စာရေးကြီးရာထူးတို့ကို
တပြိုင်နက်စွန်းခဲ့သော
ညီထွေး
တို့လင်မယားနှစ်ယောက်။
ယခု အတော်ကလေး ခိုင်နေကြလေပြီ။ သမီးနှစ်ယောက်အတွက် ငွေစုဘဏ်တွင် ပညာသင်စရိုတ်ငွေပင် အတိုင်းအတာတခုထိစုထားပြီးသား။
လက်ဝတ်လက်စား
တကိုယ်ဆင်စာကလည်း အသင့်။ ကိုယ်ပိုင် အိုးအိမ်၊ ကိုယ်ပိုင်လုပ်ငန်းကို စည်းကမ်းနှင့်
စနစ်ကြီးသူတို့ရလဒ်ကား အားရစရာဟုပင် ဆိုရ ပါမည်။
ထာဝရ
ဂတုံးပြောင်နှင့် ကျောပြောင်ပိုင်ရှင် ညီထွေးလေး၏ မိသားစုအား ကျွန်တော် ကူညီစောင့်ရှောက်ရကျိုး နပ်ပါဘိ။
လွမ်းလွန်းလို့ ဝေးဝေးတစ်ခါပြောရသော ဖုန်းကိုပင်ကြာကြာမပြောအား။ အကြောင်းတစ်စုံတစ်ရာ
ပေါ်လာတတ်စမြဲ။
ငယ်ငယ်ကတည်းက
ငိုလျှင် သတိလက်လွှတ်တက်သွားတတ်သူ အငယ်ဆုံးကလေးလေးမို့
မိသားတစုလုံးက နားလည်သဘောပေါက်ထားကြပါသည်။
မသွားနိုင်၊မလာနိုင်၊ မကြည့်နိုင်သည့်ကြား အဖေနှင့် အမေ့ကိုယ်စား အကြိမ်ပေါင်းများစွာ
ဆက်သွယ်နေဦးမည်သာ။
(၄)
ညီထွေးလေး အိမ်ထောင်မကျမှီ (၃)နှစ်လောက်ကဖြစ်မည်။
အမေဆုံးတော့
တယောက်တည်းကျန်နေသည့် အဖေကို စောင့်ရှောက်ရန်စီစဉ်ရပါသည်။
ပုသိမ်ကိုရောက်နေသော အစန်းတို့မိသားစုကို ညောင်လေးပင်ရွှေ့။ အဖေနှင့်အတူနေရန် စားဝတ်နေရေးအတွက် လက်ဖက်ခြောက်အရောင်းအ၀ယ်လုပ်ကြရန် အရင်းအနှီးနှင့်
အဆက်အသွယ်ကအစ
စီစဉ်ပေးခဲ့သည်။ ရွှေ့ပြောင်းစရိုတ်အပြင် ပင်စင်ရရန် တပ်သားအသစ်
(၃) ယောက်ကို ရှာပေးခဲ့ရသည်။
တပ်ကြပ်ကြီး
ရာထူးတွင် ခန့်ခန့်ကြီးရှိနေသူ ရွှေယောက်ဖက အစီအစဉ်ကိုသဘောမတူချင်ဟု နောက်မှသိခဲ့ရပါသည်။
အစန်းရဲ့သားတွေက တော်ကြသည်။ အကြီးကောင် ဘွဲ့ရက
မလေးရှားမှာ။
အလတ်ကောင်က အိမ်ထောင်
ကျပြီး အိမ်ခွဲသည်အထိ မိဘကို ကြည့်၏။
အငယ်ဆုံးက
တပ်မတော် ဆေးဝင်ခွင့်ရခဲ့ပါသည်။
(၅)
“ မိဘစကားနားထောင်ရင် သိဒထ္တမင်းသားတောင်
ဘုရားဖြစ်လာစရာ အကြောင်းမရှိ” ဟူသောနှုတ်ဆက်စကား
