Sunday, July 3, 2011

ကြင်ယာရွေးပွဲ (ဆဋ္ဌဂံ ၄)

by Ain Chann Myay on Saturday, July 2, 2011 at 10:14pm


~~~ The following article/novel written by me may contain mature subject matter. Reader discretion is advised. ~~~

ဆဋ္ဌဂံများ - ၁
သတ်ကွင်း - (ဆဋ္ဌဂံများ ၂)
 အဆိပ်သင့်မာန (ဆဋ္ဌဂံများ ၃)

 ခရမ်းပြာမနဲ့ နက်ဝါမ တို့ဟာ သေဆုံးသွားတဲ့ ပျားလုပ်သားမ လေးကို ငေးကြည့်နေကြတယ်။
“လောက သဘာဝ တွေပါပဲလေ။ ငါတို့ အလုပ်သမားပျားမ တွေရဲ့ ဘ၀က ကြမ်းတမ်းလွန်းပါတယ်။ မွေးကတည်းက သေသည်အထိ “အိပ်စက်ခြင်း” ဆိုတာ ပျားတွေရဲ့ အဘိဓာန်မှာ မရှိဘူး။ နောက်ပြီး နွေဦးရာသီမှာမွေးဖွားလာတဲ့ ပျားမတွေဟာ ဆောင်းရာသီမှာ မွေးဖွားလာတဲ့ ပျားမ တွေထက် အသက်တိုတယ်”


“ဟင်.. ဘာဖြစ်လို့လဲ”

“နွေရာသီမှာ ပန်းတွေသိပ်ပွင့်တယ်လေ၊ ပျားရည်ထုတ်ဖို့ ပန်းဝတ်ရည်တွေ သယ်ရတယ်၊ ဆောင်းတွင်းတွက် ပျားရည်များများထုတ်ရတယ်။ ပန်းတွေပွင့်ဖို့ သစ်သီးဝလံတွေသီးဖို့ ၀တ်မှုန်တွေ ကူးရတယ်၊ ပျားဖယောင်းတွေကို အလျှံပယ်ရအောင် အန်ထုတ်ကြရတယ်၊ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ရတော့ သက်ဆိုးဘယ်ရှည်မလဲ”

“ဆောင်းရာသီပေါက်တဲ့ ပျားလုပ်သားမတွေကတော့ သိပ်မပင်ပန်းတော့ အသက်ပိုရှည်တာပေါ့နော်”



“အင်း.. ဟုတ်တယ်…၊ ဒီပျားမလေးက ဆဋ္ဌဂံသန့်ရှင်းရေး အလုပ်သမ လေး၊ ရာထူးတက်ပြီး ကွင်းဆင်းပျားမ ဖြစ်တာ မကြာသေးဘူး။ သူက အလုပ်တော်လို့ သန့်ရှင်းရေးအဆင့်ကနေ သူနာပြုပျားမ အဆင့်ကိုကျော်ပြီး ကွင်းဆင်းပျားမလေး ဖြစ်လာတာ၊ မာနခဲလေးပေါ့ကွယ်”
နက်ဝါမက ယူကြုံးမရတဲ့ပုံနဲ့ ပြောပြီး သစ်ပင်ထိပ်ဖျားကို ပျံတက်ဖို့ အတောင်ပံတွေကို ဖြန့်လိုက်တယ်။ ခရမ်းပြာမလေးလည်း နက်ဝါမရဲ့ ကျောပေါ်ကို ခုန်တက်လိုက်တယ်။ နက်ဝါမဟာ ခရမ်းပြာမကို ကျောပေါ်တင်ပြီး ပျားထီးတွေ စုနေတဲ့ နေရာကို ထွက်လာခဲ့တယ်။

သူတို့ဟာ သစ်ရွက်တွေကြားထဲမှာ ပုန်းနေရင်း ပျားထီးတွေရှိနေနိုင်မယ့် နေရာကို ကြည့်နေကြတယ်။ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေတယ်။ အဲဒီနေရာဟာ လေငြိမ်နေတယ်။ သစ်ပင်တွေကို အကာအကွယ်ယူရင်း ခပ်လှမ်းလှမ်း လေပြင်ကျယ်ထဲကို ခရမ်းပြာမနဲ့ နက်ဝါမက စိုက်ကြည့်နေတယ်။

