Friday, April 1, 2011

မနောမယ လက်စွပ်

by Aye Min on Friday, April 1, 2011 at 6:32pm
      ရှေးရှေးတုန်းက သူဌေးကြီးတစ်ဦးမှာ သားတစ်ယောက်ရှိသတဲ့။ အဲဒီသား အချိန်တန်လို့  အရွယ်ရောက်တော့ သူဌေးကြီးက ငွေအသပြာသုံးရာပေးပြီး....

     " ကဲ... ငါ့သား၊ တစ်တိုင်းတစ်နိုင်ငံသွားပြီး ကုန်ကူးပါချေ"
လို့  ခိုင်းသတဲ့။ အဲဒီတော့ သူဌေးသားဟာ ငွေကိုယူပြီး ခရီးထွက်တာပေါ့။
     ခရီးအတော်သွားမိတော့မှ လမ်းမှာ လူတစ်စုဟာ ခွေးတစ်ကောင်နဲ့  စကားများနေကြတာကို တွေ့ ရတယ်။ တချို့ က ခွေးကို သတ်ပစ်မယ်လို့  ပြောကြတယ်။ တချို့ က မသတ်ရဘူးလို့ တားတယ်။
သနားကြင်နာစိတ်ရှိတဲ့ သူဌေးသားကတော့....
     " ကဲဗျာ၊ ခင်ဗျားတို့  စကားများမနေကြပါနဲ့ ၊ ဒီခွေးကို ကျွန်တော်ဝယ်ပါ့မယ်၊ ရော့ ငွေတစ်ရာ"
ဆိုပြီး ခွေးကလေးကို ခေါ်သွားသတဲ့။
     နောက်ခရီးအတော်သွားမိပြန်တော့ လမ်းမှာ လူတစ်စုဟာ ကြောင်တစ်ကောင်နဲ့  စကားများနေကြတာကို တွေ့ ရပြန်တယ်။ တချို့ က ကြောင်ကို သတ်ပစ်မယ်လို့ ပြောကြတယ်။ တချို့ က မသတ်ရဘူးလို့ တားတယ်။ သနားကြင်နာစိတ်ရှိတဲ့ သူဌေးသားကတော့.....        "ကဲဗျာ၊ ခင်ဗျားတို့  စကားများမနေကြပါနဲ့ ၊ ဒီကြောင်ကို ကျွန်တော်ဝယ်ပါ့မယ်၊ ရော့ ငွေတစ်ရာ"
ဆိုပြီး ကြောင်ကလေးကို ခေါ်သွားသတဲ့။                
     နောက်ခရီးအတော်သွားမိပြန်တော့ လမ်းမှာ လူတစ်စုဟာ မြွေတစ်ကောင်နဲ့  စကားများနေကြတာကို တွေ့ ရပြန်တယ်။ တချို့ က မြွေကိုသတ်ပစ်မယ်။ တချို့ က မသတ်ရဘူးလို့ တားတယ်။ သနားကြင်နာစိတ်ရှိတဲ့ သူဌေးသားကတော့.....
