Tuesday, April 19, 2011

ဗိုလ်ချုပ်ဆောင်ဆန်း၏ဇာတာ(ဆန်းစစ်ချက်)



အမှန် အားဖြင့် ဤဆောင်းပါးသည် ၂၀၀၉-ခုနှစ်၊ ဖေဖေါ်ဝါရီလ သူရဇ္ဖ မဂ္ဂဇင်းတွင် ဆရာ တင်နိုင်တိုး ရေးသားသော “ပြန်လည် ဆန်းစစ်သင့် သော လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ဇာတာ” ဆောင်းပါး ကိုဦးတည်၍ ပြန်လည် ရေး သားသော  နောက်ဆက်တွဲ ဆောင်းပါး ဖြစ်ပါ၏။


                  လူ့လောက၊ လူ့ပတ်ဝန်းကျင်တွင် လူသားတို့၏ ဓလေ့ထုံးစံများ၊ ယုံကြည်မှုများ၊ စရိုက်လက္ခဏာများသည် ပစ်ပယ်၍ မရသော အကြောင်းအရာများ ဖြစ်ပါသည်၊ လူမျိုးတိုင်းတွင် ကြိုတင်ပြင်ဆင်ခြင်း၊ သင်ခန်းစာဖော်ထုတ်ခြင်း၊ လေ့လာ ဆန်းစစ်ခြင်း စသော အကျိုးပြု ဆောင်ရွက်ချက်များကို စိတ်ဝင်တစားဆောင်ရွက်လာခဲ့ရာ  များစွာတိုးတက်မှုများဖြစ်ပေါ်လျှက်ရှိပါသည်။          

                  နက္ခတ္တ ဗေဒင်ပညာသည် မြန်မာလူမျိုးများ၊ ဗုဒ္ဓဘာသာဝင်များကြားတွင် အတူတကွဖြစ်ပေါ်ခဲ့သော ပညာရပ်ဖြစ်သဖြင့် ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည် ဖြစ်စေ အနည်းဆုံးမိသားစု၏ သဘောအရ လူတိုင်းလိုလို လက်ခံရသော ပညာဖြစ်ပါသည်။
                  ဤဆောင်းပါးသည် လေ့လာမှတ်သားသင့်သော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်၊ ယုတ္တိဗေဒနည်းဖြင့် တွက်ချက်ထားသော ဆန်းစစ်ချက်ဖြစ်သဖြင့် စိတ်မှန်းဖြင့် တွက်ချက်ထားခြင်းထက် များစွာ တိကျသေချာပါသည်။            
                   အတတ်ပညာဆိုင်ရာဂုဏ်ဖြင့်  ဖော်ပြခြင်းဖြစ် သဖြင့် ကတိကင်းစင်သော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါကြောင်း............
(ပြန်လည်တင်ပြသူ.....ကွန်ဆူးမား)

မြန်မာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ဇာတာ နှင့် ပါတ်သက်၍- ဖြစ်နိုင်ဘွယ်ရာ သုံးသပ်ချက်တို့ကို ဘက်စုံထောင့်စုံ မှ ရှုမြင် သုံးသပ်ခြင်း ဖြစ်စေရန် အတတ်နိုင်ဆုံး လေ့လာ၍ ကျွန်တော်၏ အမြင်ကို ရိုးသားစွာ ရေးသား တင်ပြခြင်း ဖြစ်ပါ၏။



အမြင်မတူသော၊ အယူအဆ မတူသော သူများ ရှိကြမည်မှာ မလွဲပါ။ ထိုသို့သော အမြင်မတူ သော သူများ အနေဖြင့်-

  • ကျွန်တော့် အမှား ကို ညွှန်ကြားလိုသော စေတနာဖြင့် ဝေဘန် ထောက်ရှုလိုသူ ကျွန်တော့်ထက် ပညာရည် မြင့်မားသော ပညာရှင်များကို လည်းကောင်း၊
  • ကျွန်တော်ရေးသား ထားသော အချက်အလက်များ နှင့် တန်းတူ - တူညီသော ဆန်းစစ်မှု များကို ပြုလုပ်၍ အပြန် အလှန်သဘော ဆွေးနွေးလိုသော ပညာရှင် ညီအကို အပေါင်း တို့ကိုလည်းကောင်း၊
  • နက္ခတ် ပညာကို လေ့လာ လိုက်စားဆဲ ဖြစ်၍ မသိနားမလည်သည် များကို ရိုးသားစွာ မေးမြန်းလိုသူ နက္ခတ် ၀ါသနာရှင်များ၊ ညီငယ် ညီမငယ်များ ကိုလည်းကောင်း၊
လေးစား လှိုက်လှဲစွာ ဖိတ်ခေါ် ၍ လက်ခံ ဆွေးနွေးရန် အသင့်ရှိပါသည်။
သို့သော်-

  • နာမည်မှန် မဟုတ်သော အမည်ဖြင့်- ကွန်ပျူတာ နောက်ကွယ်တွင် မိမိကိုယ်မိမိ လုံခြုံလှပြီဟု ယူဆပြီး- သံသေး၊ သံကြောင် ပြုမူ သူတို့အား လည်းကောင်း၊

