ဒေါ်လာ ၃ သိန်းတန် ခြစားမှုအကြောင်း ရှင်းရှင်းလင်းလင်း
ဧရာဝတီ
Tuesday,
04 October 2011 12:07 အင်တာဗျူး
စက်တင်ဘာ
၃၀ ရက်နေ့တွင် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က
၎င်းတို့ အဖွဲ့အစည်းအတွင်း ထိုင်းဘတ်ငွေ ၉ သန်း (အမေရိကန်ဒေါ်လာ
၃ သိန်း) ခြစားမှု ရှိခဲ့သည်ဆိုသော ယူဆချက်တရပ်ကြောင့်
အများသိစေရန် ထုတ်ပြန်ခဲ့သည်။ ၎င်း ထုတ်ပြန်ချက်၌ DVB ၏
ဒါရိုက်တာဦးအေးချမ်းနိုင်နှင့် တွဲဖက် ဒါရိုက်တာ ဦးခင်မောင်ဝင်းတို့ကလည်း အဆိုပါ
ခြစားမှုကို တာဝန်ယူသည့်အနေဖြင့် အုပ်ချုပ်မှု အပိုင်းမှ ခေတ္တနုတ်ထွက်ကြောင်း DVB
အုပ်ချုပ်မှုအပိုင်းကို လတ်တလောတွင် ဦးဟန်ညောင်ဝေက
တာဝန်ယူထားကြောင်း ပါရှိသည်။
အဆိုပါ
ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန်အတွက် အဖွဲ့အတွင်း
ခြစားမှုကို အရေးယူ ဆောင်ရွက်မှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိသူ DVB ၏ ထိုင်းနိုင်ငံတာဝန်ခံ ဦးတိုးဇော်လတ်အား
ဧရာဝတီသတင်းထောက် အေးချမ်းမြေ့က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ DVB ရဲ့
အဖွဲ့တွင်း ခြစားမှုကိစ္စ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီတော့ မြန်မာ ပရိသတ်အနေနဲ့
ရှင်းရှင်း လင်းလင်း သိရအောင် ဒီဖြစ်စဉ် တခုလုံးကို အရင်ဆုံး
ရှင်းပြပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခု ခြစားမှုက မဲဆောက်ရုံးက ဆိုပြီး
ကောလာဟလ သတင်းတွေ အမျိုးမျိုး ထွက်နေတယ်။ ဟိုလူလား၊ ဒီလူလား ဆိုပြီး သိချင်တဲ့
သူတွေလည်း ရှိတယ်။ ဒါကြောင့် ဒီဖြစ်စဉ်ကို ရှင်းပြပေးပါ။
ဖြေ။ ။ DVB တည်ဆောက်ပုံ
အကြောင်းကို နည်းနည်းလေးပြောပြမှ ပိုရှင်းသွားမယ်နဲ့ တူတယ်။ နော်ဝေးက အော်စလို
ဌာနချုပ်ပေါ့။ အဲဒီ ဌာနချုပ်အောက်မှာ DVB ရဲ့
စီမံခန့်ခွဲမှု ဆိုတာ ရှိတယ်။ အဲဒါ ကိုအေးချမ်းနိုင်နဲ့ ကိုခင်မောင်ဝင်းပေါ့။
သူတို့က ဒါရိုက်တာနဲ့ တွဲဖက်ဒါရိုက်တာ။ အဲဒီထဲမှာမှ နောက်ထပ် စီမံခန့်ခွဲရေး
ကော်မတီဆိုတာ ထပ်ရှိတယ်။ အဲဒါ ကိုအေးချမ်းနိုင်၊ ကိုခင်မောင်ဝင်း၊ ကျနော်နဲ့
ကိုခင်မောင်စိုးရယ်၊ ပြည်တွင်း ကွန်ရက်ကို ကိုင်တွယ်တဲ့ မန်နေဂျာ တယောက်ရယ် ၅
ယောက်ပေါ့။
DVB
ရုံးခွဲအနေနဲ့ကတော့ အော်စလိုက ဌာနချုပ်၊ ပြီးရင် ထိုင်းဗျူရို၊
ထိုင်းဗျူရိုအနေနဲ့က ချင်းမိုင်က အဓိက၊ ဘန်ကောက်မှာ သတင်းထောက် ရှိမယ်၊ မဲဆောက်မှာ
ရုံးတခုရှိတယ်။ ပြီးတော့ အိန္ဒိယမှာက Outsource တခု
ရှိတယ်။ ပြည်တွင်း ကွန်ရက် အနေနဲ့ကတော့ ပြည်တွင်းက ကွန်ရက် အဖွဲ့တွေကို
ထိန်းချုပ်တဲ့ ရုံးတရုံး မဲဆောက်မှာရှိတယ်။
ပြည်တွင်း
ကွန်ရက်ကိုကိုင်တွယ်တဲ့ မဲဆောက်ကအဖွဲ့ကို တရားဝင် တည်ဆောက်ပုံထဲမှာ ထည့်မထားဘူး။
ပြည်တွင်း လုပ်ငန်း လုပ်ရတယ်ဆိုတော့ သူတို့ရဲ့ လုံခြုံမှုနဲ့ လျှို့လျှို့ဝှက်ဝှက်
