Thursday, July 7, 2011

မြန်မာတွေ အောင်မြင်ဖို့

by Ju Thet San on Saturday, June 25, 2011 at 9:54pm
ပထမဆုံးခေါင်းစဉ်ပေးဖြစ်တာလေးနဲ့ စကားဦးစပါရစေ။ ဒီခေါင်းစဉ်ကို
မြန်မာတွေအောင်မြင်ဖို့လို့ ပေးဖြစ်တာက စာရေးဆရာ
လင်းသိုက်ညွန့်(မြန်မာ့မြေ)ရဲ့ ‘မြန်မာတွေအောင်မြင်ဖို့’
စာအုပ်ရဲ့ခေါင်းစဉ်လေးကိုသဘောကျတာနဲ့ ခေါင်းစဉ် မြင်တာနဲ့ သတိပြုစေချင်၊
ဖတ်ကြည့်စေချင်လို့ ဒီခေါင်းစဉ်ကိုပေးဖြစ်တာပါ။

ဒီဆောင်းပါးမှာပါတဲ့ အကြောင်းအရာတွေက လည်း စာရေးဆရာ လင်းသိုက်ညွန့်(မြန်မာ့မြေ)ရဲ့
‘မြန်မာတွေအောင်မြင်ဖို့’ စာအုပ်မှာပါတဲ့ အချက်အလက် တော်တော်များများနဲ့
ကျွန်တော်ဖတ်ထားတာတွေကို ရေးသားထားတာပဲဖြစ်ပါတယ်။ ကျွန်တော်ဟာ
မြန်မာမိသားစုအသင်းဝင်ဖြစ်နေတာ တော်တော်ကြာနေပါပြီ။
တော်တော်ကြာနေသည့်တိုင် ဖိုရမ်မှာ အကျိုးရှိတာ ဘာမှမလုပ်ဖြစ်သေးတာ
စဉ်းမိပါတယ်။ ဖိုရမ်ကနေယူတာတွေတာများနေတာ၊ ပြန်ပေးတာက အလွန်နည်းပါတယ်။
သူများတွေ အားတတ်သရော ကူညီနေကြ ပေမယ့် ကိုယ်ကတော့ မအားတာနဲ့ (အကောင်းဆုံး
အကြောင်းပြချက်ပေါ့ ) မျက်နှာလွဲခဲပစ်နေတာများပါတယ်။ ဖိုရမ်ကို
နေ့တိုင်းဝင်တယ်၊ စာတွေဖတ်တယ်။ ပြီးတော့
ဒီအတိုင်းတိတ်တိတ်လေးပြန်ထွက်ခဲ့တယ်။ လိုရင်းပဲပြောတော့မယ်ဗျာ။
အခုဒီဆောင်းပါးလေးက ကျွန်တော်ရုံးကပြန်လာတာနဲ့
(ဖိုရမ်ကိုကျေးဇူးဆပ်ချင်လို့) မနားမနေကြိုးစားရေးထားတာလေးပါ။
ဒီဆောင်းပါးလေးကိုဖတ်ပြီးတော့
တစ်စုံတစ်ရာအကျိုးကျေးဇူးရရှိမယ်ဆိုရင်ဖြင့် ကျွန်တော့်အနေနဲ့
ဝမ်းသာမဆုံးဖြစ်မိမှာပါ။
လောကမှာ လူရယ်လို့ဖြစ်လာရင် အောင်မြင်ချင်တယ်၊ ချမ်းသာချင်တယ်။
အောင်မြင်အောင်၊ ချမ်းသာအောင် လုပ်ဖို့က အပြောကလွယ်တယ်၊ လက်တွေ့ကတော့
နည်နည်းခက်ခဲပါတယ်။ ဒါပေမယ့် ဘ၀မှာအောင်မြင်ချင်တယ်၊ ချမ်းသာချင်ရင်တော့
ခိုင်မာတဲ့စိတ်ဓါတ်၊ ထက်သန်တဲ့လုံ့လ၀ိရိယတို့ကို
ပညာဥာဏ်နဲ့ပေါင်းစပ်ရပါမယ်။ ဒါမှ လိုချင်သော ပန်းတိုင်ကိုရောက်မှာပါ။
အောင်မြင်မှုဆိုတာကလည်း လွယ်လွယ်နဲ့မရနိုင်ပါဘူး။ လွယ်လွယ်နဲ့ရနေတာလည်း
မှန်ကန်တဲ့ အောင်မြင်မှုမဖြစ်နိုင်ပါဘူး။ အခုရေတွင်းတူး၊
အခုရေကြည်သောက်ချင်လို့မရနိုင်ပါဘူး။ ခက်ခဲမှုတွေနဲ့ရလာတဲ့ အောင်မြင်မှု
ရေကြည်တစ်ပေါက်ဟာ အလွယ်တကူရလာတဲ့ မိုးပေါ်ကရေထက် အရသာပိုရှိပါတယ်။
တရုတ်စကားပုံတစ်ခုရှိပါတယ်။ နောက်ဆုံးပန်းတိုင်ဟာ
ခြေလှမ်းတစ်လှမ်းကစခဲ့တာတဲ့။ ဒါကြောင့် ကျွန်တော်တို့ခြေလှမ်းတွေကို
အခုပဲစလိုက်ပါစို့ …..။