“ဘယ်သူမှလည်း မတွေ့ဘူး”

“ရှုး… တိုးတိုး.. သူတို့လာကြလိမ့်မယ်”

နက်ဝါမရဲ့ စကားအဆုံးမှာပဲ လေတိုးသံတွေ အတောင်ပံခတ်သံတွေကြားလာရတယ်။ ပြီးတော့ ခပ်ဝေးဝေးမှာ မဲမဲအုပ်ကြီးတစ်အုပ် ပျံသန်းလာနေတာကို သူတို့ မြင်လိုက်ကြရတယ်။

“သူတို့လာနေကြပြီ”

ခရမ်းပြာမလေးက စိတ်လှုပ်ရှားနေတယ်။ ပျားထီးတွေဟာ သစ်ပင်တွေနဲ့ ခပ်လှမ်းလှမ်း လေပြင်ကျယ်ထဲရောက်တော့ စက်ဝိုင်းသဏ္ဌာန်ပုံစံဖြစ်အောင် ၀ဲပျံနေကြတယ်။

“အနီရောင်ပျားဘုရင်မ လာတော့မှာလား”

“မသိဘူး”

“ဟင်…”

“ဟုတ်တယ်.. သူလာ-မလာ မသိဘူး၊ စောင့်ကြည့်ရမှာပဲ။ ဒီအနီရောင်ပျားဘုရင်မက နားလည်ရခက်တယ်။ ဟိုတစ်လောကလည်း ပျားထီးတွေ ရှိတဲ့အရပ်ကို ထွက်သွားပြီး ဘယ်သူ့ကိုမှ ကြင်ယာတော်မရွေးဘဲ ခပ်တည်တည်နဲ့ ဆဋ္ဌဂံကို ပြန်လာတယ်။ အခုလည်း ပျားဘုရင်မအိုကြီးကိုလည်း နေခွင့်ဆက်ပေးထားပေမယ့် ဘယ်တော့ နှင်လွှတ်မလည်း မသိဘူး”

“……….”

“ အဲသလို ကြင်ယာမရွေးဘဲ အပျိုကြီးလုပ်နေတဲ့ ဘုရင်မတွေ ဆဋ္ဌဂံရဲ့ သမိုင်းမှာ ရှိဖူးတယ်”

“အဲသလို အပျိုစင်ဘုရင်မတွေကို ဆဋ္ဌဂံက လက်ခံထားတာပဲလား”

“အချိန်အတိုင်းအတာ တစ်ခုထိပေါ့။ အပျိုစင်ဘုရင်မတွေက ကြင်ယာတော်တွေ မရှိဘဲလည်း ကလေးမွေးတယ်လေ”
“ဟင်”

“ဟုတ်တယ်.. သူတို့က အခြားပျားဘုရင်မလောင်းတွေနဲ့ အလုပ်သမား ပျားမတွေကိုတော့ မွေးထုတ်မပေးနိုင်ပေမယ့်၊ ပျားထီးတွေကိုတော့ မွေးထုတ်ပေးတော့ ဆဋ္ဌဂံက အဲသလို အပျိုစင် ဘုရင်မတွေကို အချိန်အတိုင်းတာ တစ်ခုထိ အသက်ရှင်ခွင့်ပေးထားတာပေါ့။ အတိုင်းတာတစ်ခုလွန်တော့လည်း………”
“လွန်တော့… လွန်တော့ ဘာဖြစ်လဲဟင်”

“အဲလိုဘုရင်မမျိုးကို စစ်သားပျားမတွေက ကွက်မျက်ကြရတာပေါ့လေ”
“ဟင်.. ကွက်မျက်တယ်”

“ခြေလက်ကျိုးလို့ မသန်စွမ်းတော့တဲ့ ဘုရင်မတွေကိုလည်း ကွက်မျက်ကြရတာပဲ”
“ကြင်ယာတော် အရွေးမခံရတဲ့ ပျားထီးတွေကိုကော၊ ၀ိုင်းပြီးကွက်မျက်ကြတာပဲလား”

“သူတို့ကိုလား.. သူတို့ကိုတော့ မကွက်မျက်ဘူး၊ သူတို့ကို…..”

