Thursday, October 13, 2011

အသက်တရာ ကျန်းမာစွာနေနိုင်ရန်

ဟောင်ကောင်၌ အသက်တရာကျော်ပေါင်း (၆၀၀)တို့၏ ဂုဏ်ပြုအမှတ်တရပွဲလေးတခု ကျင်းပခဲ့ဖူးသည်။ ထိုအထဲတွင် (၁၀၃)နှစ်ရှိ အဘွားအို လီယုဝမ်-၏ နေထိုင်ပုံမှာ မှတ်တမ်းတင်ဖွယ် ကောင်းနေသည်။ လီယုဝမ်သည် ဘိုးဘွားရိပ်သာမှ ထွက်ခွါလာသည်မှာ ၄-နှစ်ခန့်ပင်ရှိပြီ။ ထိုကတည်းက လှုပ်လှုပ်ရှားရှားနှင့်ပင် နေထိုင်လာခဲ့သည်။ ခြောက်ထပ်ရှိ မိတ်ဆွေထံ နေ့စဉ်တက်သည်။
နေ့စဉ် လှေကားထစ်တွေမှတက်လျက် ဈေးဝယ်ခြမ်းပေးသည်။ ဘာမှပင်ပန်းမှုမရှိသည့်အတိုင်း။

အသက် ၇၀-တုန်းက ကင်ဆာဖြစ်ခဲ့ဖူးသည်။ ထိုရောဂါဖြစ်ပွားပြီးနောက် ယခုဆိုလျှင် ဘာဝေဒနာမျှမရှိတော့ဘဲ ထူးခြားစွာပင် ကျန်းကျန်းမာမာ နေနိုင်လာခဲ့သည်။ သူမ၏မြေးဖြစ်သူ လီဝေကွမ်းက နည်းနည်း နားလေးတယ်။ သွားအနည်းအကျဉ်းလောက်ပဲ ကျိုးသေးတယ်။ ဒူးတွေ နည်းနည်း မခိုင်တော့တာကလွဲပြီး လမ်းကောင်းကောင်း လျှောက်နိုင်ပါသေးတယ်-ဟု ဆိုပါသည်။


အဘွားလီယုဝမ်လို နေထိုင်နိုင်လျှင် လူတိုင်းလည်း အသက်ရာကျော် ရှည်နိုင်မည်ပင်။ ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်တတ်လျှင် ဘယ်သူမဆို အသက်ရာဂဏန်းလောက်ကို
ဖြတ်သန်းသွားနိုင်မည်။


အဆုံးမှာ အိုမင်းခြင်းကိုပင် ကျော်လွှားနိုင်မည်ဆိုသည့် သတင်းကောင်းတခုက အနာဂတ်မှာ ဆီးကြိုနေသေး၏။ ကမ္ဘာ့အသက်ရှည် လူတန်းစားတွင် ဟောင်ကောင်က တတိယစွဲမည်ဟူ၍
နောင်အနာဂတ်နှင့် ပတ်သက်၍  မျှော်လင့်ချက်ထားခဲ့ကြောင်း ဟောင်ကောင်ယူနိုက်တက်နေရှင်းက ဆိုသည်။ ယောက်ျားသား၏ သက်တမ်းမှာ (၇၈.၇)နှစ်၊ မိန်းမသား၏ သက်တမ်းကတော့(၈၄.၇)နှစ်
ဖြစ်မည်ဟူ၍ ခန့်မှန်းခဲ့ကြသည်။ 


တချို့ အာရှနိုင်ငံတို့တွင်ပါ ဤနှုန်းအတိုင်းရှိမည်ဖြစ်သည်။ (၂၀၀၂)ခုနှစ်တုန်းကမူ စင်ကာပူတွင် ယောက်ျားသား(၇၆.၈)နှစ်၊ မိန်းမသားမှာ (၈၀.၆)နှစ်ဖြစ်ခဲ့သည်။ (၁၉၉၇)ခုနှစ်တုန်းက ယောက်ျားသား၏ အသက်ရှည်မှုမှာ (၇၄.၉)နှစ်ဖြစ်ကာ မိန်းမသားမှာ (၇၉.၁)နှစ် ဖြစ်နေခဲ့သည် မဟုတ်ပါလား။ အသက်ရှည်သောအကြောင်းများက မလေးရှားနိုင်ငံနှင့် ဖိလစ်ပိုင်တို့တွင်ပါ ရှိလာမည်ဟု ခန့်မှန်းနေကြလျက်။