     " ကဲဗျာ၊ ခင်ဗျားတို့ စကားများမနေကြပါနဲ့ ၊ ဒီမြွေကို ကျွန်တော်ဝယ်ပါ့မယ်၊ ရော့ ငွေတစ်ရာ"
ဆိုပြီး မြွေကလေးကို ခေါ်သွားသတဲ့။
     သူဌေးကြီးပေးလိုက်တာက ငွေသုံးရာ။ ခွေးကိုဝယ်တော့တစ်ရာ၊ ကြောင်ကိုဝယ်တော့တစ်ရာ၊ မြွေကိုဝယ်တော့တစ်ရာ။ အဲဒီတော့ သူ့ အိတ်ထဲမှာ ငွေဗလာဖြစ်တာပေါ့။ ဒါနဲ့ သူဌေးသားလည်း တစ်တိုင်းတစ်နိုင်ငံကို ခရီးဆက်မသွားတော့။ မိဘအိမ်ကို ပြန်တာပေါ့လေ။ အိမ်ကိုရောက်လို့ အဖြစ်အပျက်တွေကို ပြန်ပြောပြတော့ သူဌေးကြီးကဆူတာပေါ့။
     " ကဲ မင်းဒီလောက်မိုက်တဲ့အကောင်၊ ငါ့အိမ်ပေါ်မှာမနေနဲ့ ၊ နွားရုံထဲမှာသွားနေ"
လို့  နှင်ချလိုက်ပါလေရော။ သူဌေးသားလည်း ခွေးကလေး၊ ကြောင်ကလေးနဲ့  မြွေကလေးကိုခေါ်ပြီး နွားရုံထဲ သွားနေတာပေါ့။ သူ့ အိပ်ရာက ကောက်ရိုးပုံ။ သူ့ အိပ်ဖော်အိပ်ဖက်တွေက ခွေးရယ်၊ ကြောင်ရယ်၊ မြွေရယ်။ အဲသည်သတ္တ၀ါတွေက သူ့ ကို အင်မတန် ချစ်ကြသတဲ့။ အိပ်တဲ့အခါဆိုရင် ခွေးကလေးက ခေါင်းရင်းကအိပ်သတဲ့။ ကြောင်လေးက ခြေရင်းကအိပ်သတဲ့။ မြွေလေးက ယှဉ်ပြီး အိပ်သတဲ့။
     တနေ့ ကျတော့ သူတို့ တစ်တွေ စကားစမြည်ပြောကြရင်း မြွေကလေးက သူ့ သခင် သူဌေးသားကိုပြောသတဲ့။
     " သခင်၊ ကျွန်တော်ဟာ မြွေမင်းကြီး နာဂရာဇာရဲ့ သား ဖြစ်ပါတယ်။ တနေ့ သောအခါ ကျွန်တော် လူ့ ပြည်ကိုလာတုန်း လူတစ်စုက ၀ိုင်းဖမ်းပြီး သတ်တော့မယ်လုပ်နေခိုက် ကံကောင်းထောက်မလို့  သခင်က ကယ်ဆယ်လိုက်တဲ့အတွက် ကျွန်တော် အသက်ချမ်းသာရာ ရပါတယ်။ ကျွန်တော့်မှာ မိမွေးတဲ့အသက်၊ ဖမွေးတဲ့အသက် မရှိပါဘူး။ သခင်ကယ်တဲ့ အသက်ဘဲရှိပါတယ်။ သခင့်ကျေးဇူးကို ကျွန်တော် ဆပ်ချင်ပါတယ်။ ကျွန်တော့ဖခင် နာဂရာဇာကြီးကလည်း သခင့်ကို အင်မတန် ကျေးဇူးတင်မှာဘဲ"
လို့ ပြောသတဲ့။ ဒီတော့ သူဌေးသားက.....
     " နာဂရာဇာကြီး ဘယ်မှာနေသလဲ၊ ကျုပ်လည်း တွေ့ နိုင်ရင် တွေ့ ခင်ပါတယ်"
လို့ ပြောသတဲ့။ ဒီတော့ မြွေကလေးက ဆက်ပြီးပြောတယ်။
     " ဟော ဟိုက တောင်ညိုညိုကြီးကို မြင်ပါသလား သခင်၊ အဲဒီတောင်ညိုညိုကြီးရဲ့ ခြေရင်းမှာ နတ်ရေတွင်း နတ်ရေထွက်တစ်ခု ရှိပါတယ်။ အဲဒီ နတ်ရေတွင်း နတ်ရေထွက်ထဲကို ငုတ်ဆင်းလိုက်ရင် ကျွန်တော်တို့  တိုင်းပြည်ကို ရောက်တာပါဘဲ။ သခင်လိုက်မယ်ဆိုရင် ကျွန်တော် ခေါ်သွားပါ့မယ်။ ကျွန်တော့ဖခင် မြွေမင်းက