Wednesday, July 13, 2011

အချစ်တော် ကြောင်ဖြူလေး

by Thet Wai on Wednesday, July 13, 2011 at 1:27pm

အရေးအခင်းနဲ့ ကိုယ်တို့ ကျောင်းတွေပိတ်နေတဲ့ အချိန်မှာ သူတို့ ဆေးကျောင်းက မပိတ်ပါဘူး။ ပြီးတော့ သူက ကျောင်းပိတ်ရက်တွေမှာ မိဘတွေနဲ့အတူ အိမ်အလုပ်တွေလဲ ကူလုပ်နေသေးတာဆိုတော့ ကိုယ့်အနားမှာ အချိန်တော်တော်များများ ရှိမနေနိုင်ဘူး။ ဒီတော့ ကိုယ်က တနေ့တနေ့ သိပ်ပျင်းတာပဲ လို့နေ့ရှိသ၍ ဂျစ်တိုက်နေတဲ့အတွက် အဖေါ်ရအောင် ကြောင်လေးတကောင်ပေးမယ်လို့ ဆိုလာပါတယ်။
ပထမတော့ ကိုယ်လဲ အင်တင်တင်ပေါ့… (စဉ်းစားပဲကြည့်အုံးလေ… ကိုယ်က သူ့ကို အနားမှာ ရှိစေချင်တာကို သူက ကြောင်ပေးမယ်ဆိုတော့…) ပြီးတော့ အိမ်က လူကြီးတွေကလဲ ကြောင်က နံတယ်၊ အညစ်အကြေးလဲ ကရိကထ များတယ် ဘာ ညာ ပေါ့လေ…။ အဲဒီလိုနဲ့ သိပ်မကြာခင်မှာ သူ့အိမ်က ကြောင်မကြီးက ကြောင်သားလေးတွေ ပေါက်လာပါတယ်။ စုစုပေါင်း ၄ ကောင် လို့ မှတ်မိတယ်။ အဲဒီတော့ သူက သူ့ညီမတွေကို ပြောပြီး တကိုယ်လုံး အဖြူဆွတ်ဆွတ် ကြောင်အထီးကလေးတကောင် ကိုယ့်အတွက် ယူလာပေးပါတယ်။ ကြောင်လေးက ချစ်စရာကောင်းလွန်းလို့ စ တွေ့တွေ့ချင်းမှာပဲ တအားချစ်သွားမိပါတယ်။ ပေးတဲ့သူကလဲ ချစ်လို့ ပေးတာ ဆိုတာ့ ကိုယ်ကလဲ ချစ်ရတာပေါ့လေ… ဟုတ်ဖူးလား... အဟဲ…

ကြောင်လေးဟာ ၁၄ ရက်သားလေးမို့ ရောက်ခါစနေ့တွေမှာ နို့ဖျော်ပြီး ကလေးတွေကို ဆေးတိုက်တဲ့ Tube မျိုးလေးနဲ့ ပါးစပ်ထဲ အစက်ချပြီး တိုက်ကြရပါတယ်။ နောက်ပိုင်းမှာ ထမင်းကို ဝါးကျွေးရပါတယ်… တလခွဲလောက်မှ သူ ပုံမှန်လေး စားတတ်လာတယ်လို့ မှတ်မိပါတယ်။

ဒီလိုနဲ့ အင်မတိ အင်မတန် ချစ်စရာကောင်းတဲ့ အဖြူရောင် ဖွေးဆွတ်နေတဲ့ အမွှေးနုနုလေးတွေနဲ့ တလက်လက်တောက်နေတဲ့ မျက်လုံး ပြာပြာလေးတွေနဲ့ ကြောင်ပေါက်စလေးဟာ တအိမ်လုံးရဲ့ အသည်းစွဲလေး ဖြစ်လာခဲ့ပါတယ်။ (အပေါ်က ပုံထဲကနဲ့ ၉၉ ရာခိုင်နှုန်းလောက်ကို တူပါတယ်၊ Digital ခေတ် မဟုတ်သေးတော့ ဓါတ်ပုံတွေက HardCopy တွေမို့ အဆင်မပြေဘူး တချို့တွေလဲ ပျက်ကုန်ပြီ) သူကလေးကို စားရင်လဲ စားလို့ ချစ်ရ၊ အိပ်ရင်လဲ အိပ်လို့ ချစ်ရ၊ အညောင်းဆန့်ရင်လဲ ချစ်ရ၊ အော်ရင်လဲ ချစ်ရ၊ ဘာလုပ်လုပ် အရိပ်တကြည့်ကြည့်နဲ့ ချစ်နေကြရတာပေါ့…။ သူက ည အိပ်ရင် ကိုယ့် အခန်းထဲမှာ အိပ်ပြီး အပြင်ထွက်ချင်ရင် အသံလေး သေးသေးလေးနဲ့ အော်ပါတယ်။ အခန်းတံခါးကို တော်တော်နဲ့ ဖွင့်မပေးရင် စိတ်မရှည်တော့ဘူး ဆိုတဲ့သဘောနဲ့ အသံက တဖြည်းဖြည်း ကျယ်လာတယ်…။ အညစ်အကြေးတွေအတွက်လဲ ခြံထောင့် တနေရာလေးမှာ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြုမူပါတယ်။

