ဖွံ့ဖြိုးရေးသစ်ပင်နှင့် ရယ်ဒီကယ် သင်းသတ်ခြင်း
ကျွန်တော်သည် နိုင်ငံရေး မိုးသက်မုန်တိုင်းများကို ကာလတစ်ခု ဖြတ်ခဲ့ဖူးသည့်တိုင်၊ နိုင်ငံရေးသမား မဖြစ်ခဲ့။ ဘယ်တော့မှလည်း ဖြစ်လိမ့်မည်မဟုတ်။ ဤသည်မှာ တစ်သီးတစ်သန့် နေလိုသော ကျွန်တော့ စိတ်အခံနှင့် ဆိုင်မည်ထင်သည်။
ကျွန်တော်သည် နိုင်ငံရေးသမား မဟုတ်သည့်တိုင်၊... ကျွန်တော့် စိတ်ဝင်စားမှု အာရုံမှာ၊ နိုင်ငံရေး ဒရမ်မာကြီးထဲက မထွက်နိုင်ခဲ့။ ဘယ်တော့မှလည်း ထွက်နိုင်လိမ့်မည် မဟုတ်။ ဤသည်မှာလည်း ကျွန်တော် ဖြတ်သန်းခဲ့ရသောဘ၀နှင့် ဆိုင်ပါလိမ့်မည်။
ယခုအခါ၊ ပင်ကို ၀ါသနာ အရရော လုပ်ငန်းသဘာဝ အရပါ၊ ကျွန်တော့မှာ စာအုပ်တွေနှင့် စဉ်ဆက်မပြတ် ဆိုသလို၊ နပန်းလုံး နေရသည်။ ပြောရလျှင်၊ ဤ စာအုပ်တွေ အားလုံးလောက်မှာလည်း၊ နိုင်ငံရေးနှင့် တစ်နည်း မဟုတ် တစ်နည်း ဆက်စပ် နေသည်သာ ဖြစ်သည်။ ၀န်ခံရလျှင်၊ ဤ စာအုပ်တွေ ဖတ်ရသည့် အခါတိုင်းလည်း၊ မိမိထိတွေ့ ဆက်စပ်မိသည့် နိုင်ငံရေး ဇာတ်ကွက်များနှင့်၊ ချိတ်ဆက်စဉ်းစား နေမိသည်။ သည်လိုနှင့်၊ မြန်မာ့ နိုင်ငံရေးနှင့် ပတ်သက်သော ဒုတိယ အတွေးတွေ၊ မနည်းမနော ရလာသည်။ ယခု စာစုမှာ၊ အဆိုပါ ဒုတိယ အတွေးများထဲမှ တစ်ခု ဖြစ်ပါသည်။
သမိုင်းဆရာရဲ့ ပြည်တွင်း စစ်ဋီကာ
၁၉၅၂ ခုနှစ်တွင် ကျွန်တော် လူဖြစ်ခဲ့ပါသည်။ ဤတွင် ပြောလိုသည်မှာ၊ မွေးနေ့မဟုတ်။ သမိုင်းခေတ် ဖြစ်သည်။ လွတ်လပ်ရေး နှင့်အတူ စတင် လောင်မြိုက်ခဲ့သော ပြည်တွင်း ပဋိပက္ခ မီးတောက် မီးလျှံများ၊ မီးညွန့် မကျိုးတတ်သေးချိန်တွင် လူ့ဘ၀ အစပြုခဲ့ရ သည်ကို ရည်ရွယ်ရင်း ဖြစ်သည်။ ဤဘ၀အစ မီးတောက် မီးလျှံများကပင်၊ ရှေ့ဆက်ရမည့် ခရီးကို ပုံသွင်းလိုက်လေသလား၊ မကြာခဏ စဉ်းစားမိသည်။