  • ကိုယ်တိုင် စိစစ် ဝေဘန်ခြင်း မရှိပဲ- ကြားဘူးသမျှသော ကျမ်းစာအုပ် အမည်၊ ထင်ရှားသော ဆရာကြီးတို့၏ အမည်ကို အသုံးချပြီး- ဆွေးနွေး ခြင်း သဘော မဟုတ်ပဲ- ဝေဘန် ကဲ့ရဲ့လိုသူများကို လည်းကောင်း၊
  • “ဥတုဘောဇန သင်္ဂဟကျမ်း ကောင်း၏။ လိပိ ဒီပိကာ ကျမ်း ကောင်း၏၊ ရာဇဓမ္မ သင်္ဂဟကျမ်း ကောင်း၏” ဟု မိမိ ကိုယ်တိုင်ပင် စာမဖတ်တတ်ပဲ- အခြား သူများက မိမိကို အထင်ကြီး လာနိုးနိုး ပြောတတ်သော မြင်းထိန်း ငတာ ကဲ့သို့ သူများကို လည်းကောင်း၊
  • တစ်ဘက်သူ၏ အမြင်အတွေးကို လေ့လာ နားထောင်ခြင်း မရှိပဲ- ကိုယ်ထင်တာ ကိုယ်မှန်တယ် ယူဆတတ်သော Dogmatic ၀ါဒီ များကို လည်းကောင်း- 
 ပြန်လှန် ငြင်းခုံခြင်း၊ ဖြေရှင်းချက် ပေးခြင်း ပြုမည် မဟုတ်ကြောင်း သိစေအပ်ပါသည်။

ဆရာသမားများ အယူအဆ။

ဤဆောင်းပါးကို ရေးသားရာတွင် ထင်ရှားသော ဆရာကြီး အချို့နှင့် အယူအဆ မတူညီမှု များရှိပါသည်။ အယူအဆ ဟူသည် မိတ်ဆွေချင်း၊ သား အဖချင်း၊ လင်မယားချင်း၊ ဆရာ တပည့်ချင်း တစ်ဦးနှင့် တူစရာ မလိုအပ် သည်သာမက- မတူညီသော အယူအဆ တို့သည် ပင်လျှင် တစ်ခု ၏ အားနည်းချက် ကို တစ်ခု အနေဖြင့် ဖြည့်ဘက် ဖြစ်သဖြင့်- တစ်ဦး အယူအဆကို တစ်ဦး လေးစား၊ နားထောင် ကြခြင်းဖြင့် နှစ်ဦး နှစ်ဘက် စလုံး အတွက် ပြည့်စုံ အကျိုးရှိ စေပါသည်။

မြန်မာပြည်တွင် နက္ခတ်ဗေဒင် ဆိုင်ရာ စာအုပ်များကို ရေးသားခဲ့ကြသော၊ လမ်းညွှန် ခဲ့ကြသော ပညာရှင် တို့သည်- ကျွန်တော်၏ မြင်ဆရာ၊ ကြားဆရာ၊ ကျေးဇူးရှင် များသာလျှင် ဖြစ်၍၊ ထို ဆရာတို့ကို ကျွန်တော့် အနေဖြင့် စိတ်ဖြင့်မျှ မပစ်မှားမိပါ။

သို့သော် မိမိ၏ အမြင်ကို တင်ပြခြင်းသည်- ဆရာသမားတို့အား ပစ်မှားရာ မရောက်ကြောင်းကိုလည်း- ကာလာမ သုတ္တန် တွင် မြတ်စွာဘုရားမှ ဟောကြားခဲ့ပြီး ဖြစ်ပါသည်။

“အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင်

  • တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ 

  • မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊
  • ဤအရာသည် ဤသို့ဖြစ်သတဲ့ ဟူသော ကောလာဟလဖြင့်လည်း လက်မခံသင့်၊
  • ကျမ်းဂန်စာပေနှင့် ညီညွတ်သည် ဆိုရုံနှင့်လည်း လက်မခံသင့်၊
  • မိမိတို့ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊
  • မိမိတို့လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ 
ဝဖန်ဆန်းစစ် ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ ကိုသာ လက်ခံရမည်။” ဟု မြတ်စွာ ဘုရားမှ လမ်းညွှန်ထားပြီး ဖြစ်သဖြင့်- မိမိ၏ အမြင်ကို ရိုးသားစွာ တင်ပြခြင်းသည်- လူတတ်ကြီး လုပ်၍ ပြောခြင်းမျိုး၊ ဆရာသမား များအား ဝေဘန်မှု သဘောမျိုး မဟုတ်ကြောင်း ထင်ရှား စေအပ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ မွေးချိန် ပဟေဠိ။