ကြောင်နဲ့ အတူတူနီးနီးကပ်ကပ်နေရင် ရောဂါရတယ်တို့ အမွှေးတွေ ပါးစပ်ထဲဝင်ရင် ရင်ကြပ်တယ်တို့ သူများတွေပြောကြတာလဲ နဲနဲမှ အလေးမထားခဲ့ပါဘူး။ အဲဒီ ကောင်ပေါက်စလေးဟာ လူတွေနဲ့ နီးစပ် ယဉ်ပါးလွန်းတော့ လူစကားတွေလဲ တော်တော်လေး နားလည်ပါတယ်။ အဖိုးကို ထမင်းစားဖို့ လှမ်းခေါ်ရင် သူက ရှေ့က… တယောက်ယောက် အပြင်က ပြန်လာရင်လဲ သူ အရင်ဆုံး ထွက်ကြိုရမှ… ကားစက်သံလေး သဲ့သဲ့ကြားရင်ကို သူ သိနေပြီ… နောက်ဆုံး ဖုန်းလာရင်တောင် သူကိုယ်တိုင် သွားကိုင်တော့မယ့်အလား ရှေ့ကနေ အပြေးကလေးသွားတတ်ပါတယ်။

ကိုယ်ကလဲ တနေ့တနေ့ အဲဒီအကောင်လေးကို အလွန်အကျွံကို ချစ်နေမိတော့ နေ့တိုင်း သူနဲ့ ဖုန်းပြောတိုင်း ကြောင်ကလေး အကြောင်းပဲ ပြောပြနေမိတယ်။ ကြာလာတော့ သူက ကိုယ့်ကို အမြင်တွေကပ်ပြီး ပေးမိတာတောင် မှားပြီလားလို့ ပြန်တွေးနေမိတယ် ဆိုပဲ… (ဆိုပဲ… ဆိုပဲ…)

ဒီနေရာမှာ နောက်တခုပြောပြချင်တာက တိရိစ္ဆာန်လေးတွေကို ချစ်ခင် ကြင်နာစိတ်ရှိတဲ့ သူတွေဟာ အပြင်ပန်းမှာ မာရေကျောရေ ဖြစ်နေပေမယ့် သူတို့ရဲ့ ပင်ကို စိတ်နေ သဘောထားတွေဟာ သိမ်မွေ့နူးညံ့ကြတယ် ဆိုတာပါပဲ…။ အဲဒီကြောင်ကလေး အိမ်ကိုရောက်လာတဲ့ အချိန်က ကိုယ့်မောင်လေးက အသက် ၁၆ နှစ် ၁၇ နှစ်… ကျောင်းတွေကလဲ ပိတ်ထားလေတော့ လုပ်စရာက မယ်မယ်ရရမရှိ…။ ကြွပ်ဆတ်ဆတ် မာကျောကျောနဲ့ အိမ်မှာ ငြိမ်ငြိမ်မနေနိုင်ပဲ အချိန်ရတာနဲ့ သူငယ်ချင်းတွေနဲ့ မိုးချုပ် ညဥ့်နက် လဖက်ရည်ဆိုင် ထိုင်ချင်၊ ဆေးလိပ်လေး ဘီယာလေး စမ်းသောက်ချင်၊ လူကြီးတွေ လစ်ရင် ကား ခိုးမောင်းချင်နေတဲ့ အချိန်မျိုးပေါ့။ အိမ်မှာ အဖိုးကလဲ စည်းကမ်းက ခပ်ကြီးကြီး၊ ဖေဖေကလဲ အနားမှာ အချိန်ပြည့် ရှိမနေနိုင်၊ မေမေကလဲ သူ့ကို ပျက်စီးမှာစိုးလေတော့ ဟိုဟာ မလုပ်ရ ဒီဟာ မလုပ်ရနဲ့ ချုပ်ချယ်… ဟိုမသွားရ ဒီမလာရနဲ့ စည်းကမ်းတွေထုတ်ပြီး ဆူဆူပူပူလုပ်တတ်တဲ့ အခါတွေလဲ ရှိတယ်။