ဤသို့ `မစွမ်းရင်းက ရှိနေရာ´၊ ခေတ်ပြိုင်သမိုင်း ပညာရှင် နီး(လ်) ဖာဂူဆန်၏ စာတစ်ပုဒ်ကို ဖတ်လိုက်ရသောအခါ၊ `ကန်စွန်းခင်းနှင့် ငြိရတော့သည်။ သူ့စာ ခေါင်းစဉ်မှာ The Reality of Civil War´ ပြည်တွင်းစစ်၏ သရုပ်မှန်´ ဟု ဘာသာပြန် နိုင်ပါလိမ့်မည်။ ဤစာတွင် မစ္စတာ ဖာဂူဆန်က၊ ၁၈၆၁ ခုနှစ်မှ ၁၈၆၅ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော အမေရိကန် ပြည်တွင်းစစ်နှင့်၊ ဒုတိယ ကမ္ဘာစစ်အပြီး ဖြစ်ပွားခဲ့ကြသော လွတ်လပ်ခါစ နိုင်ငံများမှ ပြည်တွင်းစစ်များကို မျဉ်းပြိုင်ဆွဲ လေ့လာထားသည်။
သူ့အလိုအရ အမေရိကန် ပြည်တွင်းစစ်တွင်၊ `ကျွန်စနစ် ဖျက်သိမ်းရေး´ဆိုသော ရည်မှန်းချက် ရှိသည်။ ဤ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ခဲ့သည့် အတွက်လည်း၊ တိုင်းပြည်ကို ပို၍ မြင့်မားသော အဆင့်တစ်ခုသို့ တွန်းတင်နိုင်ခဲ့သည်။ သို့အတွက်၊ `အပေါင်းလက္ခဏာ´ ဆောင်သည်ဟု ဆိုသည်။ သို့သော်၊ ဒုတိယ ကမ္ဘာစစ်အပြီး လွတ်လပ်ခါစ နိုင်ငံများတွင်၊ ဖြစ်ပွားသော ပြည်တွင်း စစ်များကား ဤသို့မဟုတ်။ တိုင်းပြည်အတွက် အပေါင်း လက္ခဏာ မဆောင်ရုံမျှမက၊ အနှုတ် လက္ခဏာ ဖြစ်စေသည်။ ဖွံ့ဖြိုးရေး သစ်ပင်ကြီးကို ပင်စည်အခြေမှ `သင်းသတ်´ လိုက်သလိုပင်ဖြစ်၍၊ စစ်ပြီးခေတ် ခေတ်မီရေး ပြိုင်ပွဲကြီးတွင် နောက်ကောက် ကျကျန်ရစ်စေခဲ့သည် . . . . . . စသည်ဖြင့် သုံးသပ်ပြသည်။
ဤသို့ ဘာကြောင့် ဖြစ်ရသည်ကို၊ သမိုင်းဆရာက ရှင်းပြရာ၊ သူ့ကောက်ချက်မှာ ကျွန်တော့်အတွက် တွေးစရာတွေ တသီကြီး ရစေတော့သည်။ သူ့စကား၊ သူ့ကောက်ချက်မှာ ဤသို့ . .။ `` အဆိုပါ နိုင်ငံများ၏ ပြည်တွင်းစစ်မှာ `ကျွန်စနစ် ဖျက်သိမ်းရေး´ လို၊ လူ့အဖွဲ့အစည်းအတွက် အပြုသဘောဆောင်သော ရည်မှန်းချက် များအပေါ် အခြေတည် ဖြစ်ကြသည်မဟုတ်။ တိုင်းပြည်ကို ဘယ်လို စီမံခန့်ခွဲကြမည် ဆိုသည်ထက်၊ ဘယ်သူ အုပ်ချုပ်မည်ဆိုသော အချက်အပေါ် မူတည်ပြီး ကွဲကြ၊ ပြဲကြ၊ တိုက်ကြ ခိုက်ကြ ခြင်းဖြစ်သည်။ တစ်နည်းဆိုသော်၊ လူ့အဖွဲ့အစည်း အကျိုးကို မျှော်ကိုးသည်မဟုတ်။ အာဏာ လွန်ဆွဲပွဲသာဖြစ်သည်။ (not society oriented, just power struggle)´´ဟု ရေးသည်။
ရယ်ဒီကယ် အမွေ