ဖြင့် (၈၈၈၈) အရေးအခင်းအပြီး တောထဲဝင်သွားသူက ညီလတ်၊ တတိယနိုင်ငံမှာကြီးပွားနေသလိုလို၊
မိသားစု တွေပေါက်ဖွားပြီး အခြေတကျ ဖြစ်နေသလိုလို။ သတင်းစကားတွေ ခပ်ဝေးဝေး တစ်ခါကြားရရုံကလွဲပြီး
ဆယ်စု နှစ်၊ နှစ်ခုကျော်အဆက်ပြတ်ခဲ့ကြ၏။ ညီထွေးထံမှရသော ဖုန်းနံပါတ်ဖြင့်ဆက်သွယ်လာသော
သူ့အသံကို ရုတ္တ ရက် ကြားလိုက်ရတော့ ရင်ထဲ ဆို့ချင်ချင်။ အဖေသေတာ၊ အမေမရှိတော့တာကိုတော့
အဝေးမှကြားရကြောင်း၊ အိမ်ထောင်ကျပြီး သားတစ်ယောက်၊ သမီးတစ်ယောက်ရနေကြောင်း၊ ဒုက္ခသည်စခန်းမှာရောက်နေပြီး
တတိယ နိုင်ငံထွက်နိုင်ရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း အတိုချုံး၍ သိလိုက်ရသည်။
စကားလဲကြာကြာမပြောရဲ။ lubo601 ဟု
သိလိုက်ရသောလိပ်စာဖြင့် ဆက်သွယ်နိုင်၍ သူ့စာ၊ သူ့ကဗျာ၊ သူ့ဘ၀ တွေကို ထပ်သိခွင့်ရခဲ့ပါ၏။
တစ်ခါမှမနီးစပ်ခဲ့သော အင်တာနက်ကို
ညီလတ်ကြောင့် အကျွမ်းတ၀င်ဖြစ်ရသည်။ အခြေအနေ အချိန်အခါအရ (၃၅) နှစ်သော လုပ်သက်လေး ပင်စင်မစားရဘဲ
အာလဟသဖြစ်မှာလည်း ကြောက်ရပါသေး၏။ ဦးသန့်နဲ့ မှိုင်း ရာပြည့်အရေးအခင်းအပြီး၊ ဗညားဆောင်
အတွင်းရေးမှူးဖြစ်ခဲ့ရသော ကျနော်။ ကျောင်းအထုတ်ခံရခြင်းသည် နိုင်ငံရေး၏ ခပ်စပ်စပ် ပထမဆုံးသောအရသာ
ဖြစ်ခဲ့ရ၏။ (၈၈၈၈)အရေးအခင်းကာလ အချုပ်ထဲ (၂၃) ရက် ၀င်ခဲ့ရပါ၏။ (၇) ယောက်စာဆောက်ထားသော
အချုပ်ခန်းထဲ အချုပ်သား အဟောင်း၊ အသစ်(၄၀) ကျော် ခြေခြင်းထပ် ခေါင်းခြင်းဝှေ့၍ ကျော်ဖြတ်ခဲ့ရသောကာလများက
မမေ့နိုင်စရာ။ နိုင်ငံရေး၏ ဒုတိယအကြိမ် အရသာ အသစ်လည်းဖြစ်ပါ၏။
ကံကောင်းထောက်မ၍ အချုပ်ခန်းမှ ခလုတ်မထိ၊ဆူးမငြိ
ထွက်လာနိုင်ခဲ့သော်လည်း ကျွန်တော်နိုင်ငံရေးကို တတိယအကြိမ် တို့ထိကြည့်ရန် စိတ်ကူးမရှိတော့။
ညီလတ်ကား မွေးစကတည်းက မိခင်နို့နှင့်ဝေးခဲ့ရသူဖြစ်၏။
တစ်လုံးကို တစ်ကျပ် ဆယ့်ငါးပြား ပေးရသော ကုလားမခြင်းဆွဲ နို့ဆီဖြင့် အသက်ဆက်ခဲ့ရသူဖြစ်၏။
