Friday, October 14, 2011

ထူးဆန်းသော အပြုအမူ ပိုင်ရှင်


ကျွန်တော်တို့ ရပ်ကွက်ထဲမှာ အသက် ၈၀ ကျော်လောက်အဖိုးအိုတစ်ဦးရှိတယ်၊ သူ့နာမည်ရင်းက ဦးကျော်စွာတဲ့။ ဒါပေမဲ့သူ့ရဲ့ထူးဆန်းတဲ့ အပြုအမူတွေကြောင့် လူတွေက ဦးဖိုးထူးလို့ ခေါ်ကြတယ်။ သူ့ရဲ့ထူးဆန်းပုံက..တခါတလေ တစ်ယောက်တည်းစကားတွေ ပြောနေတတ်တယ်။ ပြီးတော့ သူက နေ့ဘက်ဆို သိပ်အပြင်ထွက်လေ့မရှိဘူး။ တခါတလေ နေ့ဘက် ဈေးထွက်ဝယ်ရုံကလွဲလို့ ညဘက်ရောက်မှ ဦးထုပ်ကြီးကိုဆောင်း၊ အနွေးထည်ကြီးကိုဝတ်လို့ တုတ်ကောက်ကြီးနဲ့ လမ်းပေါ်မှာသွားလာနေတာကို တွေ့ကြရတယ်။ ဒါကြောင့် လူတွေကလဲ သူ့ကို သိပ်အပေါင်းအသင်းမလုပ်ကြဘူး။ သူကလဲ ကိုယ့်ဘာသာ နေတာ ပိုများတယ်လေ။ လူတွေနဲ့ ရောရောထွေးထွေး နေလေ့မရှိဘူး။ လူတွေကလဲ သူ့ရဲ့ ထူးဆန်းတဲ့အပြုအမူတွေကြောင့် သူနဲ့ စကားပြောဖို့ တွန့်ဆုတ်ကြတယ်။ ရပ်ကွက်ထဲမှာတော့ လူထူးလူဆန်းတစ်ယောက်ပါပဲ။


ကျွန်တော်လဲ သူနဲ့  စကားတောင်မပြောရဲဘူးလေ။ ကျွန်တော် အဲဒီတုန်းက အသက် ၁၄ နှစ်လောက် ပဲ ရှိသေးတယ်။ သူရဲ့ပုံပန်းက အရပ်ခပ်ပြတ်ပြတ်၊ အသက် ၈၀ ဆိုပေမဲ့ တောင့်တင်းသန်မာပုံရပါတယ်။ သူ့မှာ သားသမီး ဆွေမျိုးလဲ ရှိပုံမရဘူး။ တစ်ခါမှ သူ့အိမ်ကို ဆွေမျိုးညာတိတွေ လာလည်တာလဲ မတွေ့ခဲ့ရပါဘူး။ ရပ်ကွက်ထဲက တခြား သူ့လို သက်ကြီးရွယ်အို လူကြီးတွေပြန်ပြောပြတာက သူ့မှာ ဆွေမျိုးတော့ ရှိတယ်။ သူနဲ့ အဆက်အသွယ် မလုပ်တာ လို့ ဆိုကြတယ်။ သူ့မှာ သားသမီးတော့ ရှိမရှိ မသေချာဘူး
တဲ့။ ပြီးတော့ ငယ်စဉ်က စိတ်ထိခိုက်မှု တစ်ခုနဲ့ ကြုံခဲ့ရလို့ အခုလိုအခြေအနေမျိုးဖြစ်သွားတယ်လို့ ပြောကြတယ်။