ကျွန်တော့ အတွေးတွေက၊ သမိုင်းဆရာ၏ စာမျက်နှာများကို ကျော်၍၊ ကျွန်တော်တို့ နိုင်ငံ၏ ပထမဆုံး `လွတ်သဘင်´ အခမ်းအနားသို့ ရောက်သွားသည်။ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့။ ဤ အခမ်းအနားကြီးသို့ နောင် နံပါတ်တစ် သူပုန်ကြီး ဖြစ်လာမည့်၊ သခင်သန်းထွန်းကို ကိုယ်တိုင် တက်ရောက်ခဲ့သည်ဟု မှတ်သားရသည်။ သို့သော် သုံးလမျှပင် မကြာ။ မတ်လ ၂၈ ရက် အရောက်တွင် သူပင် ဦးဆောင်ပြီး တောခိုသွားခဲ့သည်။
အမှန်စင်စစ် သူပုန် ဖြစ်သွားသော ကွန်မြူနစ်ရော၊ အစိုးရအဖြစ် ကျန်ရစ်သည့် ဆိုရှယ်လစ် (ဖဆပလ) သည်ပါ၊ ၁၃၀၀ ပြည့် အရေးတော်ပုံကြီး၏ သားသမီးတွေသာ ဖြစ်သည်။ `လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေး´ ဆိုသော ဘုံရည်မှန်းချက် တွင်၊ သစ္စာ နှံခဲ့ကြသည့် သွေးသောက် ညီအစ်ကိုတွေ ဖြစ်သည်။ တစ်ခုပဲ ကွာသည်။ ကွန်မြူနစ်များက ဆိုဗီယက် ပုံစံ တစ်ပါတီ စနစ်နှင့် ဆိုရှယ်လစ် နိုင်ငံတော် တည်ဆောက် လိုသည် (ဆိုရှယ်လစ် ဒီမိုကရေစီ)။ ဆိုရှယ်လစ်များက ဥရောပ ဆိုရှယ် ဒီမိုကရက် များပုံစံ၊ ပါတီစုံ စနစ်နှင့် ဆိုရှယ်လစ်ရေးကို အကောင်အထည် ဖော်လိုသည် (ဒီမိုကရေစီ ဆိုရှယ်လစ်)။ ဤသို့ ကွာဟသည်နှင့် တူညီသော ဘုံရည်မှန်းချက် အပေါ်၊ ခြေမြဲ လက်မြဲ မရပ်နိုင်ခဲ့ဘဲ ကွဲအက်ရာမှ ခွဲထွက်ခဲ့ကြသည်။ ရိုးရိုးခွဲထွက်သည် မဟုတ်။ အသေအကျေ ဆော်ကြ နှက်ကြခြင်း ဖြစ်သည်။
အကျိုးဆက်ကား ညီအစ်ကိုချင်း ဖြစ်ရသောစစ်။ စတေးလိုက်ရသည်ကား တိုင်းပြည်၏ ကံကြမ္မာ။ ဤသည်ပင် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး အဖွင့်ဇာတ်ကွက် ဖြစ်တော့သည်။ ၁၉၆၂ သို့ ရောက်သောအခါ၊ ဒုတိယ ဇာတ်ကွက်နှင့် ထပ်ကြုံရသည်။ ဤ အကြိမ်တွင် ဆိုရှယ်လစ် ဒီမိုကရေစီနှင့် သွားမည်ဟု တရားဝင် ကြေညာခဲ့သော်လည်း၊ `ချ´ သမိုင်းကိုကား အဆုံးမသတ်နိုင်ခဲ့။ အတုလား- အစစ်လား ငြင်းကြပြန်သည်။ ရုရှားလား- တရုတ်လား ကွဲကြပြန်သည်။