စားပြီးဗိုက်လေး မလုပ်သေး၊ ဆာလွန်းသေးသည် နားဦးမည်၊ စောသေးတယ်ဟ နားဦးမှ၊
မိုးကချုပ်မည် တော်ဦးမည်၊ နေကပူတော့ သိပ်ပင်ပန်း၊ ချမ်းအေးလွန်းသည်
ကွေးဦးမည်၊ သည်လိုလူစားမကြီးပွား ဟူ၍လောကနိတိမှာ
အတိအလင်းညွှန်ကြားပြသဆုံးမထားပါတယ်။ ဒီလို ပျင်းရိပြီး
မဟုတ်တဲ့အကြောင်းပြချက်တွေနဲ့ဆင်ခြေပေး၊ ဘ၀ကို ရေစုန်မျော၊
လုံ့လ၀ိရီယနဲ့အားမစိုက်ဘဲ ဘိုင်ထေး-ဘေးထိုင်နေရင်တော့
ဘ၀မှာဆုံးရှုံးမှုတွေနဲ့သာ တွေ့ကြုံခံစားရမှာပါ။ အောင်မြင်ခြင်းရဲ့
ဆန့်ကျင်ဖက်ဟာလည်း ရှုံးနိမ့်ခြင်းပါပဲ။

♦ ဘ၀တွင် ရှုံးနိမ့်ရခြင်းတရား(၁၀)ပါးရှိပါတယ်။

၁။ ဘ၀တွင် တိကျပြတ်သားသော ရည်မှန်းချက်မရှိခြင်း။
၂။ အဆိုးမြင်ခြင်း၊ အပြုသဘော မဆောင်ခြင်း။
၃။ အတတ်ပညာမဲ့ခြင်း၊ အတတ်ပညာမဆည်းပူးခြင်း။
၎။ ဆုံးဖြတ်ချက်မချတတ်ခြင်း။
၅။ လူမှုဆက်ဆံရေး ညံ့ဖျင်းခြင်း။
၆။ ပြင်းပြထက်သန်သော စိတ်ထားမရှိခြင်း။
၇။ အယုံလွယ်ခြင်း၊ အယုံလွန်ခြင်း၊ အားနာတတ်ခြင်း။
၈။ ကြောက်ရွံ့ခြင်း၊ ရိုးရာအစွဲအလန်းကြီးခြင်း။
၉။ ရတာထက်ပိုသုံးခြင်း။
၁၀။ အမြင်သူဌေးဖြစ်လိုခြင်း။

ကိုယ့်ရဲ့ဘ၀မြင့်မားလာဖို့နဲ့စွမ်းဆောင်ရည်မြင့်မားလာဖို့
လုပ်ဆောင်စရာနည်းလမ်းများစွာထဲမှ လက်တွေ့အသုံးချ လို့ရမယ့်
နည်းလမ်းအချို့ကိုတင်ပြပေးပါမယ် ….
♦ မိမိကိုယ်ကိုယ် စီမံခန့်ခွဲခြင်း (Self Manangement)

ယနေ့ခေတ်ဟာ ပြိုင်ဆိုင်မှုတွေ အရှိန်မြင့်လာတာနဲ့အတူ စီမံခန့်ခွဲမှု
(Management) ဆိုတဲ့ ဝေါဟာရဟာ နေရာ တကာမှာ ခေတ်စားလာပါတယ်။ Marketing
Management , Account Management , Human Resources Manage- ment
စသည်ဖြင့် Management ဆိုတဲ့ စကားလုံးဟာ တော်တော့်ကို
လူကြိုက်များလာပါတယ်။ တကယ်တော့ ကုမ္ပဏီ တစ်ခုမှာ ကုမ္ပဏီတစ်ခုလုံးကို
ထိန်းကျောင်းဖို့ MD(Managing Director) ရှိသလို ကိုယ်ရဲ့ဘ၀မှာလည်း
ကိုယ့်ကိုယ်ကို ထိန်းကျောင်းဖို့ MD ရှိပါတယ်။ အဲ့ဒီ MD ကတော့
ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့်ရဲ့ဘ၀ကို
ကိုယ်ကိုယ်တိုင်စီမံခန့်ခွဲနိုင်မှသာ ဘ၀ရဲ့အောင်မြင်မှုအသီးအပွင့်တွေကို
ခံစားရမှာပါ။


♦ မိမိကိုယ်ကိုယ် စွမ်းဆောင်ရည်မြင့်မားအောင် ဘယ်လိုလုပ်မလဲ

လူတစ်ယောက်ရဲ့ဘ၀မှာအခြေအနေ မြင့်မားသည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ၊
ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည် ဖြစ်စေ၊
ကိုယ့်ရဲ့စွမ်းဆောင်ရည်(Performance)
ကတော့အမြဲမြင့်မားနေဖို့လိုအပ်ပါတယ်။ ဆရာဝန်ကြီးပဲဖြစ်ဖြစ်၊ဆိုက်ကား
သမားပဲဖြစ်ဖြစ်၊ ကုမ္ပဏီပိုင်ရှင်ပဲဖြစ်ဖြစ်၊ စာရေးလေးပဲဖြစ်ဖြစ်
ကိုယ်လုပ်နေရတဲ့လုပ်ငန်းနယ်ပယ်မှာ ကိုယ့်အတိုင်းအတာနဲ့
ကိုယ်စွမ်းဆောင်ရည် မြင့်မားနေဖို့လိုပါတယ်။ စွမ်းဆောင်ရည်မြင့်မားမှသာ
မိမိရဲ့လုပ်ငန်းနယ်ပယ်မှာ အောင်မြင်မှုရရှိပြီး ဘ၀အဆင့်အတန်းလည်း
အချိန်တိုအတွင်းမှာ အဆင့်ဆင့်မြင့်မားတိုးတက်လာနိုင်ပါတယ်။

စွမ်းဆောင်ရည်လို့ပြောတဲ့နေရာမှာ တကယ်တမ်းလုပ်ကြစတမ်းဆိုတော့
စွမ်းဆောင်ရည်မြင့်မားလာအောင် ဘယ်ကဘယ်လို စလုပ်ရမှန်းမသိကြတာများပါတယ်။
Performance နဲ့ပါတ်သက်ပြီး ကမ္ဘာ့ Management ဂုရုကြီးများ အကြားမှာ
အထူးရေပန်းစားကျော်ကြားတဲ့ Equation လေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ -

Quote:
စွမ်းဆောင်ရည် = လုပ်နိုင်စွမ်း x လုပ်ဆောင်စိတ် x အခွင့်အလမ်း
Performance = Ability x Motivation x Opportunity
လူတစ်ယောက်ရဲ့စွမ်းဆောင်ရည်(Performance) ကိုလိုချင်ရင်
လုပ်နိုင်စွမ်း(Ability)၊ လုပ်ဆောင်လိုစိတ်(Motivation)၊
လုပ်ဆောင်နိုင်ရန်အခွင့်အလမ်း(Opportunity) စတဲ့ကိန်းရှင်သုံးလုံးကို
မြှောက်ရမယ်လို့ ဒီညီမျှခြင်းကဆိုပါတယ်။ ဒီနေရာမှာ ကိန်းသုံးလုံးကို
ပေါင်းမထားဘဲ မြှောက်ထားတာကို အထူးသတိပြုရပါမယ်။ အမြှောက်ရဲ့သဘောက
ကိန်းတစ်လုံးသုညဖြစ်ရင် ကျန်တဲ့ကိန်းတွေဘယ်လောက်ပဲများများ ရလဒ်က
သုညဖြစ်မယ်ဆိုတဲ့သဘောပါ။ ဥပမာ - အသင်ဟာ
သင်ယူလိုစိတ်(Motivation)လည်းအပြည့်ရှိတယ်၊
သင်ယူနိုင်စွမ်း(Ability)လည်းအပြည့်ရှိတယ်။ ဒါပေမယ့်
သင်ယူနိုင်ခွင့်(Opportunity) မရှိဘူးဆိုရင်တော့ အသင့်ရလဒ်က ၁၀၀ x ၁၀၀ x
ဝ = ၀ ဆိုတဲ့အတိုင်း Performance Result က ဘာမှထွက်မလာနိုင်တဲ့သဘောပေါ့။
ဒီကိန်းတွေရဲ့အမြှောက်သဘောအရ လိုနေတဲ့ သင်ယူခွင့်ဟာ အနည်းငယ် ရရုံမျှ
အသင့်ရဲ့ သင့်ရဲ့ စွမ်းဆောင်ရည်(Performance) ဟာလည်း မြင့်တက်လာတာ
တွေ့ရမှာပါ။ ၁၀၀ x ၁၀၀ x ၅၀ = ၅၀၀၀၀၀ ပေါ့ဗျာ။ ဒါကြောင့်မို့
ကိုယ်ရဲ့စွမ်းဆောင်ရည်ကိုမြင့်မားအောင်ဆောင်ရွက်ချင်တဲ့ သင့်အနေနှင့်လည်း
ဒီကိန်းရှင် သုံးလုံးကို စနစ်တကျ ထိန်းညှိဆောင်ရွက်တတ်ကြဖို့
လိုအပ်ပါတယ်။
♦ ဘ၀စီမံကိန်း(Life Plan) စနစ်တကျချပါ။

ဘ၀ကိုရေစုန်မျောနေတာထက် စနစ်တကျ Plan နဲ့ကြိုးပမ်းနေတဲ့ သူတွေက
စွမ်းဆောင်ရည်မြင့်မားရေးအတွက် များစွာအဓိကကျပါတယ်။ မိမိကိုယ်ကိုယ်
စီမံခန့်ခွဲမှု(Self Management) ဆိုတဲ့နေရာမှာ ရှေးဦးစွာ အောင်မြင်ဖို့
စီမံကိန်း (Plan) ချရပါမယ်။ ကြီးကြီးမားအောင်မြင်မှုတိုင်းမှာ Plan
မရှိဘဲ၊ မတော်တဆအောင်မြင်ဖြစ်ထွန်း လာတယ်ဆိုတာ လုံးဝ (လုံးဝ)မရှိပါဘူး။
ယခုထိပ်တန်းအောင်မြင်နေတဲ့သူတွေအားလုံးမှာ မအောင်မြင်ကတည်းက
အခုလိုအောင်မြင်လာအောင် အခိုင်အမာ စီမံကိန်း(Plan)တွေရှိခဲ့ပါတယ်။
ဒါကြောင့်မို့် ကောက်ချက်ချနိုင်တာက Plan ရှိတဲ့သူတိုင်း
အောင်မြင်မယ်လို့ ရာနှုန်းပြည့်မဆိုနိုင်ပေမယ့်
အောင်မြင်တဲ့သူတိုင်းကတော့ Plan ရှိတယ် ဆိုတာပါပဲ။ ဒါကြောင့်မို့
ဘ၀မှာအောင်မြင်ချင်ရင် တော့ Plan ရှိရပါမယ်။