ကျေးဇူးဆပ်မှာတော့ အမှန်ပါဘဲ။ ဘာကို လိုချင်သလဲလို့ မေးရင် မြွေမင်းရဲ့  လက်ယာလက်က လက်စွပ်ရယ်၊ ရွှေထမင်းအိုးနဲ့ ရွှေယောက်မရယ် ပေးပါလို့ တောင်းပါ။ အဲဒီလက်စွပ်က မနောမယလက်စပ်ပါ။ ရွှေဗိမာန်ကြီး ဖန်ဆင်းပေးနိုင်ပါတယ်။ ရွှေထမင်းအိုးနဲ့  ရွှေယောက်မကလည်း တောင့်တလို့ ရှိရင် နတ်ထမင်း နတ်ဟင်းကို ပေးနိုင်ပါတယ်။"
လို့ ပြောပြတယ်။ ဒီအခါ သူဌေးသားလဲ သူ့ မိတ်ဆွေ သုံးယောက်နဲ့ အတူ တောင်ညိုညိုကြီးဆီကို သွားတာပေါ့။ တောင်ခြေရင်းကို ရောက်လို့  နတ်ရေတွင်း နတ်ရေထွက်ကိုတွေ့ တော့
     " ကဲ မင်းတို့  ဒီမှာခဏနေခဲ့ကြ၊ ကျုပ် နာဂရာဇာကြီးနဲ့  သွားတွေ့ ဦးမယ်"
လို့  ခွေးကလေးနဲ့  ကြောင်ကလေးကိုမှာပြီး သူဌေးသားလည်း မြွေကလေးနဲ့ အတူ ရေထဲငုပ်ဆင်းသွုားပါရောတဲ့။
     မြွေတိုင်းပြည်ကိုရောက်တော့ မြို့ တံခါးကနေပြီး မြွေကလေးက သူ့ ဖခင် နာဂရာဇာထံကို လူလွှတ်ပြီး လျောက်ထားသတဲ့။ ဒီတော့ နာဂရာဇာက.....
     " လူသားနဲ့  သားတော်တို့ ရှေ့ တော်ကို ၀င်ခဲ့ရမယ်"
လို့  အမိန့် ပေးသတဲ့။ ဒါပေမယ့် မြွေကလေးက လျောက်ထားသတဲ့။
     " ကျွန်တော်ဟာ အခုအခါမှာ လူသားရဲ့  ကျေးကျွန်ဖြစ်ပါတယ်၊ ခမည်းတော်ကိုယ်တိုင် လာရောက်ကြိုဆိုပြီး ကျေးကျွန်ဘ၀က ရွေးယူပါမှ ခမည်းတော်ရဲ့  ရှေ့ တော်ကို ၀င်နိုင်ပါလိမ့်မယ်"
လို့ လျောက်သတဲ့။
       မြွေကလေးက သူဌေးသားကို ကျေးဇူးဆပ်ချင်လို့ ဇာတ်ဆင်နေတာပေါ့လေ။ အဲဒီအခါမှာ နာဂရာဇာ မြွေမင်းကြီးဟာ မြို့ တံခါးကို ထွက်လာပြီး သားတော်ကို ဖက်ယမ်းနမ်းရှုပ်သတဲ့။ သူဌေးသားကို နှုတ်ခွန်းဆက်သပြီး ခရီးဦးကြိုဆိုသတဲ့။ ဒီလိုနဲ့  သူဌေးသားဟာ မြွေတိုင်းပြည်မှာ အတော်ကြာကြာနေတုန်း နာဂရာဇာရဲ့ မနောမယ လက်စပ်ရယ်၊ ရွှေထမင်းအိုးနဲ့  ရွှေယောက်မရယ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့  မြွေမင်းကပေးလို့  ရသတဲ့။ နောက်တော့ နတ်ရေတွင်း နတ်ရေထွက်လမ်းက လူ့ ပြည်ကို ပြန်လာပြီး သူ့ အပေါင်းအဖော် ခွေးတို့ ၊ ကြောင်တို့ နဲ့  ပြန်တွေ့ တာပေါ့။ မကြာခင်မှာဘဲ သူဌေးသားက မနောမယလက်စွပ်ကို ကိုင်ပြီးတောင့်တလိုက်တဲ့အခါ အင်မတန်ခမ်းနားတဲ့ ရွှေဗိမာန်ကြီး ရောက်လာသတဲ့။ ရွှေဗိမာန်ကြီးထဲမှာ မင်းသမီးလေးတစ်ပါးလည်း ပါလာသတဲ့။ နောက်တော့ ရွှေထမင်းအိုးနဲ့  ရွှေယောက်မကိုကိုင်ပြီး တောင့်တလိုက်တဲ့အခါမှာလည်း စားကောင်းသောက်ဖွယ် နတ်ထမင်း နတ်ဟင်းတွေ ရောက်လာသတဲ့။ အဲဒီအခါ သူဌေးသားဟာ မင်းသမီးကလေးနဲ့  လက်ထပ်ပြီး ရွှေဗိမာန်ကြီးထဲမှာ နေတာပေါ့။
