Friday, July 8, 2011

ပန်းချီကေမြိုးကို လွမ်းတမ်းတဆဲ သူများအတွက်ကဗျာ

 Written by ကေ

by Min Kyaw Khine on Friday, July 8, 2011 at 4:30pm

ယခုတင်ဆက်သောကဗျာရှည် သည် မဂ္ဂဇင်းသရုပ်ဖေါ် ပန်းချီလောကတွင်ထူးခြားသောကိုယ်ပိုင် ဟန်တစ်ခု စိုက်ခဲ့ သော ပန်းချီကေမြိုး ၏ အနုပညာကျေးဇူးအား အမှတ်ရသောအားဖြင့် တင်ဆက်သောအစီစဉ်ဖြစ်ပါသည်။ ပန်းချီ ကေမြိုးသည် ကံကော်ရွာ ပန်းချီ အဖွဲ့၏ ထင်ရှားသော ဦးဆောင် ပန်းချီဆရာတစ်ဦး လည်းဖြစ်သလို နိုင်ငံရေးအကျဉ်းသား ဟောင်းတဦးလည်းဖြစ်ပါသည်.။
အကျဉ်းထောင်တွင်း တွင် သီချင်းများစွာရေးစပ်ခဲ့ပြီး ထောင်မှ လွတ်လာပြီးနောက် ထိုသီချင်းများကို အဆိုတော် ခင်မောင်တိုး ။သားထွေး တို့က သီဆိုခဲ့ပါသည်.။ထင်ရှားသော သီချင်းများမှာ အမည်ပေးမထား၊ ခရမ်းပြာအိမ်မက်၊ လွမ်းတမ်းတတယ်ခိုင် တို့ ဖြစ်ပါသည်.။ မြန်မာ စာပေလောကတွင် အထူးထင်ရှားသော ပင်လယ်စာပေ အနုပညာ မဂ္ဂဇင်း ကို သူငယ်ချင်းဖြစ်သူ ကဗျာဆရာ ခင်အောင်အေး ၊ဇေယျာလင်း၊ ကိုအောင်ဝင်း(ပန်းခရမ်းပြာ) တို့ နှင့် ဦးဆောင်ထုတ်ဝေခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။ယခု ကဗျာရှည် သည် ၂၀၀၃ စက်တင်ဘာလ ပန်းချီကေမြိုး ကွယ်လွန်ပြီး နောက် ဇနီး ဖြစ်သူ ကဗျာဆရာမ ကေ မှ  ၂၀၀၄ ကံကော်ရွာ ပန်းချီပြပွဲ အမှတ်တရ ကဗျာစာအုပ်တွင်
ရေးဖွဲ့ခဲ့သော အလွမ်းဖွဲ့ကဗျာဖြစ်ပါသည်။ ပန်းချီကေမြိုး ၏ ပန်းချီ အနုပညာများကို ယနေ့အထိ အမှတ်ရလွမ်းဆွတ်နေကြဆဲ ပရိတ်သတ်များ အတွက် အထူးပြု တင်ဆက်လိုက်ပါသည်။
(ကောင်းကင်စာတည်း)