ဆရာ တင်နိုင်တိုး ဆောင်းပါးပါ- ထန်းဖူး ဇာတာတွင် ဖေါ်ပြထားချက်-
“ ဇေယျတု သဗ္ဗ မင်္ဂလံ မြန်မာနှစ်၊ ၁၂၇၆-ခုနှစ်၊ တပေါင်းလဆန်း ၁-ရက်၊ စနေနေ့ အ၀င် လေးချက်မတီးမီ (၆) နာရီ၊ (၃) ပါဒ်၊ (၁၃) ဗီဇနာ၊ (၄) ပြန် (၂) ခရာ တွင် ကြည်လင် သဒ္ဓါ မြတ်နိုးစွာဖြင့်၊ ရတနာ သုံးပါး ဦးထိပ်ထားလျှက် ဘုန်းတန်ခိုး တေဇာ ဥာဏ်ပညာ နှင့် စုံစွာ ပြည့်ငြား၊ သတို့သားကို မာတာ မိခင် ဖွားသန့်စင်သည်။ တွင်ညီ သညာ ခေါ်စရာကား နာမ ရှိန်ဝင်း မောင်ထိန်လင်း၊ သံဒိဋ္ဌ ဘုတ္တိ အာယု (၁၂၀) ရှည်စေသော်။”
သို့သော်- http://wikimyanmar.co.cc တွင် ဖေါ်ပြထားသော ထန်းဖူး ဇာတာပုံစံ ကဲ့သို့ ဖေါ်ပြထားသော ဇာတာပုံတွင် အရေးအသား ကွာခြား သော်လည်း- မွေးချိန် ကိုမူ ၄-ချက် မတီးမီ ဟုပင် ဖေါ်ပြထားသည် ကိုတွေ့ရပါသည်။ ထိုကဲ့သို့ ဗိုလ်ချုပ် အောင်ဆန်း ၏ ထန်းဖူး ဇာတာ ဘယ် နှစ်မျိုးခန့် ရှိသနည်းကိုမူ မသိရှိပါ။

 ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာသက္ကရာဇ် ၁၂၇၆-ခုနှစ်၊ တပေါင်းလဆန်း ၁-ရက်၊ ခရစ်နှစ် ၁၉၁၅- ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃-ရက်၊ စနေနေ့၊ မြန်မာ စံတော်ချိန် နံနက် ၅း၃၅၊ အရှေ့လောင်ဂျီတွဒ် ၉၅း၅၅၊ မြောက်လတ္တီတွဒ် ၂၁း၂၀ နတ်မောက် မြို့တွင် မွေးဖွားခဲ့ပါသည်။ (ဆရာ တင်နိုင်တိုး ဆောင်းပါး မှ ဖေါ်ပြချက် ဖြစ်သည်။)

ဆရာဒဂုန် မှ တွက်ချက်ထားသော ဇာတာတွင်- မွေးချိန်ကို နံနက် ၅း၃၅ ဟု ယူဆ တွက်ချက် ထားပြီး၊ မြန်မာ နိုင်ငံဝေဒ သုတေသန အဖွဲ့မှ ၁၉၈၆-ဇူလိုင် လ ဇောတိသ ဝေဒ မဂ္ဂဇင်းတွင်လည်း ထိုအချိန်ကိုပင် အသုံးပြုထားကြောင်း- ဆရာ တင်နိုင်တိုးမှ ဖေါ်ပြခဲ့ပါသည်။

ထပ်မံ၍ လျှပ်စစ် ဦးအုန်းသင်၊ ပျဉ်းမနား ဦးသန်းမောင် တို့ကလည်း ထို နံနက် ၅း၃၅ ကို အခြေပြု တွက်ချက်ထားသော ဇာတာကိုပင် အသုံးပြု ခဲ့ကြောင်း၊ ဆရာ တင်နိုင်တိုး မှ ဖေါ်ပြထားပါသည်။

ထိုဇာတာ ကိစ္စတွင် သံသယ ၀င်စရာ ရှိကြောင်းကိုလည်း ဆရာတင်နိုင်တိုးကပင် အောက်ပါ အတိုင်း ရှင်းပြထားပါသည်။