“Fail to plan is plan to fail” တဲ့။ အဓိပ္ပါယ်က Plan လုပ်ရန်ပျက်ကွက်တာဟာ
ကျဆုံးဖို့အတွက် Plan ဆွဲနေ ခြင်းပါတဲ့။ ကဲမိတ်ဆွေမှာလည်း Plan
တစ်ခုခုချပြီးပြီဆိုပါတော့။ အဲဒီ Plan
ကိုအကောင်အထည်မဖော်(Implementation) မလုပ်ရင်တော့ ဘာမှထူးလာမှာ
မဟုတ်ပါဘူး။ Plan တစ်ခုကို စပြီးအကောင်အထည်ဖော်ရင်တော့ အဲ့ဒီ Plan အတွက်
သက်ဆိုင်တဲ့ လုပ်ဆောင်မှု(Action) တွေ စဉ်ဆက်မပြတ် လုပ်ဆောင်ရပါမယ်။
နောက်ပြီး လုပ်ဆောင်မှုတွေကိုလည်း မှန်ကန်တဲ့လမ်းကြောင်း(Right Track)
ပေါ်မှာ ရှိမရှိ အမြဲမပြတ် ဆန်းစစ်(Check) ရပါမယ်။ တကယ်လို့
ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေဟာ မူလချမှတ်ထားတဲ့ Plan နဲ့
မကိုက်ညီတော့ဘူးဆိုရင် မူလ Plan ကိုအောင်မြင်စေဖို့ လိုအပ်သလို
ပြန်လည်ပြင်ဆင်မှုတွေ လုပ်ရပါမယ်။ ဥပမာ အသင်ဟာ ငါးနှစ်အတွင်း သိန်းငါးရာ
အမြတ် ကျန်အောင် Plan ချထားတယ် ဆိုပါစို့။ ဒီ Plan အရ အသင်ဟာ တစ်နှစ်ကို
သိန်းတစ်ရာ မြတ်အောင်လုပ်ရပါမယ်။ တကယ့်လက်တွေ့မှာ
သိန်းတစ်ရာမမြတ်ဘူးဆိုရင်တော့ Plan ကို လိုအပ်သလို ပြုပြင်ရင်ပြုပြင်၊
ဒါမှမဟုတ် လိုအပ်တဲ့ Action တွေကို ထပ်မံဆောင်ရွက်
စသဖြင့်လုပ်ဆောင်ရပါမယ်။ ကိုယ်ချမှတ်ထားတဲ့ Plan တွေ လက်တွေ့မှာ အကောင်
အထည်ပေါ်လာဖို့၊ အောင်မြင်လာဖို့ဆိုရင် ကိုယ့် Plan အတွက်လိုအပ်တဲ့
ရင်းမြစ်(Resources) တွေဖြစ်တဲ့ ငွေကြေး၊ အချိန်စတာတွေကိုလည်း လိုအပ်သလို
ထပ်မံဖြည့်ဆည်းရပါမယ်။


ဒါကြောင့် အချုပ်အားဖြင့် Plan တစ်ခုချပြီးပြီဆိုတာနဲ့ ချထားတဲ့ Plan ကို
အောင်မြင်ဖို့ Action တွေ အဆက် မပြတ်လုပ်ဆောင်၊ Action တွေကို
မှန်ကန်မှုလမ်းကြောင်းပေါ်မှရှိရဲ့လားလို့ ဆန်းစစ်၊
ရင်းမြစ်တွေကိုလိုအပ်သလို ထပ်မံ ဖြည့်ဆည်းမယ်ဆိုရင်တော့ အသင်ရဲ့ Plan
ဟာအောင်မြင်မှာ မလွဲဧကန်ပါပဲ။ မိမိနိုင်ငံ၊ မိမိလူမှုပါတ်ဝန်းကျင်၊
မိမိဘ၀မှာ အောင်မြင်ထင်ရှားတဲ့ အမှတ်သညာ(Good Brand) ဖြစ်ချင်ရင်ဖြင့်
စနစ်တကျ Plan တွေချပြီး ဇွဲရှိရှိ၊ စိတ်အားသန်သန်ဖြင့်
အောင်မြင်အောင်ကြိုးစားရပါမယ်။
♦ အဆိုးမမြင်၊ အပြုသဘောဆောင်ခြင်း။

1 Plus 1 Equal to Greater Than 2 (1+1=>2) တစ်နဲ့တစ်ပေါင်းခြင်းဟာ
အမြဲတမ်း နှစ်ထက်ပိုရမယ် ဆိုတဲ့မူကို လက်ကိုင်ထားတဲ့သူဟာ အရာရာတိုင်းကို
အကောင်းမြင်ပြီး အောင်မြင်မှုကိုပဲ ရှေးရှုနေတတ်ကြတယ်။ သူတို့ ဘ၀မှာ
မဖြစ်နိုင်ဘူး(Impossible)ဆိုတာ မရှိဘူး။ Impossible စကားလုံးကိုတောင်
အကောင်းမြင်ပြီး “I am possible” (ငါဟာဖြစ်နိုင်တယ်) ဆိုတာပဲရှိပါတယ်။
“မဖြစ်နိုင်ဘူးဆိုတာမရှိဘူး၊ မဖြစ်သေးတာပဲရှိတယ်” ဆိုတဲ့စကားကိုပဲ
ကရားရေလွှတ် တတွတ်တွတ်ရွတ်ဆိုနေကြတဲ့သူတွေပါ။ နောက်ပြီး
အကောင်းမြင်စိတ်(Positive Mind Set) ရှိတဲ့လူရဲ့
နောက်ထပ်ဝိသေသလက္ခဏာတစ်ခုကတော့ စိတ်ခံစားမူစွမ်းရည်(Emotional Skil) ဟာ
သာမန်လူတွေထက် ပိုကဲ ပါတယ်။ သူတို့ဟာ ပြိုင်ဘက်တွေ ပျက်စီးရာ
ပျက်စီးကြောင်းကို ဘယ်တော့မှမလုပ်ပါဘူး။ အဲဒီအစား ပြိုင်ဘက်တွေနဲ့
ပူးပေါင်းပြီး အောင်မြင်မှုအသီးအပွင့်တွေကို အတူတကွ စားသုံးတတ်ကြပါတယ်။
အချင်းချင်းနှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ Win-Win Relationship တွေနဲ့
အောင်မြင်မှုတွေ ရယူတတ်ကြပါတယ်။ လူတစ်ယောက်ရဲ့ အောင်မြင်မှုဟာ
ထိုလူရဲ့ထားရှိတဲ့ စိတ်နေစိတ်ထား(Mind-Set) နဲ့လည်း အများကြီး
သက်ဆိုင်ပါတယ်။