လုပ်ရတာကြောင့်ပါ။ DVB ချင်းမိုင်ရုံးရဲ့
အောက်မှာ ပုံမှန်လည်ပတ်နေတဲ့ မဲဆောက်ကရုံးနဲ့ မဲဆောက်အခြေစိုက် ပြည်တွင်း
ကွန်ရက်ရုံးနဲ့ မဆိုင်ဘူး၊ သပ်သပ်ပါ။ အခုကိစ္စကို တချို့က သေချာမသိတော့
ရှုပ်ထွေးကုန်တာပေါ့နော်။ တကယ်တမ်းက ပြည်တွင်း ကွန်ရက်ဆိုတာ DVB အင်တာနက် စာမျက်နှာမှာ တရားဝင်ဖော်ပြထားတဲ့ ဆက်သွယ်ရန် နံပါတ်တောင်
ပေးမထားပါဘူး။
မေး။ ။ ဘတ်ငွေ ၉ သန်း၊ အမေရိကန်ဒေါ်လာနဲ့ဆို ၃
သိန်းတောင် အလွဲသုံးစား ရှိခဲ့တယ် ဆိုတဲ့ အကြောင်းရင်းက ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြစ်နေတာ ကြာပြီလို့လဲ ကြားတယ်။ ဘာကြောင့် အုပ်ချုပ်မှုအပိုင်းက အခုမှ သိတာလဲ။
ဖြေ။ ။ အခု ဖြစ်သွားတဲ့ ကိစ္စကို ပြောရရင်တော့
အဓိကက ပြည်တွင်း လုပ်ငန်းဆိုတာ လုပ်ရကိုင်ရတာ ခက်တယ်။ ပြည်တွင်း ကွန်ရက်ရဲ့
အောက်မှာ လုပ်နေတဲ့ မန်နေဂျာတွေ အနေနဲ့ တချို့ စာရင်းပြန်ပြရတာ တော်တော်ခက်တယ်
ပေါ့ဗျာ။ နံပါတ် ၁ က လုံခြုံရေးကြောင့် ပါတယ်။ ဒီလုပ်ငန်းရဲ့ သဘော သဘာဝကိုက
အင်မတန် ရှုပ်ထွေးတယ်။ နောက် သတင်းထောက် ငွေပေး၊ ငွေယူ ကိစ္စတွေမှာ လက်မှတ်
ထိုးခိုင်းဖို့လည်း တော်တော်ခက်တယ်။ ဒီစာရင်းထွက်သွားရင်လည်း သူတို့ရဲ့
လုံခြုံရေးက အန္တရာယ် ရှိတာကိုး။ သူတို့တွေထဲမှာ တချို့ ထောင်ကျနေတာလည်း
ရှိတယ်ဆိုတော့ သူ့ရဲ့ သဘောသဘာဝကိုက လျှို့ဝှက်ရတယ်။ ဒါပေမယ့် ကျနော်တို့ DVB
အုပ်ချုပ်ရေး အပိုင်း အနေနဲ့ ကလည်း ဒီပိုက်ဆံကို တကယ်
ဘယ်လိုသုံးနေလဲ ဆိုတာကို သိချင်တယ်။ လျှို့ဝှက်မှုရှိတယ်ဆိုတာ နားလည်တယ်၊
လုံခြုံရေးကို ဦးစာပေးရမယ် ဆိုတာလည်း နားလည်တယ်။ ဒါပေမယ့် အဲဒီအပေါ်မှာမှ ကိုယ်က
ဘယ်လောက် ပွင့်လင်းမြင်သာမှု ရနိုင်မလဲ၊ ဘယ်လောက်အထိကို ပြောပြလို့ ရနိုင်မလဲ၊
ဘယ်လောက်အထိ တင်ပြလို့ရမလဲ၊ ဘယ်လောက်အထိ စစ်လို့ရမလဲပေါ့၊ အဲဒါတွေ သိချင်ခဲ့တယ်။
နောက်တခု
သူ့မှာ ပိုရှုပ်ထွေးတာက ယုံကြည်မှုနဲ့ လျှို့ဝှက်မှု ၂ ခုရှိတယ်။ အဖမ်း ခံရနိုင်တယ်၊
ထောင်ကျနိုင်တယ်၊ အချိန်မရွေး ဒုက္ခရောက်နိုင်တယ်။ အဲဒီလိုဟာတွေ နားလည်ပေး ထားရတယ်။
အစကတည်းက ကျနော်တို့ ဒီအတိုင်း လွှတ်ထားတာတော့ မဟုတ်ပါဘူး။ မျှတအောင် စစ်ဆေးတာတော့
ရှိပါတယ်။ ဒါပေမယ့် အများစုကတော့ ယုံကြည်မှုအပေါ်မှာ တည်ဆောက် ထားတယ်။ အဲဒီအပေါ်မှာ
ယိုပေါက်တွေ၊ ထွက်ပေါက်တွေ အများကြီးဖြစ်နိုင်တာပေါ့နော်။ အဲဒီကြားထဲမှာ
ကျနော်တို့ လုပ်ရတဲ့အပိုင်းက ခက်ခဲတော့ အဖြစ်အပျက်ကို သိဖို့ ကြန့်ကြာတဲ့
သဘောရှိတယ်။
ဒီကိစ္စ
ဖြစ်နေတယ်လို့ သံသယ ဖြစ်တာက သိပ်တော့မကြာသေးဘူး။ ကျနော်တို့ အတွင်းထဲမှာ ပထမ
ကြိတ်ပြီးတော့ ညှိခဲ့ပါသေးတယ်။ ဒါပေမယ့် DVB ဆိုတာကလည်း
အလှူရှင်တွေ ပိုက်ဆံတွေ ယူထားရတာ။ နော်ဝေးမှာ ဖောင်ဒေးရှင်း အနေနဲ့ တရားဝင်
