Thursday, July 14, 2011

ဒီမိုးကရေစီးထဲ … ကျနော်တို့ ဘာလို့ မအောင်မြင်တာလဲ

by အား မာန် on Thursday, July 14, 2011 at 12:17pm
 
ခေါင်းစဉ်ကတော့ ဖေမြင့်ရေးတဲ့ တက်ကျမ်းလိုလို နံမယ်ပဲ။ တကယ်ကတော့ တက်ကျမ်းမဟုတ်ဘူး။ ဇူလိုင် ၇ ရက်ဟာ မြန်မာပြည်အတွက် သမဂ္ဂနေ့ ဖြစ်တယ်လို့ ဆိုချင်တယ်။ မြန်မာပြည်မှာ သမဂ္ဂတွေ မရှိတဲ့နောက် အာဏာရှင်တွေက ပြည်သူတွေကို ကျွန်ပြုတော့တာပဲ။
        တပ်မတော်သားတွေအားလုံးကို အာဏာရှင်တွေက ကျွန်ဇာတ်သွင်းလိုက်တာပဲ။ မြန်မာပြည်မှာ ငါတို့အားလုံးဟာ စစ်ကျွန်တွေချည်းပဲ။ ကျွန်ကြီးတွေက ကျွန်ကလေးတွေကို အနိုင်ကျင့်နေကြတာကို အချင်းချင်း ပြန်သတ်ဖြတ်ရင်း အာဏာရှင်တွေနဲ့ စနစ်ကို အမြစ်ဖြတ်ဖို့ ဝေးလာကြတယ်လို့ ပြောချင်တယ်။

ငါတို့ မအောင်မြင်တာ၊ ကျနော်တို့ မအောင်မြင်တာ ဘာကြောင့်လဲ ဆိုတာကို ကိုယ့်မှန်ကိုယ်ကြည့်ပြီး မေးခွန်းထုတ်ကြည့်တာပါပဲ။ ကျနော်တို့ အနှစ် ၂၀ လောက်အတွင်း ဖြစ်ချင်တိုင်းဖြစ်၊ လုပ်ချင်တိုင်းလုပ်နေကြမိတာဟာ သမဂ္ဂစိတ်ဓာတ်တွေကို အလေ့အကျင့် မလုပ်ခဲ့ကြလို့ပါ။ အသင်းအဖွဲ့နဲ့ အများနဲ့ သဘောထားချင်း တူသူ၊ ကွဲသူတွေနဲ့ အလုပ်လုပ်တဲ့ အလေ့အထတွေ ကျနော်ကိုယ်တိုင် ခေါင်းပါးတော့ လူ ၁ ဦး၊ ၂ ဦး၊ ၃ ဦးလောက်နဲ့ စုဝေးပြီး လုပ်ကိုင်နေရတာနဲ့တင် အင်အားတွေလည်း မတိုးဖြစ်၊ အစုအဖွဲ့တွေလည်း မကြီးထွားကြတော့ဘူးလို့ ထင်ပါတယ်။
စဉ်းစားမိတဲ့ ကျနော်တို့ မှားနေကျ တလွဲတွေကို အခု ဒီမှာ ချရေးလိုက်တယ်။ ဖတ်ကြည့်ဖို့ပါ။ အလိမ္မာ စာမှာ ရှိတယ်ဆိုတော့ အဲဒါတွေကို အခုသည်စာထဲမှာပဲ ဖတ်ပြီးရင် ထားခဲ့ပေါ့။ ဟုတ်လား။

၁။ အပြိုင်လုပ်တာ - အပြိုင်အဆိုင်စိတ်ဓာတ်က ကောင်းပါတယ်။ ခက်တာက တခုတည်းကို ၀ိုင်းလုပ်ကြမယ့်အစား အပြိုင်လုပ်ကြတာ၊ ညှိနှိုင်းလုပ်ဖို့ ဆန္ဒမရှိဘူး။ ဥပမာ လွယ်တာတခုက ၈လေးလုံး အခမ်းအနားကို တမြို့တည်းတင်ကို ၃ ခုလောက် အပြိုင်လုပ်တာမျိုးပေါ့။ အခမ်းအနားတခုကို တူနေရဲ့သားနဲ့ ဘာလို့ အတူတွဲပြီး မလုပ်နိုင်ကြတာလဲ။

