ဖိလစ်ပိုင်အမျိုးသားတို့၏ လူထုလှုပ်ရှားမှုအောင်ပွဲ
၁၉၈ဝ ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းကာလ
တနည်းဆိုသော် တတိယအကြိမ်မြောက် ကမ္ဘာ့ဒီမိုကရေစီ လှုပ်ရှားမှု လှိုင်းလုံးကြီး ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ရောက်ရှိ ပျံ့ နှံ့ချိန်။
ယင်းကာလ ဖိလစ်ပိုင် အမျိုးသားတို့၏ လူထုလှုပ်ရှားမှုကြီးကား အံ့မခန်းဖွယ် အောင်မြင်ခဲ့သည်။ အာဏာရှင် မား ကိုးစ် ၏ အစိုးရကို ဖြုတ်ချနိုင်ခဲ့သည်။ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ကျင့်သုံးနိုင်ခဲ့သည်။
ဤကာလ သမိုင်းကြောင်းကို အတိုချုံး လေ့လာကြည့်ကြပါစို့။
ဖိလစ်ပိုင်နိုင်ငံ၏ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ သမ္မတသက်တမ်းမှာ လေးနှစ်သက်တမ်း နှစ်ကြိမ်သာဖြစ် သော်လည်း အာဏာရှင် မားကိုးစ်က အနှစ်နှစ်ဆယ်ကြာအောင် အုပ်ချုပ်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် သမ္မတအဖြစ်၊ ရွေးကောက်ခံရပြီး နောက်ပိုင်းကာလ၌ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေငြာ၍ သူ့စိတ်ကြိုက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ်ကို ထပ်မံရေးသားခဲ့သည်။
စစ်တပ်ကို သူ့သြဇာအောက်သို့ သိမ်းသွင်းခဲ့သည်။ စာနယ်ဇင်းနှင့် စီးပွားရေး လုပ်ငန်းများအား မောင်ပိုင်စီးခဲ့သည်။ လာဘ်စားမှု၊ ဖမ်းဆီးထောင်ချမှု၊ လုပ်ကြံမှု၊ သတ်ဖြတ်မှုများဖြင့် ထင်ရာစိုင်းနေသော မားကိုးစ်အစိုးရ၏ အုပ်ချုပ်ခံ ပြည်သူများမှာကား နေ့စဉ်နှင့်အမျှ ထိတ်တလန့်လန့်၊ ကျီးလန့်စာစား၊ ဆင်းရဲ ငတ်ပြတ်မှုများကို ခံစားရင်း …၊
ရာဇဝင်လာ ဆိုရိုးတခုရှိသည်။
“အချုပ်အခြာ အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ရမည်” တဲ့။
ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာအာဏာကား ပြည်သူ့ထံမှ မသက်ဆင်း။ မားကို့စ်နှင့် သူ၏ အပေါင်းအပါမား လက်တွင်း မှ သက်ဆင်းနေသည်။ ပြည်သူတို့ ဘာလုပ်ကြမည်နည်း။
“မတရားမှုသည် ဥပဒေဖြစ်လာသောအခါ တော်လှန်ပုန်ကန်ခြင်းသည် တာဝန်တရပ်ဖြစ်လာသည်” တဲ့။
ဤသည်ကား ကမ္ဘာတဝှမ်း လူထုလှုပ်ရှားမှုများ၏ ဥပဒေသ။
ပြည်သူတို့ ပုန်ကန်ရတော့မည်။ လူထုလှုပ်ရှားမှုများ အကောင်အထည် ဖော်ရတော့မည်။ ဤကာလ ဖိလစ်ပိုင် အမျိုး သားတို့၏ ရင်တွင်းတွင်ကား မကျေနပ်မှု ဒေါသမီးလျှံများ ဟုန်းဟုန်းတောက်လျက်။
လူထု၏ မကျေနပ်မှု အရှိန်အဟုန် ကြီးမြင့်နေဆဲတွင် လှုပ်ရှားမှု ပေါ်ပေါက်စေခဲ့သော အဖြစ်အပျက်က ဖြစ်ပွားလာခဲ့ သည်။ နာမည်ကျော် လူသိများလှသော နိုင်ငံရေးခေါင်းဆောင် အာကွီနိုအား လုပ်ကြံ သတ်ဖြတ်မှု၊ အသုဘသတင်း အား သတင်းအမှောင်ချမှု။
ပြည်သူတို့ သည်းမခံနိုင်တော့။ ဖိနှိပ်ချုပ်ချယ်မှုက များလှပြီ။ မတရားမှုများက များလှပြီ။
