Tuesday, July 5, 2011

ထိုင်းဝန်ကြီးချုပ်ဖြစ်လာမည့် အမျိုးသမီးအကြောင်း

by Lu Cifer on Tuesday, July 5, 2011 at 7:56am


နှစ်လိုဖွယ် ရုပ်ရည်နှင့် အမျိုးသမီးတဦးက ထိုင်းတွင် ရုတ်တရက် နိုင်ငံခေါင်းဆောင် ဖြစ်လာတော့မည်။ ဤအမျိုးသမီးက မဲဆွယ်စဉ် ကာလအတွင်း မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး ပြောဆိုခြင်း မရှိပေ။


ထိုင်းနိုင်ငံတွင် ယမန်နေ့က ရွေးကောက်ပွဲတွင် ပြည်သူအများစုက ရှပ်နီတို့၏ ပါတီဖြစ်သော ဖုယာ့ထိုင်းပါတီကို မဲပေးလိုက်ကြသည်။ ပါတီ၏ ၀န်ကြီးချုပ်လောင်း ယင်လပ်ရှင်နာဝပ်က ယမန်နေ့ ညနေပိုင်း မဲရုံပိတ်ချိန်တွင် သတင်းစာရှင်းလင်းပွဲ လုပ်ရာ ညွန့်ပေါင်းအစိုးရဖွဲ့ရေးအတွက် ချတ်ထိုင်းပထနာ ဟူသော ပါတီငယ်တခုနှင့် ဆွေးနွေးနေကြောင်း ဟု ပြောသည်။
တခြား ပါတီငယ်တချို့လည်း လာရောက် ပူးပေါင်းဖွယ်ရှိသည်ဟုလည်း သူက မျှော်လင့်နေသည်။ အစိုးရဖွဲ့ရန် အသင့်ဖြစ်နေပေပြီ။
ရွေးကောက်ပွဲအပြီး ဘာပြောကြလဲ

ရှုံးသွားသော ဒီမိုကရက်တစ်ပါတီ၏ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝကလည်း ချီးကျူးစကား ဆိုသည်။
"ယင်လပ်က အစိုးရအဖွဲ့ကို ဖွဲ့မယ့် ပထမဆုံး အမျိုးသမီးပါ။ ညီညွတ်မှု နဲ့ ပြန်လည်သင့်မြတ်မှုတွေ ကျနော် မြင်ချင်ပါတယ်"
ယင်လပ်ရှင်နာဝပ်ကလည်း ၀န်ကြီးချုပ်နှင့် တခြားသောနိုင်ငံရေးသမားတို့ကို ချီးကျူးသည် - ရွေးကောက်ပွဲ အဆင်ပြေစေရန် ဆောင်ရွက်မှုအတွက်ဟု ဆိုသည်။

ရွေးကောက်ပွဲအကြိုကာလမှာ ပေးထားတဲ့ ကတိတွေအတိုင်း အကောင်အထည်ဖော်မယ်၊ နိုင်ငံ အင်အားကောင်းဖို့ လုပ်ကြမယ် ဟုလည်း ဆိုသည်။

အမေရိကန်တို့၏ အမြင်
ဘန်ကောက်ရှိ အမေရိကန်သံရုံးကတော့ ယင်လပ်ကို အနာဂတ်အတွက် အလားအလာရှိသူဟု ယခင် ၂ နှစ် ကတည်းက ယူဆထားကြောင်း ၀ိကီလိ သတင်းများတွင် တွေ့ရသည်။
အမေရိကန်သံအမတ်ရဲ့ မှတ်ချက်မှာ - ယင်လပ်က ဖုယာ့ထိုင်းပါတီရဲ့ စီမံချက်၊ မဟာဗျူဟာ၊ ပန်းတိုင်တို့အတွက် ယုံကြည်ချက် ရှိနေပုံရတယ် ဟု ဆိုလေသည်။ ထိုစဉ်က ယင်လပ်သည် ပါတီတွင် ခေါင်းဆောင်နေရာ တရားဝင် မရသေးပေ။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ရွေးချယ်မှု
လွန်ခဲ့သည့် ၂ လ ကမှ ပါတီက သူ့ကို ရွေးကောက်ပွဲအတွက် ရှေ့တန်း ပို့လိုက်ခြင်းကြောင့် နာမည်ကြီးလာလေသည်။
ယင်လပ်ကို အသိများသည်က အိမ်ယာလုပ်ငန်းကုမ္ပဏီ ဥက္ကဋ္ဌ၊ ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ နှမ အငယ်ဆုံး ဟူ၍ ဖြစ်သည်။