အဲဒီလို အပြင်မသွားရဘူးလို့ မေမေဆူထားတဲ့ အချိန်တွေမှာ မောင်လေးက Walkman ကက်ဆက်လေးနဲ့ နားနှစ်ဖက်ထဲ နားကြပ်ထည့်ပြီး တနေ့လုံး တညလုံး အခန်းထဲက အပြင်မထွက်တမ်း အိပ်နေတတ်တယ်။ အဲဒီ ကြွပ်ဆတ်ဆတ် မာကျောကျောနဲ့ တအိမ်လုံးမှာ အငယ်ဆုံး မောင်လေးဟာ သူ့ထက် ပိုငယ်နေပြီး အိမ်သားတွေ အကုန်လုံး အရေးတယူရှိလှတဲ့၊ နောက်ပြီး မတော်ရသေးတဲ့ အမျိုးက သူ့အမကို အီစီကလီလုပ်ပြီး လက်ဆောင်ပေးထားတဲ့ ကြောင်ကလေးကို သိပ်မချစ်သလို ခပ်စိမ်းစိမ်းနဲ့ ရှောင်ဖယ်ဖယ် နေ နေတတ်တာမို့ ကိုယ်က စိတ်မကောင်းဘူး။ ဒါပေမယ့် အကင်းပါးလှတဲ့ ကြောင်လေးကတော့ မောင်လေးကို မေမေဆူရင် မောင်လေးအနားမှာ မျက်နှာလေး ငယ်ငယ်နဲ့ သွားကပ်ပြီး ပွတ်သီး ပွတ်သပ် လုပ်နေတတ်တယ်။ ပထမတော့ မောင်လေးက သူ စိတ်အလိုမကျရင် ကြောင်လေးကို မဲပြီး ရိုက်ချင် ပုတ်ချင်တတ်တယ် လို့ ကိုယ်တွေ အားလုံးက ထင်နေကြတယ်။ ဒါပေမယ့် ကိုယ်တို့ ထင်တာ မှားတယ်။

တရက် မောင်လေးက အခန်းထဲက မထွက်ပဲ မေမေ့ကို ဂျစ်နေတဲ့ အချိန်၊ ကိုယ်က ဘာရယ်မဟုတ် ပြေရာ ပြေကြောင်းလေးပြောမလို့ သူ့ကို သွားချောင်းတာ… သူကလေ ပေါင်ပေါ်မှာ ကြောင်လေးကိုတင်ပြီး သူ သီချင်းနားထောင်နေတဲ့ နားကြပ်ကို သူ့နားထဲမှာ တဖက် ကြောင်ကလေးနားထဲမှာ တဖက် နှစ်ကောင်သား… အဲ… နှစ်ယောက်သား သီချင်း နားထောင်နေကြတာ တွေ့လိုက်ရတယ်။ ဟိုကြောင်ကောင်လေးကလဲ နဲနဲမှ နားမငြီးတဲ့ အတိုင်း ငြိမ်သက်လို့… ကြည့်ရတာ မောင်လေးဟာ အိမ်သားတွေ သည်းသည်းလှုပ်နေတဲ့ ကြောင်လေးကို လူတွေရှေ့မှာ ချစ်ခင် ယုယပြရမှာ နဲနဲခက်နေတဲ့ပုံပဲ…။ ဒါပေမယ့် ကိုယ် အဲဒီလို သူ့ကိုတွေ့လိုက်ပြီး နောက်ပိုင်းမှာတော့ မောင်လေးဟာ အိမ်သားတွေရှေ့မှာ ကြောင်ကလေးနဲ့ အတွဲတွဲ ချစ်ချစ်ခင်ခင်နေပြရမှာ ဝန်လေးတော့ဟန် မတူဘူး။ ပြီးတော့ သူ့ရဲ့ ကြွပ်ဆတ်ဆတ် မာကျောကျော စိတ်တွေ တဖြည်းဖြည်းလျော့ပြီး မိသားစုထဲမှာ ပြေပြေလည်လည် လိုက်လိုက်လျောလျောနဲ့ ပုံမှန် ပြန်ဖြစ်လာတာကို အံ့သြစရာ တွေ့ကြရတယ်။ အချိန်ရရင် ရသလို ကြောင်ကလေးနဲ့ လုံးထွေးပြီး သိုးမွေးချည်လုံးလေးတွေ၊ စက္ကူ အပိုင်းအစလေးတွေ၊ ဘောလုံးလေးတွေနဲ့ ဆော့နေတော့တာပဲ။