မှတ်ပုံတင်ထားတာ။ ဒီကိစ္စကို ကျနော်တို့ အနေနဲ့ ဖုံးထားချင်ရင် ဖုံးထားလို့ ရပေမယ့်
ဖုံးထားတဲ့အတွက် ဘာအကျိုးမှ မရှိဘူးလို့ ဆုံးဖြတ်ပြီး ဖော်ထုတ်ဖို့ ကြိုးစားတယ်။
အခုပြောနေတာက ဖြစ်နိုင်ခြေရှိတဲ့ ခြစားမှုနော်။ ဒီ ပြည်တွင်း ကွန်ရက်ရဲ့
ထိပ်ပိုင်းခေါင်းဆောင် တချို့ထဲမှာ ခြစားမှု ရှိနေခဲ့တယ်လို့ သံသယ ရှိတယ်။ ကွန်ရက်
တခုလုံးနဲ့ မဆိုင်ဘူး။ တာဝန်ရှိတဲ့လူက အစောက ပြောတဲ့ အဓိက ငွေကိုင်သုံး ပေးရတဲ့လူ၊
လက်မှတ်ထိုး ပေးရတဲ့ လူ ၂ ယောက်၊ ၃ ယောက် လောက်ကို ပြောနေတာပါ။
တကယ်တော့
ပြည်တွင်းနဲ့ တွဲလုပ်နေရတဲ့ လုပ်ငန်းသဘာဝကိုက တော်တော်လေးကို ခက်ခဲတယ်၊
ရှုပ်ထွေးတယ်။ အခုမှ မဟုတ်ပါဘူး၊ အရင်က ပြည်တွင်းနဲ့ လုပ်ငန်းတွေ တွဲလုပ်ခဲ့တဲ့ လူ
တော်တော်များများဟာ ဒီပြဿနာကို ကြုံခဲ့ဖူးပြီးသားပါ။ ဒါပေမယ့် သူများတွေ
ပွင့်ပွင့်လင်းလင်း ရှိတာ၊ မရှိတာထက် ကျနော်တို့ကတော့ တရားဝင် မီဒီယာ
ဖောင်ဒေးရှင်း တခုအနေနဲ့ အများကို အသိပေးတာပါ။
မေး။ ။ အခု ကိုအေးချမ်းနိုင်နဲ့ ကိုခင်မောင်ဝင်းက
ခဏ နုတ်ထွက်ပေးတယ်လို့သိရတယ်။ ကြေညာချက် အနေနဲ့ကတော့ ရှင်းပေမယ့်၊ မြန်မာ ပရိသတ်အနေနဲ့
တော်တော်များများ ဒါကို မရှင်းလင်းဘူး၊ မကွဲပြားဘူး။ သူတို့ကရော ဒီ
အလွဲသုံးစားမှုမှာ ပါဝင်ပတ်သက် နေလို့လား၊ ဒါကြောင့် သူတို့လည်း နုတ်ထွက်သွားရတာလား
ဆိုတဲ့ အသံတွေ ကြားနေရတယ်။ အဲဒါ တကြောင်း၊ နောက်တခုက ခုနက ပြည်တွင်း ကွန်ရက်ရဲ့
ခေါင်းဆောင်ပိုင်း တချို့ အလွဲသုံးစားမှုလို့ ပြောတယ်ဆိုတော့ ဘယ်သူနဲ့ ဘယ်လို ပတ်သက်နေတာလဲ ဆိုတာ
ရှင်းအောင်ပြောပြပါလား။
ဖြေ။ ။ ကိုအေးချမ်းနိုင်ရော၊ ကိုခင်မောင်ဝင်းရော
၂ ယောက်စလုံး ဒီဖြစ်နိုင်ခြေရှိတဲ့ ခြစားမှုထဲမှာ မပါပါဘူး။ သူတို့ ကိုယ်တိုင်လည်း
ဝင်ပြီတော့ ငွေရေးကြေးရေး ကိုင်တွယ်ပြီး သုံးစွဲခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့်
တာဝန်ရှိတဲ့ အနေနဲ့၊ တာဝန်ယူတဲ့ အနေနဲ့ သူတို့ နုတ်ထွက်ပေးတယ်။ နုတ်ထွက်တယ် ဆိုတာက
အုပ်ချုပ်ရေး အပိုင်းမှာပဲ နုတ်ထွက်ပေးရတာပေါ့။ ဒါပေမယ့် သတင်း ထုတ်လုပ်မှု
အပိုင်းမှာတော့ သူတို့ ဆက်လုပ်နေမှာပါ။ သူတို့ တာဝန်ခံမှုကို ပြချင်လို့ သူတို့
နုတ်ထွက် ပေးတဲ့ သဘောပါ။ သူတို့မှာလည်း တာဝန်မကင်းဘူး ဆိုတဲ့ သဘောပေါ့။
သတင်းထောက်နဲ့ အယ်ဒီတာလိုပေါ့။ သတင်းထောက် မှားလည်း အယ်ဒီတာ ခံရတာပဲလေ။ အယ်ဒီတာ
အလုပ်က သတင်းမမှားအောင် စစ်ပေးရမှာကိုး။
အခုတော့
တရားဝင် စစ်ဆေးဖို့အတွက် တရားဝင် ဖွင့်ပေးလိုက်တယ်။ ဖွင့်ပေးပြီးတော့ ဒီ
ဒါရိုက်တာနဲ့ တွဲဖက် ဒါရိုက်တာက အုပ်ချုပ်ရေး နေရာက ဖယ်ပေး လိုက်တယ်။
ပွင့်ပွင့်လင်းလင်း၊ ထင်သာမြင်သာ အားမနာဘဲ ရှင်းလို့ရအောင် လုပ်ပေး လိုက်တဲ့
သဘောပါ။
အစက