“လက်ရှိ တွက်ချက်ထားသော မွေးဖွားချိန်မှာ နံနက် လေးချက်မတီးမိ ဖြစ်သဖြင့်- ၅း၃၅ နာရီကို ယူတွက်ကြခြင်း ဖြစ်၏။ လေးချက်တီး ဆိုသည်မှာ ရှေးခေတ်အခါက ပဟိုရ်စည် (၄) ချက်တီးကို ဆိုလိုသည်ကို မှတ်ယူပါက- နံနက် (၆) နာရီ မထိုးမီဟု မှတ်ယူခြင်းက သင့်လျော်ပါသည်။
သို့သော် ဗိုလ်ချုပ်၏ ဇာတာကို တွက်ချက်ခဲ့သည့် လမ်းလျှောက် ဗေဒင် ဆရာတစ်ဦးက လေးချက်မတီးမိဟု ရေးသား မှတ်တမ်းတင်ခဲ့ခြင်းမှာ (၄) ပဟိုရ် ကို ဆိုလိုခြင်း မဟုတ်ဟု ဆိုပါသည်။ နတ်မောက်မြို့တွင် ပဟိုရ်စည်လည်း မရှိပဲ ထိုစဉ်က စက်နာရီကို အသုံးပြုကြောင်း သိရှိရ၏။ လေးချက်တီးချိန်မှာ ဘုန်းတော်ကြီးကျောင်းမှ အုန်းမောင်း လေးချက်ခေါက်ချိန်သာ ဖြစ်သည်ဟု ဆို၏။ နတ်မောက်မြို့၏ နေထွက်ချိန်မှာ နံနက် (၆း၂၃) နာရီ ဖြစ်ပြီး၊ အချို့က (၆း၁၅) နာရီဖြင့် တွက်ချက်ကြသည်။ နံနက် ၅း၃၅ မှ ၆း၁၅ အတွင်း တွက်ချက်ပါက လဂ်မှ မကာရလဂ်သာ ဖြစ်မည် ဆိုပါသည်။
နံနက် (၄) ချက်မတီးမီ ကာလမှာ စက်နာရီ (၄) နာရီ မထိုးမီ ဖြစ်သဖြင့် နံနက် (၃း၄၅) နာရီခန့် ယူ၍ တွက်ချက်လျှင် လဂ်မှာ ဓနုလဂ် ရရှိမည် ဖြစ်ပါသည်။ စစ်တပ်တွင် စစ်ဗိုလ်ချုပ်ကြီး ရာထူးကို ရရှိသူ ဖြစ်သောကြောင့် ဓနုလဂ်သာ အမှန် ဖြစ်ကြောင်း၊ ဆရာသုခမိန် ၏ ရွက်နုဝေ မဂ္ဂဇင်း (၂၀၀၈ သြဂုတ်) ပါ ဆောင်းပါး အရသိရှိရပါသည်။”

ဆက်လက်၍- ဆရာ တင်နိုင်တိုး မှ- ဓနု လဂ် ဖြစ်လျှင် အင်္ဂါဂြိုဟ်မှာ ၂-တန့်ဘာဝ မာရက ဌာနဖြစ်လာနိုင်ကြောင်း၊ လက်နက်ဖြင့် အန္တရာယ် ရှိနိုင်သော အခြေအနေကို ဖေါ်ညွှန်းနေကြောင်း ဆက်လက် ဖေါ်ပြသွားခဲ့ပါသည်။

နတ်မောက် မြို့၏ တည်နေရာ။
ယခု ဆောင်းပါးကို ဖတ်သော သူများ အနေဖြင့် ဇာတာကို တွက်ချက်ကြမည် ဆိုပါက-
နိုင်ငံတကာ ISO အဖွဲ.အစည်း မှ ဒေသ အလိုက် IP Address ကို သတ်မှတ်သော တည်နေရာဖြင့် ကြည့်လျှင်- Natmauk ၊ Magway ကို လတ္တီတွဒ် 19.22 လောင်ဂျီတွဒ် 95.60 ဖြင့် ဖေါ်ပြထား၏။ ဒဿမ ပုံစံဖြင့် ဆိုပါက- မြောက် လတ္တီတွဒ် ၁၉း၁၃၊ အရှေ. လောင်ဂျီတွဒ် ၉၅း၃၆ ဖြင့် ဖေါ်ပြ၏။
Google Earth နှင့် မြန်မာ နိုင်ငံ မြေပုံ တို့မှဆိုလျှင် မြောက် လတ္တီတွဒ် ၂၀း၂၀၊ အရှေ. လောင်ဂျီတွဒ် ၉၅း၂၄ ဖြင့် ဖေါ်ပြ၏။



နတ်မောက်မြို့ တည်နေရာ မြေပုံကို အောက်ပါ လင့်ခ် မှလည်း ကြည့်နိုင်ပါသည်။

ဤဇာတာ တွက်ရာတွင် မြောက် လတ္တီတွဒ် ၂၀း၂၀၊ အရှေ. လောင်ဂျီတွဒ် ၉၅း၂၄ ဖြင့် တွက်ချက်ထားပါသည်။

ဇာတာကို မစစ်ခင်- လူကို စစ်ကြည့်ပါစို့။
လူပုဂ္ဂိုလ် နှင့် ဘ၀ ဖြစ်ရပ်တို့ကို သိရှိထားပြီး ဖြစ်၍၊ သူ၏ ဇာတာ မည်သို့ ဖြစ်နိုင်သနည်း၊ မည်သည့် အချက်များ ရှိသင့် သနည်းကို နောက်ပြန် ပြန်၍ စစ်ဆေးခြင်းကို post mortem analysis ဟု ခေါ်၏။ တနည်းအားဖြင့် မြန်မာလို ခပ်ရိုင်းရိုင်း ပြောပါက “ပေါက်ဖေါ်” ဖြစ်၏။