♦ ကိုယ်ထူကိုယ်ထလေ့လာသင်ယူမှု(Self Learning) အလေ့အကျင့်ပြုလုပ်ပါ။

ဒီဘက်ခေတ်မှာတော့ ကျောင်းသင်ပညာရေး(Formal Learning) အပြင် အလွတ်ပညာရေး
(Informal Learning) ဟာ လူတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်မြင့်မားရေးအတွက်
များစွာအရေးပါလာပါတယ်။ သူငယ်တန်း၊ တက္ကသိုလ်ပညာရေး မှသည်
ဘွဲ့တစ်ဘွဲ့ရအောင် သင်ကြားလားခဲ့တဲ့ Formal Learning Education
လမ်းကြောင်းဟာ Self Development Process အတွက်
အဓိကပင်မလမ်းကြောင်းကြီးဖြစ်ပါတယ်။ တစ်ချို့က မဟာဘွဲ့၊ ဒေါက်တာဘွဲ့စတဲ့
ဘွဲ့လွန်ပညာရေးတွေ ကို အဆင့်ဆင့်သင်ကြားပြီး Self Development Process
ကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ကြပါတယ်။ မိမိတို့လုပ်ငန်းခွင်
အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ လူမှုဘ၀ထဲက
ကိုယ့်အတွက်တစ်ခုခု အသိပညာသုတတိုးအောင် စဉ်ဆက်မပြတ် သင်ယူနေကြရတာ
Informal Learning ပဲဖြစ်ပါတယ်။ ဥပမာ - လုပ်ငန်းခွင် ထဲမှာ
ကိုယ့်ထက်တော်တဲ့သူ တစ်ယောက်ယောက်ကိုတွေ့တာနဲ့ သူ့ဆီက
ထူးချွန်ထက်မြက်မှုကို ကိုယ့်ဆီကို ကူးစက် အောင်
ချက်ချင်းလေ့လာသင်ယူခြင်းအားဖြင့် ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ်
တိုးတက်နေအောင် ဆောင်ရွက် နိုင်ကြပါတယ်။ ဒါကိုပဲ ဘ၀တစ်လျှောက်လုံး
စဉ်ဆက်မပြတ်လေ့လာသင်ယူမှု(Life Long Learning)လို့ ခေါ်ဆိုနေကြ ခြင်းပါ။
အထူးသဖြင့် Formal Education ထက် Informal Education ဟာ
ဘ၀မှာအောင်မြင်မှုတွေရရှိဖို့အတွက် အဓိက အဆုံးအဖြတ်ပေးနိုင်ပါတယ်။
ကမ္ဘာကျော်စကားလေးတစ်ခွန်းရှိပါတယ်။ ‘Every one can teach, guide and
coach for you. But ever one cannot learn for you’ တဲ့။ ဆိုလိုတာက
ဘယ်သူမဆို သင့်အတွက် သင်ပေး၊ လမ်းညွှန်ပေး၊ နည်းပြ ပေးလို့ရတယ်။ ဒါပေမယ့်
ဘယ်သူကမှ သင့်ကိုယ်စားသင်ယူပေးလို့မရဘူးတဲ့။
ဒါကြောင့်ဖွံ့ဖြိုးတိုးတက်မှုအားလုံးဟာ ကိုယ့် ဘာသာ ကိုယ်လုပ်တဲ့အရာတွေ
‘All Development is self development’ လို့ဆိုပါတယ်။
♦ စာဖတ်ပါ (Reading)

ဟိုး ကမ္ဘာဦးအစကတည်းက ယနေ့အချိန်အထိ
လူသားတွေရဲ့ဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး
ဆောင်ရွက်နိုင်တဲ့နည်းက စာဖတ်ခြင်းပါ။ ဘယ်လုပ်ငန်းနယ်ပယ်မှာပဲဖြစ်ဖြစ်
စာမဖတ်တဲ့သူတွေထက် စာဖတ်တဲ့သူတွေဟာ အမြဲနှာတစ်ဖျားသာနေတာကို
တွေ့ကြရပါလိမ့်မယ်။ ယနေ့ လက်ရှိနယ်ပယ်အသီးသီးမှာ ကမ္ဘာကြီး ကို
ဦးဆောင်နေသူတိုင်းဟာ စာဖတ်နာတဲ့ စာဂျပိုး(Book Worm) တွေဖြစ်ပါတယ်။
ဘ၀ကိုနည်းလမ်းတကျ ဖွံ့ဖြိုးတိုးတက် ဖို့ သုတစာပေကိုသာမက ရသစာပေကိုပါ
စနစ်တကျဖတ်ရှုဖို့ အထူးလိုအပ်ပါတယ်။ သုတစာပေက ဘ၀ကို ထိပ်တန်းရ အောင်
ကြိုးစားတဲ့နေရာမှာ တောင်တက်ကရိယာသဖွယ် ဆောင်ရွက်ပေးသလို ရသစာပေက
တောင်ပေါ်ကပြုတ်ကျတာနဲ့ အလားသဏ္ဍာန်တူတဲ့ အဆိုးလောကဓံတွေနဲ့ကြုံတွေ့တဲ့အခါ
ကျွန်တော်တို့ကိုခံနိုင်ရည်ရှိအောင် သင်ကြားပေးပါတယ်။ သုတစာပေရော
ရသစာပေပါဖတ်ခြင်းအားဖြင့် ထိပ်ဆုံးဘ၀ရောက်အောင်အထောက်အကူပြုစေမှာပါ။
ဒါကြောင့် ကမ္ဘာ့ ထိပ်တန်း ပုဂ္ဂိုလ်ကြီးတွေရဲ့ ပါးစပ်ဖျားမှာ - “Today
Reader, Tomorrow Leader” (ယနေ့စာဖတ်သူဟာ မနက်ဖြန် ခေါင်းဆောင်)
ဆိုတဲ့စကားလေး ရေပန်းစားလာတာ မဟုတ်ပါလား။

♦ သင်တန်းတက်ပါ (Training)

