Friday, July 8, 2011

"နိုင်ငံရေးပြဿနာ ကရွတ်ကင်းလျှောက်ပြဿနာ"


[By Wai Maw]
နိုင်ငံရေးမှာဖြစ်ဖြစ်၊ စီးပွားရေးမှာဖြစ်ဖြစ် ရလဒ်က အရေးကြီးတယ်ဆိုတဲ့ အယူအဆတစ်ခုရှိပါတယ်။ ဟုတ်ပါတယ်။ ရလဒ်က အရေးကြီးပါတယ်။ ဒါပေမယ့် ရလဒ်ချည်းပဲ အရေးကြီးတယ်လို့ ဆိုလာရင်တော့ မဟုတ်သေးဘူးလို့ ထင်ပါတယ်။ ရလဒ်ကို ဘယ်လိုရအောင်လုပ်ရသလဲဆိုတဲ့ လုပ်နည်းလုပ်ဟန်က တစ်ခါတရံ မှာ ပိုလို့တောင် အရေးကြီးပါသေးတယ်။ လုပ်နည်းလုပ်ဟန်မမှန်ရင် အဲဒီရလဒ်ဟာ တကယ့်ရလဒ်ကောင်း ဖြစ်မလာတော့ပါဘူး။



ကြွက်သေရင် ပြီးတာပဲမဟုတ်
တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးတိန့်ရှောက်ဖိန်က တရုတ်နိုင်ငံပြန်လည်ထူထောင်တော့ ကြွက်သေရင်ပြီးတာပဲ၊ ကြောင်ဖြူတာ မဲတာက အရေးမကြီးဘူးလို့ ပြောပါတယ်။ မာခီယာဗယ်လီရဲ့ နည်းဗျူဟာကိုယူပြော လိုက်တာပါ။ အိမ်မှာကြွက်တွေသောင်းကျန်းနေလို့ ကြွက်ရှင်းတဲ့ကိစ္စမှာ ဒီလိုဥပမာမျိးဟာ ပြဿနာမရှိပါဘူး။ ဒါပေမယ့် တိုင်းပြည်ထူထောင်တယ်ဆိုတာက ကြွက်သတ်နေတာမှ မဟုတ်တာ။ ဒီတော့ ဥပမာနဲ့ သိပ်ကိုက်လှတာ မဟုတ်ပါဘူး။
          ခက်တာက၊ ဒီစကားကိုယူပြီး စီးပွားရေးလုပ်ရင် ချမ်းသာဖို့အရေးကြီးတာပဲ၊ တိုင်းပြည်ချမ်းသာရင်ပြီး တာပဲ၊ ကိုယ်ချမ်းသာရင်ပြီးတာပဲ၊ ဘယ်လိုပဲ ချမ်းသာ ချမ်းသာ၊ ချမ်းသာဖို့က အရေးကြီးတာပဲလို့ ဆိုလာရင် တော့ ပြဿနာရှိလာပါပြီ။ စီးပွားရေးလုပ်တဲ့နေရာမှာ ချမ်းသာတာချည်းပဲအရေးကြီးတာမဟုတ်ပါဘူး။ ချမ်းသာအောင် ဘယ်လိုလုပ်တယ်ဆိုတာလည်း အရေးကြီးပါတယ်။ ဓါးမြပဲတိုက်တိုက်၊ လူပဲသတ်သတ်၊ ဘိန်းပဲကုန်ကူးကူး၊ ကလေးငယ်လေးတွေကိုပဲ လိင်ကျွန်လုပ်ခိုင်းဖို့ ရောင်းစားစား၊ လုပ်ပိုင်ခွင့်ရှိတုန်း လာဘ်ပဲ မတရားစားစား၊ ချမ်းသာရင်ပြီးတာပဲ ဆိုရင်တော့မှားပါပြီ။ လူ့လောကကြီးမှာ ရလဒ်သက်သက်ကိုပဲ ကြည့်တာ မဟုတ်ပါဘူး။