အကျဉ်းချုပ် အနေဖြင့် ဆိုရသော်- သီအိုရီ တစ်ခု၊ အယူဝါဒ တစ်ခု မှန်- မမှန်၊ လက်တွေ့ ဖြစ်ရပ်များမှ ပြန်လည် သုံးသပ်ခြင်း သည် တနည်းအားဖြင့် Forensic Analysis ဖြစ်၏။ လွန်ခဲ့သော နှစ်များက မိုးရေချိန်၊ အပူချိန်၊ လေဖိအား နှင့် လေတိုက်နှုန်းတို့ကို မူတည် မှီခို၍ နောက် လာမည့် ကာလ များအတွက် ကြိုတင် ခန့်မှန်းခြင်းကို Forecasting ဟု ခေါ်ပါသည်။ ဤကိစ္စ ကိုတော့ “ပေါက်ဖေါ်”ဟု မည်သူကမျှ မပြောပဲ-ပြီးခဲ့သော ဖြစ်ရပ်များသည် မည်သည့်ကြောင့် ဖြစ်ရသနည်းကို ပြန်လည် သုံးသပ်သော ဗေဒင် သုံးသပ်ချက် များကို တော့ လူအချို့က “ပေါက်ဖေါ်” ဟု သမုတ်ကြ၏။

မူလက- ရှုပ်ထွေးနေသော သီအိုရီ များကို သုံးသပ် အုပ်စုခွဲ စိစစ်ထားခြင်း မရှိပဲ- နောက်ဖြစ်ရပ် တစ်ခု ကြုံလာလိုက်- များစွာသော ဥပဒေသ များ အနက်မှ တစ်ခုကို ဆွဲယူ ပြလိုက် လုပ်၍ သော်လည်းကောင်း၊ နောက်ထပ် တွက်နည်းစနစ် တစ်ခု ထပ်ထွက်လာလိုက် ဖြစ်နေသော စနစ်ကို “ပေါက်ဖေါ်” ဟု ခေါ်ပါ၏။ 


ဥပမာ- ချဲထီ၊ ၂-လုံး၊ ၃-လုံးတို့တွင်- မူလ ကလည်း တိကျသော နည်းစနစ်မရှိ၊ ယခုတွက်သော နေ့ နှင့် အနီးစပ်ဆုံးများကို တွက် ဖေါ်မြူလာ ရှာကြ၏။ လွဲသွားသော အခါ နောက်ခွင် တစ်ခု ပေါ်လာ၏။ ဤသည်ကား “ပေါက်ဖေါ်” ဖြစ်၏။

ဤ “ပေါက်ဖေါ်” ဆိုသော အသုံး အနှုန်း နှင့် ပါတ်သက်၍ မကြာခင် သီးသန့် ဆောင်းပါး တစ်ပုဒ် ရေးပါမည်။

 ပထမဦးစွာ-
ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၃၂ -နှစ်အရွယ် လုပ်ကြံခံရချိန် အထိ နိုင်ငံတော်တွင် အမြင့်ဆုံး တာဝန် များကို ထမ်းဆောင်သွား၏။ လူကြီး၊ လူငယ်၊ လူလတ်များ က ကြည်ညိုလေးစားခြင်း ခံရသော အလွန် ထင်ရှားခဲ့သည့် ခေါင်းဆောင် ဖြစ်သည်သာ မက အိန္ဒိယ နိုင်ငံ ၀န်ကြီးချုပ် နေရူး အနေဖြင့် - နောင်တွင် အာရှနိုင်ငံများ၏ ခေါင်းဆောင် ဖြစ်လာမည့် လူငယ် တစ်ဦးဟု အားကိုးခဲ့၏။

ဤသည်မှာ တနင်္ဂနွေဂြိုဟ် အင်အား မကောင်းပဲနှင့် မဖြစ်နိုင်သော အချက် တစ်ခု ဖြစ်၏။

ဒုတိယ အနေဖြင့်-
ဗိုလ်ချုပ်အောင်ဆန်း သည် အင်္ဂလိပ်စာကို ၅-တန်းကျမှ စတင် သင်ကြား ရသော၊ ကျောင်း တွင် အင်္ဂလိပ်လို မပြောရသော အမျိုးသား ကျောင်းထွက် ဖြစ်၏။ သို့သော် သူ၏ အင်္ဂလိပ်စာသည် ဘိုကျောင်းထွက် များထက် သာ၏။ သူ၏ အပါးတော်မြဲ ဖြစ်သူ ဗိုလ်ထွန်းလှ (တက္ကသိုလ် နေ၀င်း) ကပင် ဗိုလ် အောင်ဆန်း၏ အင်္ဂလိပ်စာ နှင့် စကားကို လေးစားရ၏။ ဤအချက်သည် ဥာဏ်ရည်၊ စကားပြောနိုင်မှု၊ ဘာသာ စကားတို့ကို ကိုယ်စားပြုသော ဗုဒ္ဓဟူး ဂြိုဟ် အင်အား ကောင်းရမည် ဆိုသော အချက်ကို ဖေါ်ပြနေ၏။