အသက်အရွယ်ကြောင့် ထိန်းရ သိမ်းရခက်နေတဲ့ အချိန်ပိုင်းလေးမှာ ဒီကြောင်လေးကြောင့် သူ့စိတ်တွေ ပြန်ပြီး နူးညံ့ပျော့ပျောင်းသွားတယ်လို့ အိမ်သား အားလုံးက မြင်ကြတယ်… ဒီအတွက် ကြောင်ပေါက်စလေးကိုလဲ ကျေးဇူးတင်ကြတယ်။

နောက်တခုက တိရိစ္ဆာန်လေးတွေ သနားစရာကောင်းတဲ့ အကြောင်းပါ။ မေမေ ဘုရားရှိခိုး ပုတီးစိတ်တဲ့ အချိန်ဆို ကြောင်ကလေးဟာ မေမေ့အနားမှာ ငြိမ်ငြိမ်လေး ဝပ်နေတတ်တယ်။ အဲ… သူ ဆော့ချင်နေတဲ့ အခါမျိုးမှာတော့ မေမေစိတ်နေတဲ့ ပုတီးလုံးလေးတွေကို သူ့လက်ကလေးနဲ့ သွားသွားပုတ်ပြီး ဆော့လေ့ရှိတယ်…။ ဘာမှမသိတဲ့ တိရိစ္ဆာန်လေးဆိုတော့ ကုသိုက်တွေ၊ အကုသိုလ်တွေ၊ ငရဲကြီးမှာတွေ ဘာတွေလဲ ဘယ်သိတတ်မှာလဲ…။ မေမေက ဘုရားရှိခိုး ပုတီးစိတ်ပြီးလို့ အမျှဝေရင် အနားမှာ ပုတီးကိုသာ လာဆော့တတ်ပြီး သာဓု မခေါ်တတ်တဲ့ ကြောင်ပေါက်စလေးကို သူ သိပ်သနားတယ်လို့ ပြောလေ့ရှိတယ်…။ ဒီလို တိရိစ္ဆာန်ကလေးဘဝကနေ ကောင်းရာ မွန်ရာ ဘဝလေး တခုခုကို ကူးဖို့ ဘယ်လောက်ခက်တယ်ဆိုတာ မေမေက ကြောင်လေးကို ကြည့်ရင်း ပြောပြပြီး စိတ်မကောင်းဖြစ်နေတတ်တယ်။ အရင်ဘဝက ကုသိုလ်ကံ ကောင်းခဲ့လို့ တိရိစ္ဆာန်ဖြစ်ရတဲ့ အခုဘဝလေးမှာ နွေးနွေးထွေးထွေး လုံလုံခြုံခြုံ နေရပေမယ့် သူတို့နောက်ဘဝကို ကူးလဲ ဘယ်လိုမှ ကောင်းတဲ့ နေရာကို လွတ်လွတ် ကျွတ်ကျွတ်မရောက်နိုင်ပဲ သံသရာမှာ အကြိမ်ကြိမ် ကျင်လည်နေရမှာကို တွေးမိတော့ သနားစရာ ကောင်းလှတယ်…။

အဲဒီကြောင်ကလေးဟာ ကိုယ်တို့မိသားစုနဲ့ အတူတူ ၆ နှစ်ကျော်နေသွားခဲ့တယ်။ သူ အစားကောင်းကောင်းမစားပဲ အခန်းထောင့်လေးမှာ နေမကောင်းဖြစ်ပြီး ခွေနေတဲ့ အချိန်က ကိုယ်ရော မောင်လေးရော စာမေးပွဲကြီး ဖြေနေတဲ့ အချိန်… ခါတိုင်း ဖုန်းဆက်လိုက်ရင် အိမ်လာပြီး ဆေးထိုးပေးနေကျ ဆရာဝန်ကလဲ ခရီးသွားနေတယ်။ ဒီတော့ ကြောင်ကလေးကို ခေါ်ပြီး အိမ်နဲ့ နဲနဲလှမ်းတဲ့နေရာက ဆေးခန်းကို သွားရမှာ… ကိုယ် တွေးထားတာက စာမေးပွဲပြီးတဲ့နေ့ကျရင် ဆေးခန်းသွားကြဖို့ပါ…။