သတင်းဆိုးတခုကား အသက်ရှည်ပေမယ့် အနာမကင်းနိုင်-ဟူ၍ပင် ဖြစ်သည်။ အသက်ကြီးသူ အတော်များများ သွေးအားနည်းမှုနှင့် ယှဉ်တွဲလာရသည့် ကင်ဆာကဲ့သို့၊ နှလုံးကဲ့သို့၊ အရိုးအဆစ်ရောင်နာကဲ့သို့ ဝေဒနာများနှင့် အဖော်ပြုနေရပေဦးမည် အမှန်ပင်။


သို့ရာတွင် ထိုအတွက် ကြောင့်ကြ၍ စိတ်ညစ်နေစရာမလိုပြီ။ ဘယ်နေထိုင်မှုစနစ်တွေကို
ကောင်းစွာပြောင်းလဲကာ နေထိုင်ပေးခြင်းဖြင့် အသက်ရှည်ရာ အနာမဲ့ကြောင်း ဘဝမျိုးကို လက်ခံရရှိလိမ့်မည် မလွဲချေ။


လှုပ်လှုပ်ရှားရှား---
အရွယ်ရင့်ရော်မှုကြောင့် ဖြစ်လာမည့် ကြွက်သားစိုင်တို့၏ ညှိုးခြောက်မှုကိုတော့ တားနိုင်စွမ်းသော အကြောင်းများ မရှိချေဟု သိပ္ပံကဆိုခဲ့သည်။ အေရိုးဗစ်တွေ ဘယ်လိုလုပ်လုပ်၊ အပြေးတွေ ဘယ်လိုကျင့်ကျင့်၊ နှလုံးတို့၊ သွေးတိုးတို့ ကင်းစင်မှုကလွဲ၍ ကြွက်သားနှင့် အရိုး ညှိုးခြောက်လာမှုတို့အပေါ် သဘာဝထက်ကျော်လွန်စွာ ကာကွယ်နိုင်မည့်အကြောင်းကား ရှိနိုင်လိမ့်မည်မဟုတ်။ ချိန်မျှစွာ လှုပ်ရှားသွားလာနေနိုင်သော ကျန်းမာမှုမျိုးကိုသာ ရရှိမည်ဖြစ်သည်။


ဒိန်းမတ်နိုင်ငံ သြဂတ်စ်ကရို့ခ်ျ အသင်းကြီး၏(၁၉၉၀)ခုနှစ် စစ်တမ်းထဲတွင် ဖော်ပြသည်မှာ ဝိတ်သမားတို့သည် အသက်ကြီးလာချိန်တွင် လူရွယ်တို့၏ သန်မာအားမျိုးထက်ဝက်ခန့် ရှိသည်မှလွဲ၍ အသက်ကြီးရင့်မှုနှင့် ဆိုင်သည့် အဆစ်ရောင်နာမျိုး ခံစားနေရဆဲရှိကြောင်း တင်ပြထား၏။


ဘော်စတွန်မြို့၊ တပ်ဖပ်တက္ကသိုလ်မှ သုတေသနပြုလုပ်မှုတွင်မူ ဝိတ်သမားတဦးသည် ကာလကြာမှ ပြန်လေ့ကျင့်သော်လည်း အရိုးသိပ်သည်းမှုနှင့် ကြွက်သားညှိုးခြောက်မှုတို့ကို ကယ်တင်နိုင်မည် ဖြစ်ကြောင်းဖော်ပြ၏။