တတိယ အနေဖြင့်-
နိုင်ငံတော် ကာကွယ်ရေး ၀န်ကြီးတာဝန်၊ စစ်သေနာပတိချုပ် တာဝန် များယူခဲ့ရသူ တစ်ဦး အနေဖြင့် စစ်နှင့် သက်ဆိုင်သော အင်္ဂါဂြိုဟ် အားကောင်း ရမည်ကို ဗေဒင် သမားတိုင်း သိ၏။ ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတာတွင် အင်္ဂါဂြိုဟ် ဥုစ်ရသောကြောင့် စစ်ဗိုလ် ဖြစ်ရသည်ဟု ပြောနိုင်သော်လည်း၊ အင်္ဂါဂြိုဟ်သည် ၁၉၁၅-ခုတွင် - ဇန်န၀ါရီလ ၂၁-ရက်မှ ဖေဖေါ်ဝါရီ လ ၂၈-ရက် နေ့အထိ- ဥုစ် ရာသီ ဖြစ်သော မကာရ ရာသီတွင် ရပ်၏။ ထိုကာလ အတွင်း မွေးသော သူများအားလုံး အင်္ဂါဂြိုဟ် ဥုစ်ရကြမည်သာ ဖြစ်၏။ အခြားသူများရော စစ်ဗိုလ်ချုပ်များ ဖြစ်ပါ၏ လော

ဥုစ်ရခြင်းသည် အားကောင်းစေသော အချက်များစွာ အနက်မှ တစ်ချက် ဖြစ်သော်လည်း- အခြား အချက်များစွာ ရှိသေး၏။ အချို့တွင် ဥုစ် ၃-ခု၊ ၄-ခု စသည်ဖြင့် ရထားကြသော်လည်း၊ ဇာတာ တစ်ကိုင်ကိုင် နှင့် တစ်သက်လုံး ချာလပါတ်လည် နေကြရ၏။ ဥုစ်တစ်ခုမှ မရသော ဘီလျံနာ သူဌေးကြီးများ၊ မီလျံနာ သူဌေးကြီးများ၊ နိုင်ငံ့ ခေါင်းဆောင် များစွာ ရှိ၏။ ထို့ကြောင့် အင်္ဂါ ဥုစ်ရယုံ သက်သက်မျှ မဟုတ်ပဲ- အင်အားကောင်းသော အနေအထားတွင် ရှိရမည်ကို နားလည်ထားရန် လိုအပ်၏။

စတုတ္တ အနေဖြင့်-
အသက်တိုရခြင်း နှင့်၊ သူတစ်ပါး လက်ချက်ဖြင့်- သေဆုံးရခြင်း ဖြစ်၏။ အသက်ကို စောင့်ရှောက် သော စနေ အနေဖြင့် အင်အားနည်းခြင်း၊ ဂြိုဟ်ဆိုးများ၏ လွှမ်းမိုး ခံရခြင်း တို့ သည်လည်းကောင်း၊ အသေဆိုးနှင့် ဆိုင်သော မရဏ ဘာဝ (၈-တန့် ၏ မူလတြိဂေါဏ အိမ်ရှင်) သခင် သို့မဟုတ် မရဏ ဘာဝ (၈-တန့် ဘာဝ) ထိခိုက် ပျက်စီးနေမှု တို့သည် ဖြစ်တန်ချေ တို့ ဖြစ်၏။

နက္ခတ်ပညာ ရှင်တို့ အနေဖြင့်- ယခုကဲ့သို့ post mortem analysis “ပေါက်ဖေါ်” ဇာတာ ကို စစ်မည် ဆိုပါလျှင်- ဖြစ်နိုင်သော သဲလွန်စ အားလုံးတို့ကို စုပေါင်း၍- Integrated and Comprehensive Approach မှသာ လေ့လာ မှသာ- အဖြေမှန်နှင့် နီးစပ်နိုင်မည် ဖြစ်ပါ၏။ အားလုံးတို့ကို စုစည်း၍ forensic စိစစ်လေ့လာ ကြပါစို့။

အများလက်ခံ ထားကြသော ၅း၃၅ မိနစ် မွေးချိန်ကို ဆန်းစစ်ခြင်း။
 
အောက်ပါ ဇာတာသည် အများလက်ခံထားကြသော မနက် ၅း၃၅ ကို မူတည်၍ တွက်ချက်ထားသော ဇာတာ ဖြစ်ပါသည်။ ဤဇာတာ အရ- ဗိုလ်ချုပ် အောင်ဆန်းသည် မကာရ လဂ်၊ မကာရ စန်း ဖြစ်၏။ သရ၀ဏ် နက္ခတ်နှင့် စန်းယှဉ်၏။

ထိုဇာတာကို မိုးတား MOTAA စနစ်အရ- ဂြိုဟ်နှင့် ဘာဝ တို့၏ အင်အားများကို စစ်ဆေးကြည့်သော အခါ- မြင်တွေ့ရပုံကို အောက် ဂရပ်ဖ် များတွင် ဖေါ်ပြထား၏။

မိုးတား ဂရပ်များ တွက်ချက် တည်ဆောက် ထားပုံကို အသေးစိတ် သိလိုပါက- မိုးတား သင်ခန်းစာ (၆) နှင့် (၇) တို့တွင် လေ့လာနိုင်ပါသည်။


