Sunday, July 10, 2011

ပန်းလေးတွေရဲ့ သဘာဝ

by Eingyin Ta Khaine on Sunday, July 10, 2011 at 11:11pm
 
ကျမစဉ်းစားမိသလောက် လူ့ဘ၀ဟာ သစ်ပင်တပင်နဲ့ သိပ်တူတာပဲ။
သစ်ပင်တွေဟာ ရေမြေအနေအထားအရ အရောင်အမျိုးမျိုးပုံစံအမျိုးမျိုး ရှင်သန်လာသလို လူတွေဟာလည်း နေရာဒေသအလိုက် ဘ၀အမျိုးမျိုးရှင်သန်လှုပ်ရှားနေကြပါတယ်။ သန္ဒေတည်စဖြစ်တဲ့ သစ်စေ့လေးကလေတဖြည်းဖြည်း အရွက်အညွှန့်လေးတွေထွက်လာပြီး စိမ်းစိုတဲ့ သစ်ပင်ကြီးတပင်ကနေ ရင့်ရော်ခြောက်သွေ့ပြီး သေဆုံးသွားရသလို လူ့ဘ၀ဟာလည်းထို့အတူပါပဲလားလို့ ထင်မိတယ်။ တချို့ကျတော့ အပင်ပျိုလေးမှာပဲ အကြောင်းအမျိုးမျိုးကြောင့်ခုတ်လှဲခံရသလို သေဆုံးသွားရသလို လူတွေမှာလည်း ရှိတတ်ကြတယ်။


မိန်းကလေးလေးတွေဘ၀ကျတော့ ပန်းပွင့်လေးတွေနဲ့တူတယ်။ လောကကြီးမှာ အရောင်အသွေး ပုံစံအစုံစုံပွင့်ဖူးနေတဲ့ ပန်းလေးတွေလို မိန်းကလေးဟာလည်း ပုံစံစုံ မတူညီနဲ့ အလှမျိုးစုံနဲ့ တည်ရှိနေတတ်ကြပြန်ပါတယ်။
သဘာဝအတိုင်းပေါက်နေတဲ့ တောပန်းလေးတွေပေမယ့် သိပ်လှတဲ့ပန်းပွင့်လေးတွေရှိကြသလို၊ တယုတယနဲ့ ဂရုတစိုက်မွေးမြူခံရတဲ့ နူးညံ့တဲ့ပန်းလေးတွေလည်းရှိကြတယ်။ ပန်းဖူးလေးတွေကနေ တဖြည်းဖြည်းပွင့်လာပြီး အချိန်တန်တော့ ကြွေကြရတဲ့ သဘာဝလို၊ မိန်းကလေးတွေဘ၀ဟာလည်း ဒီအတိုင်းပါပဲ။

ပန်းလေးတပွင့် ဖူးငုံစမှာ ချစ်စရာကောင်းနေသလို အဲဒီကနေ အဖူးလေးက အာလာပြီးစပွင့်လာချိန်မှာ ပန်းကလေးဟာသိပ်လှနေပါတယ်။ ပန်းလေးပွင့်လာချိန်မှာတော့ အလှဆုံးဖြစ်နေတတ်တယ်။ ပန်းဆိုတာဟာ မနွမ်းသေးခင်အချိန်ထိတော့လှနေတာပါပဲ။ တချို့ ပန်းလေးတွေဟာ စပွင့်လာချိန်တထဲက အလွန်လှသလို မာနဆိုတဲ့ ဆူးလေးတွေပါလာတတ်တယ်။ တချို့ပန်းလေးတွေကျတော့ နူးညံ့လွန်းလို့ အလိုလိုညွှတ်ပြောင်းနေတတ်ကြတယ်။ ရနံဟာလည်းမတူတတ်ကြဘူး။  သစ်ခွပန်းလေးတွေဟာ အရောင်စုံလေးတွေနဲ့ သိပ်လှတယ်။ ဒါပေမယ့် ရနံမမွှေးဘူး။ တယုတယနဲ့ အမွေးခံရလို့ မာနကြီးနေသလိုပါပဲ။ စံပယ်တို့ ခရေတို့လို ပန်းလေးတွေကျ အရောင်မရှိပေမယ့် အလွန်မွှေးနေတတ်လို့ သဘောကျတဲ့သူတွေလည်းရှိပါတယ်။ မိန်းကလေးတယောက်ဟာလည်း သူ့ရဲ့ အဆင်းနဲ့ အချင်းက တမျိုးစီရှိနေတတ်ကြတယ်လေ။ တချို့ပန်းလေးတွေဟာ အဖူးလေးကထဲက မွှေးနေတတ်သလို တချို့ပန်းလေးတွေဟာ ပွင့်ဖတ်ကြွေကျတဲ့အထိအနံရှိနေတတ်တယ်။ လူတွေရဲ့ ပုံစံတွေ စိတ်တွေဟာ အမျိုးမျိုးအစုံစုံရှိသလို ပန်းလေးတွေဟာလည်း ဒီအတိုင်းပဲလို့ ထင်မိပါတယ်။ ပန်းလေးတိုင်း ချစ်စရာကောင်းသလို မိန်းကလေးတိုင်းလည်း ချစ်စရာကောင်းတတ်ပါတယ်။