၂။ အတင်းအဖျင်း ပြောတာ - တဦးနဲ့ တဦး မျက်နှာချင်းဆိုင် သဘောမတူကြရင် အော်ဟစ် ရန်ဖြစ်မယ်။ အနိုင်အထက် စကားနိုင်လုမယ်။ ၃ ခွန်းထက်ကျော်ရင် ငြင်းခုန်တာဖြစ်ပြီဆိုတာနဲ့  ကျောခိုင်းတော့တာပဲ။ တခုခု သဘောတူညီချက် ရအောင် မလုပ်နိုင်ဘူး။ သဘောတူညီချက် မရနိုင်တော့ နောက်ကွယ်မှာ ကိုယ့်လူ သူ့လူ ခွဲပြီး စုကြမယ်။ တယောက် အတင်း တယောက် ပြောဆို ရှုတ်ချကြမယ်။ ဒါနဲ့တင် သံသရာလည်နေတော့တာပဲ။ ဥပမာ - အင်း ဥပမာတော့ မရေးတော့ဘူး။ (ကိုယ်တွေ့ ကိုယ်တွေ့ … ဟဲဟဲ)

၃။ မတွဲနိုင်လို့ ခွဲလုပ်တာကို ၀န်မခံနို်င်တာ - အမြဲတမ်းတော့လည်း တွဲမလုပ်နိုင်ပါဘူး။ ခွဲပြီး လုပ်ကြရတာတွေ ရှိတာပဲ။ သို့သော် တွဲလို့မရလို့ ခွဲလုပ်ရတာကိုလည်း အခြား ဆင်ခြေတွေ အမျိုးမျိုးပြပြီး ဖုံးဖိထားချင်ကြပြန်တယ်။ ညီညွတ်ရေး ထိခိုက်မှာ စိုးသလိုလိုနဲ့။ တကယ်က တွဲလို့မရလို့ ဒီကိစ္စတွေမှာ ခွဲလုပ်ကြတယ်ဆိုတာလည်း အသိပေးဝန်ခံလို့ ရတယ် ထင်တာပဲ။ ဥပမာ - ပါတီကနေ မူဝါဒချင်း လုပ်နည်းကိုင်နည်းချင်း မတူလို့ လမ်းခွဲကြတာတောင် လူတွေကို မျက်စိလည်အောင်လုပ်ထားတာတွေ ရှိတယ် မဟုတ်လား။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစု၊ ပြီးတော့ အမျိုးသားဒီမိုကရေစီ ပါတီ … ကဲ …။

၎။ အချိန်မပေးနိုင်တာ - ပြည်ပက နိုင်ငံရေးတို့ ဘာတို့လုပ်တဲ့သူတွေ (တချို့) မှာ အချိန်ယူပြီး၊ အချိန်သတ်မှတ်ပြီး၊ အချိန်ပေးပြီးတော့ အဲသည်အလုပ်တွေကို မလုပ်ဖြစ်ကြဘူး။ တလတခါ အစည်းအဝေးလုပ်ပြီး တွေ့တာလား၊ တပတ်တခါ ဆုံပြီး စကားပြော ဆွေးနွေးကြတာလား၊ ဘယ်လိုမျိုး အချိန်ဇယားနဲ့ ဘယ်လို ပေတံတွေ တိုင်းတာပြီးတော့ အလုပ်တွေ ဖြစ်အောင် လုပ်နေတာလဲ။ “အလုပ်ဖြစ်”တာထက် “အဖြစ်လုပ်”နေတာမျိုး ဖြစ်နေသလား။ ဥပမာ - အခမ်းအနားလုပ်တာ၊ ဆန္ဒပြဖို့အတွက် ပြင်ဆင်တာ၊ အရေးပေါ်ကိစ္စတခုပေါ်လို့ တုန့်ပြန်တာ၊ ဘယ်လိုသူတို့ လုပ်သလဲ၊ စောင့်ကြည့်သင့်တယ်။