သက်ဆင်က အင်တာဗျူးတခုတွင် ပြောဖူးသည်မှာ သူ့နှမ ယင်လပ်သည် လက်ရှိ ၀န်ကြီးချုပ် အဖိဆစ်ထက် အုပ်ချုပ်ရေးလုပ်ငန်းများ အတွေ့အကြုံ ရှိသည် ဟူ၏။

သူ့အစ်ကို၏ သက်ဆင်က ရွေးချယ် စီမံခဲ့ခြင်းကြောင့်လည်း သူက ရွေးကောက်ပွဲတွင် ပါတီကို ဦးဆောင် ယှဉ်ပြိုင်သူ ဖြစ်ခဲ့သည်။
ယင်လပ်က အစိုးရကို ဦးဆောင်နိုင်ပါ့မလား
သူ့အစ်ကို ၀န်ကြီးချုပ်ဖြစ်စတွင်လည်း ထိုသို့ မေးခွန်း ထုတ်ခံရဖူးသည်။ သူနှင့် သူ့အစ်ကို တူညီချက်က အောင်မြင်သည့် လုပ်ငန်းရှင်ဖြစ်သည် ဟူသော အချက်ပင်။ မကြာခင် ၀န်ကြီးချုပ်ရာထူး ထမ်းဆောင်သည့်အခါ အစ်ကိုဖြစ်သူ၏ နောက်ကွယ်မှ အကြံပေးမှု ရှိလာမည်ဟု အများအပြားက ယူဆနေသည်။

ယင်လပ်က ၁၉၈၈ ချင်းမိုင်တက္ကသိုလ်မှ Political Science and Public Administration တို့ဖြင့် ဘီအေဘွဲ့ရသည်။ ၉၁ တွင် ယူအက်စ်ရှိ Kentucky State တက္ကသိုလ်မှ အမ်အေဘွဲ့ ရသည်။
မောင်နှမ ၉ ယောက်တွင် သူက အငယ်ဆုံး ဖြစ်သည်။ ပြီးခဲ့သည့်လကမှ အသက် ၄၄ နှစ် ပြည့်သူ ဖြစ်သည်။ ခင်ပွန်းသည်ကလည်း လုပ်ငန်းရှင်တဦး ဖြစ်သည်။

ရွေးကောက်ပွဲ ကတိ
မူးယစ်ဆေးလုပ်ငန်းကို တနှစ်အတွင်း နာလန်မထူအောင် လုပ်မည်ဟု မဲဆွယ်စဉ်က ပြောကြားသည်။ ထိုအချက်ကိုတော့ လက်ခုပ်တီးသူ တီးသော်လည်း မဖြစ်နိုင်ဟူသော ဝေဖန်ချက်များ ပေါ်ထွက်နေသည်။ သူက ထိုကိစ္စကို မည်သို့ တနှစ်အတွင်း ကိုင်တွယ်မည်နည်း။
သူ့အစ်ကို ၀န်ကြီးချုပ် ဖြစ်စဉ်ကတော့ မူးယစ်လုပ်ငန်းလုပ်ကိုင်သူကို ပစ်ခွင့် ပေးသဖြင့် ရဲတို့က ထိုအခွင့်အရေးကို အပြည့်အ၀ သုံးခဲ့သည်။ ရလဒ်က ဆိုင်သူရော မဆိုင်သူရော ပစ်သတ်ခံရမှုက ထောင်နှင့်ချီ ရှိလေသည်။
ထိုင်းတွင် အမြစ်တွယ်နေသည့် မူးယစ်ဆေးလုပ်ငန်းကို သူ့ ကိုင်တွယ်မှုက မစ္စတာ သက်ဆင်လောက် ကြမ်းမည်မဟုတ်ဟု မျှော်လင့်ရသည်။ ထိုင်းတို့၏ Pundit ၀က်ဆိုက်ကို ကိုးကားပြီး ဘီဘီစီသတင်းဌာနက သူ့အကြောင်း ရေးသားချက်တခုတွင် - ယင်လပ်က ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ထောင်ချောက်ဆင်မေးခွန်းများကို လွတ်အောင် ပါးပါးနပ်နပ် ဖြေဆိုနိုင်ခဲ့သည်ဟု ဆိုသည်။