သင်တန်းဆိုတာကတော့ တိုးတက်လိုသူတွေရဲ့ဘ၀မှာ အမြဲတွေ့နေကြရမှာပါ။
အသက်ကြီးလာလို့၊ ရာထူးကြီး လာလို့ သင်တန်းမတက်ရတော့ဘူးဆိုတာ မရှိပါဘူး။
အမှန်က ဘ၀မြင့်မားလေလေ သင်တန်းတက်ရတာတွေများလာ လေလေပါ။
သင်လည်းစွမ်းဆောင်ရည်မြင့်မားလာအောင် သင့်လျော်ပြီး အကျိုးရှိမယ့်
သင်တန်းတစ်ခုခုကိုတက်ဖို့ စီစဉ် လိုက်ပါတော့။

♦ TV ကြည့်ပါ၊ Internet သုံးပါ။

TV ကြည့်တဲ့နေရာမှာ ဖျော်ဖြေရေးဆိုတာထက်
ဖျော်ဖြေရေးနဲ့ပညာရေးပေါင်းစပ်ပြီး Edutainment ပုံစံမျိုး
အသုံးချတတ်ဖို့ လိုပါတယ်။ ကြည့်တတ်ရင် TV Channel တွေမှာ
လေ့လာသင်ယူစရာတွေ အများကြီးပါ။ ချက်နည်း၊ ပြုတ်နည်းကအစ Specking,
Listening Skill တက်လာအောင် English တွေကြည့်တာမျိုးအထိ
ဆောင်ရွက်လို့ရပါတယ်။ ဟိုးအရင်က အကြောင်းအရာတစ်ခုသိချင်ပြီဆိုရင်
စာအုပ်တွေ၊ စာကြည့်တိုက်တွေမှာ မွှေနောက်ရှာဖွေမှသာ သိရှိနိုင်ပါ တယ်။
ယနေ့ခေတ်မှာတော့ Internet တက်ပြီး Google မှာ
ကိုယ်သိချင်တဲ့စာလုံးလေးရိုက်ထည့်လိုက်တာနဲ့ စက္ကန့်ပိုင်း အတွင်း
ကိုယ်သိချင်တဲ့အကြောင်းအရာကို ခဏတွင်းချင်း သိနိုင်ပါတယ်။ ဒါကြောင့်မို့
အင်တာနက်ခေတ်မှာ အင်တာနက် အခြေပြုသင်ယူမှု (Web-based Learning)
လုပ်နိုင်သူတွေဟာ စွမ်းဆောင်ရည်မြင့်မားလာကြပါတယ်။

♦ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများကိုတက်ရောက်ပါ။

ဒီဘက်ခေတ်မှာဘာသာရပ်စုံ၊ လုပ်ငန်းနယ်ပယ်စုံအတွက် ဆွေးနွေးပွဲတွေ၊
ဟောပြောပွဲ တွေကို တော်တော် များများပြုလုပ်လာကြပါပြီ။ ဒါဟာ
ကျွန်တော်တို့ရဲ့လူအဖွဲ့အစည်းအတွက် ကောင်းတဲ့ပြောင်းလဲမှုပါ။
ကိုယ့်ရဲ့စွမ်းဆောင် ရည်မြှင့်တင်မြင့်မားလိုနေသူတွေအတွက် သက်ဆိုင်ရာ
ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေကို မကြာခဏတက်ရောက်ပြီး Performance
မြင့်မားလာအောင်ဆောင်ရွက်သင့်ကြပါတယ်။
♦ လူမှုအပေါင်းအသင်း(Social Relationship) ကောင်းပါစေ

ကျွန်တော်တို့နေ့စဉ်ထိတွေ့ဆက်ဆံပါတ်သတ်နေရတဲ့ အပေါင်းအသင်း
အသိုင်းအ၀ိုင်းကလည်း ကျွန်တော်တို့ရဲ့
တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှု(Self
Development)အတွက်များစွာသက်ရောက်မှုရှိပါတယ်။ မင်္ဂလာတရားတော်လာ
‘အသေ၀နာစဗလာနံ’ ဆိုတဲ့အတိုင်း၊ ‘တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး’
ဆိုတဲ့ စကားအတိုင်း အရည်အသွေးရှိတဲ့ အပေါင်း အသင်းတွေနဲ့
ဆက်ဆံပါတ်သက်နေတဲ့သူဟာ အရည်အသွေးမရှိတဲ့ အပေါင်းအသင်းတွေနဲ့
ဆက်ဆံပါတ်သက်နေတဲ့သူ တွေထက် Self Development ဖြစ်ဖို့များပါတယ်။
ကိုယ့်ထက်အရည်အသွေးရှိတဲ့၊ ဆက်ဆံရေးပြေပြစ်ကောင်းမွန်တဲ့
အပေါင်းအသင်းတွေနဲ့ ဆက်ဆံပြောဆိုပေါင်းသင်းရာကနေ သူတို့အရည်အသွေး၊
ထူးချွန်ထက်မြက်မှုတွေ ကိုယ့်ဆီကို ကူးစက်လာနိုင်သလို၊ သူတို့ဆီကလည်း
ကိုယ်ကပြန်လည်သင်ယူနိုင်ပါတယ်။ ဘ၀မှာ သင်ယူမှု (Learning) ဆိုတာ ဘယ်တော့မှ
ပြီးတယ်ဆိုတာမရှိပါဘူး။ ဒါကြောင့်မို့ Life Long Learning
လို့ပြောကြတာပါ။