မိမိထက် အသက်အရွယ် အရသော်လည်းကောင်း၊ အတွေ့အကြုံ အရသော်လည်းကောင်း၊ ဉာဏ်ပညာ အရသော်လည်းကောင်း၊ ကြီးရင့်သော ခေါင်းဆောင်ကြီးများကို စိုးစဉ်းမျှ အပြစ်မတင်လိုပါ။ `ငါနဲ့မတူ ငါ့ရန်သူ´ ဆိုသော ရယ်ဒီကယ် စဉ်းစားနည်းတွေကို သာ ၀မ်းနည်းရသည်။ မုန်းသူကို ချစ်သူမဖြစ်စေဘဲ၊ ချစ်သူတွေ ကွဲကြရသည့် နိုင်ငံရေးကိုသာ စိတ်ပျက်မိသည်။ မကြာမတင် ကာလ ဆိုလျှင်၊ တတိယ ဇာတ်ကွက်နှင့် ကြုံရဆုံရပေတော့မည်။ လွတ်လပ်ရေး သက်တမ်းတစ်လျှောက် လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြသော ဆိုခဲ့ပါ ရယ်ဒီကယ် စဉ်းစားနည်းများကို ပုဒ်မ မချနိုင်တော့ပြီလော။ နီး(လ်)ဖာဂူဆန်၏ စကားနှင့် ဆိုရလျှင် တိုင်းပြည်၏ အနာဂတ် ဖွံ့ဖြိုးရေး သစ်ပင်ကို၊ နောက်တစ်ခါ `သင်းသတ်´ ကြဦးမည်လော။
အိပ်မက်နှင့် ဆန္ဒ
ကျွန်တော့်ထက် ဆယ်နှစ်ဝန်းကျင် အသက်ကြီးသည့်တိုင်၊ ခေတ် တစ်ခေတ်တည်း အတူဖြတ်သန်း ခဲ့သူဟု ဆိုနိုင်လောက်သည့်၊ အစ်ကိုကြီး တစ်ယောက် ရှိပါသည်။ ညီအစ်ကို အရင်း မဟုတ်သော်လည်း သူ့ကဗျာ တွေကိုချစ်၍၊ ကျွန်တော်က သူ့ကို ကဗျာဆရာ အစ်ကိုကြီး ဟု ခေါ်သည်။
သူက၊ သူ့“ငယ်အိပ်မက်” ကို ၊ ယခုလို ကဗျာဖွဲ့ဖူးသည်။
“ သွားသစ်လဲစ ကျောင်းနေစက
လောက နံရံ၊ ငါ၏မှန်တွင်
ကျောက်တံငယ်နှင့်
ရေးခြစ်လိုက်ရာ၊ ခြစ်လိုက်ရာ . . .။
“ပီကာဆို”၏ ဂွာရာနီကာပန်းချီကား. . .။
ယခု၊ ကျွန်တော့်အစ်ကိုကြီး မရှိတော့ပါ။ သူ့ “ငယ်အိပ်မက်” သည် ပင်၊ လက်တွေ့ ကြုံခွင့် မရလိုက်သော တစ်ဘဝစာ အိပ်မက် ဖြစ်သွားခဲ့ရသည်။ သူ့အိပ်မက်ထဲမှ “ဂွါရာနီကာ” ပန်ချီကားကိုလည်း၊ သူနှင့်အတူ မိခင်မြေကြီး ထဲသို့ ယူဆောင် သွားခဲ့ရချေပြီ။
အမှန်စင်စစ် သူ့ကဗျာမှာ၊ ကျွန်တော်တို့ အားလုံး၏ အိပ်မက် ဖြစ်သည်။ စစ်ပြီးခေတ်၊ လွတ်လပ်ခါစ နိုင်ငံအားလုံး၏ အိပ်မက်လည်း ဖြစ်ပါသည်။ ယခုဆိုလျှင်၊ အိပ်မက်သက်တမ်းပင် နှစ်ပေါင်း ခြောက်ဆယ် ကျော်ခဲ့ပြီ။ အိပ်မက်တွေ လက်တွေ့ ဖြစ်ပါမှ၊ ဖွံ့ဖြိုးရေး သစ်ပင် ရှင်သန်နိုင်လိမ့်မည် ထင်သည်။
ကျော်ဝင်း
0 comments:
Post a Comment