လမ်းလျှောက်မှု---
(၅၀)ရွယ်ထဲဝင်လာသောသူ တဦးသည် အားကစားလေ့ကျင့်မှု တခုမျှမရှိခဲ့သည်တိုင် တပတ်တွင် သုံးရက်ခန့် လမ်းခပ်မြန်မြန် လျှောက်ပေးနိုင်ခြင်းဖြင့် အကျိုးထူးများစွာ ရနိုင်ကြောင်း သိရသည်။ ဟောင်ကောင်
ဝေလမင်းသမီးဆေးရုံကြီး၊ မိန်းမရောဂါ ဆိုင်ရာကုသမှု အဖွဲ့အစည်းမှ ပါမောက္ခဆူဇန်ဟိုက လမ်းပုံမှန်လျှောက်ပေးနိုင်လေလေ ခံနိုင်ရည် သက်လုံရှိလာနိုင်ပြီး ကြွက်သားတွေ ချိန်မျှတဲ့ သန်စွမ်းမှု ရလာနိုင်လေလေ-ဟု ဆိုလေသည်။


ပါမောက္ခဆူဇန်ဟိုသည် တပတ်တွင် နှစ်ရက်မျှပင် မလျှောက်ဖြစ်ခဲ့သော မိန်းမသား(၂၀၀၀)တို့ကို
လေ့လာခဲ့ရာတွင် (၄၀)ရာခိုင်နှုန်းတို့မှာ လမ်းလျှောက်နေရင်း ဒူးမခိုင်ကြသည့် အရွယ်အိုတွေ
ဖြစ်နေသည်ကို မြင်မိခဲ့သည်။ (၉၀)ရာခိုင်နှုန်းတို့မှာ တင်ပါးရိုးကွဲအက်တဲ့ ရော၈ါနဲ့ဆိုင်နေပြီး အသက်ကိုလုနေကြရတယ်။ တချို့ဟာ နမိုးနီးယားလို ရောဂါမျိုးနဲ့ အိပ်ရာမှာပဲ လဲနေကြရတယ်-ဟု ဆူဇန်ဟိုက ကောက်ချက်ချခဲ့သည်။ 


ဆေးလိပ်သောက်ခြင်း---
အသက်(၃၀)ရွယ်တည်းက ဆေးလိပ်ဖြတ်ခဲ့သူမှာ အသက်ရှည်နိုင်ဖွယ်အကြောင်းမြင်သည်ဟူ၍ ဗြိတိသျှမှ
ဆေးဂျာနယ်တွင် ဖော်ပြထားသည်။ အသက်(၅၀)မှ စတင်ဖြတ်ခဲ့သူကား နောက်ထပ်(၁၅)နှစ်သာ ရှင်နိုင်ဖွယ်ရှိသည်ဟု ဆိုထားပြန်သည်။ 


အသက်ကြီးသူပင် ဖြစ်နေစေ...အချိန်မီဖြတ်ခဲ့က ကြီးမားသော ဆိုးကျိုးများ ကွင်းရှောင်သွားမည်ဖြစ်သည်။ အသက်(၆၅)အရွယ်မှာ ဆက်သောက်နေဆဲရှိက နောက်ထပ်(၂)နှစ်အကြာတွင် အသက်ရန်ရှာဖွယ်
ရောဂါတမျိုးမျိုး နဖူးစာဖက်လာရလိမ့်မည်ပင်။


အာဟာရမှီဝဲမှု---
အရွယ်နုငယ်ပြီး အသက်ရှည်ချင်လိုလျှင် အကြံပြုထားသည့် အာဟာရများကို စားသုံးပေးရမည်ဟူ၍ ဖီလစ်ပိုင်တက္ကသိုလ် အာဟာရဆိုင်ရာဌာနမှ ပါမေက္ခတဦးဖြစ်သူ ဒီမီတရီယာဘွန်ဂါက ဆိုသည်။
ဆလတ်၊ ဒေါက်ခွ၊ Tero ရွက်များကဲ့သို့ စိမ်းရွှင်သော(သံဓာတ်၊ ဗီတာကာရိုတင်း၊ ကယ်ဆီယမ်)ဓာတ်ပါ အာဟာရများကို စားသုံးရမည်။