      တစ်နေ့ ကျတော့ မင်းသမီးလေးဟာ ဆံတော်ရှင်းရင်းနဲ့ ကျွတ်ထွက်လာတဲ့ ရွှေဆံပင်လေးတွေကို ကျည်တောက်တစ်ခုမှာသွတ်ပြီး မြစ်ထဲပစ်လိုက်သတဲ့။ ကျည်တောက်ကလေးလည်း မြစ်ညာကနေပြီး မြစ်ကြောကို ပေါလော ပေါလောနဲ့  မျောပါသွားတာပေါ့။ တစ်တိုင်းတစ်နိုင်ငံကိုရောက်တော့ မင်းသားကလေးတစ်ပါး ရေကစားရင်းနဲ့  အဲဒီကျည်တောက်ကိုတွေ့ တာနဲ့  ဆယ်ကြည့်သတဲ့။ အင်မတန် လှပနူးညံ့တဲ့ ရွှေဆံပင်လေးတွေကိုတွေ့ တော့ မင်းသားလေးဟာ မမြင်ရတဲ့ ဆံပင်ရှင် မင်းသမီးကို စွဲလမ်းပြီး မအိပ်နိုင် မစားနိုင်နဲ့  တမှိုင်မှိုင်တတွေတွေ နေတော့တာဘဲတဲ့။ အဲဒီအခါမှာ မင်းသားလေးရဲ့  ခမည်းတော်ဟာ စိတ်ပူတော်မူတာနဲ့  မင်းသားကလေးရဲ့  အရီးတော် ဘီလူးမကြီးဆီမှာ အကြ့ဥာဏ်တောင်းရတာပေါ့။ သည်တော့ သည်ဘီလူးမကြီးက ပျားယောင်ဆောင်ပြီး တ၀ီဝီနဲ့  မြစ်ညာကိုဆန်ပြီး ပျံသတဲ့။ ဘီလူးမကြီးဟာ အဲဒီလိုမပျံခင် မင်းသမီးလေးရဲ့ ရွှေဆံပင်ကို နမ်းကြည့်တယ်။ ရွှေဆံပင်လေးက ဆီအနံ့ ကိုသိတော့ ဒီအနံ့ အတိုင်း ပျားယောင်ဆောင်ပြီး လိုက်တာကိုး။ နောက်ဆုံးတော့ မင်းသမီးဆီကို ရောက်တာပေါ့။ ရောက်တဲ့အခါ အမယ်အိုယောင်ဆောင်ပြီး တောင်ဝှေးကလေးကို တတောက်တောက်နဲ့ မင်းသမီးနေတဲ့ ရွှေဗိမာန်တွင်းကို ၀င်သွားသတဲ့။ မင်းသမီးကလေးနဲ့ တွေ့ တော့ လိမ်တာပေါ့လေ။                            
                            " မင်းသမီးကလေး ကျွန်ုပ်ဟာ အခြားသူမဟုတ်ဘူး၊ မင်းသမီးကလေးရဲ့ အရီးတော်ဖြစ်တယ်။ မင်းသမီးလေး မွေးကာစကကွဲသွားလို့  မမှတ်မိတာပါ။" လို့ လိမ်ပြောပြီး မင်းသမီးလေးကို ပွေ့ ဖက်နမ်းရှုပ်လုပ်သတဲ့။ မင်းသမီးလေးကလည်း ခပ်ရိုးရိုးဆိုတော့ အဟုတ်မှတ်ပြီး ရွှေဗိမာန်ထဲမှာ အရီးတော်အဖြစ်နဲ့  ထားတာပေါ့။ သုံးလေးရက်လောက်ရှိတော့ ဘီလူးမက မနောမယလက်စွပ်အကြောင်း မေးသတဲ့။ သူဌေးသားလက်မှာ ၀တ်ထားတယ်လို့ မင်းသမီးကပြောတော့                                                 " ယူထားပါလား သမီးရယ်၊ မောင်တော်က ခဏခဏ သမင်လိုက်ထွက်နေတာ၊ မတော်တဆများ တောမှာကျပျောက်ရင် မခက်ပေဘူးလား"