သူတို့ ၂ ယောက်က သတင်းလည်ပတ်မှု အပိုင်းရော၊ အုပ်ချုပ်မှု အပိုင်းရော၊ ထုတ်လုပ်ရေး
အပိုင်းရော တာဝန်ခံထား ကြတာပါ။ အုပ်ချုပ်မှု အပိုင်းမှာတော့ သူတို့က ဘတ်ဂျက်
ချပေးတာတို့ ဘာတို့ တာဝန်ရှိတယ်။ ဒါပေမယ့် ခုနက ပြောတဲ့ စာရင်း မပြနိုင်တဲ့
ကိစ္စမှာ သူတို့ ၂ ယောက်က အဝေးကြီး၊ အလွတ်ကြီးပါ။ ဒါပေမယ့် စာရင်းတွေကတော့
သူတို့ဆီလည်း သွားတာပေါ့။ ဒါကြောင့် သူတို့မှာလည်း တာဝန်ရှိတယ်။ သူတို့ လုပ်နေတဲ့
အလုပ်တွေထဲက အုပ်ချုပ်မှုဆိုတဲ့ နေရာကို ဖယ်ပေးလိုက်တယ်။ ဒါပါပဲ။
မေး။ ။ အခု သတင်းဌာန တော်တော်များများမှာ
ဒီသတင်းတက်နေတယ် ဆိုတော့ တချို့က ပြောနေကြတယ် DVB ဘက်က၊
အော်စလိုဘက်က ပြောတဲ့ အသံတွေပဲရှိတယ်။ ခြစားတယ်လို့ အထင်ခံရတဲ့ သူတွေရဲ့ အသံတော့
မပါဘူးလို့လည်း ပြောနေတယ်။ နောက်တခု ကြားတာကတော့ အခု ခြစားမှုနဲ့ သံသယဖြစ်
ခံနေရတဲ့သူတွေက VJ တွေပဲ၊ DVB နဲ့
မပတ်သက်ဘူး၊ သီးခြား အဖွဲ့အစည်း တခုဖြစ်တယ်လို့လည်း ပြောကြတယ်။ ပြည်တွင်းမှာ
ရှိတဲ့ သတင်းထောက် တွေဘက်ကလည်း သူတို့က ဒီလူတွေနဲ့ပဲ တိုက်ရိုက် ဆက်သွယ်တာဖြစ်တယ်၊
DVB နဲ့ မသက်ဆိုင်ဘူး ဆိုပြီတော့ သိထားတယ် ဆိုတော့ DVB
နဲ့ VJ က မတူဘူးလား၊
တဖွဲ့စီသပ်သပ်လားဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ အဲဒါကတော့ တချို့ ပြန်ရှုပ်ထွေးကုန်တာပါ။
ဘားမား VJ
ကွန်ရက်က သပ်သပ်၊ DVB နဲ့
မဆိုင်ဘူးဆိုပြီး ပြောကြတယ်။ တကယ်တော့ ဘားမား VJ ဆိုတာ
၂၀၀၈ ကမှ ထွက်လာတာပါ။ ဒီကွန်ရက်က ၂၀၀၅ ကတည်းက စတည်ခဲ့တာလေ။ အဲဒါကတော့
တော်တော်လေးကို အဓိပ္ပာယ် မရှိတဲ့ ကိစ္စပေါ့။ နောက်တခုကလည်း အဓိပ္ပာယ်မရှိတဲ့
အကြောင်းပြချက်ပါ။ အကုန်လုံးက DVB အောက်ကချည်းပဲ။
ဘာဖြစ်လို့လဲ ဆိုတော့ ခုနက ပြောတဲ့ တာဝန်ယူထားတယ် ဆိုတဲ့ လူတွေက လစဉ်
လက်မှတ်ထိုးပြီး DVB Letter Headနဲ့ ပိုက်ဆံ ယူထားကြတာပါ။
အဲဒါကို တချို့က မသိတော့ ဒီ အုပ်စုတွေ ကွဲနေသလိုလို၊ နည်းနည်း
ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တာပါ။ ဘားမား VJ ဆိုတာ DVB
သတင်းထောက်တွေရဲ့ အကြောင်းကို ရိုက်ထားတာပဲလေ။ ဒါကတော့
ရှင်းပါတယ်။
နောက်တခုကလည်း
စပြီတော့ ပိုက်ဆံချပေးကတည်း ကိုက DVB လုပ်ငန်းပဲ
လုပ်ခဲ့တာပဲ။ နောက်မှ တချို့က မသိရပါဘူး ဆိုတာမျိုး ပြောကြတာတော့ မဟုတ်သေးဘူး။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူတွေကို တာဝန်ပေးကတည်းက ယုံကြည်မှု ရှိခဲ့တယ်ဆိုတာ
ဒီကွန်ရက်အနေနဲ့ DVB အတွက် လုပ်ပေးဖို့၊ DVB ဘတ်ဂျက်နဲ့ ချပေးခဲ့တာပဲ။ သူတို့ကိုယ်တိုင် လက်မှတ် ထိုးပြီး ငွေထုတ်ခဲ့တဲ့ DVB စာရွက်စာတမ်းတွေ ရှိပါတယ်။ အဲဒါကတော့ ကျနော်ထင်ပါတယ်၊ နည်းနည်း
ပိုရှုပ်ထွေးအောင် လုပ်တာပဲ။
မေး။ ။ အစောပိုင်းက ကိုခင်မောင်ဝင်းနဲ့