တစ်ညတော့ ကျွန်တော် ကျူရှင်က ပြန်လာတော့ မိုးက အတော် ချုပ်နေပြီ။ ညရဲ့ တိတ်ဆိတ်မှုနဲ့ အတူ အေးချမ်းတဲ့ဆောင်းတွင်းလဲ ဖြစ်ပြန်တော့ လူတွေ သွားလာနေတာ သိပ်မတွေ့ရဘူး။  လေညင်းကလဲ ဆော်သွေးလေတော့ ခိုက်ခိုက်တုန်အောင် ချမ်းလွန်းလှတာပေါ့။ ကျွန်တော်က လွယ်အိတ်လေးကို ပိုက်လို့ ခပ်သွက်သွက်နဲ့ ကျွန်တော်တို့ အိမ်နားက ပန်းခြံလေးကို ဖြတ်လျှောက်လာခဲ့တယ်။ ပန်းခြံထဲမှာတော့ ဘယ်သူမှလဲ မရှိပါဘူး။ ခွေးအူသံတွေကလဲဆူညံနေတယ်။ လက လဲ မပီမပြင် ၀ိုးတ၀ါးနဲ့ အလင်းပျောက်ညရဲ့ တိတ်ဆိတ်မှုက ကြောက်မက်ဖွယ်ကောင်းလှတယ်။

ဒီလို ကျွန်တော် ပန်းခြံထဲကို ဖြတ်လျှောက်လာတုန်း ရုတ်တရက်... ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာ လူတစ်ယောက် ဦးထုပ်ဆောင်းပြီး ကုတ်အင်္ကျီအရှည်ကြီးကို ၀တ်လို့ ခေါင်းငိုက်စိုက်ချပြီး လမ်းလျှောက်လာတာကို တွေ့မိတယ်။ ကျွန်တော်သိလိုက်ပါတယ်... ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်လျှောက်လာတာက ဦးဖိုးထူး ပဲ ဆိုတာ သေချာနေပြီလေ။  ညရဲ့ တိတ်ဆိတ်မှု နဲ့ လမ်းမီးမှိန်မှိန်အောက်မှာ ရုတ်တရက်ဆိုသလို ကျွန်တော် ကြောက်တဲ့ လူတစ်ယောက်နဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့အခါ ကျွန်တော့်ရဲ့ နှလုံးသွေးတွေ အေးခဲသွားသလိုခံစားရတယ်။ ကြက်သီးတွေကလဲ ဖြန်းကနဲ ထသွားတာမယ်ဆိုတာ စာဖတ်သူ သတိထားမိနိုင်ပါတယ်။ ကျွန်တော်လဲ ဒါနဲ့  နောက်ပြန်လှည့်လို့တော့ မဖြစ်ဘူး ဆိုပြီး ခပ်သွက်သွက်နဲ့ ခေါင်းကို ငုံ့ပြီး အပြေးလျှောက်လာ လိုက်တယ်။ သူရဲ့ ဘေးနားက လဲ ဖြတ်သွားရော သူက "သား" လို့ လှမ်းခေါ်ပြီး "ဘယ်နှနာရီ ရှိပြီလဲ" လို့မေးတယ်။

ကျွန်တော်လဲ သူ့ရဲ့ အမေးကို အသံကတုန်ကယင်နဲ့ "ဆယ့်... ဆယ့်တစ် နာရီ ခွဲ..ခွဲ ပါပြီ အဘ" လို့ပြန်ဖြေလိုက်တယ်။ ဒါနဲ့သူက "အချိန်ကောင်းပဲ " လို့ပြန်ပြောလိုက်ပါတယ်။ ပြီးတော့ သူက ကျွန်တော့်ကို "သား အိမ်ပြန် နောက်ကျလှချည်လား၊ သတိထားပြန်နော် အဲဒီဘက်က နည်းနည်းမှောင်တယ် " လို့ သူ့ရဲ့ နှုတ်က မထင်မှတ်တဲ့ စကားကို ကြားလိုက်ရပါတယ်။ သူ့ရဲ့ စကားလဲကြားရော ကျွန်တော်လဲ နည်းနည်းတော့ အကြောက်ပြေသွားပါတယ်။ ဒါနဲ့ သိချင်တာနဲ့ သူ့ကို "အဘ ရော ဘယ်သွားမလို့လဲ ... အဘလဲ သတိထားသွားဦးနော် အဘ" ဆိုပြီး ပြောလိုက်ပါတယ်။

သူက "အဘက မိန်းကလေးတစ်ယောက်ကို စောင့်နေတာကွဲ့... သူက ဒီလိုအချိန်ဆို ဒီပန်းခြံထဲကို ရောက်လာတယ်လေ.."

