Sunday, October 16, 2011

အရက်သမား ရောင်းရန်ရှိသည်

by Moenge Aung on Sunday, October 16, 2011 at 6:05pm


လူနှင်းချို
ငယ်ငယ်တုန်းက ညနေခင်း ဇာတ်လမ်းလေးများကို သတိရမိသည်။ ညနေခင်း တဖြည်းဖြည်း အရောင် ရင့်လာလျှင် မချစ် (တောအရက်ကို မောင်ချောနွယ် အခေါ်) နံ့လေး တရွေ့ရွေ့ သင်းလာသည်။  ညနေခင်း လေပြည် နော့နော့တွင် တောအရက်နံ့လေး သော့သော့နေ တတ်သည်။ ထိုအနံ့သည် ကျွန်တော်၏ ကိုးကွယ်ရာ။ ကျွန်တော်၏ သုခဘုံဖြစ် ခဲ့သည်။ တောအရက်နံ့သည် သင်းသင်းထုံထုံ မွှေးပျံ့ နေခဲ့သည်။ တကယ်တော့ တောအရက်သည် အကြင်သူတစ်ဦး သဏ္ဍာန်၌ မွေးပျံ့ ထုံသင်း နေတတ်သည့် အရာမဟုတ်။
 အဘယ်ကြောင့်ပါနည်း။

ဇာတ်လမ်းကား ရှင်းပါသည်။ အဖေ အလုပ်မှ ပြန်လာသောကြောင့် ဖြစ်သည်။ တောအရက်နံ့သည် အဖေ့နှုတ်ခမ်းပေါ် တွဲလွဲခို၍ ပါလာတတ်သည်။ အဖေ့ နှုတ်ခမ်းများသည် တောအရက်နှင့် အလွန်လိုက်ဖက်ဟန် တူပါသည်။ အဖေ့ပြုံး တုံ့တုံ့ ပါးချိုင့်များသည်ပင် တောအရက်ကြောင့် ပို၍ နက်ရှိုင်းသည်ဟုပင် ထင်မိသည်။
 အဖေ့ အလုပ်ကို ပြောရဦးမည်။
အဖေသည် ရေခဲချောင်းသည်။ ရွာတကာ လှည့်၍ ရောင်း၏။ လေးငါးခြောက်ရွာ ခြေလျင် လျှောက်ရသည်။လေးငါးခြောက်ရွာ ဂလိုင် လှုပ်ရသည်။ လမ်းတစ်လျှောက် အဖေ့ချွေးများ တ၀ုန်းဝုန်းရိုက် ခတ်နေခဲ့သည်။ အဖေ့ခရီးသည် ငြိမ့်ငြိမ့်ညင်ညင် ရှိမည်မထင်။ မေတ္တာတရား၏ ခြေလျင် ခရီးသည် ခက်ခဲကြမ်း တမ်းလှချေ၏။
 ဤတွင် အဖေ့မှာ အညောင်းပြေ အညာပြေဟူသော စကား တစ်ရပ်နှင့် ညနေခင်း တောအရက်နံ့လေးသည် မွှေးကြိုင်နေခဲ့ပါသည်။ အဖေ ပြန်လာလျှင် ရေခဲချောင်း ပုံးကို ဖွင့်ရသည်က အမော။ ရေခဲ ကျန်သေးလျှင် တစ်ဝကြီး ထိုင်စားပစ်ခဲ့သည်က အကြိမ်ကြိမ်။ ရေခဲ ကုန်သွားလျှင်တော့ အမြီးတို လွယ်အိတ်ထဲက အကြွေစေ့များဆီသို့။ ထိုအရာသည် တောအရက်နံ့ကို ရင်ထဲ အသည်းထဲက ချစ်မြတ်နိုး နေရတဲ့ ကျွန်တော်၏ အဓိပ္ပာယ်။
 ငယ်ငယ်တုန်းက တောအရက်နံ့သည် ကောင်းကင်ပြာပြာကြီးလည်း ဖြစ်ခဲ့သည်။ အင်္ကျီဖြူနဲ့ လုံချည်စိမ်းလည်း ဖြစ်ခဲ့သည်။ မုန့်ဈေးတန်းလည်း ဖြစ်ခဲ့သည်။ အားကစား ကြေးလည်း ဖြစ်ခဲ့သည်။ ဘောလုံးကန်သည့် အခါ လောင်းကြေးလည်း ဖြစ်ခဲ့သည်။ စနေ၊ တနင်္ဂနွေ ဗီဒီယိုဖိုးလည်း ဖြစ်ခဲ့သည်။