“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင်၊ လိပ်မျိုး၊ နွားသိုး၊ ခွေးအ၊ ဤခြောက်ဝ
လူတွင်မပေါင်းရ၊ ပေါင်းမိသူက လောက၀ယ် ဂုဏ်ငယ်ပျက်လေစွ” လို့ လောကနိတိမှာ
မှတ်သားဖွယ်တွေ့ရှိနိုင်ပါတယ်။ (ကိုယ်ဦးဆောင်တဲ့နောက်ကိုလည်းမလိုက်၊
သူကလည်းဦးမဆောင်နိုင်ဘဲ ဆန့်ကျင်ရာလားတတ်သော ဂဏန်းလိုလူ၊ ပြောသမျှကို
အယုံလွယ်၊ အယုံလွန်ပြီး ကောင်းသည် ဆိုးသည်ကို မခွဲခြားတတ်ဘဲ
ခေါင်းညိတ်ဖို့သာတတ်သော ပုတ်သင်ကဲ့သို့လူ၊ မိမိအပေါ်သစ္စာမစောင့်စည်းဘဲ
ကိုယ်ကျိုးအတွက်လေတိုက်ရာယိမ်းတတ်သော ၀ါးပင်ကဲ့သို့လူ၊ဘယ်သူသေသေ
ငတေမာရင်ပြီးရောလို့စိတ်ထားတတ်ပြီး ကိုယ်ကျိုးစိးပွားကိုသာ သိတတ်၊
ကိုယ်ဖက်ကိုယ်ယက်တဲ့ လိပ်နဲ့တူသောလူ၊ အရာရာကို မစူးစမ်းမဆင်ခြင်ပဲ
ကမူးရူးထိုးနဲ့ မိုက်ရူးရဲဆန်တတ်သော နွားသိုးနဲ့တူသောလူ၊
အမြဲတမ်းကောက်ကျစ်စဉ်းလဲပြီး မိမိအပေါ်ကို မလိုတမာစိတ်ရှိနေသော
ခွေးအလိုလူမျိုးတို့ကိုလည်း ရှောင်ကြဉ်ရပါမယ်။
ဒီလိုလူမျိုးတွေနဲ့ပေါင်းမိရင်တော့ မိမိဂုဏ်သရေကို ထိခိုက်စေနိုင်ပါတယ်။)
♦ ကိုယ့်ကိုယ်ကိုယ် စမတ်ကျအောင်နေပါ။ ယုံကြည်မှုရှိပါ၊

ကျွန်တော်တို့ နေ့စဉ်ဘ၀မှာ လုပ်ငန်းတာဝန်တွေ
ရှင်သန်လှုပ်ရှားဆောင်ရွက်ကြတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် စမတ်ကျအောင်
နေထိုင်တတ်ဖို့ဟာ ဘ၀မှာအောင်မြင်မှုတွေရနိုင်ဖို့အတွက် အလွန်အရေးပါပါတယ်။
နေ့စဉ်လူမှုရေး၊ စီးပွားရေး လုပ်ငန်းတွေကို ဆောင်ရွက်ကြတဲ့နေရာမှာ
တစ်ယောက်နဲ့တစ်ယောက်စစတွေ့တွေ့ခြင်းမှာ ၀တ်စားဆင်ယင်မှု၊ ရုပ်လက္ခဏာတွေနဲ့
ဆုံးဖြတ်လေ့ရှိပါတယ်။ စမတ်ကျနသပ်ရပ်မှုဟာ လူတစ်ဦးတစ်ယောက်စီရဲ့
ပင်ကိုယ်ရုပ်လက္ခဏာတွေ နဲ့ သိပ်ပြီးမဆိုင်လှပါဘူး။ အဲဒါထက် လူတစ်ဦးစီရဲ့
ဝတ်စားဆင်ယင်မှု၊ ကိုယ်ဟန်အမှုအရာ၊ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံတွေနဲ့ သာ
များစွာသက်ဆိုင်ပါတယ်။ အနောက်တိုင်းဝတ်စုံပဲဝတ်ဝတ်၊
မြန်မာဝတ်စုံပဲဝတ်ဝတ်၊ ခေတ်ပေါ်လူငယ်စတိုင်ပဲဝတ်ဝတ်၊ ကိုယ်နဲ့ Fitting
ကျပြီး သပ်သပ်ရပ်ရပ် စမတ်ကျအောင် ဂရုပြုဝတ်ဆင်ပါ။ နောက်ပြီး ၀တ်ဆင်မယ့်
အ၀တ်အစားကို ရွေးချယ်တဲ့နေရာမှာ ကိုယ်သွားမယ့်နေရာဌာန၊
ပွဲလမ်းသဘင်နဲ့ကိုက်ညီမယ့် အ၀တ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်တတ်ရ ပါမယ်။
တစ်ဦးနဲ့တစ်ဦး အပြန်အလှန်စကေားပြောဆိုဆက်ဆံကြတဲ့ နေရာမှာလည်း
ကာလဒေသအလိုက် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ပြောဆိုတတ်ရပါမယ်။
နောက်ပြီး စမတ်ကျလိုသူတိုင်း အထူးသတိပြုရမှာက အခေါ်အဝေါ်ပါ။ လူပေါင်းစုံ၊
အသက်အရွယ်အဆင့်အတန်းအလိုက် ယဉ်ကျေးစွာပြောဆိုဆက်ဆံ ဆောင်ရွက်ခြင်းဖြင့်
ပိုမိုစမတ်ကျပြီး ကိုယ်ရဲ့အဆင့်အတန်းကို တက်စေပါတယ်။
နောက်စကားပြောတဲ့အခါမှာ စကားကို ပီပီသသ၊ ရဲရဲတင်းတင်းနဲ့ ပုံမှန်
ပြောဆိုပါ။ ယောက်ကျားဖြစ်နေပါလျှက် မိန်းကလေးလို ချွဲနွဲ့ပြောဆိုတာမျိုး၊
ကလေးကလားဆန်တာမျိုး မပြောမိအောင် ဂရုစိုက်ရပါမယ်။