နက်ဝါမ စကားမဆုံးခင်မှာ အဝေးမှာ အနီရောင်အရိပ်တစ်ခုကို လှမ်းတွေ့လိုက်ရတယ်။ နက်ဝါမရဲ့ မျက်လုံးတွေက ပိုမိုတောက်လက်သွားတယ်။

“ဘုရင်မကြီးလာနေပြီ”

“အခုချိန်ကစပြီး ဘာသံမှ မထွက်နဲ့တော့။ နောက်ပြီး သူကြင်ယာရွေးမယ်ဆိုရင် ဒီမြင်ကွင်းက သွေးသံရဲရဲနဲ့ သေကြကြေကြဦးမယ်။ ဒါပေမယ့် အသံလုံးဝ မထွက်စေနဲ့ ကြားလား”

“ဟင်.. သွေးသံရဲရဲဖြစ်ကြဦးမယ်၊ သေကြကြေကြဦးမယ်.. ဟုတ်လား။ ဘာဖြစ်လို့လဲ၊ ဒီကြင်ယာရွေးပွဲမှာ ပျားထီးတွေ ဘုရင်မကို လုကြမှာမို့ သတ်ကြဖြတ်ကြဦးမှာလား”

“မဟုတ်ဘူး။ ပျားထီးတွေက အချင်းချင်းသတ်စရာဖြတ်စရာ ဘာဆူးချွန်လက်နက်မှ မရှိဘူး”

“ဒါဆို ဘာလို့လဲ”

“ကြည့်နေပါ”

ခရမ်းပြာမဟာ စိတ်ဝင်တစားနဲ့ ငေးကြည့်နေစဉ်မှာပဲ ပျားဘုရင်မဟာ ပျားထီးတွေအများကြီးထဲကနေ တစ်ဆယ့်တစ်ကောင်ကို ကြင်ယာတော်အဖြစ် ရွေးချယ်လိုက်တယ်။

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေတယ်၊ လေကတော့ ဆက်လက်ငြိမ်သက်နေဆဲပဲ။ ကြင်ယာတော်အဖြစ် အရွေးမခံရတဲ့ ပျားထီးတွေကလည်း အေးအေးဆေးဆေးပဲ လေထဲမှာ ဆက်လက်ပျံဝဲနေကြတယ်။ ပတ်ဝန်းကျင်မှာ ဘာမှမဖြစ်သလို တိတ်ဆိတ်ငြိမ်သက်နေလို့ ခရမ်းပြာမလည်း အိပ်မောကျသွားတယ်။

“ထ.. ထ… ပြန်မယ်”
နက်ဝါမရဲ့ လှုပ်နှိုးမှုကြောင့် ခရမ်းပြာမက လန့်နိုးသွားတယ်။

“ဟင်..”

“မဟင်နဲ့ ပြန်မယ်။ သိချင်တယ်ဆိုလို့ ငါ့မှာ စွန့်စားခေါ်လာရတာ၊ နင်က အိပ်ပျော်နေတယ်”

“နင်ပြောတော့ သွေးသံရဲရဲ ကြင်ယာရွေးပွဲဆို၊ ဘာမှလည်း ချကြသတ်ကြတာ မတွေ့တော့ ငါလည်း အိပ်ပျော်သွားတာပေါ့”
ခရမ်းပြာမက ပြောပြီး သူမ မျက်လုံးတွေက သစ်ပင်ခြေရင်းကို ရောက်သွားတယ်။

“အို…”

“ရှုး.. တိုးတိုးလုပ်ပါပြောထားတယ်၊ ဘုရင်မကြီး ဒီနားမှာ ရှိနေတုန်းပဲ”

“ဟင်.. သူတို့ သူတို့.. ဘုရင်မကြီးရဲ့ ကြင်ယာတော်တွေ သေဆုံးနေကြပါလား”

“အင်း.. သေကုန်ပြီ”

“ဘယ်လိုဖြစ်လို့လည်း”

ခရမ်းပြာမက ပြောပြောဆိုဆိုနဲ့ ကြင်ယာတော်တွေ အတုံးအရှုံးသေနေတဲ့ နေရာကို ဖျတ်ကနဲ ခုန်ပျံဆင်းသွားတယ်။
ခရမ်းပြာမ မြေပေါ်မရောက်ခင် နက်ဝါမက သူထက်မြန်တဲ့အလျှင်နဲ့ ခရမ်းပြာမကို သူ့ကျောပေါ်ရောက်အောင် ပြန်ဆွဲတင်လိုက်တယ်။ ပြီးတော့ လေထက်မြန်တဲ့ အရှိန်နဲ့ ဆဋ္ဌဂံဘက်ကို ပျံသန်းထွက်ခဲ့တယ်။

ခရမ်းပြာမရဲ့ မျက်လုံးထဲမှာ ခန္ဓာကိုယ် ပြုတ်ထွက်ပြီး သေဆုံးနေကြတဲ့ ကြင်ယာတော်တွေ…..