လို့ အကျိုးလိုရောင်နဲ့ ပြောသတဲ့။ အဲဒါကို အဟုတ်မှတ်လို့ မင်းသမီးက သူ့ ယေက်ျားဆီကလက်စွပ်ကို တောင်းယူထားလိုက်တာပေါ့။ နောက်တစ်နေ့ ကျတော့ ဘီလူးမက မနောမယလက်စွပ်ကို ကိုင်ကြည့်စမ်းပါရစေလို့ ပြောသတဲ့။ ရိုးသားတဲ့မင်းသမီးလည်း ချွတ်ပေးသတဲ့။ အဲဒီအခါ ဘီလူးမဟာ ပျားယောင်ဆောင်ပြီး လက်စွပ်ကို ခိုးပြေးပါလေရော။ သူ့ တူတော်နေတဲ့ အိမ်တော်ကို ရောက်တော့မှ လက်စွပ်ကို တူတော်ရဲ့ လက်ထဲကို ထည့်လိုက်သတဲ့။ ဒီအခါ တူတော်မင်းသားလည်း ရွှင်ပြုံးလာပြီး လက်စွပ်ကိုကိုင်လို့  တောင့်တတာပေါ့။ တောင့်တလိုက်တယ်ဆိုရင်ဘဲ မြစ်ညာက ရွှေဗိမာန်ကြီးဟာ မင်းသမီးလေးနဲ့ အတူ နန်းတော်ဝင်းထဲကို ရောက်လာတာဘဲတဲ့။ မင်းသားလည်း ဗိမာန်ထဲကိုဝင်ပြီး မင်းသမီးကို အတင်းအဓမ္မ သုံးခွန်းသောစကား ပြောပါလေရောတဲ့။ မင်းသမီးလည်း အတန်တန်ငြင်းသတဲ့။ မင်းသမီးလည်း ငြင်းပေမယ့် မရနိုင်တဲ့အဆုံးရောက်တော့ တစ်လလေးသီတင်း ဆိုင်းငံ့ရင် မင်းသားနဲ့  လက်ထပ်ပါ့မယ်လို့ ကတိပေးလိုက်ရသတဲ့။                                                                                                                         အဲဒီအတောအတွင်းမှာ သူဌေးသားဟာ သမင်လိုက်ရာက ပြန်လာပြီး ရွှေဗိမာန်ကိုမတွေ့ တော့ ရင်ကွဲပက်လက်နဲ့  ၀မ်းနည်းပူဆွေးရတာပေါ့။ နောက်ဆုံး အကြံကုန်တဲ့အခါ သူ့ အသက်ကို သူသက်သေမယ်ဆိုပြီှးဓားကိုကိုင်သတဲ့။ အဲဒီအခါ ခွေးကလေးနဲ့  ကြောင်ကလေးက ပုန်းနေရာက ပြေးထွက်လာပြီး      
                                           ၊                                                       " အို သခင်၊ သည်းခံပါ၊ သည်းခံပါ၊ ကျွန်တော်တို့ ကို တစ်လလေးသီတင်း အချိန်ပေးရင် မင်းသမီးကို ရအောင်ရှာပေးပါ့မယ်"
လို့ ပြောကြသတဲ့။ အဲဒီလိုပြောပြီး ခွေးနဲ့ ကြောင်ဟာ သတင်းတမေးမေးနဲ့  လိုက်ရှာလိုက်တာ မင်းသမီးလေး စံစားနေတဲ့ နန်းတော်ထဲကို ရောက်သွားပါလေရောတဲ့။ ညအချိန်ရောက်တော့ မင်းသမီးဟာ လေသာပြတင်းပေါက်ကိုဖွင့်ပြီး သူဌေးသားကို မျှော်မှန်းလွမ်းဆွတ်နေတုန်း ကြောင်ကလေးက ထရံကတက်သွားသတဲ့။ ကြောင်ကလေးကိုမြင်တော့ မင်းသမီးလေးလည်း မှတ်မိပြိး ၀မ်းသာအားရနဲ့  အဖြစ်အပျက်တွေကို ပြောပြတာပေါ့။ နောက်တော့ ကြောင်ကလေးက မနောမယလက်စွပ် ဘယ်မှာရှိသလဲလို့ မေးသတဲ့။ ဘီလူးမကြီးရဲ့ ဝမ်းဗိုက်ထဲမှာရှိတယ်လို့  မင်းသမီးလေးက ပြန်ပြောတော့                                                                                  " ကောင်းပြီ၊ ကျွန်တော်ရအောင်ယူမယ်၊ လက်စွပ်ကိုရရင် အားလုံးကိစ္စပြီးတာပါဘဲ။" လို့ ပြောပြီး ကြောင်ကလေးဟာ ထရံကဘဲ ဆင်းသွားသတဲ့။
       အဲဒီနေ့ မှာဘဲ ကြွက်မင်းကြီးရဲ့  သားတော်အကြီးရဲ့  လက်ထပ်ပွဲရှိတယ်ဆိုကိုး။ ဒါကြောင့် ကြောင်ကလေးဟာ ကြွက်တွင်းဝမှာ သေချင်ယောင်ဆောင်နေသတဲ့။ ကြွက်ပရိသတ်ကြီး ထွက်လာတဲ့အခါ ကြောင်ကလေးက ကြွက်သတို သားကို ဖမ်းလိုက်တာပေါ့။ အဲဒီတော့ ကြွက်မင်းကြီးက မျက်ရည်တတွေတွေကျပြီး သူ့ သားတော်ကို လွှတ်ဖို့ အကြောင်း တောင်းပန်တာပေါ့။ အဲဒီအခါ ကြောင်ကလေးကပြောသတဲ့။
      " ဘီလူးမကြီးရဲ့ ဝမ်းဗိုက်ထဲမှာရှိတဲ့ မနောမယလက်စွပ်ကို ရအောင်ယူပေးရင် သားတော်ကြွက်မင်းသားကို လွှတ်မယ်"
လို့ ပြောလိုက်သတဲ့။ ညကျတော့ ကြွက်တွေဟာ ဘီလူးမရဲ့ အခန်းထဲကို တန်းစီပြီးသွားကြတာပေါ့။ ဘီလူးမကြီးဟာ ပါးစပ်ကြီးအပြဲသားနဲ့ တခေါခေါဟောက်ပြီး အိပ်ပျော်နေတာတွေ့ တော့ ကြွက်ကလေးတစ်ကောင်က မျက်နှာပေါ်ကို အသာတက်ပြီး အာခေါင်ထဲကို ကြွက်မြီးကလေးနဲ့  မွှေလိုက်သတဲ့။ အဲဒီအခါ ဘီလူးမကြီးလည်း လည်ချောင်းယားပြီး ချောင်းဆိုးလိုက်တာ ၀မ်းဗိုက်ထဲက မနောမယလက်စွပ်ဟာ စင်ထွက်သွားပါလေရောတဲ့။ ဒီတော့ ကြွက်တွေဟာ လက်စွပ်ကိုချီပြီး ကြောင်ရှိရာကို ပြေးကြတာပေါ့။ အဲဒီအခါ ကြောင်ကလေးက လက်စွပ်ကိုယူပြီး ကြွက်မင်းသားကို လွှတ်လိုက်သတဲ့။                                                       အဲဒီတော့မှ ကြောင်ကလေးနဲ့  ခွေးကလေးဟာ လက်စွပ်ကိုယူပြီး သူဌေးသားရှိရာကို ပြန်ကြတာပေါ့။ သူဌေးသား လက်စွပ်ကို ရတော့ တစ်လလေးသီတင်းပြည့်ဖို့  တစ်ညနေဘဲ လိုတော့သတဲ့။ အဲဒါကြောင့် ချက်ချင်းဘဲ လက်စွပ်ကိုငုံပြီး တောင့်တလိုက်တာ ရွှေဗိမာန်ကြီးနဲ့ မင်းသမီးလေး တခါတည်းရောက်လာတာပေါ့။ အဲဒီတော့မှ ခွေးကလေးရယ်၊ ကြောင်ကလေးရယ်၊ သူဌေးသားရယ်၊ မင်းသမီးရယ် ရွှေဗိမာန်ကြီးထဲမှာ အေးချမ်းစွာ နေထိုင်ကြပါလေရောတဲ့။

မင်းသုဝဏ်
(ကလေးပုံပြင်များ)
အိန္ဒိယပုံပြင်။         ။ ဧပြီ၊ ၁၉၆၀။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...