 တောအရက်နံ့သည် စနေမရှောင်၊ တနင်္ဂ နွေမရှောင် လူမွဲများကြား ထပ်ဆင့် ငမွဲလေး မဖြစ်အောင် အရေးပါခဲ့သည်။ အရာ ရောက်ခဲ့သည်။ မျက်နှာကြီးကြီး မဖြစ်သည့်တိုင် မျက်နှာ ငယ်ငယ်လေး မဖြစ်အောင် ကူညီခဲ့သည်။
 အဖေ၏ မေတ္တာ တရားသည်စနေ၊ တနင်္ဂနွေ ရက်များ၌လည်း ရှောင်ပုန်း မနေခဲ့ပါ။ ဘယ်အရာသည် ညနေခင်း တောအရက်လောက် ကျွန်တော့်အပေါ် လိုက်လျော နိုင်မည်နည်း။ သို့သော် တစ်ခါတရံတွင် မိုးကောင်း ကင်ကြီးသည် အဖေ့ကို ကျီစားတတ်သေးသည်။ မိုးသားများ ညိုအိနေလျှင် အဖေ့ ဂလိုင်လေး အနား ယူရသည်။ အမေ့ ထမင်းအိုးလေး ၀န်လျှော့ရသည်။ အမြီးတို လွယ်အိတ်မလေးလည်း ကျွန်တော်၏ လက်သရမ်းခြင်းမှ စိတ်အေးလက်အေး ငြိမ်းချမ်းခွင့်ရသည်။ တောအရက်နံ့လေးသည် အဖေ လေချဉ်တပ် သည့်အခါသာ ခိုးခိုး ပါလာတတ်တော့ သည်။ နေသာသောနေ့များလို အဖေ့ နှုတ်ခမ်းပေါ်တွင် ဖောဖောလှိုင်လှိုင် ရှိ မနေတော့ပါ။
 ထိုအခါမျိုး၌ မိုးကောင်းကင်ကြီး ကဲ့သို့ အဖေ့မျက်ဝန်း မိုးသားများသည် ညိုအိလေးလံ နေတတ်၏။ ထိုညမျိုး၌ အဖေသည် မုန့်ဖိုးအစား ကျွန်တော့်ကို ပုံပြင်တွေ ပေးပါသည်။ မှတ်မှတ်ရရ ငါးရာ့ ငါးဆယ် ဇာတ်နိပါတ်တွေ ပေးပါသည်။ တောအရက်ကို အညောင်းပြေ အညာပြေသောက်မယ့် အစား ကျွန်တော့်ကို ကျောပေါ်တင်၍ အညောင်းပြေ အညာပြေ သောက်တတ်ပါသည်။
 ထိုညမျိုး၌ ကျွန်တော်သည်ပင်လျှင် အဖေ၏ တောအရက် ဖြစ်ခဲ့၏။ မုန့်ဖိုးမရ သော်လည်း ထိုညမျိုး၌ ကျွန်တော်တစ်မျိုး တစ်ဖုံ ပျော်ရပါသည်။ အဖေ့ ပုံပြင်များကား ရွှန်းရွှန်းစိုစို ရှိလှပါသည်။ ခက်လက် ဝေဖြာသော သစ်ပင်ကြီး တစ်ပင်နှင့် တူနေတတ် ပါသည်။ တောအရက်နဲ့ ဝေးသော မိုးတွင်းရက် များသည် လမ်းမများပေါ်၌ မိုးများရွှဲရွှဲ စိုနေသော်လည်း အိမ်တွင် သွေ့ခြောက်နေတတ်၏။ သို့သော်လည်း ကျွန်တော့် ငယ်ဘ၀၏ တောအရက်နံ့သည် ကျွန်တော့်အတွက် ပြည့်စုံ ကုံလုံခဲ့သည်။ ငယ်ဘ၀ အခန်း ကဏ္ဍများတွင် ကြွယ်ပိုးကြွယ်ဝရှိခဲ့သည်။
 မေတ္တာတရားများ စိမ့်အံလျှက် ရှိသော အဖေ၏ နှုတ်ခမ်းအား မည်သူသည် အရက်သမားဟု ပြောဝံ့မည်နည်း။ ပြောသည် ထားချေဦး။ လက်ခံပေမည်။ သို့သော် လည်း အဖေသည် ချိုသော အရက်သမားသာ ဖြစ်သည်။ အရက်နောက် ကောက်ကောက်ပါအောင်လိုက်တတ်သော အရက်သမားမျိုးမဟုတ်။ စားဝတ်နေရေး သံခင်း တမန်ခင်းမျှသာ လက်ခံသော ချိုသော အရက်သမားကြီးဖြစ်ပါသည်။