ကန်စွန်းဥ၊ (ဗီတာမင်အေနဲ့စီ၊ ဗီတာကာရိုတင်း)ဓာတ်ပါ အာဟာရကို သုံးစွဲရမည်။
ဗီတာမင်ဘီ၊ ဗီတာမင်အီး selenium နှင့် သတ္ထုဓာတ်ပါဝင်သော သန့်စင်ပြီးသား ဂျုံလုပ်မုန့်အမျိုးမျိုးတို့ကို စားရမည်။
အခွံမာသီး၊ (ထိုအသီးနှင့်ပတ်သက်၍ ပဲနီဆီလ်ဗေးနီးယား စတိတ်တက္ကသိုလ်က ကောက်ချက်ချထားသည်မှာ တပတ်(၅)ကြိမ် စားသူသည် သေလောက်သည့်နှလုံးရောဂါတို့ပေါ်(၂၅)ရာခိုင်နှုန်းမှ တဆင့် (၃၅)ရာခိုင်နှုန်းထိ ကယ်တင်နိုင်မည်ဖြစ်၏။


ဆဲလ်မွန်ငါး...ငါးမည်းလုံးနှင့် တခြားရေအေးကန်မှ ငါးအမျိုးမျိုးတို့ စားသုံးပေးရခြင်း၊ (ထိုငါးတို့တွင် အိုမီဂါ ၃-အဆီအက်စ်ထူးပါဝင်လျက် အိုမင်းခြင်း၊ မျက်လုံးမှုန်မှု၊ အရိုးအဆစ် ရောင်ရမ်းမှုတို့ကို ကာကွယ်နိုင်စွမ်း၏)။


အားဖြည့်အားဆေး မှီဝဲခြင်း---
ဗီတာမင်ဆေး တမျိုးလောက်တော့ မှီဝဲရမည်။ အသက်ကြီးလာချိန် လူသားတိုင်း အားနည်းမှုနှင့် အာဟာရပျော်စိမ့်မှုဒဏ် ခံစားရမြဲရှိသည်။ ထို့ကြောင့် အာဟာရကို ပြောင်းလဲစားသုံးရမည်သာမကသေး၊
ဆေးပါမှီဝဲရမည်ဖြစ်သည်။ ဘွန်ဂါဆိုသူက အသက်ကြီးလာတာနဲ့ မကြာခဏ အစာကြေလွယ်မှာတွေ ရွေးစားကြတယ်။ စွမ်းအားရတာတော့မှန်ရဲ့၊ ဗီတာမင်နဲ့ Fibre တို့ကျတော့ လုံလုံလောက်လောက် မရကြတော့ဘူးဟုဆိုသည်။ ထို့အတွက် ဗီတာမင်ဆေးတမျိုးမျိုး မှီဝဲဖို့လို့ကြောင်း တင်ပြခဲ့သည်။


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကီဘန်ဆန်တက္ကသိုလ်မှ ပါမောက္ခတဦးဖြစ်သူ ဒေါက်တာဆူစန်ရှာဟာက အသက်ကြီးလာချိန်ကျတော့ စားသမျှ ပျော်ဝင်သွားရတဲ့ အစားအသောက်တွေထဲမှာ အချဉ်ပေါက်တာတွေ ဖော်ပြလာတယ်။ အဲသလို ပျော်ဝင်တာတွေ လျော့ပါးသွားဖို့ ဗီတာမင်(၁၂)တို့၊ ဗီတာမင်(၆)တို့၊ Folate တို့ မှီဝဲပြီး ကာကွယ်နိုင်ရမယ်-ဟု အကြံပြုသည်။


အိပ်ချိန်လုံလောက်စွာရခြင်း---
ကယ်လီဖိုးနီးယားတက္ကသိုလ် ဆန်ဒိုင်းဂိုမြို့မှ တွေ့ရှိချက်အရ အိပ်ချိန်နည်းနေလျှင် ကျန်းမာရေး မညီညွတ်နိုင်သလို များလျှင်လည်း မကောင်းနိုင်ကြောင်း သိရှိနိုင်သည်။ (၇)နာရီဆို အိပ်ချိန် လုံလောက်ကြောင်း၊ (၈)နာရီအိပ်သူများမှာ သေလောက်သောဝေဒနာ (၁၃)ရာခိုင်နှုန်းမျှ ခံစားရကြောင်း၊ (၄)နာရီမျှသာ အိပ်ကြသူများမှာ သေစေလောက်သောရောဂါ အကြောင်းအမျိုးမျိုး(၁၇)ရာခိုင်နှုန်းမျှ 
ဖြစ်ပေါ်ခဲ့ရကြောင်း (၆)နှစ် သုတေသနပြုလုပ်ချက်ထဲတွင် အဖြေရှိခဲ့ခြင်းပင်ဖြစ်သည်။