ဘယ်နေရာပဲသွားသွား၊ ဘာပဲလုပ်လုပ်
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ့်
ကိုယ်ကိုယ် မယုံရဲဖြစ်နေသူ၊ ရှက်ကိုးရှက်ကန်းဖြစ်နေသူတစ်ယောက်ဟာ ဘယ်လိုမှ
စမတ်မကျနိုင်ဘူးဆိုတာကတော့ အသေအချာပါပဲ။ နောက်ပြီး လောကမှာလိုက်နာရမယ့်
ထုံးတမ်းစဉ်လာများနဲ့ ကျင့်ဝတ်များကိုလည်း သင်ယူရပါမယ်။
သူတစ်ပါးပြောဆိုနေတာကို စိတ်ဝင်းတစားနားထောင်တတ်ခြင်းဟာလည်း
စမတ်ကျခြင်းရဲ့ ၀ိသေသလက္ခဏာတစ်ရပ်ပါပဲ။
ကမ္ဘာကျော်စကားပြောအကောင်းဆုံးဆိုတဲ့ပုဂ္ဂိုလ်တွေဟာ တစ်ချိန်တည်းမှာပဲ
နားအထောင်းဆုံးပုဂ္ဂိုလ်တွေ ဖြစ်နေတယ် ဆိုတာကိုလည်းတွေ့ရမှာပါ။
သင်လည်းစမတ်ကျအောင် အာရုံစိုက်နားထောင်ကြည့်လိုက်ပါ။
စမတ်ကျတဲ့သူဖြစ်ချင်ရင် လျှောက်တဲ့ ခြေလှမ်းတိုင်းမှာ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ လမ်းလျှောက်ရပါမယ်။
ဆောင့်ကြွားဆောင့်ကြွားပုံစံမျိုးမဟုတ်ပဲ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ပုံစံမျိုးနဲ့
မားမားမတ်မတ်လမ်းလျှောက်ရပါမယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုကလည်း
စမတ်ကျဖို့အတွက်များစွာ အရေးပါပါတယ်။ ခြေသည်းလက်သည်း၊ မုတ်ဆိတ်မွှေးက အစ
စမတ်ကျကျသန့်ရှင်းနေဖို့လိုပါတယ်။ နောက်အရေးကြီးတာက ခံတွင်းနံ့ပါ။
တကယ်လို့ အသင်ဟာ ခံတွင်းနံ့ဆိုးစေတဲ့
အစားအစာမျိုးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် ပီကေ၊ငုံဆေး စတာမျိုးတွေကို
ဆောင်ထားသင့်ပါတယ်။
♦ အားမနာပါနဲ့

အားနာလျှင် အားပါ၏ဟုဆိုသည်။ အားနာတတ်သူများသည်ကိုယ်ဘက်က အားအင်များ
ပေးလိုက်ရသည်။ အားနာတတ်ခြင်းနှင့် ငဲ့ကွက်တတ်ခြင်းခြင်းဟာ
ကြောက်ခြင်းတစ်မျိုးဖြစ်လို့ မိမိရဲ့အကျိုးစီးပွားကို ပျက်စီးစေပါတယ်။
အဖက်ဖက်မှာ အားနာတဲ့လူတစ်ယောက်ဟာဘယ်သောအခါမှ အောင်မြင်ကြီးပွားမှာ
မဟုတ်ပါဘူး။ အားနာပါတယ်ဆိုတဲ့ စကားဟာ ရေရှည်မှာဆက်ဆံရေးကို
ဖျက်ဆီးခြင်းဖြစ်ပါတယ်။ လောက၌ ကိုယ်ကပေးစရာလျှင်ပေးရသလို ကိုယ်က
ရစရာရှိလျှင်လည်း ရအောင်တောင်းယူရမည်ဖြစ်တယ်။ မှတ်သားထားဖို့က အသင်ရဲ့
အားနာတတ်ခြင်းဟာ အသင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး ညံ့နေသေးတာကို
ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။

လူတစ်ယောက်အောင်မြင်လာဖို့ဟာ ချက်ချင်းလုပ်၊ ချက်ချင်းအောင်မြင်လာမှာ
မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဥာဏ်စွမ်း၊ ၀ိရိယစွမ်းတွေနဲ့
အစွမ်းကုန်ကြိုးစားပါမှ အောင်မြင်မှာပါ။ အခုရေတွင်းတူး
အခုရေကြည်သောက်ဖို့မလွယ်ပါဘူး။ အဲဒါကြောင့်
လူတော်တစ်ယောက်ချက်ချင်းဖြစ်ဆိုတာလည်း ဒီလိုပါပဲ။
လူတော်တစ်ယောက်မဖြစ်သေးသော်လည်း လူတော် တစ်ယောက်ဖြစ်အောင်ကြိုးစားနေတဲ့သူ
တော့ဖြစ်ရမှာပေါ့နော်။ လူတစ်ယောက်အောင်မြင်ဖို့
နည်းလမ်းတွေအများကြီးရှိတဲ့ အထဲက အထက်ဖော်ပြပါ အချက်တွေက
လက်တွေ့ကျင့်ကြံနိုင်တဲ့ အချက်အလက်တွေပဲဖြစ်ပါတယ်။ ကျွန်တော်ကတော့
လူတစ်ယောက်အောင်မြင်နေတာဟာ သူ့အကျိုးစီးပွားရေးအတွက်ပဲ အောင်မြင်နေတာကို
အောင်မြင်တယ်လို့ မဆိုလိုချင် ပါဘူး။ လူပါတ်ဝန်းကျင်
အကျိုးစီးပွားရေးအတွက်ပါ အောင်မြင်နေတဲ့လူမျိုးကိုသာ
အောင်မြင်တယ်လို့မြင်ပါတယ်။ဒါကြောင့် ကျွန်တော်တို့တွေလည်း
ကိုယ့်အတွက်အောင်မြင်အောင်ကြိုးစားနေသလို ကိုယ့်ပါတ်ဝန်းကျင်အတွက်ပါ
အကျိုးရှိစွာ အောင်မြင်နေသော လူတော်တွေဖြစ်အောင် ကြိုးစားကြပါစို့။
အောင်မြင်တဲ့ ပန်းတိုင်ရောက်အောင် ကျွန်တော်တို့ ခြေလှမ်း တွေကို
စလှမ်းလိုက်ကြပါစို့။
AZM from  Myanmarfamily forum

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...