ဤသို့ဖြင့် လူထုလှုပ်ရှားမှု လှိုင်းလုံးကြီး အရှိန်မြင့်လာသည်။ အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်ရမည်။ မားကိုးစ်အစိုး ရကို ဖြုတ်ချပစ်ရမည်။ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုသော ဒီမိုကရေစီစနစ်ကို တောင်းဆိုရမည်။
နောင်နှစ်နှစ်ခွဲ ကာလတလျှောက် လူထုလှုပ်ရှားမှုကြီးကို အကောင်အထည် ဖော်ခဲ့ကြသည်။ လူထုလူတန်းစားမရွေး။ အထက်လွှာ လူတန်းစားများပင် ပါဝင်ခဲ့ကြသည်။ အားလုံး၏ ရင်ထဲမှာကား ဆန္ဒတခုတည်း။ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့ လည်းမခွဲဘဲ အားလုံးဦးတည်ခဲ့ကြသည်က အာဏာရှင်စနစ်ကို ဖြုတ်ချပစ်ရေး။
သည်လိုအခြေအနေတွေကို ဖောက်ထွက်နိုင်ဖို့ မားကိုးစ်က ကြိုးစားသည်။ သမ္မတရွေးကောက်ပွဲ ကျင်းပခြင်းနည်း လမ်းဖြင့်။ ရွေးကောက်ပွဲတွင် လုပ်ကြံ သတ်ဖြတ်ခံရသူ အာကွီနို၏ ဇနီးက မားကိုးစ်နှင့် ယှဉ်ပြိုင်အရွေးခံသည်။ ရွေး ကောက်ပွဲအား တရားမျှတစွာ ကျင်းပခဲ့ခြင်းမရှိ။ မဲခိုးသည်။ လူရိုက်ပွဲများ ကျင်းပသည်။ နောက်ဆုံးတော့ မားကိုးစ်ပင် ရွေးကောက်ပွဲ၌ အနိုင်ရသူဟု အစိုးရက ကြေငြာရသည်။
အကြမ်းမဖက်ရေး လူထုလှုပ်ရှားမှုကြီး စတင်လေပြီ။ ကိုရီအာကွီနိုက ပြတ်သားစွာ ကြေငြာသည်။
“အကြမ်းမဖက်သော နည်းလမ်းဖြင့် လူထု လှုပ်ရှားမှုအား စတင်မည်။ အကယ်၍ မအောင်မြင်လျှင် အခြားနည်းလမ်း များသို့ ပြောင်းသင့်လျှင် ပြောင်းရမည်” တဲ့။ ခေါင်းဆောင်တယောက်၏ အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်။
၁၉၈၆ ခု၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင်ကား ကာကွယ်ရေးဝန်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ မားကိုးစ်အစိုးရမှ နှုတ်ထွက်လိုက်ကြသည်။ “ကာကွယ်ရေး”ဆိုသည့် စကားလုံးကို သူတို့နှစ်ဦးလုံး ကောင်းစွာ သဘောပေါက်ခဲ့ကြ သည်။ ကာကွယ်ရေးဆိုသည်မှာ လာဘ်စားနေသော မားကိုးစ်အစိုးရကို ကာကွယ်ရေး မဟုတ်၊ ပြည်သူလူထု၏ အ သက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရေး။ ဒါကို သဘောပေါက်နားလည်သော တပ်မတော် အကြီးအကဲများ၏ စကား သံကား “လာဘ်စားသော မားကိုးစ်အစိုးရအား ကာကွယ်စောင့်ရှောက်မည့်အစား အသက်စွန့်ရန်သာ အဆင်သင့် ရှိ ပါသည်”တဲ့။ မည်မျှ ဂုဏ်ယူ လေးစားဖွယ် ကောင်းပါသနည်း။
နောက်တော့ ရေဒီယိုတခုမှ အသံလွှင့် ကြေငြာသည်။ စစ်ရုံးကို ဝန်းရံ၍ မားကိုးစ်၏ စစ်တပ်များအား ပိတ်ဆို့ရန်။ ထောင်သောင်းမကသော လူထုကြီးက တခဲနက် လိုက်နာခဲ့ကြသည်။ ပင်မသပိတ်စခန်း ကမ့်ကရိမ်းသို့ ဦးတည်ရာ လမ်းများတလျှောက် သစ်ပင်များခုတ်လှဲခြင်း၊ ဘတ်စ်ကားများ ရပ်တန့်ပိတ်ဆို့ထားခြင်းများ ပြုလုပ်ကြသည်။ လူထု ကြီးတရပ်လုံး လမ်းမပေါ်သို့ ထွက်၍ တော်လှန်ရေး သမားများအား အကာအကွယ် ပေးခဲ့ကြသည်။ လူထုနှင့် တော် လှန်ရေး တသားတည်းကျချိန်တွင် အောင်ပွဲဆိုသည်ကား မဝေးတော့။