အထက်ပါ ဇာတာမှ ထွက်ပေါ်လာသော ဂြိုဟ်တို့၏ အင်အားကို ကြည့်လိုက်ရုံမျှဖြင့်ပင်- ဤဇာတာသည် နိုင်ငံ့ ခေါင်းဆောင် ဖြစ်ရန် အသာထား၊ ရပ်ကွက် ကျေးရွာ ခေါင်းဆောင် အဆင့်ပင် မဖြစ်နိုင်သော ဇာတာ ဖြစ်နေပါ၏။ 



တနင်္လာနှင့် အင်္ဂါ အားကောင်းသည်မှ အပ၊ အောင်မြင်ခြင်း၊ ခေါင်းဆောင် တစ်ဦး၏ ထက်မြက်သော အရည်အချင်း၊ ဦးဆောင်နိုင်စွမ်းကို ဖြစ်စေသော တနင်္ဂနွေဂြိုဟ်သည် လွန်စွာ အားနည်းနေ၏။

စကားပြောခြင်း၊ စာရေးခြင်းတို့ကို ကိုယ်စားပြုသော ဗုဒ္ဓဟူးသည် လွန်စွာ အားနည်းနေ၏။ ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ လွန်စွာ စကားပြောကောင်းသူ ဖြစ်၏။ စာရေးကောင်းသူ၊ စာရေးဆရာ ဖြစ်လိုသူ ဖြစ်၏။

အတန်း ပညာကို ကိုယ်စားပြုသော ၅-တန့်ဘာဝ နှင့် အတွေးအခေါ် ပညာပိုင်းကို တာဝန်ယူသော ၉-တန့်ဘာဝ သည် လွန်စွာ အားနည်းနေ၏။ ဤအတိုင်း ဆိုပါက Formal Education ဖြစ်သော တက္ကသိုလ် ပညာကို သင်ကြားနိုင်စရာ မရှိ၊ ၅-တန့်၊ ၉-တန့် များပျက်စီးနေခြင်း၊ ဗုဒ္ဓဟူး အင်အား နည်းနေခြင်း တို့သည် အသိပညာရော၊ အတတ်ပညာကိုပါ တတ်မြောက်သော အနေအထားသို့ မရောက်လာနိုင်ပါ။

တနင်္ဂနွေ ဂြိုဟ် မည်သို့ မည်ပုံ အားနည်းသွားပုံကို မိုးတား MOTAA အဖွဲ့ဝင်များ အနေဖြင့် နားလည် ကြမည် ဖြစ်သော်လည်း - မိုးတား MOTAA ပညာနှင့် မရင်းနှီးသူများ အတွက် အကျဉ်းချုပ် ရှင်းပြပေးပါမည်။
  • ပထမဦးစွာ တနင်္ဂနွေသည် ရန် အိမ်တွင်နေ၏။ ၈-တန့် ဘာဝ မူလ တြိဂေါဏ ရာသီအိမ်ရှင် (သခင်) ဖြစ်၍၊ ၂-တန့်ဘာဝတွင် တည်၏။ 
  • ၁၂-တန့်ဘာဝ သခင်ဖြစ်သော (မူလတြိဂေါဏ အိမ်ရှင်) ကြာသပတေးသည်- (မှတ်ချက်- မိုးတားသည် မူလတြိဂေါဏ အိမ်ရှင်ကိုသာ အဓိကထား၍ ဂြိုဟ်ကောင်း ဂြိုဟ်ဆိုး သတ်မှတ်ပါသည်။) တနင်္ဂနွေ ပိုင်ဆိုင်ရာ ၈-တန့်ဘာဝ ၏ အလယ်ချက်မှတ် သိဟ် ၁၁း၀၆ အား အလွန်နီးကပ်သော သမသတ် အမြင်ဖြင့် (လွှမ်းမိုးမှု ၉၄% ရှိသည်၊) လွှမ်းမိုး ဖျက်ဆီးထား၍၊ တနင်္ဂနွေ ရပ်တည်ရာ ၂-တန့်ဘာဝ၏ အလယ်ချက်မှတ် (ကုမ် ၁၁း၀၆) အား လည်း - အဖျက်စွမ်းအား ၉၄% ဖြင့်ပင် လွှမ်းမိုး ဖျက်ဆီးထား၏။ဤ အချက်သည် တနင်္ဂနွေ အင်အား နည်းသွားရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်၏။
  • တနင်္ဂနွေ ရပ်တည်ရာ အိမ်ရှင်ဖြစ်သော စနေသည် အားနည်းနေခြင်းကြောင့် တနင်္ဂနွေသည် ထပ်မံအားနည်းသွား၏။ 
  • အဆိုးဆုံး အနေဖြင့် မူကား တနင်္ဂနွေ တည်နေရာ ကုမ် ၀၀း၂၉ နေရာ နှင့် ရာဟု ရပ်တည်ရာ ကုမ် ၃း၅၀ ဖြင့် အံသာခြင်း လွန်စွာတည်ကပ်၍ ဖျက်ဆီးထားခြင်း ကိုခံရခြင်း၊ ကိတ်သည် သိဟ် ၃း၅၀ တွင် တည်၍ တနင်္ဂနွေအား သမသတ်ဖြင့် ထပ်မံ ဖျက်ဆီးခြင်းဖြင့် - ဂြိုဟ်ဆိုးများ၏ လွှမ်းမိုးမှု (-) ၁၅၈% ရထားခြင်း ဖြစ်၏။
  • အနည်းငယ်သော လွှမ်းမိုးမှု အနေဖြင့်- ကိတ်သည် တနင်္ဂနွေ၏ သခင်ဖြစ်ရာ သိဟ်ရာသီတွင် ရပ်တန့်ခြင်းဖြင့်- တနင်္ဂနွေအား ချိနဲ့စေသည်သာ မက- တနင်္ဂနွေ ရပ်တည်ရာ ၂-တန့်ဘာဝ အလယ်ချက်ပေါ်တွင်ပါ သမသတ် အမြင်ဖြင့် ဆက်လွှမ်းထားခြင်းဖြင့် တနင်္ဂနွေအား ထပ်မံ အားနည်းစေ၏။ (အံသာ သည် ၂-တန့် အလယ်မှ ဝေးကွာသဖြင့် လွှမ်းမိုးမှု နည်းပါသည်။)
  • ၁၂-တန့်သခင်၊ ရာဟု နှင့်ကိတ်တို့၏ ပူးပေါင်း လွှမ်းမိုးမှုတို့ကို ရရှိထားသော တနင်္ဂနွေ အနေဖြင့် နလံထူစရာ မရှိခြင်းသည် ခေါင်းဆောင် တစ်ဦး ဖြစ်လာမည့် အနေအထား မဟုတ်သည်ကို ပြဆိုနေပါသည်။