၅။ တွေ့သမျှ အကုန်လုပ်ချင်တာ - မြင်မိတာတခုကတော့ တဦးတည်း၊ တဖွဲ့တည်း၊ တနေရာတည်းမှာ ရှိနေပေမယ့် ကြားဖူးနားဝ၊ စဉ်းစားမိသမျှ အကုန်လုံး လုပ်နိုင်အောင် ကြိုးစားတာ၊ အသံဟစ်တာတွေကလည်း အကြောင်းတခုဖြစ်တယ်။ ဥပမာ - သတင်းလည်း လုပ်ချင်၊ နိုင်ငံရေး လူမှုရေး လှုပ်ရှားမှုတွေလည်း လုပ်ချင်၊ ရန်ပုံငွေပွဲတွေလည်း ဆောင်ရွက်ချင်၊ ဆန္ဒလည်း ပြချင်၊ ဆုတွေ အကယ်ဒမီတွေလည်း ပေးချင်တာမျိုးလည်း ရှိတယ်ဆိုတာတွေကို နည်းနည်းတော့ လျော့ကြစေချင်တာပဲ။ (မိုးမခကလူတွေကို စောင်းပြောတာ မဟုတ်။ အဟိ)

၆။ ရန်မလိုနဲ့ - ကျနော်တို့ လူတွေက အရေခွံပါးတယ်ဆိုတော့ အချင်းချင်းကို အပြစ်မြင်မိရင် ဝေဖန်တာ လက်သံပြင်းတယ်။ ပြောထည့်လိုက်ရင် အပြတ်ပဲ၊ အကွဲ အပြဲပဲ။ အဲသလောက် ပြောလိုက်လို့ ပြင်သွားသလားဆိုတော့ မပြင်ဘူး။ ပိုတောင် ဆိုးလာသေးတယ်။ အဲဒါက အကျင့်ကြီးကို ပါလို့ ဆိုရမယ်။ စစ်အစိုးရကလည်း အတိုက်အခံတွေကို ဝေဖန်ရင် အဲသည်အတိုင်းပဲ။ ကျနော်တို့ဖက်ကလည်း အချင်းချင်းသာမက စစ်အစိုးရကိုလည်း ပြောတဲ့နေရာမှာ အမြဲတမ်း ပြင်းထန်လေ့ရှိတယ်။ အချင်းချင်းမှာသာမက ရန်သူနဲ့ အလိုတော်ရိတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကျနော်တို့တွေမှာ ကြိုတင်တင်းမာမှုတွေကြောင့် အရေခွံတွေ တင်းလေ့ရှိတယ်။ ဥပမာ - မိုးမခက တချို့စာရေးဆရာတွေကို စစ်အစိုးရရွေးကောက်ပွဲ ရပ်တည်ချက်အပေါ်မှာ ဝေဖန်လေ့ရှိတယ်။ သူက အခင်အမင် မပျက်ဖူးလို့ ပြောတာပဲ။ အဲဒါကို နှစ်ဖက်စလုံးကကော၊ ပရိသတ်ကပါ သဘောပေါက်ဖို့ လိုမယ် ထင်တာပဲ။

၇။ နိုင်သလောက်ပဲ လုပ်ပါ - ကျနော်တို့က ကျနော်တို့ ခြေကုပ်ယူထားတဲ့ အင်အားနဲ့ ပရိသတ်နဲ့ အားယူပြီး စလုပ်တာမျိုးထက် တခါတည်း အကြီးကြီးကို မှန်းပြီး ဖြန့်ကြဲပြီး လုပ်လေ့ရှိတယ်။ သူများထက် ဦးချင်တာလဲ ပါမယ် ထင်တယ်။ ဥပမာ - “စကြာဝဠာလုံးဆိုင်ရာ ကလေကခြေများ ဒီမိုကရေစီရရှိရေး ဆောင်ရွက်မှု ဦးဆောင်ရေး တပ်ပေါင်းစု ကြီး” ဆိုတာမျိုး တခါတည်း ကောက်အမည်ပေးထားပြီး တွေ့တဲ့ အပေါက်ဝမှာ ကောက်ချိတ်ထားလိုက်တော့တာပဲ။ ကျန်တဲ့သူတွေကလည်း အဲသလောက်ကြီးကျယ်တဲ့ အဖွဲ့တွေ အများကြီးရှိတာပဲဆိုပြီး သူတို့နိုင်သလောက်ဖြစ်တဲ့ “နေပြည်တော်ကွက်သစ်အခြေစိုက် မိန်းမကြောက်သူများ ဒီမိုကရေစီရရှိရေးသမဂ္ဂ” တို့ ဘာတို့ မထောင်ဖြစ်တော့ဘူးပေါ့။