ခရမ်းပြာမ.. နက်ဝါမရဲ့ ကြမ်းတမ်းလှတဲ့ လည်ဆံမွှေးတွေကြားမှာ ရှိုက်ပြီးငိုနေမိတယ်။

“ဘာမှ ငိုစရာမရှိဘူး။ နောင်သားလောင်းတွေတွက် ဂုဏ်ယူစွာသေဆုံးသွားတဲ့ ပျားထီးတွေ”

ခရမ်းပြာမနဲ့ နက်ဝါမတို့လည်း ဆဋ္ဌဂံဘက်ကို ပြန်လာခဲ့ကြတယ်။ သစ်ပင်မြင့်ကြီးပေါ်က အနက်ရောင် ဆဋ္ဌဂံ တိုင်းပြည်ကြီးဟာ အပြင်ကကြည့်တော့ တိတ်ဆိတ်ငြိမ်သက်နေတာပေါ့။ တိုင်းပြည်ထဲမှာတော့ အရာရာဟာ လှုပ်ရှားတက်ကြွနေတယ်။ ဆဋ္ဌဂံ အနားကို ရောက်လာတဲ့ နက်ဝါမနဲ့ ခရမ်းပြာမ အနားကို ကင်းလှည့်ပျားမ တစ်ကောင် က ကပ်ပျံလာတယ်။

“နင့်ကျောပေါ်က ဘယ်သူလည်း”

“ငါ့သူငယ်ချင်းပါ”

“သူငယ်ချင်းလည်း ၀င်ခွင့်မပေးနိုင်ဘူး၊ ရန်သူဖြစ်နေရင် ဘယ်လိုလုပ်မလဲ”

“ဒါ.. ငါ့သူငယ်ချင်း၊ ဆဋ္ဌဂံမှာ နေတာ တစ်ပတ်လောက်တောင်ရှိနေပြီ”

“ဒီလိုင်းကနေ ကျော်ပြီး သွားခွင့်မရှိဘူး”


“တယ်.. ဒီပျားမဟာ.. အရေးထဲမှာ ကပ်နေသေးတယ်။ ခုမှ ကင်းလှည့်ဖူးတာထင်တယ်”
နက်ဝါမက အံကြိတ်ရေရွတ်အပြီး ဆဋ္ဌဂံအ၀င်ဝက အစောင့်ပျားမကို လှမ်းခေါ်လိုက်တယ်၊
အ၀င်ဝက အစောင့်ပျားမ တွေသာမက စစ်သူရဲမ ငါးကောင်က ထွက်လာတယ်။


“ဘာဖြစ်နေကြတာလည်း၊ ဆူညံဆူညံနဲ့”
အစောင့်ပျားမက ခပ်ထန်ထန်မေးလိုက်တယ်။

“ဒီမှာ ဒီကင်းလှည့်ပျားမ ငါ့ကို လာရစ်နေလို့”

“နင်ကလည်း ဘယ်က ပြူးကြောင်ကြောင်နဲ့ ဘာမှ မသိနားမလည်တဲ့ သတ္တ၀ါတစ်ကောင်ကို ကျောပေါ်တင်ပြီး နေရာအနှံ့ လျှောက်သွားနေမှန်းမှ မသိတာ..”

နက်ဝါမနဲ့ ခင်ပုံရတဲ့ စစ်သူရဲမက စူးနေအောင် ပြောလိုက်တယ်။
ခရမ်းပြာမ က သူ့ကို ပြူးကြောင်ကြောင်နဲ့ မသိနားမလည်တဲ့ သတ္တ၀ါလို့ ပြောတဲ့ စစ်သူရဲမတွေကို တစ်ခုခုပြောဖို့ ပါးစပ်ဟ လိုက်တယ်။


“ငြိမ်ငြိမ်နေ”

နက်ဝါမက ခပ်တိုးတိုးပြောလိုက်တော့ မကျေနပ်စိတ်ကို မြိုသိပ်လို့ ဆူးချွန်တွေနဲ့ပြောင်လက်တောက်ပနေတဲ့ ပျားမတွေကို ပါးစပ်ပိတ်ပြီးပဲ ကြည့်နေလိုက်တယ်။

“ကဲ… ၀င်ခိုင်းလိုက်ပါ..”

စစ်သူရဲမ တစ်ကောင်က အခွင့်ပေးလိုက်တယ်။ လူခြုံရေးတွေ၊ အစောင့်တွေ၊ စစ်သူရဲမတွေဖြတ်ပြီး အထဲကို ၀င်လာခဲ့ကြတယ်။ သူတို့တွေရဲ့ စူးတောက်နေတဲ့ မျက်လုံးတွေက ခရမ်းပြာမကို အရှင်လတ်လတ် အငွေ့ပျံစေတော့မလို။

“အမြဲတမ်း အဆင်ပြေနေတာ ဒီနေ့ကျမှ….”

“ဟုတ်တယ်လေ.. ဆဋ္ဌဂံထဲမှာ ဘုရင်မ ရှိမနေဘူး။ ဒါကြောင့် လုံခြုံရေးတင်းကြပ်နေတာ”

ဆက်ပါမယ်ရှင်……

((  http://www.ainchannmyay.com/?p=1139  ))

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...