ကျွန်တော် ထိတ်လန့်သွားပါတယ်။ ဒီလိုအချိန် ဒီလိုနေရာမျိုးကို ရောက်လာနိုင်တယ်ဆိုတော့ သာမန်မိန်းကလေးတစ်ယောက်တော့ မဖြစ်နိုင်ဘူးလေ။

ဒါနဲ့ အဘကို ကြည့်ပြီး "သူက ဘယ်သူလဲ အဘ" လို့မေးတော့ အဘက "သူက လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်က မိဘတွေ သဘောမတူလို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ အဘရဲ့ ချစ်သူပေါ့ကွယ်"

ကျွန်တော့်ရဲ့ တုန်ယင်နေပုံကိုကြည့်ပြီး အဘက "မစိုးရိမ်ပါနဲ့ ကွယ်.. သူက ၀ိဥာဉ်ဖြစ်နေတာဆိုပေမဲ့ ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်ပါဘူး။ အဘရဲ့ စံပယ်လေးက စိတ်ထားဖြူစင်ပါတယ်ကွယ်... သူက ညညဆို အဘနဲ့ စကားလာလာပြောယုံသက်သက်ပါ...ဒီမှာသူ့ကို လာစောင့်နေကျလေ"

ကျွန်တော်ဒီစကားလဲ ကြားရော မျက်ရည်ဝဲလာပါတယ်။ လူတွေက သတ်မှတ်ထားတဲ့ ထူးဆန်းတဲ့ လူတစ်ယောက်ရဲ့ ဘ၀က စိတ်မကောင်းစရာ နောက်ခံပုံပြင်လေးတစ်ခု ရှိခဲ့ပါလား။ အနှစ်၅၀တိုင်အောင် ညစဉ် မပြတ် လာစောင့်နိုင်တဲ့ အဘရဲ့ မေတ္တာကို စိတ်ထဲက ချီးကျူးလေးစားလို့ မဆုံးပါဘူး။

ဒါနဲ့ ကျွန်တော်လဲ "အဘ ကျွန်တော့်ကို ခွင့်ပြုပါဦး" ဆိုပြီး အဘကို နှုတ်ဆက် ထွက်လာခဲ့ပါတယ်။

ကျွန်တော့်ခြေလှမ်းတွေ လေးလံမှုနဲ့အတူ ... ကျွန်တော့်ရဲ့ အတွေးတွေကလဲ အဘတို့ရဲ့ ဇာတ်လမ်းလေးကပဲ ကြီးစိုးနေပါတယ်။ ဒါနဲ့ ကျွန်တော်လဲ စိတ်ထဲက တွေးမိပါတယ်။ "ရှားပါးတဲ့ ချစ်ခြင်းမေတ္တာဆိုတာ အသက်အရွယ်နဲ့ မပြောင်းလဲနိုင်ဘူး " ဆိုတဲ့ အသိလေးတစ်ခုပါပဲ။ ကျွန်တော်ဒါနဲ့ နောက်ပြန်လှည့်ကြည့်လိုက်တော့ အဘက ထိုင်ခုံလေးမှာထိုင်ရင်း ပြုံးပြီး စကားတွေ တပြောပြောနဲ့ပေါ့။

ကျေနပ်နိုင်ကြပါစေ။
စာချစ်သူများအား ကျေးဇူးတင်ပါသည်။
(ဇေယျာ) 15/Oct/2011,8:30 am

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...