ဒီလိုနဲ့ စာမေးပွဲနောက်ဆုံးနေ့မှာ သူငယ်ချင်းတွေ ဟိုဟိုဒီဒီ လျှောက်လည်ကြတာကို လိုက်မသွားပဲ မောင်နှမနှစ်ယောက် အိမ်ကို တန်းပြန်လာခဲ့ကြတယ်။ အိမ်ရောက်တော့ သူ အိပ်နေကျနေရာလေးမှာ ရှိမနေဘူး… ဒါနဲ့ အသံပြုကြည့်တော့လဲ တအိမ်လုံး တုတ်တုတ်မှ မလှုပ်ဖူး…။ ခဏနေတော့မှ အဖိုးက အိပ်နေရာက ထလာပြီး မျက်စေ့ မျက်နှာပျက်ပျက်နဲ့ တို့ ကြောင်ပေါက်လေးတော့ မရှိရှာတော့ဘူးကွာ… လို့ ပြောပြီး အခန်းထဲ ပြန်ဝင်သွားလေရဲ့…။ မောင်လေးက အခု သူ ဘယ်မှာလဲ ဘယ်မှာလဲ လို့ ပျာပျာသလဲ မေးတာတောင် မဖြေဘူး။ ပြီးတော့မှ အိမ်မှာ အလုပ်လုပ်တဲ့ ကောင်မလေး နှစ်ယောက်က မျက်ရည်တွေနဲ့ အနားကို ရောက်လာကြတယ်…။ အဖိုးက မမတို့ ပြန်မလာခင် ရှင်းထားလိုက်ဆိုလို့ ခြံထောင့်လေးမှာ မြှုပ်လိုက်ပြီတဲ့…။ မောင်လေးလဲ ဘာမှ ဆက်မပြောတော့ပဲ သူ့အခန်းထဲ တိုးတိုးတိတ်တိတ်ပဲ ဝင်သွားတယ်။

ကိုယ်လဲ တော်တော်စိတ်ထိခိုက်သွားတယ်… ဒါပေမယ့် ငိုတော့ မငိုမိဘူး။ နေမကောင်းတာ သိရက်သားနဲ့ စောစောစီးစီး ဆေးခန်းမပို့ပေးလိုက်ရတဲ့ အဖြစ်ကိုပဲ တွေးတွေးပြီး နောင်တ ရနေမိတယ်…။ လူဆိုတာ ကိုယ်ကျိုးနဲ့ ကိုယ့်အတ္တနဲ့ ယှဉ်လာရင် ကျန်တာတွေကို လွယ်လွယ်နဲ့ ဦးစားမပေးချင်တတ်ကြတဲ့ အမျိုးပါလား ရယ်လို့လဲ သတိထားမိသွားတယ်။ ညနေ မေမေပြန်လာတော့ ကောင်မလေးနှစ်ယောက်က အိမ်ဝကနေ ငိုပြီး ကြောင်ကလေးအကြောင်း ပြောပြနေကြတာ ကြားလိုက်တယ်… မေမေ မျက်ရည်ကျမှာ သေသေချာချာ သိနေလို့ မကြည့်ချင်တာကြောင့် ကွယ်ရာမှာပဲ နေ နေလိုက်တယ်…။

နောက်ပိုင်းရက်တွေ တော်တော်ကြာကြာအထိ ကြောင်ကလေးကို စားချိန်လဲ သတိရ အိပ်ချိန်လဲ သတိရ၊ အပြင်ဖက်က ကြောင်သံတွေကြားလဲ သတိရနဲ့… တအိမ်လုံး တိတ်ဆိတ် ငြိမ်သက် ခြောက်သွေ့နေ၊ စိတ်မကောင်းဖြစ်နေကြရတယ်။ ကြောင်လေး လက်ဆောင် ပေးခဲ့တဲ့သူလဲ ကိုယ်တို့ တအိမ်လုံး တော်တော်ကြီး စိတ်မကောင်းဖြစ်နေကြတာ တွေ့တော့ အိမ်ကို လာအလည်တောင် နဲနဲ တန့်သွားတယ်… နောက်ထပ် ကြောင်လေးတကောင် အစားပြန်ရှာပေးပါ့မယ် လို့ ပြောပါတယ်။ ဒါပေမယ့် မလိုချင်တော့ဘူး၊ သံယောဇဉ်တွေ မထားချင်တော့ဘူးလို့ တအိမ်လုံး တညီတညွတ်တည်း ဆိုကြတာနဲ့ သူလဲ လက်လျှော့သွားလေတယ်…။

ဒါကတော့ ကိုယ့်အချစ်တော် ကြောင် ပေါက်စလေး အကြောင်းပါ။ နောက်တပိုင်းမှာ ခွေးကလေး အကြောင်း ပြောပြမယ်နော်…။ စိတ်ရှည်လက်ရှည် ဖတ်ပေးကြတာ ကျေးဇူးတင်ပါတယ်…။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...