၈။ သဘောထား တခုတည်းနဲ့ စူးစူးစိုက်စိုက် လုပ်ကြဖို့ - ကျနော်တို့တတွေက ခနခန သဘောထားတွေ စိတ်ထားတွေ ပြောင်းကြတယ်။ စစ်အာဏာရှင်ကို တိုက်နေတာပါ ဆိုပြီးတော့ ဘာရယ်လို့မဟုတ်ဖူး ရွေးကောက်ပွဲလေးတော့ ၀င်လိုက်ဦးမှ၊ အစိုးရထုတ်ပေးတဲ့ ဟိုဟိုဒီဒီ အခွင့်အရေးလေးတော့ ယူထားလိုက်ဦးမှ ဆိုတာမျိုး စိတ်ကြီးတွေ အလွန်ဝင်တာပဲ။ စစ်အာဏာရှင်တွေကို နိုင်ငံတကာကပိတ်ဆို့အရေးယူထားတာကို မျက်စိလည်အောင် ပြောလိုက်တာနဲ့ နားတွေ ယောင်ပြီးတော့ (ကိုယ်ကိုယ်တိုင်မှာ စစ်အစိုးရက လည်မျို်ကို နင်းထားလို့ ဘာမှသာ စားမ၀င်မယ်) စစ်အစိုးရကို ဖွင့်ပေးလိုက်ပါဆိုပြီး မျက်ရည်ခံက လိုက်ထိုးချင်သေးတယ်။ ဦးဝင်းတင်တို့တတွေ ထောင်ထဲမှာ တသက်လုံး နေလာရတာ တချက်ကလေးမှ စိတ်ကစားပြီး ထွေလီကာလီတွေ လျှောက်ပြောတယ် မကြားဖူးဘူး။ နောက်ပြီးတော့လည်း စိတ်ကို တခုတည်းထားပြီး စိုက်လိုက်မတ်တပ်လုပ်ကြဖို့လည်း လိုပါတယ်။ စစ်အစိုးရတွေ စစ်အာဏာရှင်တွေကိုတော့ မုန်းပါရဲ့၊ လောလောဆယ် ငါ မအားသေးလို့ ဘွာခပ်ပြီး ခနနားလိုက်ဦးမယ် ဆိုတာမျိုး ၀င်စို့ ထွက်စို့တွေ လုပ်နေလို့တော့ မဖြစ်ချေဘူး။ အများနဲ့ လက်တွဲပြီး လုပ်ကြရင် တဦးနဲ့တဦး ဖြည့်ပေးလို့ ရတော့ အချိန်တွေ ပိုထွက်လာမယ် ထင်ပါတယ်။