ကိုအေးချမ်းနိုင်တို့ ပြောသွားတာ ရှိတယ်လေ၊ ပြည်တွင်းမှာ DVB
သတင်းထောက် တရာလောက် ရှိတယ်ဆိုတာ၊ အခုအတိုင်းဆို အဲဒီလောက်
မရှိဘူးပေါ့ ဟုတ်လား။
ဖြေ။ ။ အဲဒီလောက် နီးနီးတော့ ရှိတယ်။ သူတို့ရဲ့
ကွန်ရက်ပေါ့။ အကုန် သတင်းထောက်ကြီးပဲတော့ မဟုတ်ဘူး။ သတင်းပေးတဲ့ သူတွေလည်း ရှိမယ်၊
ကြားထဲက ဆက်သွယ်ပေးမယ့် လူတွေလည်းရှိမယ်၊ အဲဒီလို လူတွေပေါ့နော်။ အုပ်ချုပ်ပေးမယ့်
လူတွေလည်း ရှိမှာပေါ့။ အရင်တုန်းက DVB ပြည်တွင်း
ကွန်ရက် အယောက် ၁၀၀ လောက် ရှိတယ်ဆိုတာ တကယ်လည်း ရှိခဲ့တယ်။ အဲဒီအထဲမှာ
ကျနော်တို့နဲ့ DVB နဲ့ အလုပ်လုပ်ရင်း အဖမ်းခံသွားရတဲ့
လူတွေကအစ ကျနော်တို့ မထုတ်ပစ် ပါဘူး။ အဲဒီလိုလူတွေလည်း ပါမှာပေါ့။ သူတို့က ထောင်ထဲ
ရောက်နေတယ်။ အဲဒီလို စာရင်းတွေနဲ့ ရှိခဲ့တာပါ။
မေး။ ။ အခု ခြစားမှုထဲမှာ အဲဒီလိုမျိုး
ထောင်ထဲရောက်သွားတဲ့ လူတွေအတွက် ပံ့ပိုးပေးရတဲ့ ငွေကြေးတွေပါ ပါတယ်လို့ ကြားတယ်။
အဲဒါ ဟုတ်လား။
ဖြေ။ ။ အဲဒါတွေကတော့ ကျနော်တို့ စိစစ်နေတုန်းပဲ။
ကျနော်တို့ကို တင်ထားတဲ့ စာရင်းနဲ့ တကယ်ရတဲ့ စာရင်းနဲ့ ဟုတ်မဟုတ် ဆိုတာသိရဖို့ အခု
နော်ဝေနိုင်ငံမှာ တရားဝင် အမှုဖွင့်လိုက်တာ။ အမှုဖွင့်လို့ တရားရုံး ဘာညာ ဆင့်ခေါ်ပြီ
ဆိုရင်တော့ ထွက်မှာပါ။ အခုထက်ထိ တရားဝင် အမှု ရင်မဆိုင်သေးတဲ့အတွက် ကျနော်တို့
သူများတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာစိုးလို့ မပြောတာပါ။ တရားရုံးက တရားဝင်
ဆင့်ခေါ်ပြီ ဆိုတာနဲ့ အဲဒီနာမည်တွေ ပေးရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့
ငွေအလွဲသုံးစားမှု ဆိုတာက နော်ဝေး ဥပဒေအရ ရာဇ၀တ်မှု မြောက်တာလေ။ ရာဇ၀တ်မှုက
တယောက်ချင်းနဲ့ပဲ ဆိုင်တယ်။ ဒီရာဇ၀တ်မှု ဥပဒေဆိုတာ အကုန်လုံးနဲ့ မဆိုင်ဘူး။
အဲဒီကျရင်တော့ ရှင်းပါလိမ့်မယ်။ ထွက်လာပါလိမ့်မယ်။
အခုလောလောဆယ်
မပြောတာ သူတို့ရဲ့ ဂုဏ်သိက္ခာကြောင့်ပါ။ အခုထိ ကျနော်တို့ဘက်က ဖြစ်နိုင်ခြေရှိတဲ့
ခြစားမှုလို့ပဲ ပြောနိုင်သေးတယ်။ အဲဒါကို စုံစမ်းတာ တရားရုံးက စုံစမ်းမယ်၊
သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စုံစမ်းလိမ့်မယ်။
ကျနော်တို့ကတော့
ဒီလိုဖြစ်နေတယ်ဆိုတာ အသိပေးတယ်။ အလှူရှင်တွေကိုလည်း အသိပေးတယ်။ သက်ဆိုင်တဲ့
နိုင်ငံတွေ
ကိုလည်း
အသိပေးတယ်။ တရားဝင်လည်း ဖြစ်စဉ်အတိုင်း လုပ်ထားတယ်။ အဲဒီကျရင် ထပ်ကြားလာရမှာပေါ့။
သူတို့တွေ အနေနဲ့ တိုက်ရိုက် မေးခွင့်ရှိပါတယ်။ ဒီအထဲမှာ ပတ်သက်တဲ့လူတွေကလည်း
ချေပခွင့် ရှိပါတယ်။ ဒါ တဘက်သက် မဟုတ်ပါဘူး။ အခုကိစ္စက ဖြစ်နိုင်ခြေရှိလို့
ကျနော်တို့ ဖုံးမထားဘဲနဲ့ ပွင့်ပွင့်လင်းလင်း ရှင်းလိုက်တာပါ။ တရားရုံးရဲ့
ရာဇ၀တ်မှု ဥပဒေကလည်း အပြစ်ရှိတယ်လို့ မယူဆမချင်းမှာ သူက အပြစ်ကင်းလွတ်တယ်လေ။
