ရေ...ရေ ဘာကြောင့်ကြီး
by Moenge Aung on Thursday, October 27, 2011 at 8:57pm
Flower News Journal Originally posted
လူတိုင်းက မိမိနေထိုင်ရာ ဒေသပတ်ဝန်းကျင်ကို ဂရုစိုက်ခြင်း၊ ဂရုမစိုက်ခြင်းဆိုသည့် သေချာသော အဖြေတစ်ခု ထွက်လာပြီ ဖြစ်သည်။ ယခုကဲ့သို့ မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများကို ကြည့်လျှင် လူတိုင်းက စည်းကမ်းလိုက်နာမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းကို ပိုမိုထင်ရှား ပေါ်လွင်စေသည်။ ထို့သို့ ဖြစ်ပေါ်လာခြင်းများအပေါ် အချိန်မီ ပြုပြင်ပြောင်းလဲခြင်းများ မပြုလုပ်၊ မကာကွယ်၊ မလိုက်နာကြပါက နောင်တွင်ဖြစ်လာမည့် သဘာဝ ဘေးအန္တရာယ်များသည် ပိုမိုကြီးထွားလာမည် ဖြစ်သည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ မည်မျှအရေးကြီးလာပြီ ဖြစ်သည်ကို ဤဖြစ်ရပ်များကို ကြည့်၍ တွေ့နိုင်ပြီ ဖြစ်သည်။ ယင်းအတွက် ပြောင်းလဲလာသော ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများကို ဂရုပြုနိုင်စေရန် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများကို စုစည်းတင်ပြလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း ဒေသကြီး
သြဂုတ် ၁ ရက်မှ ၃ ရက်အထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေရာစိပ်စိပ် မိုးရွာသွန်းမှု နှင့်အတူ ထူးကဲဒီရေ မြင့်တက်ခဲ့သည့်အတွက် လှိုင်မြစ်၊ ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ငမိုးရိပ်ချောင်းများ ကမ်းပြည့်အောင် ရေများ မြင့်တက်ခဲ့သည်။ အဆိုပါ မြစ်ရေများသည် ရေထွက်ပေါက်များဆီမှ ရေများပြန်ဝင်လာပြီး မြို့နယ်အချို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ထိုမြစ်ချောင်းများနှင့် ဆက်စပ်နေသော ရေထွက်ပေါက်များမှ ရေများပြန်ဝင်လာသည့်အတွက် မြောက်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်မြို့နယ်နှင့် အင်းစိန်မြို့နယ်ရှိ အနိမ့်ပိုင်းလမ်းများ၌ အနိမ့်ဆုံး ရေအမြင့်တစ်ပေမှ အမြင့်ဆုံး လေးပေအထိ မြင့်တက်ခဲ့သည်။ ရေကြီးခြင်းကို အဓိကကြုံတွေ့ခဲ့ရသော မြောက်ဥက္ကလာပ (၂)ရပ်ကွက်သည် အခြေအနေဆိုးရွားခဲ့ပြီး ငမိုးရိပ်ချောင်းမှ တက်လာသော ဒီရေမှာ ရပ်ကွက်ကို ပတ်၍ ကာထားသော အမြင့်ငါးပေအကျယ် ရှစ်ပေခန့်ရှိသော တာကိုရေကျော်တက်ခဲ့ခြင်း ဖြစ်သည်။ သုနန္ဒာ၊ ဣန္ဒာ၊ ဝဇီရာ စသည့်နေရာများတွင်လည်း ရေကြီးမှုများကို ကြုံတွေ့ခဲ့ရပြီး (၁)ရပ်ကွက် အတွင်းရှိ လမ်းများအားလုံးနီးပါး ရေမြုပ်ခဲ့ကာ နေအိမ်အချို့ ရေဝင်ခြင်းခံခဲ့ရကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး
ဧရာဝတီတိုင်း ဒေသကြီးတွင်လည်း ဇူလိုင်လအတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ လယ်ကွက်များ ရေနစ်မြုပ်ကာ စိုက်ပျိုးထားသော စပါးခင်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ယင်းဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ရေကြီးရေလျှံမှုကို ဇူလိုင်လအတွင်းက တစ်ကြိမ်ကြုံတွေ့ခဲ့ရပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီးတွင်လည်း ရေကြီးရေလျှံမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့မှုကြောင့် အဝေးပြေး လမ်းမကြီးများ၊ မြို့ပေါ်ရပ်ကွက်များ၊ လယ်ယာစိုက်ကွင်းများ၊ ရေများ နစ်မြုပ်ပျက်စီးခဲ့ကြသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် အတွင်း သြဂုတ် ၄ ရက်ညနေ ၃ နာရီခန့်တွင် လေဆင်နှာမောင်းတစ်ခု တိုက်ခတ်ခဲ့ကာ လယ်ကွင်းများထဲရှိ တဲနှင့် သစ်ပင်တချို့ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ် အတွင်းမှာလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကျေးရွာများ ရေနစ်မြုပ်ခဲ့ရပြီး လမ်းတံတားအချို့မှာလည်း ပျက်စီးခဲ့ရသည်။ တောင်မြေပြိုကျခြင်းနှင့် လမ်းကမ်းပါးပဲ့ကျမှုများ ဖြစ်ပေါ်ခဲ့ကာ သယ်ယူပို့ဆောင်ရေး ခရီးစဉ်များ ပျက်စီးခဲ့ကြရသည်။
စစ်ကိုင်းတိုင်းဒေသကြီး
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဒေသတွင်လည်း သြဂုတ် ၆ ရက်မှ ၈ ရက်အထိ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြစ်ချောင်းများ ရေပြည့်လျှံကာ လမ်းတံတားများ ပျက်စီးခဲ့ပြီး ကလေး၊ မုံရွာ၊ မန္တလေး၊ ကလေး-ကလေးဝ၊ ကလေး-တမူး ကားလမ်းများ ပျက်စီးကာ သွားလာမှုအားလုံး ရပ်ဆိုင်း ပြတ်တောက်သွားကြောင်း သိရသည်။
ကရင်ပြည်နယ်
ကရင်ပြည်နယ် ဘားအံမြို့၌လည်း သံလွင်မြစ်ရေသည် သြဂုတ် ၆ ရက်က (၈၈၆) စင်တီမီတာသို့ ရောက်ရှိခဲ့သည်။ မြစ်ကမ်းအနီးရှိ အမှတ် ၁၊ ၂၊ ၅၊ ၉ ရပ်ကွက်များသို့ ရေများဝင်ရောက်ကာ ရေဘေးဒုက္ခသည် လေးထောင်ကျော်အတွက် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားကြကြောင်း သိရသည်။
မိုးမြင့်သင်း
0 comments:
Post a Comment