သရုပ်ဖေါ် ပန်းချီ ကေမြိုး

သူနဲ့ကျမ
ကဗျာနဲ့ စခဲ့ ကြသည်။
တစ်ဦးနဲ့ တစ်ဦး မမြင်ဖူးသေးကြခင်
ကျွန်မ ကဗျာစာအုပ်မှာ သူ Cover ရေးပေးရှာတယ်။
အသပြာမပါ စေတနာ သက်သက်ပါတဲ့
ပထမ ကဗျာစာမျက်နှာပေါ်မှာ
ကျွန်မက
‘ကျေးဇူးပါ ပန်းချီဆရာရယ် ’’လို့ရေးရုံနဲ့
သူဟာ  ချာချာလည် ရူးသွပ်သွားတယ်
စုစုပေါင်း စာကြောင်းက ‘ တစ်ကြောင်းတည်းပါ’’
အဲဒါ ‘ဖူးစာပါလို့ ရူးသွားတာပါ’’ လို့  အရှက်ပြေ သူက ဆိုပါတယ်။
‘မိန်းမဆိုတာ လှပရုံမက ဥာဏ်ပညာလည်း ထက်ပါမှ
ကျွန်မက သဘောကျတာ ဆိုတော့
‘ အို ..ကြည်အေးတွေ ဖတ်ဖူးတယ်ထင်ရဲ့’’ လို့ သူက မေးတယ်။
‘ဟင့်အင်း’’ လို့ ကျွန်မက ငြင်းတော့ သည်မှာလေ
‘ ကေဖွဲဆိုသီ’’ တဲ့။
တကယ်တော့ ကြည်အေးစာတွေ ကြားမှာ ရည်းစားစာ  သူ ထည့်ပေးတာ။
ကျွန်မ ဖတ်မိတာက ပန်းချီဆရာ ရဲ့ မျက်ဝန်းတွေ ကိုပေါ့
အာရုံသစ်နဲ့ နက်မှောင်တဲ့ မျက်တောင်တွေပေါ့
သည်လိုနဲ့ ကျွန်မဟာ ‘ပန်းချီဆရာရဲ့ ကဗျာဖြစ်သွားတယ်’’
‘ပိုက်ဆံ ဆိုတာ မြစ်လိုပဲ နစ်တတ်တယ်တဲ့’’ သူက ပြောတယ်။
ကျွန်မက မိန်းမလေ  အဲဒီမြစ်ထဲ အဆုံးထိ နစ်ကြည့်ချင်တယ်။
သူက ပန်းချီဆရာ Color ထဲ နစ်ချင်တယ်။
ကျွန်မ ကိုယ် ကျွန်မတော့ လှတယ်လို့ တစ်ခါက ထင်
‘ပန်းချီဆရာရယ် ပုံတူလေးများ ခြယ်ပေးမလားလို့ ’’
သူက မခို့တရို့ အပြုံးနဲ့
‘ ကိုယ်ဟာ ပုံတူရေးဆရာ မဟုတ်ပါ’’ တဲ့
ကျွန်မရဲ့ မာနတွေ သူက ပြာချပစ်တယ်။
အံ့သြစရာ
သူဆွဲ သမျှ မျဉ်းဖြောင့် မျဉ်းကွေး မျဉ်းသေးသေးနဲ့
လေးထောင့် အ၀ိုင်း အရာရာတိုင်းဟာ
ကျွန်မ ဖြစ်သတဲ့။
ကျွန်မနဲ့ မတူဆုံး ကျွန်မနဲ့ အတူဆုံး ‘ ပုံတူ’’ က
သူကိုယ်တိုင် ‘ထုဆစ်ထား’’တဲ့ သူ့ရဲ့ ကိုယ်ပွား
Plinocchio လို ဆိုးချင်တဲ့ ချစ်စရာ
ကျွန်မရဲ့ သား ပဲဖြစ်ပါတယ်။
သူက  Geppetto လိုပန်းပုဆရာ Toy Maker လေ
ခပ်ပေပေ အရုပ်တွေကို ရင်အနာခံ ထုချင်သူပေါ့။
တစ်ခါက ကိန္နရာ ချောင်းခြားသလိုရက်ပေါင်း ၇၀၀ မက ဝေးလို့
သူနဲ့ ကျွန်မ ငိုခဲ့ ကြဖူးသေးရဲ့။
ကိုခင်မောင်တိုး ရဲ့ One Man Show မှာ
‘ လွမ်းတမ်းတတယ် ခိုင်’’ နဲ့ သည်ဇာတ်ကို အနားသတ်
သူပေးတဲ့ သီချင်းလက်ဆောင် ကျွန်မနားထောင်ဖူးတယ်။
ကျေးဇူးပါ.....မဟာဆန်ချင်သူ ဂီတဆရာကြီးရှင်
Radio FM မှာ ခဏ ခဏ ဆိုပြလျှင်တော့
ကြားရတိုင်း ကျွန်မ ငိုချင်ပါတယ်.။
ခမ်းနားတဲ့ ဂီတပွဲဟာ ခုတော့ အလွမ်းများစွာ ဖြစ်ခဲ့ရပြီလေ။
ဂျပန်ပြည်ဖွား စန္ဒရား ဆရာတစ်ယောက်ရဲ့ လက်ဖျားကာရံ အောက်
ခုန်ပေါက်ထွက်လာတဲ့ Autumn Breeze ကို
သူနဲ့ ကျွန်မ ရူးသွပ်ကြတာလေ စန္ဒရားခုံပေါ်မှာ ကြွေသွားတဲ့
သစ်ရွက်ဝါ၀ါလေးကို အမျိုးသားဇာတ်ရုံထဲမှာ တွေ့လိုက်ပါသတဲ့။
သည်နှစ် September မှာ အငြိုးကြီးကြီးရွာချတဲ့ မိုးကို ကျွန်မ မုန်းသွားပြီ။
သူဟာ ကလေးတွေချစ်တဲ့ ဦးဦး ပန်းချီဆရာတဲ့
လမ်းထဲက ကလေးတွေလာကြ လာကြ
ဟောဒီမှာ ပုံဆွဲပြိုင်ပွဲ နိုင်တဲ့လူ ဆုချမှာတဲ့။
ကလေးအားလုံးဟာ အတော်ဆုံး ပန်းချီဆရာ များသာ ဖြစ်လို့
ဒိုင်လူကြီး သူနဲ့ကျွန်မ ဆုတွေ မနိုင်အောင်ချရလို့
ပျော်ပျော်ကြီး ဒုက္ခ တွေ့ဖူးတယ်။