ထိုချိုသော အရက်သမားကြီးကား . . . ။
_ _ _ခုချိန်တွင် အိမ်၌ ညနေစောင်းလျှင် ချဉ်စူးစူး ရနံ့များ နေရာအနှံ့ စိုက်ဝင်နေ ၏။ မနှစ်မြို့စရာ အော်ဂလီဆန်စရာ။ မည်သူ့နှုတ်ခမ်းသည် ညနေဆည်းဆာ၏ အလှကို လုံးချေပစ်နေသနည်း။ တစ်ချိန်က ချိုသောအရက်သမားကြီး၏ သားများ။ ခြင်္သေ့နှစ်ကောင်။ အဖေ့တွင် သားလေးယောက်ရှိသည်။ ခြင်္သေ့နှစ်ကောင်၊ ကျား နှစ်ကောင်။
 အင်္ဂါသား နှစ်ယောက်ဖြစ်သည်။ ပွန်းရိခဲ့သော အဖေ့ ပခုံးသားများကို မေ့လျော့ နေလေပြီ။ ကောင်းကင်တွင် မိုးသားများ ပို၍ ညိုအိနေပြီလော သူတို့မသိ။ အဖေ မရှိသော ကောင်းကင်အောက်တွင် ပုန်းလျှိုးကွယ်လျှိုး အရက်သမား ဖြစ်နေကြ သည်။ ကောင်းကင်တွင် အဖေ ပစ်တင်ခဲ့ သောကြယ်သည် ခြင်္သေ့နှစ်ကောင် လက်ထက်တွင် ညိုညစ်ညစ် ဖြစ်တော့မည်။ အဖေ့သမိုင်းသည် ရင်လေးစရာ။ အဖေ့ စာမျက်နှာသည် နောက်တစ်ရွက် လှန်ရန် ၀န်လေးစရာ ဖြစ်လာသည်။
ညနေစောင်းလျှင် လေပြည် ချိုသော်လည်း တောအရက်နံ့ ရှိရာ သူတို့ ခြေလှမ်းများ။ လှပသော အရောင်အဆင်း ရှိသော်လည်း ညံ့ဖျင်းလှစွာသော နှင်းဆီ၏ ဆူးများသဖွယ်။ မိုက်ရိုင်း ထွားကျိုင်းနေကြသည်။
 ချိုသော အရက်သမားကြီး၏ စိတ်ကူးသည် အရက်သမား ထွန်းကားရေးတော့ မဟုတ်တန်ရာ။ မြစ်တစ်မြစ်၏ အိပ်မက်သည် သဲထိုး၍ ကောနေဖို့ မဟုတ်။ အတိတ်မှ ညနေလေးများကို ပြန်ရချင်ပါသည်။ သို့သော် မရတော့နိုင်။ ညနေတိုင်း ညနေတိုင်းတွင် တမလွန်မှ ချိုသော အရက်သမားကြီးသည် ရေတံခွန်ကဲ့သို့ တ၀ုန်းဝုန်း တဖွားဖွား စိတ်ညစ် နေရော့မည်။ သို့သော် သားအရက် သမားများကား မေတ္တာတရားကို အဓိပ္ပာယ် အကောက်မှားခဲ့သည်။
“ဘမျိုးဘိုးတူ” ဆိုသည်ကား ညနေရောက်လျှင် လေချဉ်တက်ရန် မဟုတ်ပါ။ တစ်ချိန်တုန်းက အဖေ့လေချဉ်သည် စားဝတ်နေရေး၏ မဟာမိတ်တပ်ကူ။ ခုချိန် အမေအို ဘေးနားက လေချဉ်သည်ကား အမေ့အတွက် ငရဲပန်း။ ညစ်နွမ်းဆိုးသွမ်း လှချည့်ရဲ့။ အမေ့ကို လေးနက်စွာ သနားမိသည်။ ခြင်္သေ့နှစ်ကောင်၏ ဆူသံများ၊ ဆဲသံများသည် အဖေ့ဂလိုင် လှုပ်သံကို ၀ါးမြိုခဲ့ ကြသည်။ အဖေ့ခြေလျင် ခရီးကို ဟားတိုက် ရယ်မောကြသည်။ အဖေ၏ ဘာသာတရားသည် မှေးမှိန်ပျောက်ကွယ်တော့မည်လော။