ချမ်းသာတိုင်း လူရိုသေတာမဟုတ်
ပြီးတော့ ဘယ်လိုပဲချမ်းချမ်းသာ၊ ပြည့်တန်ဆာအိမ် ဖွင့်စားနေတဲ့သူကို အိမ်းဦးခန်း၊ သံဃာတော်စင်ပေါ်တင်ပြီး ဘယ်သူ့အလှူမှာမှ ဧည့်မခံပါဘူး။ တချို့ကတော့ ပြောကြပါသေးတယ်။ မဟုတ်တာတွေလုပ်ပြီး ချမ်းသာလာ မှန်းသိပေမယ့် သူဌေးကြီးဖြစ်လာတော့ လူရိုသေရှင်ရိုသေ ဖြစ်လာရတာပါပဲတဲ့။ ဒါလည်းမဟုတ်ပါဘူး။ လူမရို သေပါဘူး။ မဟုတ်တာတွေလုပ်ပြီး ချမ်းသာလာတဲ့သူကို ဘယ်သူမှ မရိုသေပါဘူး။ မတတ်သာလို့ပေါင်းနေကြ တာရှိချင်ရှိမယ်၊ မြှောက်ပင့်စားသောက် နေကြတာဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
          မရိုသေရုံမျှမက၊ အဲဒီလို သူဌေမင်းမျိုးရဲ့ သားသမီး မြေးမြစ်များဟာလည်း အလိုလိုနေရင်း မိဘရဲ့ အရိပ်ထိုးခံရပြီး လူ့အဖွဲ့အစည်းရဲ့ မေတ္တာမခံစားရရှာပါဘူး။ ဒီတော့ တိုင်းပြည်တစ်ပြည်ချမ်းသာလာရုံနဲ့ နိုင်ငံ တကာရဲ့ရိုသေလေးစားမှု ရတာမဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်။

ရလဒ်နဲ့ လုပ်နည်းလုပ်ဟန်
ဒါက ဘယ်လိုနေရာမှာမဆို ဒီလိုပါပဲ။ စီးပွားရေးမှာမှ မဟုတ်ပါဘူး။ နိုင်ငံရေးမှာလည်း ဒီလိုပါပဲ။ ရလဒ်သက် သက်တိုင်းကို ကြည့်လို့မရပါဘူး။ ပြည်သူလူထုဆိုတာက ဘယ်လိုမူဝါဒ လမ်းစဉ်ကို ချမှတ်ထားတာပဲဖြစ်ဖြစ် ဘယ်လိုသီလရှိတဲ့ သူတွေဦးဆောင်သလဲ ဆိုတာနဲ့ ဘယ်လိုမှန်မှန်ကန်ကန်ဆောင်ရွက်သလဲ ဆိုတာတွေကို အမြဲတမ်း အကဲဖြတ်နေကြတာ ဖြစ်ပါတယ်။ လုပ်နည်းလုပ်ဟန်မှန်ရင် လိုချင်တဲ့ရလဒ်ကို မရသော်တောင်မှ၊ နောင်ရလဒ်ကောင်းရဖို့အတွက် အကျိုးဖြစ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာနဲ့ မှန်မှန်ကန်ကန်အားထုတ်နေတယ် ဆိုရင် အခုချက်ချင်း  နိဗ္ဗာန်ရောက်မသွား သော်လည်းပဲ ဒီလိုလုပ်ဆောင်ချက်တွေဟာ နိဗ္ဗာန်ရောက်ဖို့အတွက် အဖို့ဘာဂ ဖြစ်တယ် မဟုတ်ပါလား။
          ဒီတော့ လုပ်နည်းလုပ်ဟန်က အရေးကြီးပါတယ်။ ပြည်သူတွေအတွက်၊ ပြည်သူတွေရဲ့ အကျိုးအတွက် လုပ်နေပါတယ် ဆိုတာလောက်နဲ့ ပြည်သူလူထုထောက်ခံမှုမရသေးပါဘူး။ ဘယ်လိုအကောင်အထည်ဖော် ဆောင်ရွက်နေတယ်ဆိုတာက အရေးကြီးနေပါလိမ့်မယ်။

လုပ်ရိုးလုပ်စဉ်တွေကို အစားထိုးဖို့
လုပ်နည်းလုပ်ဟန်ဆိုရာမှာ ပုံစံကျနေတဲ့ လုပ်ရိုးလုပ်စဉ်ဘောင်တွေကို ကျော်ထွက်ဖို့ ကြိုးစားရတာတွေလည်း ရှိပါတယ်။ နှစ်ပေါင်းများစွာနိမ့်ကျခဲ့တဲ့နိုင်ငံကို ပြည်လည်ထူထောင်ရာမှာ လုပ်ရိုးလုပ်စဉ်တွေကိုချည်းပဲအားကိုး နေလို့ မရတော့ပါဘူး။ ပြည်သူလူထုကလည်း ဒီကွေ့မှာ ဒီလိုဖြေရှင်း၊ ဟိုနားရောက်တော့ ဟိုလိုဖြေရှင်း ဆိုတာ တွေကို ငြီးငွေ့လှပါပြီ။ မြောက်များစွာလှသော ပုံစံကျဖြေရှင်းနည်းတွေကို ပြည်သူလူထုက အလွတ်တောင်ရနေ ပါပြီ။ ပြည်သူလူထုတွေက ရဲရင့်တဲ့ခြေလှမ်းသစ်တွေကို မြင်ချင်နေတာဖြစ်ပါတယ်။
          အစိုးရသစ်ပေါ်လာပြီး၊ မူဝါဒသစ်တွေ၊ လမ်းစဉ်သစ်တွေကို ရဲရဲတွေး၊ ရဲရဲပြော၊  ရဲရဲကြေငြာပြီးတဲ့ နောက်မှာ လုပ်နည်းလုပ်ဟန်သစ်တွေ၊ ပြဿနာချဉ်းကပ်ပုံအသစ်တွေ၊ ဖြေရှင်းတဲ့ နည်းလမ်းသစ်တွေနဲ့ ရဲရဲ အကောင်အထည်ဖော်တာကို ပြည်သူတွေက မျှော်လင့်နေကြပါတယ်။