အခုထက်ထိလည်း သူတို့ အပြစ်ရှိတယ်လို့ မပြောဘူး။ ဒီလိုဒီလိုကြားထဲမှာ ကွာဟချက်တွေ
ရှိနေတယ်၊ တရားဝင် ရှင်းပေးပါ။ အဲဒီအဆင့်ကိုပဲ ကျနော်တို့လုပ်တယ်။ အဲဒါကိုလည်း
ကျနော်တို့ တရားဝင် ထုတ်ပြန်ထားတယ်။
နောက်ထပ်
ရှင်းရှင်းလင်းလင်း ပြောရရင် ပြည်တွင်းမှာ လူတွေအများကြီး ရှိပါတယ်။ သတင်းထောက်တွေ
အပါအဝင် ဒီကွန်ရက်ကြီး တခုအနေနဲ့ လူတော်တော်များများ ပါတယ်။ ကျနော် နာမည်တွေတော့
မပြောလိုဘူး။ လူအရေအတွက်လည်း မပြောချင်ဘူး။ သူက ကြာလည်းကြာနေပြီ။ ကျနော်
ပြောချင်တာက ကွန်ရက်ကြီး တခုလုံးနဲ့ ဘာမှ မဆိုင်ဘူး။
ကျနော်တို့
အခု သံသယရှိတာက ဒီပြည်တွင်းက ကွန်ရက်ကို တဆင့် ထပ်အုပ်ချုပ်ရတဲ့ လူတွေ၊ အထူးသဖြင့်
ဒီက ပိုက်ဆံပြန်ထုတ်၊ ပိုက်ဆံပြန်ပေး အဲဒီကြားထဲမှာ ပြဿနာဖြစ်တယ်လို့ ကျနော်တို့
သံသယဖြစ်ပြီးတော့ အခုလို ပြောထားတာပါ။ အခုလို အရေးယူဖို့လုပ်တာ။ ကွန်ရက်တခုလုံးရဲ့
အောက်ခြေပိုင်းနဲ့လည်း မဆိုင်ဘူး၊ ဒီလှုပ်ရှားနေတဲ့ သတင်းထောက်တွေနဲ့လည်း မဆိုင်ဘူး၊
အော်စလို ဌာနချုပ်နဲ့ ငွေပေးငွေယူလုပ်ပြီး ကြားထဲက ဖြတ်သုံးတဲ့ လူတချို့ပေါ့။
ဌာနချုပ်ကနေ လက်ခံယူပြီး ပြည်တွင်းကို ပြန်လွှဲပေးတယ်၊ ပြီးရင် စာရင်းပြန်တင်တယ်။
အဲဒီကြားမှာ ကွာဟမှုဖြစ်တာပါ။ အဲဒါတော့ ကျနော်တို့ အရှင်းဆုံးပြောတာပါ။
အဲဒါကြောင့်လည်း ကျနော်တို့ ထပ်ပြောချင်တာ ဒီကွန်ရက်ကြီး တခုလုံး ဟို အောက်ခြေအထိ
မပါပါဘူး။ ဒီကွန်ရက်ထဲက အုပ်ချုပ်မှုပိုင်းနဲ့ ငွေကြေးကိုင်တဲ့ ထိပ်ပိုင်း
မန်နေဂျာပိုင်းလောက်ပဲ ပါတာပါ။
မေး။ ။ ၂၀၀၇ - ၂၀၀၈
နောက်ပိုင်းမှာ ဘားမား VJ ဆိုတာရယ်၊ DVB ဆိုတာရယ်၊ ရွှေဝါရောင် တော်လှန်ရေးရယ် အရမ်းကို နာမည်ကြီးခဲ့တယ်။ နောက်
နာဂစ်ဖြစ်တယ်။ အဲဒီမှာလည်း နာမည်ထပ်ရတယ်။ DVB ဆိုတာ
ပြည်တွင်းမှာ တခုတည်းသော အတိုက်အခံ TV ဖြစ်တယ်၊ VJ
ဆိုရင်လည်း အော်စကာ ဆန်ခါတင် အပါအဝင် ဆုတွေ အများကြီး ရခဲ့တယ်။
အဲဒီလိုမျိုး အောင်မြင်ခဲ့တဲ့ အဖွဲ့အစည်းတခုက အခုလို ဖြစ်သွားတာ ဆိုတော့
ကိုတိုးဇော်လတ်အနေနဲ့ ဘာပြောချင်လဲ။
ဖြေ။ ။ တကယ်တမ်းတော့ ကျနော်တို့
စိတ်မကောင်းပါဘူး။ အကုန်လုံး လုပ်ဖော်ကိုင်ဖက် တွေပဲလေ။ အဓိကကတော့ ယုံကြည်မှုပေါ့၊
ဒီအလုပ်ကို တာဝန်ခံတဲ့လူအပေါ်ကို ယုံကြည်တာရယ်၊ နောက်တခုက လျှို့ဝှက်မှုတွေရယ်၊
လုံခြုံရေးနဲ့ ဆိုင်တဲ့ ဟာတွေရယ် ဆိုတော့ တော်တော်လေးကို ရှုပ်ထွေးတဲ့
လုပ်ငန်းကြောင့် ဖြစ်သွားတာပါ။ စိတ်တော့ မကောင်းဘူး။ ကျနော်တို့ ဆိုလိုနေတာက
အကုန်လုံးမှာလည်း အပြစ်ရှိချင်မှ ရှိမယ်။ အားလုံးလည်း ရှင်းသွားနိုင်တယ်။
အကောင်းဆုံး ဖြစ်သွားနိုင်တဲ့ အခြေအနေက သူတို့တွေ စာရင်းလည်း ပြနိုင်တယ်၊ ဘာမှ
အလွဲသုံးစာမှုလဲမရှိဘူး၊ အကုန်လုံးလည်း ဖြေရှင်းလို့ရတယ်၊ အကုန်လုံးလည်း ပြလို့