လွယ်ပါ့မလား
ပြဿနာ အများအပြား ရှိသည့် ထိုင်းနိုင်ငံရေးလောကတွင် အကောင်ကြီးကြီးဖြစ်လာတော့မည့် ယင်လပ်အတွက် အခက်အခဲများစွာ စောင့်ကြိုနေသည်။ ထိုင်း တော်ဝင်မိသားစုက ရှပ်နီတို့ကို ကြိုက်သည်မဟုတ်။ ထိုင်းစစ်တပ်ကလည်း ရှပ်နီတို့ကို ကြိုက်သည်မဟုတ်။

ထိုင်းတောင်ပိုင်း အစ္စလာမ် အစွန်းရောက်တို့၏ တိုက်ခိုက်မှုများကတော့ ဘယ်အစိုးရတက်တက် ရှိနေမည့်ပြဿနာမို့ အထူး ခေါင်းခဲစရာ မလိုဟု ယူဆက ယူဆနိုင်သည်။

ယင်လပ်နှင့် မြန်မာပြည်အရေး
ယင်လပ်က မဲဆွယ်စဉ် ကာလ မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး ပြောဆိုချက်များ မကြားရပေ။ နိုင်ငံရေးသမား အများအပြား နောက်ကွယ်တွင် အကြံပေးမည့် ယင်လပ်၏ လက်ထက်တွင် မြန်မာပြည်နှင့် ထိုင်း၏ ဆက်ဆံရေး ယခင်အတိုင်း ရှိမည်ဟု ယူဆရသည်။ အထူးသဖြင့် သူ့အစ်ကို မစ္စတာ သက်ဆင် လက်ထက်က ကျင့်သုံးခဲ့သော မူဝါဒများကို ကိုင်စွဲမည်ဟု ယူဆရသည်။
မြန်မာပြည်မှ လက်နက်ကိုင်အဖွဲ့တခု၏ ခေါင်းဆောင်က သက်ဆင်ကို တခြားသော ထိုင်းဝန်ကြီးချုပ်များထက် ပိုမို နှစ်သက်သည်ဟု ဆိုသည်။
သက်ဆင်သည် မြန်မာပြည်မှ တိုင်းရင်းသားတို့၏ အခွင့်အရေးအတွက် ပြောဖော်ရသည့် ထိုင်းခေါင်းဆောင်တဦး ဖြစ်သည်၊ ကျန်ခေါင်းဆောင်များက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအကြောင်းသာ ပြောကြသည် ဟု SSA ဒုဗိုလ်ချုပ်ကြီး ယွတ်စစ်က မှတ်ချက်ပြုကြောင်း သျှမ်းသံတော်ဆင့် အင်တာနက် စာမျက်နှာတွင် ရေးထားသည်။

မာစတာစီဒို
ဇူလိုင် ၃၊ ၂၀၁၁
http://moemaka.com/index.php?option=com_content&task=view&id=9328&Itemid=1

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...