ရဲရင့်တဲ့ နိုင်ငံရေးအမြင်
မြန်မာနိုင်ငံရဲ့အထွေထွေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများကို လေ့လာကြည့်ရင် နိုင်ငံရေး ပြဿနာက အညှာဖြစ်တာကို တွေ့ရပါမယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ရာမှာဖြစ်ဖြစ်၊ လူမှုရေး ပြဿနာကို ကိုယ်တွယ်ရာမှာပဲဖြစ်ဖြစ် နိုင်ငံရေးပြဿနာက အမြဲတမ်းလိုလို ရှေ့တန်းက ပါလာတာကို တွေ့ရ ပါတယ်။
          မြန်မာနိုင်ငံရဲ့ အထွေထွေပြဿနာများကို ဖြေရှင်းလိုတယ်ဆိုရင် နိုင်ငံရေးပြဿနာကို ဖယ်ထားလို့မရ။ မြန်မာနိုင်ငံရဲ့ဆင်းရဲမွဲတေမှုလျော့ပါး ပပျောက်ရေးလုပ်မယ်ဆိုရင် နိုင်ငံရေးပြဿနာကို ဖယ်ထားလို့မရ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ချင်တယ်ဆိုရင် နိုင်ငံရေးပြဿနာကို မေ့ထားလို့မရ။ မြန်မာ နိုင်ငံရဲ့ ပညာရေးစနစ်၊ ကျန်းမာရေးစနစ်၊ နည်းပညာတိုးတက်မြှင့်တင်ရေးတို့ကို လုပ်ဆောင်မယ်ဆိုရင် နိုင်ငံရေးပြဿနာကို မသိချင်ယောင်ဆောင်နေလို့မရ။

နိုင်ငံရေးတည်ငြိမ်မှုရှိမှ
အားလုံးသောပြဿနာတွေဟာ နိုင်ငံရေးပြဿနာနဲ့ ဆက်စပ်ပတ်သက်နေတာကို တွေ့ရပါမယ်။ ဒါကလည်း သဘာဝကျပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြင့်မားရေး အတွက်ဆိုရင် နိုင်ငံတကာရဲ့အကူ အညီ၊ ပြည်တွင်းပြည်သူလူထုတစ်ရပ်လုံးရဲ့ နိုးကြားတက်ကြွတဲ့ ပူးပေါင်းဆောင်ရွက်မှုတို့က လိုအပ်နေမှာပဲ မဟုတ်လား။ ဒါတွေရဖို့အတွက်က နိုင်ငံရေးတည်ငြိမ်မှုရှိမှ ရမှာမဟုတ်လား။ နိုင်ငံရေးပြဿနာတွေကို အဓိက ထားဖြေရှင်းမှရမှာ မဟုတ်လား။
          လည်ပြန်ကြည့်လိုက်ရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာများဟာ အပြန်ပြန်အထပ်ထပ်နဲ့ သံသရာ လည်နေခဲ့တာ ကြာခဲ့ပါပြီ။ ရောက်တဲ့နေရာကနေ သေသေချာချာကိုင်တွယ် မဖြေရှင်းသရွေ့ ဒီသံသရာထဲမှာပဲ ထပ်မံလည်ပတ်နေဦးမှာပဲ ဖြစ်ပါတယ်။ ဒါကိုအေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ စဉ်းစား၊ ညှိနှိုင်းစရာ ရှိတာတွေကို ညှိနှိုင်း၊ ဆွေးနွေးစရာ ရှိတာတွေကို ဆွေးနွေး၊ လျှော့စရာရှိတာတွေကို လျှော့၊ လက်တွဲလို့ ရတာ တွေကို လက်တွဲ၊ သဘောထားကြီးကြီးထား ဆောင်ရွက်မှသာ နိုင်ငံရေးပြဿနာ သံသရာကို ဖောက်ထွက် နိုင်မှာ ဖြစ်ပါတယ်။

မောင်းဆက်
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၅၀
၇ ဇူလိုင် ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...