၉ ။ ကိုယ်မလုပ်နိုင်တာတွေ သူများကို မခိုင်းနဲ့၊ လွှဲမချနဲ့ - ဟိုတုန်းကတည်းက လူကြီးတွေကော၊ လူငယ်တွေမှာ ဖမ်းတတ်တဲ့ စတိုင်က သူကပဲ နောက်ကွယ်က ကြိုးကိုင်နေသလိုလို၊ ညွှန်ကြားနေသလိုလို၊ တခြားသူတွေကို ဦးစားပေးပြီး ရှေ့မှာပဲ ပွဲထုတ်ပေးနေသလိုလို ဆိုတဲ့ လိုလိုတွေ သိပ်များတယ်။ အခုလည်း သည်အတိုင်းပါပဲ။ ကိုယ်မလုပ်နိုင်တာကို အကြံပေးတာ၊ ပံ့ပိုးတာတွေဆိုတာ ကောင်းပါတယ်၊ သို့သော်လည်း ကိုယ်ကိုယ်တိုင်ကလည်း ဘယ်လောက် အတိုင်းအတာထိ လိုက်လုပ်ပေးမယ်၊ ထောက်ခံဆောင်ရွက်မယ်ဆိုတဲ့ ပိုင်းဖြတ်မှုတော့ ရှိရမယ်၊ ပြရမယ်၊ ၀န်ခံရမယ် ထင်ပါတယ်။ သူများကို တဖက်လှည့်နဲ့ မြှောက်ပင့်ပေးပြီးတော့ လုပ်ခိုင်းတာမျိုး၊ ဘေးကနေ ရှောင်ဖယ်နေတာမျိုးတွေ မလုပ်သင့်ဖူးထင်ပါတယ်။ ကိုယ့်ဆရာတွေက ပြောလိုက်၊ ရေးလိုက်တာတွေက အညွန့်ချည်းပဲ။ သူ့ဖာသာသူကတော့ ချိုမိုင်မိုင်လောက် ကပြီး ပွဲထွက်နေတာကို ရိပ်မိသင့်တယ်။ (သူများကိုလည်းပြော၊ ကိုယ့်ဖာသာလည်း ကိုယ်ပေါင်လှန်ထောင်းပြီး ပြောတာပါ)။

၁၀။ အသနား မခံနဲ့၊ သနားစရာ သတ္တ၀ါလေးလိုမျိုး ဇာတ်နာအောင် မလုပ်နဲ့ - ပြောချင်တာက “ငါ့မှာ ဒီလိုဘ၀ပျက်နေရတာ သူများတွေကြောင့် … သူများတွေရဲ့ အပြစ်တွေချည်းပဲ” ဆိုတာမျိုး မလုပ်နဲ့လို့ ပြောချင်တာပါ။ ကျနော်တို့တတွေက သူများကို အပြစ်တင်တယ်။ ကိုယ်တိုင်က သနားစရာသတ္တ၀ါလေးလိုမျိုး ပုံဖမ်းတယ်။ အသနားခံချင်တယ်။ “ရွေးကောက်ပွဲ ရှုံးမှာပေါ့ဗျာ … ဟိုကလူတွေက ငွေကော၊ လက်နက်ကော၊ အာဏာကော ရှိနေတာကိုး။ အဲသည်ကြားထဲက မနည်း ရှုံးမှန်းသိသိနဲ့ အနာခံပြီး ၀င်ပြိုင်နေရတာပါ။ သနားကြပါခင်ဗျာ …” ဆိုပြီး ပြောနေတာ ကြားမှာပေါ့။ “ဒီမိုကရေစီက မရတာလည်း မပြောနဲ့လေ၊ ကျနော်ကလွဲရင် ကျန်တဲ့ကောင်တွေက ညံ့လွန်းတော့ ဘယ်လိုလုပ် ကျနော်က တိုင်းပြည်ကြီး ကောင်းစားအောင် လုပ်လို့ ရမှာလဲ။ သနားကြပါခင်ဗျာ” ဆိုပြီး ပြောနေတာတွေလည်း ရှိတာပေါ့။ ဒါတွေလည်း နဲနဲတော့ လျော့ကြရမယ် ထင်တာပဲ။

တော်ပြီ။ သည်လောက်ပဲ ရေးတော့မယ်။ ဒါမှ ဒီစာမူကို မိုးမခက ရွေးပြီးထည့်မှာ။ အံမယ် ကြိုက်တဲ့သူတွေက ကြိုက်ပြီးတော့ ကိုယ်အမြင်ကပ်တဲ့သူတွေဆီ ဒီစာကို အီးမေးနဲ့ ဖောဝဒ် ဟိုပို့ ဒီပို့လုပ်ဦးမှာ မြင်ယောင်ပါသေးဗျ။ သူတို့က “ဒါ ငါ့ကို ပြောတာမဟုတ်ဘူး၊ ဟိုကောင်တွေကို ပြောတာနေမှာ” ဆိုပြီးတော့ …။ တကယ်က ဒီစာက နင့်ကိုကော ဟိုကောင်တွေကိုပါ ပြောတာ။
မောင်ဂဏန်းစိန်
ဇူလိုင် ၁၃၊ ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...