နှင်းဆီပန်းဟာ အဖူးလေးကထဲက သိပ်လှပြီး မွှေးလို့ အလွယ်တကူ ကိုင်လို့မရတဲ့ ဆူးတွေပါလာတယ်။ စံပယ်ပန်းကျတော့ မွှေးလွန်းလို့ မလှပေမယ့် စိတ်ကိုကြည်နူးစေတတ်တယ်။ သဇင်ကျတော့ ပင်မြင့်မှာပေါက်တယ် ဒါမှမဟုတ် တယုတယမွေးရယူရတယ်။ ဒါကြောင့် သူ့ကို တန်ဖိုးထားကြတယ်။ အရောင်အသွေးစုံတဲ့ သစ်ခွကြတော့ မြင်သူတိုင်းကို ငေးမောစေတယ်။
တောပန်းလေးတွေဟာ မြင်ရတဲ့သူစိတ်ကို စိတ်လှုပ်ရှားစေတတ်တယ်။ လှလွန်းတဲ့ ကျူးလစ်လိုပန်းမျိုးတွေဟာ တွေ့ရတာ အံ့သြော ရွှင်လန်းစေတယ်။ ကြွေကျလာတဲ့ ခရေလေးတွေကျ ခူးယူစရာမလိုပဲ သဘောကောင်းလွန်းလို့ ပျော်ရွှင်စေတယ်။ ကံကော်ကတော့ ပွင့်ဖတ်လေးတွေက နူးညံ့တယ် သိပ်လည်းမွှေးတယ်။ ဒါကြောင့် ချစ်ခင်စေတယ်။ အင်ကြင်းပန်းလေးတွေကျ မာတဲ့ ပွင့်ဖတ်ကလေးတွေကော လှတဲ့ဝတ်ဆံလေးတွေကောပါတယ်။ နောက်ပြီးမွှေးတဲ့ရနံပါရှိပေမယ့် ခူးယူလွယ်အောင် မြေပြင်ပေါ်ညွှတ်ပြီးပွင့်လာပေးတာ မြင်ရသူကို ထူးခြားစေတယ်။

မိန်းကလေးတွေဟာလည်း ထို့အတူပဲ ပန်းလေးတွေလို စိတ်ထားတွေ ပုံစံတွေ အမျိုးမျိုးရှိနေတတ်ကြတယ်လေ။ သဘာဝဟာဆန်းကြယ်လွန်းတယ်လို့ ထင်မိတာက  ပန်းတွေဟာ ဖူးငုံဖို့ အားယူပြီး ဖူးလာ ပွင့်လာတဲ့အခါလန်းဆန်းနေကြတယ်။ အစွမ်းကုန် ပွင့်လာရာကနေ တဖြည်းဖြည်း ညှိုးနွမ်းခြောက်သွေ့ရင်း နောက်ဆုံးတော့ သေဆုံးသွားရတာပါပဲ။ ပန်းပင်တွေလိုပဲ လူတွေဟာ မွေးကာစနေ လူဖြစ်ဖို့အားယူကြီးပြင်းလာပြီး၊ သည့်နောက်မှာ နာမည်သတင်းကြီးလာဖို့ တင့်တယ်ဖို့ ရှင်သန်ရင်းကနေတချိန်မှာ သေဆုံးကြရတာ ဓမ္မတာပါပဲ။  မကြွေခင်မှာ သူ့အစွမ်းရှိသလောက် လန်းဆန်းတက်ကြွစွာ ရှင်သန်နေကြတယ်။ မသေဆုံးခင်မှာလည်း ပန်းလေးတွေရဲ့ ကံကြမ္မာလို ကြုံတွေရတာလည်း တူညီနေသလိုမျိုးပဲလို့လည်းထင်မိပါတယ်။