ဝမ်းပျက်မည်စိုး၍ နို့ဆီမဖွင့်မီ ရေနွေးဆူဆူဖြင့် ကျက်
အောင်ပြုတ်ပေးရသည်မှာ ကျွန်တော့်တာဝန်
ဖြစ်ခဲ့သည်။ ညီလတ်အသက် (၂) နှစ်ခန့်တွင် ကျော၊ ခါးနှင့်
ဘေးနံတလျှောက် ထွက်လာသောလက်သီးဆုပ်ခန့်
ပြည်တည်အနာဖုကြီးများကြောင့် အလူးအလဲ ခံခဲ့ရ၏။
အသက်ပင်ရှည်ရှည် နေရမည်ဟုပင် မည်သူမျှ
မထင်ခဲ့မိကြ။ ပက်လက်မအိပ်နိုင်၊ ဘေးစောင်းအိပ်မဖြစ်သော ညီလတ်၏ ပြည်တည်ဖုကြီးများပတ်လည်တွင်
အ၀တ်ဟောင်းများကို ရွတ်ခွေကဲ့သို့ခံ၍ အိပ်ပျော်စေခဲ့သော အမေ၏ စုပ်တသတ်သတ်နှင့် မျက်ရည်စများကို မနေ့တနေ့ကလိုပင် မြင်ယောင်မိဆဲ။
အဖေစိပ်၍ ခွဲချပေးခဲ့သော မချစ်စုသရက်သီးအမှည့်ကို
ထမင်းနဲ့မစားဘဲ၊ အသလွတ်တွယ်ပစ်သော ညီလတ်ကို ထမင်းဝိုင်းတွင် ကျနော် ခေါင်းခေါက်ခဲ့ဖူး၏။
ထမင်းနှင့်သရက်သီးအမှည့်ကို မစားတတ်ဟူသော အကြောင်းပြ ချက်ဖြင့်။ နောက်မှ ထမင်းဖြူသက်သက်ကို
ဆက်၍၀ါးသော ညီလတ် ဖြစ်ပါ၏။ မိသားစုဝင်အားလုံး သရက်သီး အမှည့်ကို ဟင်းလျှာအဖြစ် သတ်မှတ်ချက်အား
ညီလတ်တယောက် ငယ်ငယ်ကတည်းက လွတ်လပ်စွာ သဘော ထားကွဲလွဲခဲ့သည်။
ညီလတ်က စိတ်ဆတ်သည်။ ဇွဲကြီးသည်၊ မခံချင်စိတ်ဖြင့်မရ
ရအောင်ယူနိုင်စွမ်းရှိသည်။ လူပျိုပေါက်ကျောင်းသား ဘ၀က စကားများရန်ဖြစ်၍ ၀ိုင်းဝန်းထိုးကြိတ်ခံခဲ့ရသောဖြစ်စဉ်တစ်ခု
ဖြစ်ဖူး၏။ ဖူးရောင်ကွဲပြဲ၍ သူ အတော်လည်း နာခဲ့သည်။ နောက်တစ်နေ့မှစ၍ ကရာတေးအသင်းတစ်ခုတွင်
ခါးပတ်အနက်ရသည်အထိတက်၍ အထူးချွန်ဆုံး သင်တန်းသားအဖြစ် သင်တန်းဆင်းခဲ့သည်။ အထင်သေး ရန်ရှာခဲ့သောအုပ်စုကို
နောင်ကျဉ်အောင်ဆုံးမ၊ အကြွေး ဆပ်နိုင်ခဲ့သုလည်းဖြစ်သည်။
(၈) တန်းအောင်ပြီးတတ်ရသော စက်မှုအထက်တန်းကျောင်းမှ
ဂျီတီအိုင်ဝင်ခွင့်ရခဲ့သည်။ ဘယ်သန်ဖြစ်သောညီလတ် ဂီတာတီးရာတွင် သူငယ်ချင်း ဂီတာတီးသမား