အာဏာရှင် မားကိုးစ်ကလဲ ခေသူမဟုတ်။ တော်လှန်ရေးသမားများ၏ အချက်အချာ ဗဟိုဌာနကို တိုက်ခိုက်ရန် မရင်း စစ်သည်များ၊ တင့်ကားများ၊ လက်နက်ကိုင်စစ်သားများ စေလွှတ်သည်။ ယင်းစစ်သားများနှင့် လူထုကြီးကား မနီလာ မြို့ လမ်းများပေါ်တွင် ပက်ပင်းတိုးလေပြီ။ လူထုကြီး မည်သို့တုန့်ပြန်ခဲ့ပါသနည်း။
တင့်ကားများ လူအုပ်ထဲသို့ စတင်ဝင်လာသည်နှင့် လူထုကြီးက တင့်ကားများ ရှေ့တွင် ထိုင်ချလိုက်သည်။ တော်လှန် ရေးအချက်အချာ ကမ့်ကရိမ်းသို့ အာဏာရှင် မားကိုးစ်၏ စစ်သည်များ မရောက်စေရ။
လူထုကြီး၏ တခဲနက် ခိုင်မာသော စိတ်ဓာတ်နှင့် စစ်သားများ၏ ဆင်ခြင်းဥာဏ် မရှိပဲ အမိန့် ဆိုသည်ကိုသာ နာခံတတ် ရှာသော စိတ်ဓာတ်တို့ ယှဉ်မိသော တခဏ။
တင့်ကားများ ရပ်သွားသည်။ လူထုကြီးမှ သကြားလုံးနှင့် ဆေးလိပ်များ သွားပေးသည်။ အမျိုးသမီးငယ်များမှ ပန်းများ သွားကမ်းသည်။
တင့်ကားများ ရှေ့တိုးကြည့်သည်။ လူထုကြီးကား ထိုင်နေသော နေရာတွင်သာ မလှုပ်မရှက်။
စစ်တပ်အကြီးအကဲမှ သေနတ်ဖြင့်ပစ်မည် ခြိမ်းခြောက်သည်။ သံဃာတော်များနှင့် သီလရှင်များ ရှေ့သို့တိုးထွက်၍ တင့်ကားများရှေ့တွင် ဒူးထောက်လိုက်ကြသည်။ တရားဓမ္မများ ရေရွတ်လျက်။ လူထုကြီးကလဲ မလှုပ်မရှက်။
တင့်ကားများ ပြန်ကွေ့ထွက်သွားသည်။ လူထုအားကို သူတို့ အရှုံးပေးလိုက်ရပြီ။
မားကိုးစ်က ညမထွက်ရ အမိန့်ထုတ်သည်။ မည်သူမျှ မလိုက်နာ။ မည်သူမျှ ဂရုမစိုက်ကြ။ တော်လှန်ရေးသမားအချို့ က ရုပ်မြင်သံကြား အသံလွှင့်ရုံကို ဝင်စီးလိုက်နိုင်သည်။ ထောင်သောင်း မကသောသူများ အသံလွှင့်ရုံကို ဝန်းရံပေး ထားသည်။ မားကိုးစ်စစ်သားများ ရောက်လာတော့ လူထုကြီးက လက်ဆွဲနှုတ်ဆက်သည်။ မုန့်များဝေသည်။ စစ်တပ် ကြီး ပြန်ဆုတ်ခွာသွားသည်။
အာဏာရှင်မားကိုးစ်၏ ဘဝမှာကား သူ့လက်ကိုင်ဒုတ်တ် စစ်တပ်ကိုပင် အာဏာမတည်တော့။ ပြည်သူ့ရင်သွေး စစ် သည်များသည် အမိအဖရင်း ပြည်သူတို့၏ နှလုံးသားကို ခံစားနားလည်သွားကြပြီ။ ပထွေး မားကိုးစ်၏ မက်လုံးပေး အယုံသွင်း စကားသံများကို မယုံကြည်ကြတော့။ ကိုယ့်မိဘရင်းကို ပြန်သတ်ခိုင်းနေသော အမိန့်အာဏာများကို မ လိုက်နာကြတော့။
နောက်ဆုံးတော့ အနှစ်နှစ်ဆယ်ကျော် သက်တမ်းရှည်ခဲ့သော အာဏာရှင်ကြီး မားကိုးစ်တယောက် တိုင်းပြည်မှ ထွက် ပြေးရတော့သည်၊ လူထုအားကား ကြီးမားပေစွ။
နိဂုံးချုပ်ဆိုရသော် ဖိလစ်ပိုင်နိုင်ငံ၏ အောင်ပွဲရ လူထုတိုက်ပွဲကား လွန်ခဲ့သောအနှစ်နှစ်ဆယ် ကျော်ကာလက ဖြစ်ပွား ခဲ့ပေသည်။ ယခုအနှစ်နှစ်ဆယ်ကျော် ကာလတွင်လည်း ဤသို့သော လူထုတိုက်ပွဲကို စည်းလုံးညီညွတ်စွာ၊ အောင်မြင် စွာ ဆင်နွှဲ၍ မြန်မာ့သမိုင်း၏ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ကြပါစို့။ နောင်အနှစ်နှစ်ဆယ်ကာလတွင် တစုံတဦးက ရေးသားလာသော “မြန်မာအမျိုးသားတို့၏ လူထုလှုပ်ရှားမှုအောင်ပွဲ” ဟူသော ဆောင်းပါးတပုဒ်အား “သြော်… ဖတ် ချင်စမ်းပါ ဘိ”။
ခင်မမမျိုး (၁၅၊ ၄၊ ၂ဝဝ၆)
0 comments:
Post a Comment