ပန်းတွေပွင့်လာရင် လိုချင်သူတွေများလာတတ်ကြတယ်။ ပန်းလေးတွေကို လိုချင်တဲ့သူတွေရဲ့ စိတ်ထားဟာလည်း မတူကြဘူး။ တချို့က အနံရှိတဲ့ပန်းလေးကို ချစ်တယ်. တချိုံကျတော့ အဆင်းလှတဲ့ ပန်းလေးတွေကိုချစ်တတ်တယ်။ တချို့က ပန်းလေးကို အလွယ်တကူခူးယူချင်တတ်ကြတယ်။ တချို့က တစိမ့်စိမ့်ကြည့်နေချင်တတ်ကြတယ်။ တချို့က ညှိုးနေတဲ့ပန်းလေးကို ပျိုးထောင်ပေးချင်ကြတယ်။

ပန်းလေးတွေဟာ ခူးယူမယ့်သူရဲ့ လက်မှာ ဧည့်ခန်းထဲက ပန်းအိုးလှလှလေးထဲမှာ ထိုးစိုက်ခံရတာရှိသလို ခူးပြီးပစ်ထားတာလည်းခံရတာပါပဲ။ တချို့ပန်းလေးတွေကျတော့ လှလွန်းလို့  မခူးရက်တော့ အပင်မှာပဲ အကြည့်ခံ တင့်တယ်နေရတာလည်းရှိတယ်။  မိန်းကလေးတွေရဲ့ စိတ်ဟာလည်း အခူးခံရတာကို ကြည်နူးတာရှိသလို၊ တစိမ့်စိမ့်ကြည့်ခံနေရတာကိုပဲ ကျေနပ်နေတာလည်းရှိကြတာပါပဲ။ ဘယ်လိုပုံစံ ပန်းလေးကို ဖြစ်ဖြစ် သဘာဝအရ တချိန်ချိန် မကြွေခင်မှာ မြတ်နိုးစွာ စောင့်ရှောက်ခံရသလို ပန်းပွင့်နဲ့တူတဲ့ မိန်းကလေးအတွက် တန်ဖိုးလေးတခုပါပဲ။ ခူးယူခြွေမွခံရတဲ့ ပန်းလေးကတော့ ကံဆိုးသလို မိန်းကလေးရဲ့ ဘ၀ဟာလည်း အခြွေခံရရင် ရင်နာစရာ ဘယ်လောက် ကောင်းလိုက်မလဲလေ…..
ခူးယူခြွေမွခံရတာထက် အပင်မှာတင့်တယ်ပြီး ကြွေသွားမှာက ပန်းနဲ့တူတဲ့ မိန်းကလေးအတွက် တန်ဖိုးလေးတခုရှိနေသေးတယ်လို့ထင်မိပါတယ်။

လောကကြီးအတွက် အလှဆင်ပေးတဲ့ ပန်းကလေးတွေရှိသလို လောကကြီးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေကိုပေးတတ်တဲ့ မိန်းကလေးတွေရှိပါတယ်။ အချိန်အခါအရ ပွင့်လာမယ့် ပန်းတွေကို မခြွေခင် ပျိုးထောင်စောင့်ရှောက်သလို၊ မိန်းကလေးတွေကို ပန်းပွင့်လေးတွေလို စောင့်ရှောက်စေချင်မိပါတော့တယ်။

အင်ကြင်း

1:00 pm
11 July 2011

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...