 အဖေနေရာ ရောက်နေသော ခြင်္သေ့နှစ်ကောင်၏ မိန်းမနှင့် သမီးများက သနားစရာ။ အမေနဲ့ ကျွန်တော့်လို မွှေးကြိုင်သော တောအရက်နံ့ကို မရှူရှိုက်ဖူးကြ။သူတို့အတွက် တောအရက်နံ့သည် ထိတ်လန့် ခြောက်ခြားဖွယ် ညနေခင်းများ။ သူတို့ တောအရက်နံ့ကို နာကျည်းနေမှာ သေချာသည်။ ကျွန်တော် တောအရက်နံ့ကို လွမ်းဆွတ်နေချိန် သူတို့စက်ဆုပ် ရွံရှာကြလိမ့်မည်။

အမေသည် လင်ဆိုးမယား တဖားဖား မဖြစ်ခဲ့။ အမေ့ချွေးမ နှစ်ယောက်၏ အနာဂတ်သည် တဖားဖား ဖြစ်ခဲ့သည်။ ညနေစောင်းလျှင် ဂနာမငြိမ်သော ခြေလှမ်းများကား အဘယ် သို့ပါနည်း။ အတိတ်ကို မဆာလောင်တတ်သော အတိတ်ကို တသသ မဖြစ်တတ်သော အဖေ့သား စင်စစ်များ ဖြစ်သည့် ခြင်္သေ့နှစ် ကောင်၏ ဟိန်းဟောက်သံများ ဖြစ်သည်။
 အဖေ့စိတ်ကူးနှင့် အမေ့အိပ်မက်တို့သည် အိမ်ဝင်းတံခါးနှင့် အတူ သွင်သွင် ကျိုးခဲ့ပြီ။ အမေ့သွားတို့သည်ပင် အရက်သမားတို့ကို ကြောက်၍ ကြိုတင်၍ ကျိုးခဲ့လေသလား။ မသိတတ်နိုင်။ အမေ့ကို ရမ်းကား၍ အမေ ရှောင်ပုန်းခဲ့ရသည့် ရက်များလည်း မရေတွက်နိုင်။ ဆင်ခြင်တုံတရားသည်ကား ချိုသော အရက်သမားကြီးနှင့် တူးတူးခါးခါး ကွာခြားလှ၏။
 “သားဆိုးအမေ တပေပေ” ဘ၀ဖြင့် အမေသည် ရှက်ရွံ့ သိမ်ငယ်စွာ ရှောင်ပုန်းခရီး ဆက်ရပေဦးမည်။ အမေ့ ဆံပင်ဖြူတို့သည် အဘယ်သို့ မောဟိုက်ပင်ပန်းနေ မည်နည်း။ အမေ့ မျက်ရည်တို့သည် အဘယ်မျှ ထိုးစိုက်ဖောက်ခွဲ နေမည်နည်း။ အမေ့၏ တွန့်ကြေသော အရေပြားတို့သည် အိုကံ မကောင်းခဲ့။ ချိုသော အရက်သမားကြီးသည်လည်း တမလွန် ချောင်တစ်နေရာမှာ အဘယ်သို့ အော်ဟစ်ငိုကြွေး နေမည်နည်း။ အတိတ်မှ ငါးရာ့ငါးဆယ် ဇာတ်တော်တို့သည်လည်း ခြင်္သေ့နှစ်ကောင်၏ ညနေခင်းထဲ နစ်မြှုပ်သွားလေပြီ။ ရီဝေေ၀ ဖြစ်သွားချေပြီ။
 ဤသို့ဆိုလျှင် မည်သူ တစ်ဦးတစ်ယောက်၏ ညနေခင်းတို့သည် သာယာသော လေပြည်ညင်းတို့ အစဉ်တိုက်ခတ် နေမည်နည်း။ မည်သူ တစ်ဦးတစ်ယောက်၏ အစ်ကိုများသည် အသွင်သဏ္ဍာန်အားဖြင့် အဖေနှင့် တူအောင် ညနေစဉ် (သို့မဟုတ် နေ့စဉ်) အရက်မည်မျှ သောက်မည်နည်း။ တွေး၍ မရနိုင်ပါ။ အဓိပ္ပာယ် မကောက်တတ်ပါ။ အရက်သမားတို့၏ ဘ၀သည် ခါးသီးလှ၏။ အရက်သမားတို့နှင့် နေရသည်ကား ထို့ထက်ပို၍ ခါးသီးလှ၏။

သို့သော် . . .