အချင်းချင်းပင် အသိအမှတ်ပြုခြင်းခံခဲ့ရ၏။ ကိုယ်ပိုင်သံစဉ် သီချင်းရေး၍ ကိုယ်ပိုင်တီးခတ်၊
ကိုယ်ပိုင်ဆိုနိုင် စွမ်းသော ဂီတသမားလည်းဖြစ်ခဲ့ပါ၏။
အိမ်နံဘေးမှ ညီလတ်နှင့်အရွယ်တူ ညီအမချောချောလေးနှစ်ယောက်အနက်
တစ်ယောက်ကိုစွံအောင် ပိုးနိုင်လျှင် စက်ဘီးတစ်စီးဝယ်ပေးမည်ဟူသော
ကျနော့်စိမ်ခေါ်မှုတွင် ညီလတ် စက်ဘီးတစ်စီး အပိုင်ရသွားခဲ့ဖူးပါသည်။ ခက်ခဲသော်လည်း ရအောင်ယူနိုင်စွမ်းရှိသူအဖြစ်
ညီလတ်ကို ကျနော်တန်ဖိုးဖြတ်ထားခဲ့ပါ၏။ ကျောင်းပြီး သော်လည်း ညီလတ် အိမ်မပြန်။ အလုပ်ရှာရင်းတောင်ကြီးတွင်သောင်တင်နေစဉ်
၈၈၈၈ အရေးအခင်းကာလ ဖြစ်ခဲ့သည်။ သူငယ်ချင်းတစ်စုနှင့် တောထဲဝင်သွားသည်ဟု သိခဲ့ရ၏။ ကျွန်တော်အဖမ်းခံရသည်ဆိုသော
သတင်းကြားပြီးနောက်
ပျောက်သွားခြင်းဟုသိရပါသည်။
အတူသွားသူတွေ တဖွဲဖွဲပြန်လာကြ သော်လည်း သူ့ သတင်းမကြား၊ အဆက်အသွယ်မရ၊
ကောလဟာလတစ်ချို့ဖြင့်သာ အဖေနှင့် အမေ ကွယ်လွန်သွားကြသည့်တိုင် ညီလတ်တယောက်
ပျောက်ချက်သားကောင်းခဲ့ပါသည်။
ပေါ်မဲ့ပေါ်လာတော့ lubo601 တဲ့၊ လူဗိုလ်ဟူသော
ဒုတိယနာမည်အတွက် အဓိပါယ်မခက် သော်လည်း (601) ကို သဘောမပေါက်ခဲ့။ တောခိုစဉ် ပါဝင်ပတ်သက်ခဲ့သော
တောတွင်းမှ ကျောင်းသားတပ်ရင်း၏ အမှတ်ဟု၍ကား၊ သူ့စာ၊ သူ့ကဗျာများမှ သိခွင့်ရခဲ့ပါသည်။
မိမသိ၊ ဘ မထင်၊ ညီအစ်ကိုမောင်နှမ မခင်ခဲ့သော ညီလတ်။ အိမ်ထောင်ကျသည်က
ကရင်တိုင်းရင်းသူ။ ဆွေမဲ့ မျိုးမဲ့ ဒုက္ခသည်စခန်းမှာ အနေအစားချို့တဲ့၊ ကျန်းမာရေးပွန်းပဲ့လျှက်၊
သားသမီးနှစ်ယောက်ဖြင့် ဘ၀ကိုအခက်ခဲ ဆုံး ကျော်ဖြတ်ခဲ့ရသူ၊ ကျော်ဖြတ်နေဆဲ။ သူ့ဘ၀ သူ့ပတ်ဝန်းကျင်
အစိတ်အပိုင်း တစ်စွန်း တစ်စလေးများ သိရ ဖတ်ရ ခံစားရတော့ ..
အင်း..နောက်ထပ်ညီလတ်တစ်ယောက်လောက်
ထပ်ရစေချင်စမ်းပါဘိ ... ။
ပေါ်ထွန်းမြိုင်
အဆုံးမသတ်သေးတာလား?
ReplyDeleteအဆုံးမသတ်နိုင်တာလား?
အဆုံးမသတ်တော့ဘူးလား?