စိတ်ကို အလုပ်ပေးခြင်း---
ဉာဏ်အလုပ်ကို အားပေးသောသဘောဖြင့် နိုင်ငံခြားဘာသာကို လေ့လာခြင်း၊ စဉ်းစားမှုနှင့်ဆိုင်သော စာအုပ်အမျိုးမျိုး ဖတ်ရှုခြင်းတို့ကို အသက်ရလာချိန်တွင် ပြုလုပ်ပေးခြင်းက ဉာဏ်အမြဲနိုးကြားမှုကို အားပေးစေနိုင်၏။


ဘုရားရှိခိုးကျောင်းတက်ခြင်း---
ဘုရားမှန်မှန်တက်ရောက် ကြည်ညိုသူတို့မှာ အသက်(၇)နှစ်မျှ ပိုရှည်နိုင်သည်ဟု လေ့လာမှုတခုဝယ်
ဖော်ပြထားပါသည်။ ငါးပါးသီလ စင်ကြယ်စေခြင်းကပင် အသက်ပိုရှည်ဖို့ ဖြစ်ခဲ့ရကြောင်း the Spirituality Healing Connection စာအုပ်ရေးသားသူ ဂျက်ဖ်လီဗင်က ဆိုသည်။ အရက်၊ လိင်မှုကိစ္စနှင့် အားကိုးအားထား ဆိုးတို့ပေါ် အနိုင်ယူခဲ့ခြင်းဖြင့် ကျန်းမာရေးပိုကောင်းနိုင်မည်ဆိုသော အနက်အဓိပ္ပါယ်။


ကူညီခြင်း---
စေတနာ့ဝန်ထမ်း အဖွဲ့အစည်းထဲပါဝင်၍ ကူညီလုပ်ကိုင်သူများသည် ကျန်းမာမှုပိုရကြောင်း စင်ကာပူနိုင်ငံမှ လေ့လာသူ ချန်း-က ဆိုခဲ့သည်။


ကြောင်ကလေး၊ ခွေးကလေး ချစ်ခြင်း---
Geriatrics society ဂျာနယ် (၁၉၉၉-ခုနှစ်ထုတ်) ၏ အဆိုအရ ကြောင်တို့ ခွေးတို့ချစ်သော အသက်ကြီးသူများမှာ စိတ်ဓာတ်ကျမှုနည်းလှသည်ဟု သိရသည်။ 
ဟောင်ကောင်မှ စိတ်ပညာရှင် ဂျင်းနီကိုးလ်က ကြောင်ငယ်လေးတွေပေါ် အဆွေခင်ပွန်းစိတ် ဖွဲ့လာနိုင်ခြင်းကြောင့် ရည်ရွယ်ချက်ထားနိုင်သော ခံစားစိတ်တို့နှင့် အတူ ကျန်းမာနိုင်သော အကျိုးကျေးဇူးများပါ ရရှိခဲ့သည်ဟု တင်ပြဖူးသည်။ အသက်ကြီးလာချိန်မှာ အထီးတည်းဖြစ်လာရတဲ့ အသက်ကြီးရွယ်တွေအဖို့ကတော့ အမွေးထူတဲ့ အကောင်လေးကောင်တွေကို ပွတ်သပ်နေရတာနဲ့ပဲ သွေးတိုးတာမျိုး နည်းပါးသွားရတယ်။ သူတို့ဟာ အားလုံးကြားမှာ အထီးလည်း မကျန်ရတော့ဘူး။ အဲဒီအချိန်ကျရင် ကိုယ့်ပေါ် ကဏ္ဋကောစ မရှိတဲ့ အဖော်သဟဲတွေနဲ့ အနီးကပ်နေထိုင်တာ အကောင်းဆုံးပဲ-ဟူ၍ စိတ်ပညာရှင် ဂျင်းနီကိုးလ်က ဆိုခဲ့ခြင်းပင်...။