အရက်သည် နှုတ်ခမ်းအလိုက် ကွဲပြားသွားဟန် ရှိသည်။ နှလုံးသားအလိုက် ကွဲပြားသွားဟန် ရှိသည်။ အဖေ့ တောအရက်နှင့် အဖေ့ ညနေခင်းသည် မိသားစု စားဝတ်နေရေး ဖြစ်ခဲ့သည်။ ထို့ကြောင့် အရက်သည် မြတ်နိုးခြင်းပင်လယ်။ အဖေသည် ချိုသောအရက်သမားကြီးဖြစ်ခဲ့သည်။ ခြင်္သေ့နှစ်ကောင်၏ နှုတ်ခမ်းများကား အကျည်းတန်လှ၏။
 အကြောင်းမှာ ဤသို့တည်း။
၎င်းတို့၏ ဇနီးများက အရက်သမားများ ဖြစ်ရမည်။ သူတို့မှာ သားရေး သမီးရေး လင်ရေး စုံလင်လှ၏။ သူတို့သည်သာ စားဝတ်နေရေး။သူတို့ ရုန်းကန်ကြရ၏။ “ရေး”များကို ယောက်ျားတို့ ကိုယ်စား သူတို့ ၀င်ထမ်းရ၏။သူတို့ ပခုံးများသည် ယောက်ျားဆန် နေကြရသည်။ အရက်သမားတို့ ဇနီးမယား ဖြစ်ရသည်ကား လက်များ၊ ပခုံးများ၊ ခြေထောက်များ သန်မာဖို့ လိုအပ်မည် ထင်ပါသည်။ သူတို့သည် ချိုသော အရက်သမားကြီး ကဲ့သို့ အညောင်းပြေ အညာ ပြေ တစ်ခွက်တစ်ဖလား ချသင့်သည်။ သို့သော် သူတို့အရက် မသောက်တတ်ကြပါ။
 ဤကမ္ဘာ၌ မြစ်များပြောင်းပြန် စီးပေတော့မည်။
_ _ _ငယ်ငယ်က ချိုသော အရက်သမားကြီးကို သိမ်းကြုံးသတိရ တိုင်းခေတ်သစ် အရက်သမားများကို ကျောက်ခေတ်မုန်း မုန်းမိပါသည်။ အိမ်တစ်အိမ်တွင် ကြွက်များ သောင်းကျန်းသည့် အခါ ကြွက်ရောင်းရန် ရှိသည်ဟု ဆိုင်းဘုတ် ရေးကြသည်။ အိမ်တွင်းမှ ကြွက်များ ကြောက်လန့် သွားစေရန် ရည်ရွယ်၏။ ထောင်ခြောက်များ၊ ကြွက်ဆေးများဖြင့် နှိမ်နင်းသော်လည်း မရသောကြောင့် ထို စာတန်းကို ဂမ္ဘီရဆန်ဆန် အားကိုးလိုက်ရသော သဘောဖြစ်၏။ ခုလည်း အိမ်မှာ အရက်သမားများကို နည်းမျိုးစုံ သုံး၍ နှိမ်နင်းခဲ့ပါသည်။ ဗျူဟာ၊ မဟာဗျူဟာ စသည်ဖြင့် နည်းပရိယာယ် စုံပါသည်။ သို့သော် မရပါ။ ထို့ကြောင့် ဆိုင်းဘုတ်တစ်ခု ရေးရန်သာ ရှိတော့သည်။
“အရက်သမားရောင်းရန် ရှိသည်” ဟူ၍။ ။
(ခြင်္သေ့နှစ်ကောင်ဖြစ်သည့် ကိုစောနှင့် ကိုဇော်သို့)



လူနှင်းချို(မတ္တရာ)
(ပေဖူးလွှာ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...