သားရဲ့ အမေ
ခေါင်းလိမ်းဆီ အရွဲသား
ပါးကွက်ကြားလေးနဲ့
မင်း ကျောင်းစတက်တော့
အဖေကလည်း တပြုံးပြုံး
အမတွေကလည်း တရုန်းရုန်းနဲ့
ငါ့နှလုံးသားမှာ ကြည်နူးလို့မဆုံးခဲ့ဘူး။
ကျောင်းမှာ စာတော်လို့
ဆရာတွေကချစ်
နှစ်စဉ်နှစ်တိုင်း ဆုတွေရ
တို့တတွေ ကြားလို့မ၀ခဲ့ဘူး
အဲ့ဒါ မင်းငယ်စဉ်တုန်းကပေါ့
ထွန်းအုံ
တက္ကသိုလ်နှစ်တွေမှာတော့
အိမ်ရောက်ချိန် မူမမှန်
ပြန်လာရင် စာတအုပ်နဲ့
တကုတ်ကုတ်ဖတ်တော့တယ်။
ဘွဲ့ရပြီးချိန်မှာ
အဖေ့အရှိန် အမေ့အရှိန်နဲ့
ဂုဏ်သိမ်ရှိတဲ့အလုပ်
လုပ်ပါဆိုတော့
“သူ့ကို ပညာတတ်လို့
မပြောပါနဲ့ ရှက်လို့ပါ” တဲ့
“လမ်းဘေးက စာအုပ်တန်းမှာ
ကျဘမ်းပဲ လုပ်စားမယ်”
တဲ့
လက်ဖျားနဲ့တောင် မထိရက်ခဲ့တဲ့
အဖေကြီးက စိတ်တွေဆိုး
ဓါးနဲ့မိုး ကြိမ်းခဲ့ပေမယ့်
ကွယ်ရာမှာ မျက်ရည်တွေ
ခိုးကျနေရတာ
နင်သိရဲ့လား ထွန်းအုံ။
ဖတ်လိုက်ရတဲ့စာတွေ မှတ်လိုက်ရတဲ့စာတွေ
အိမ်မှာ သူ့ထက်တတ်တာ
မရှိဘူး
အသိခေါက်ခက် အ၀င်နက်သူရဲ့
ငါ့မှာ သားဆိုလို့
မင်းတယောက်ရှိတာ မသိလေရော့သလား။
ဟင်းကောင်းချက်ထားလည်း
သူမစား
ထမင်းကို ဆီစမ်းပြီး
ခပ်ကြမ်းကြမ်းဆားတွေဖြူး
ဂမူးရှူးထိုး စားလေတော့
မင်းရူးပြီလို့ တို့ကထင်
မင်းဘ၀င်မှာတော့ လေ့ကျင့်တာပေါ့လေ။
မင်းကိုခေါ်သွားကတည်းက
ငါ့မှာ နေ့နဲ့ ညတွေမှား
ကားသံတွေကြားရင် လန့်နိုး
ခြေသံတွေကြားရင် လန့်နိုး
တံခါးခေါက်သံကြားရင်
လန့်နိုး
ငါ့ရင်တွေ ကျိုးခဲ့ပြီ။
အခုတော့ လေ့ကျင်လို့
ရသေးသလား
ပြန်ရှင်လို့ရသေးလား
ထကြည့်စမ်းပါဦး ထွန်းအုံရယ်
မင်းချစ်တဲ့ သူငယ်ချင်းတွေ
လာနေကြပြီလေ။ ။
လင်းထက်ငြိမ်း
0 comments:
Post a Comment