မျှော်လင့်ချက်ငွေနားရေးထားတတ်ခြင်း---
အသက်ရာကျော်အရွယ်သို့ ရောက်ရှိလာသည့်အခါ ဆက်ဆံမှုတွေတွင် စိတ်မရှည်နိုင်ဟန်များ
ဖော်ပြတတ်ချေသည်။ ဟောင်ကောင်မှ သက်တော်ရှည် ဘွားဘွားလီယုဝမ်က ထမင်းစားတဲ့အချိန်
ဒေါသမထွက်တာ၊ မငြင်းခုံတာ၊ လူတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တာတွေဟာ အသက်ရှည်ခြင်း အကြောင်းရင်းပဲ-ဟူ၍ ထောက်ပြခဲ့သည်။ မှန်ချေသည်။ လူတဦး ဒေါသထွက်၍ ငြိမ်းချမ်းမှုမရှိချိန်တွင် အဒရီနယ်လင်းဟိုမုန်းနှင့် Cortisol တို့ ပျံ့သက်သည်။ ထိုအရာများက အန္တရာယ်ဖြစ်စေတတ်လောက်သော
ရောဂါများဆီသို့ ကူးလူးဖြတ်သန်းစေမြဲရှိတတ်သည်။ ကိုယ်ခန္ဓာထဲက ခုခံအားပင်မက နှလုံးတို့၊ ဦးနှောက်တို့ပါ လျင်မြန်စွာ ပျက်စီးသွားရတတ်ကိန်းပင်။

မည်သို့ပင် ဆိုးနေစေ၊ အကောင်းများများ တွေးတတ်ပါ။ မျှော်လင့်ချက် ငွေနားရေး-ကို ရှုမြင်တတ်ပါ။ အကယ်၍ မိမိသား တက္ကသိုလ်စာမေးပွဲ ကျဆုံးခဲ့လျှင် နောက်နှစ် ကျူရှင်ဖိုးကုန်စရာမလိုအပ်တော့ဟု အကောင်းဘက်မှ ရှုမျှော်နိုင်စွမ်းစေရန်။


လူတွေနှင့် ရောနှောလှုပ်ရှားပြုလုပ်ခြင်း---
အသက်ကြီးသော်လည်း အားကစားမလိုက်စားခြင်း၊ အဆီလျှော့စားခြင်း မရှိသည့် အသက်အိုသူများအတွက် သတင်းကောင်းတခုကတော့ အဖွဲ့အစည်း အသင်းအပင်းတို့တွင် ငါဝင်ဆင်နွှဲလျက် လူများစွာနဲ့ ရောနှောလှုပ်ရှားမှုရှိခြင်းများက  အဆီ, ကိုလက်စထရော နှင့် သွေးတိုးကျဆင်းစေနိုင်ကြောင်း..


အထက်ပါတွေ့ရှိချက်ကို ဘယ်လ်တီမိုး ပြည်သူ့ကျန်းမာရေးဌာနကြီး တခုဖြစ်သည့် ဂျွန်ဟော့ပ်ကင်းဘလွမ်းဘတ်(ခ်ျ) ကျောင်းကြီးမှ ပါမောက္ခ သောမတ်(စ်)ဂလတ်)စ်)က အသက် ၆၅-နှစ်အရွယ်တို့အပေါ် ၁၃-နှစ်ခန့် လေ့လာခဲ့ရာမှ သိလာခဲ့ရခြင်းပင် ဖြစ်သည်။


မေတ္တာရည်လျက်
ဇော်ထက်
Ref:Want to live to Be 100? By JANE PARRY.
(ဂမ္ဘီရ ၂၀၀၆-၆)
---သင်သိတာရဲ့ ဟိုဘက်ကို မရောက်ချင်ပါနဲ့...သင်ထက်သိတဲ့သူတွေရယ်မောခြင်း ခံရလိမ့်မယ်။
လွမ်းနေသူ  (Google of Group)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...