ကလေးတွေဆိုဖို့ သီချင်းတွေ လိုနေတယ်တဲ့
Dr မောင်ဖြူးနဲ့ ဆရာမင်းသုဝဏ် ရဲ့
အိပ်မက်တွေကို ဆေးရောင်ခြယ်
‘မောင်ထွေး ဖတ်ဖို့ ကဗျာတေး’’ တဲ့
Director ကလည်း လုပ်ချင်သေးရဲ့
ကျွန်မရဲ့ ဇာတ်လိုက် ကင်မရာ - မာနတွေ ကြား
ကို့ယို့ကားရား ပြေးလွားလို့
သူ့ဇာတ်လိုက် ကလေးများကတော့
ဟေးဟေး ဟားဟား နဲ့ပျော်လွန်းလို့
တောင်းပန်ပါတယ် ဆရာမောင်ဇော်သစ်ရယ်
ကျွန်မလည်း ဘယ်လို ဆက်ရိုက်ဖြစ်မယ် မသိလို့။

သည်မှာ တစ်ခါ ကံကော်ရွာတဲ့ ၊ မောင်ရေ လာဖို့  ဖိတ်စာပို့ပြီ။
တစ်ခါက သူကြီးမင်းရှင့်။
ဘယ်ဆီ ဘယ်မြို့ လိပ်မူပို့ရ။
အဖော်မင်သူ ပျော်ချင်သူရှင့်
တစ်ချပ်ပန်းချီ ဆေးမညီကို ဘယ်လိုဇာတ်ဆုံး ကိုယ် ခြယ်မှုန်းရ
ပု စ္ဆာ ပု စ္ဆာ ချာချာလည်မူး ကျွန်မလည်း ရူးချင်ပြီ။
အနုပညာ ၀င်္ကပါလှည့် သည်မှော်ရုံတော ကိုယ်ပဲမောပြီ
မောင့်ရဲ့ခြေရာ ကိုယ်ဖွေရှာဆဲ၊ ရွာဆုံးလမ်းပျောက် မှားသွားမှာပဲ
ကြောက်ပါရဲ့ကွယ်
ကိုယ့်အားသနား ကြယ်စင်များလို လမ်းပြသွားပါ
တံခါးများအား ဖွင့်ပေးထားသည်
စည်းခြားမထား ကိုယ့်အပါးလာ ရဲရဲလာလှည့်
ဝင်လာခဲ့တော့
ညမှာ လျှောက်သွား မလာအားလျင်
တိတ်တိတ်နေ့မှာ မောင်ပြန်လာနော်
ဆိတ်ဆိတ် စောင့်မျှော် ပေါ်မလာပါ။
တံခါး မခေါက် မရောက်ခဲ့ပါ။
မပျော်တစ်ဝက် ည အိပ်စက်စဉ်
အိပ်မက်မျှ ပင် မပြချင်သူ
စိမ်းရွက်ရင့်ရင့် စိမ်းသခင်
မိုးကုန် နှင်းပျော် နွေဦးပေါက်လျှင်
ချစ်ခွန်း ဖွဲ့သီ ဆိုကြမည်နော်
အပျော်ဘ၀ တစ်ခါက လို
စကားသံချို  ကိုယ်ကြားလိုလည်း
တိမ်လိုပျံသွား ဘယ်ဆီနားမှာ
လွင့်ပါးနေသည် ကိုယ်မသိ။
လိပ်ပြာ တေလေ ကိုလေပွေရေ
မျက်ရည် တံဆိပ် ခတ်နှိပ် သည်းလာ၊
မောင်မြင်ပါလျှင်
နွေဦးခါရောက် သစ်ရွက်ခြောက်ကြွေ
ညလေပြေတွင်
မောင့်ရဲ့ ကဗျာ လိုက်ရှာပါမည်
နွေနံနက်ခင်း လေပြည်ညှင်းမှာ  မောင့်တေးသွား တေးချင်းဖွဲ့သီ
ကိုယ့်ဆီပါးသည်
မှတ်လိုက်မည်နော်။   ။

                        ကေ’

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...