ရတယ်ဆိုရင်တော့ သားရွှေအိုးထမ်းလာသလို အားလုံးပြီးသွားမှာပေါ့။ ဒီလူတွေလည်း
အရင်အတိုင်းပဲ ဆက်လက် တာဝန် ယူကြမှာပေါ့။ ဒါပေမယ့် တကယ်လို့ အခုလိုမျိုး
ယုံကြည်မှုရယ်၊ လုံခြုံမှုရယ်၊ လျှို့ဝှက်မှုရယ် အဲဒီကြားထဲမှာ ဒီ တယောက်၊ နှစ်ယောက်က
အလွဲသုံးစား လုပ်ထားတာ ဆိုရင်တော့ ကျနော်လည်းစိတ်မကောင်းဘူး၊ အဲဒီအတွက် ကိုလည်း
ကျနော် ဖုံးထားမှာ မဟုတ်ဘူး။
အဲဒီအတွက်လည်း
ကျနော်တို့က တာဝန်ရှိတဲ့လူကို တာဝန်ရှိသလို ဖော်ထုတ်ပြီတော့ အတတ်နိုင်ဆုံး
အရေးယူပေးမှာပေါ့။ ဒါမှလည်း ကျနော်တို့ DVB ရဲ့
ပွင့်လင်းမြင်သာမှုကိုလူတိုင်းသိနိုင်မယ်။ ကြိုက်တဲ့ အချိန် ၀င်စစ်လို့ရမယ်။
ကြိုက်တဲ့ အချိန်ပြောလို့ရမယ်။ တကယ်တော့ သတင်း အလုပ်လုပ်နေပြီး
လျှို့ဝှက်နေတယ်ဆိုရင် မကောင်းဘူးလေ။ အကုန်လုံး ပွင့်ပွင့်လင်းလင်း
ကြိုက်တဲ့အချိန် ကြည့်လို့ရရမယ်။ အဲဒီအတွက် ကြိုးစားတာပါပဲ။ အဓိက ကတော့ DVB
တခုလုံး၊ တစုံလုံး အနေနဲ့ မထိခိုက်အောင်လို့ DVB ဟာ ဒါမျိုး ပြဿနာ ဖြစ်ခဲ့တယ်၊ ဖြစ်တဲ့အတိုင်းလည်း ဖြေရှင်းဖို့
ကြိုးစားတယ်။ အဖြေ ရအောင် ကြိုးစားမယ်။ ပြီးရင် အကုန်လုံးကို တင်ပြမယ်။ အဲဒါပဲ
ပြောချင်ပါတယ်။
မေး။ ။ ဒီအဖြစ်အပျက် ဖြစ်သွားတဲ့ အတွက် DVB
ရဲ့ ရှေ့ အလားအလာအနေနဲ့ ဘယ်လိုဖိအားတွေနဲ့ ရင်ဆိုင်ရဖို့ရှိလဲ။ DVB
ကရော ဘယ်လို ဆက်လက် ပြင်ဆင်သွားမလဲ။
ဖြေ။ ။ ကျနော်တို့က အလှူရှင်တွေရဲ့
ပိုက်ဆံယူထားရတာ၊ အဲဒီအတွက် ကျနော်တို့က တာဝန်ခံထားရတယ်။ တာဝန်ရှိရှိနဲ့
သုံးစွဲတာကို မပြနိုင်ဘူးဆိုရင် ကျနော်တို့ မယူဘူး၊ ပြနိုင်တဲ့ ဟာပဲ
ကျနော်တို့ယူမယ်။ အဓိကက အဲဒါပဲ။ အကုန်လုံးမှာ ကိုယ့် ဂုဏ်သိက္ခာနဲ့ ဒီ မီဒီယာ
တခုရဲ့ ဂုဏ်သိက္ခာ ရှိနေချင်တယ်။ ခုနက DVB ရှေ့ဆက်
ဘယ်လို ဖြစ်နိုင်လဲ ဆိုတဲ့ မေးခွန်းကို ဖြေရရင် ၂ ခု ဖြစ်နိုင်တယ်။ တခုက
ပိုပြီးတော့ တင်းကျပ်တဲ့ စည်းကမ်းတွေ ချလာနိုင်တယ်၊ နောက်တခုက ပိုပြီးတော့တောင်
ပွင့်လင်း သွားနိုင်တယ်။ ဒီလိုပြဿနာရှိတာကို ရှိတဲ့အတိုင်း သူတို့သိအောင်
အမှန်တိုင်း ဖွင့်ပြီးတော့ ကိုင်တွယ်တဲ့အတွက် အကောင်းလည်း ဖြစ်နိုင်တယ်၊ အဆိုးလည်း
ဖြစ်နိုင်တယ်။ အခု ဒီကိစ္စ ဖြစ်သွားပေမယ့် ကျန်တဲ့ သတင်းကိစ္စတွေကတော့ ဆက်လက်
လည်ပတ်နေမှာပါ။ နောက်တချက်ကတော့ မြန်မာပြည် နိုင်ငံရေး အခြေအနေနဲ့လည်း ဆိုင်တယ်။
အခု အချိန်မှာ အလှူရှင်တွေက ပြည်တွင်းကို ဝင်ချင်နေတဲ့အချိန်၊ ပြည်တွင်းက
မီဒီယာပွင့်လင်းနေပြီ ဆိုပြီး ပြောနေတဲ့အချိန်မှာ ဒါမျိုး ဖြစ်လာတော့ ကျနော်တို့အတွက်
ကျပ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ။
Comments
(6)Add Comment
ဟားးးးးးးးးးးးး
written
by သာကီ, October 04, 2011
အားလုံးက
ကိုယ်ကျိုး သမားတွေပဲလေနော်... .ဟန်ညောင်ဝေ
လာဦးမယ်.. .သတိသာထားကြပေတော့...
