Wednesday, October 12, 2011

ဘ၀အဓိပ္ပါယ်နဲ့ ဘ၀ပန်းတိုင်ကိုရှာခြင်း

သူငယ်ချင်းတို့ရေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နေ့လေးပါနော်၊ ကျနော့သူငယ်ချင်းတွေအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းဆိုတဲ့ နှစ်ဖြာသော သုခနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျာ၊


             ဒီနေ့ကတော့.. ၁၃၇၃ခုနှစ်၊ သီတင်းကျွတ်လပြည့်၊ ဗုဒ္ဓဟူးနေ့ပါ၊ ကျနော်တို့ အထွဋ်အမြတ်ထားတဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ကျေးဇူးကြီးမားလှတဲ့ မိခင်ရဲ့ ကျေးဇူးကို တရားရေအေးနဲ့ ပြန်လည် ပေးဆပ်ပြီး လူ့လောကတစ်ခွင် အကျွတ်တန်း ၀င်နိုင်အောင် ရည်ရွယ်လျက် လူ့ပြည်ကို ပြန်လည် ကြွမြန်း လာတဲ့ သီတင်းကျွတ်လ၊ လူ့လောကမှာ ရှိနေကြတဲ့ သက်ရှိ သတ္တ၀ါ အားလုံးကလည်း ရိုသေ လေးနက် သော စိတ် နှလုံးတွေနဲ့ ဘုရားရှင်ကို ဆီမီးများထွန်းညှိ ပူဇော် ကြိုဆိုတဲ့ သီတင်းကျွတ်လ၊ အဘိဓမ္မာ အခါတော်နေ့နဲ့ လျော်ညီစွာ တရား ဓမ္မသံများနဲ့ ဝေဆာနေတဲ့ သီတင်းကျွတ်လ၊ ကျနော်တို့တွေရဲ့ အသိစိတ်တွေနဲ့ ဘုရား၊ တရား၊ သံဃာ၊ မိဘနဲ့ ဆရာသမားတွေရဲ့ ကျေးဇူးကို တစ်စု တစ်ဝေးတည်း ဖူးမြော် ကန်တော့လေ့ရှိတဲ့ သီတင်းကျွတ်လ လေးပါနော်။

               သူငယ်ချင်းတို့ရေ၊ ပုတုဇဉ်တွေဟာ လူ့ဘ၀ကို ရနေကြပေမယ့် လူ့ဘ၀ရဲ့ အဓိပ္ပါယ်ကိုမသိ၊ လူ့ဘ၀ရဲ့ ပန်းတိုင်ကိုမမြင်၊ ဒါကြောင့် ပုတုဇဉ်သည် ဘ၀လမ်း ပျောက်နေသူ ဘ၀လမ်းမှာ စမ်းတ၀ါးဝါး လမ်းမှားနေသူဟု ရှုမြင်သင့်ကြောင်း၊ မျက်ကန်းနဲ့လည်း တူကြောင်း၊ ဘ၀အကြောင်းကို ကောင်းကောင်းမသိ၊ မှန်မှန်ကန်ကန်လည်း မသိတာကြောင့် ဘ၀ကိုလည်း အသုံးမချတတ်၊ ဘာလုပ်ရင် အမှား ဘာလုပ်ရင် အမှန်ဆိုတာလည်း မခွဲခြားတတ်၊ ထိုကြောင့် သနားစရာကောင်းသော လူဖြစ်ရှုံးသော သတ္တ၀ါဟု သိမြင်အပ်ကြောင်း မှတ်သားဖူးပါတယ်ဗျာ။
               သံသရာ ခရီးသွား အချင်းချင်း ဖြစ်ကြရာဝယ် ပုတုဇဉ်သည် လူမိုက် ဖြစ်ပြီး၊ အရိယာသည် လူလိမ္မာဖြစ်သည် ဟုလည်း မှတ်သားရပါတယ်၊ ပုတုဇဉ် လူမိုက်သည် သံသရာ၏ အဆင်းလမ်းနှင့် အတက်လမ်းကို မခွဲခြားနိုင် ရေတွင်းထဲက ဖါးပမာ ကိုယ့်ဘ၀ကို အထင်ကြီးသည်၊ ကိုယ့်ဘ၀ကို အဆုံးထင်သည်၊ ထို့ကြောင့် အမှေင်ထဲကလာပြီး အမှောင်ထဲကို ပြန်သွားနေသူ လူမိုက် တစ်ယောက် ဖြစ်နေသည်ကို ဘယ်သောအခါမျှ မစဉ်းစားမိ၊ အမှောင်ထဲက ဘ၀သည် ကျဉ်းကျုတ်သည်၊ ကြမ်းတမ်းသည်၊ ခက်ထန်သည်၊ ဆင်းရဲသည်၊ ပင်ပမ်းသည်၊ အန္တရာယ်များသည်၊ မလွတ်လပ် ဟုလည်း မှတ်သားဖူးပါတယ်။
               အလင်းဘက်က ဘ၀သည်... ကျယ်ပြန့်သည်၊ သန့်ရှင်းသည်၊ ပြေပြစ်သည်၊ သာယာသည်၊ ငြိမ်းချမ်းသည်၊ မဆင်းရဲ၊ မပင်ပမ်း၊ အန္တရာယ်လည်းမရှိ၊ ပကတိလွတ်လပ်သည်ကို ပုတုဇဉ်အား သိစေလိုသည် ဟုလည်း မှတ်သားဖူးပါတယ်ဗျာ၊
                ခရီးသွားကြသော သူတို့သည် ခရီးသွားသူ အချင်းချင်း အနည်းငယ်မျှသာ ရိက္ခာကို ခွဲခြမ်းဝေငှပြီး ပေးလေ့ရှိကြ သကဲ့သို့ အကြင်.. သံသရာ ခရီးသွား အချင်းချင်းသည်လည်း ပေးလှူအပ်သော အသိပညာကို ခွဲခြမ်း ဝေငှမှုသာ ပြုလေ့ရှိသည်ဟု သာသနာတော်၏ အဆုံးအမများမှ ဖတ်မှတ်ဖူးပါတယ်ဗျာ။
               ဟုတ်ပါပြီနော်... ဒီလောက်ဆိုရင် ကျနော်တို့တစ်တွေ ဘာတွေကို ဆင်ခြင်သင့်သလဲ၊ ဘ၀ကို ဘယ်လို အဓိပ္ပါယ်ရှိအောင် နေပြီး ဘယ်လိုပန်းတိုင်ဆီကို ချီတက်သင့်သလဲ စဉ်းစားလို့ ရလောက်မယ် ထင်ပါတယ်နော်၊
               သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်.......


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...