....ကြားရသမျှ သံဝေဂရစရာပါလား ဒီမိုဘက်တော်သားတို့ရေ.......
agree
written
by all the same, October 04, 2011
hahaha
is absolutely right
VJ
written
by သြော်, October 04, 2011
VJ
က လူတွေ သေချာတာကတော့ အကျင့်ပျက်ချစားမှုဟာ ဒီထက်ပိုမယ်လို
ယုံကြည်ပါတယ်။ မဲဆောက်က VJ ဆိုတာ သတင်းပွဲစားပါ။
ပြည်တွင်းကို ဗဟို ကနေပေးတဲ့ အခကြေးငွေ မပေးဘူးဆိုတာ အားလုံးသိကြမယ် ထင်ပါတယ်။
ဗဟိုကနေပေးလိုက်တဲ့ ကင်မရာကို စာရင်းပြတော့ ဘတ် ၃သိန်း၊ ပြည်တွင်းကို
တကယ်ဝယ်ပေးတော့ တရုပ်လုပ် ကျပ်ငွေ ၅သိန်း၊၆သိန်းတန်ပါ။ မဲမှာ VJ ပွကြီးဆိုရင် မဲဆောက်ရောက်ပြီး ၄လလောက်အကြာမှာ ဇိမ်ခံကားကြီး တဝှီဝှီ
စီးနိုင်လောက်အောင် ဗမာပြည်ထဲ ငွေပါမလာပါဘူး။ ပွကြီးစီးတဲ့ကားမျိုးက တပ်ပေါင်းစု
ခေါင်းဆောင်တွေ မစီးနိုင်ပါဘူး။ နှစ်မပြည့်ခင် စီးနိုင်တဲ့ပွကြီး ပြီးတော့
မဲဆောက်က ဖာရုံနဲ့ တွဲရက်ဘီယာဆိုင်တွေက ကောင်မလေးတွေ VJ ကသူတွေ
ဆိုတာ အကုန်သိကြပါတယ်။ VJ က ပွကြီးနဲ့ အေးမင်းစိုး ဆိုရင်
ဖာမလေး ၂ ယောက်ကို တရားဝင် မယားငယ်အဖြစ် ယူထားတာ မဲဆောက် အတိုက်အခံ အားလုံး
သိနေကြပြီးသားပါ။ VJ ကပွကြီးကို ဒီမိုကရေစီ ရံပုံငွေ
အလွဲသုံးစား လုပ်မှုနဲ့ ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ပြောလိုပါတယ်။
...
written
by BaGyi, October 04, 2011
ရှုပ်နေတာပဲ
သူရှင်းပြတာကိုက ပိုရှုပ်နေတယ် ဘယ်လိုတွေလဲ ဟ
မီဒီယာပွဲစားချင်းအတူတူ အငယ်လေးက တမူးပိုရှုတာလား။
written
by သတင်းထောက်တဦး။, October 04, 2011
အမေးကောင်းသလောက်
အဖြေက ခပ်ရွီးရှီးပါဘဲ့။
ရွှီးဆို
သူလဲ ဘာမှသိပ်မသိဘူး။ အခုတရားစွဲခံရမဲ့ မီဒီယာပွဲစားလိုဘဲ့ အခုပြောနေတဲ့ ဗျုရိုချိ-ဆိုတာကလဲ မနေ့တနေ့ကမှ ပွဲစားဘ၀နဲ့ ဒီဗွီဘီ-ကိုရောက်လာသူပါ။
တကယ်က အစကတည်းကပါလာပီး ဒီငွေတွေ အားလုံးကို ကိုင်ထားတဲ့ ခင်မောင်ဝင်း
ကိုမေးသင့်ပါတယ်။
ပီးတော့
ဘာတဲ့လဲ။ အုပ်ချုပ်မှုကနေ ခနနားထားပီး ထုတ်လုပ်မှုအပိုင်းကို တာဝန်ယူမယ်တဲ့..။ ဒီဗွီဘီ-ပရိသတ်တွေကိုသာ မေးပေတော့ ဒီညွန်မှုး
၂-ဦးရဲ့ ပြောင်မြောက်တဲ့ထုတ်လုပ်မှု လွန်ခဲ့တဲ့ နှစ် ၂၀-အတွင်း ဘယ်နှစ်ပုဒ်တွေ့ဖူးလဲလို့...။
အခုပြောနေတဲ့ ဗျုရိုချိ-အပါဝင် ခေါင်းဆောင်ဆိုသူတွေ
ရေးထားတဲ့ .. ဆောင်းပါးတပုဒ်။ သတင်းတပုဒ် ..ပရိတ်သတ်တွေ တွေ့ဖူးလို့လား..။
ဇါတ်လမ်းကတော့
ဇါတ်ရှုပ်ပါဘဲ့။ လာဒ်စားတာချင်းအတူတူ အယင်ထုတ်ပြောသူက အနိုင်ရသလို ဖြစ်နေပါတယ်။
စွပ်စွဲခံရသူဖက်က
အမြင်တွေကိုလဲ မေးပီးတင်ပေးပါဦး။
ဒီလိုလာဒ်စားမှုတွေ
ရှိနေတယ်လို့ ပြောတဲ့အတွက် အလုပ်ထုတ်ခံရသူတွေရဲ့ အမြင်တွေကိုလဲ
မေးမြန်းတင်ပေးပါဦး။
ပြည်သူ့အခွန်ငွေတွေနဲ့
လည်ပါတ်နေတဲ့ဌာနဆိုတော့ ပြည်သူအားလုံးကို ရှင်းရှင်းလင်းလင်း အသိပေးဖို့
ကျနော်တို့ မီဒီယာသမားတွေမှာ တာဝန်ရှိပါတယ်။
တကယ်အဖြစ်မှန်အတိုင်း
တရားမျှတစွာပေါ်ပေါက်လာပါစေ။
မီဒီယာပွဲစားတွေကျဆုံးပါစေ။
စစ်မှန်တဲမီဒီယာသမားတွေနဲ့
လွတ်လပ်တဲ့မီဒီယာခေါတ်ကို အမြန်ရောက်ပါစေ။
hahaha
written
by Burmese, October 04, 2011
as
usual..we Burmese..really can't be trusted. government, opposition groups..all
are same as crap. we know most of opposition groups don't want to see any form
of democracy in Myanmar. so sad but this is the fact.
0 comments:
Post a Comment