၅း၃၅ မိနစ် မွေးချိန် အတွက် ဒဿာ ကို ဆန်းစစ်ခြင်း။


ဖြစ်ရပ် သိပြီးသား ဇာတာ တစ်စောင်ကို စစ်ဆေးရာတွင်- ဒဿာ အနေအထား၊ ကောဇာ အနေအထား တို့ဖြင့်ပါ တိုက်ဆိုင် စစ်ဆေးရမည် ဖြစ်ပါသည်။
ဤဇာတာ အတိုင်း ဆိုပါက- ဇာတာရှင် အနေဖြင့် တနင်္လာ ထူလ၊ ကြာသပတေး အန္တရ၊ တနင်္လာ ပြတန္တရ တွင် ဘွားမြင် ခဲ့၍- သေဆုံးချိန်တွင် ကြာသပတေး ထူလ၊ ကြာသပတေး အန္တရ၊ သောကြာ ပြတန္တရ ဒဿာ စားနေပါသည်။
အောက်တွင် ဖေါ်ပြထားသည်မှာ ဤမွေးချိန်အတိုင်း တွက်ချက်ပါက- ဗိုလ်ချုပ် အောင်ဆန်း၏ ကံကြမ္မာ အနိမ့်အမြင့်ကို ဖေါ်ပြနေသော ဂရပ်ဖ် ဖြစ်ပါသည်။




ဂရပ်ဖ်တွင် ဖေါ်ပြထားသည့် အတိုင်း ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသား သမဂ္ဂ ဥက္ကဌ၊ ဒို့ဗမာ အစည်းအရုံး တို့တွင် ထင်ရှား အောင်မြင်သော ကာလကို ဂရပ်ဖ်တွင် အနိမ့်ဆုံး အနေအထားဖြင့် ဖေါ်ပြနေ၏။ မည်သည့် ထင်ရှား အောင်မြင်မှု မှ မရှိသေးသော ၁၂-နှစ်၊ ၁၃-နှစ်ကာလတွင် အအောင်မြင် ဆုံး အနေအထား ပြနေ၏။ ဤသည်မှာလည်း- မွေးချိန် ၅း၃၅ အတွက် သံသယ ဖြစ်ဘွယ်ကောင်းသော အချက် ဖြစ်ပါ၏။

၅း၃၅ မိနစ် မွေးချိန် အတွက် ကောဇာကို ဆန်းစစ်ခြင်း။
ထင်ရှားသော ဖြစ်ရပ်တို့သည် ကောဇာ လွှမ်းမိုးမှုများနှင့် ယှဉ်တွဲ၍ ဖြစ်ပေါ်တတ်သော်လည်း- ဇူလိုင်လ ၁၉-ရက်၊ ၁၉၄၇ ခုနှစ်တွင် တည်နေသော ကောဇာ ဂြိုဟ်များ အနေဖြင့် ဇာတာရှင်၏ မူလ ဘွားဂြိုဟ်များပေါ်တွင် အဆိုးလွှမ်းမိုးမှု များ မရှိသည်ကို အောက်ပါ ဂရပ်ဖ်တွင် ထင်ရှားစွာ မြင်ရပါသည်။ 


 ကောဇာ ဂြိုဟ်ဆိုးများမှ- သက်ဆိုင်ရာ ဘာဝတို့၏ အလယ်မှတ်များ ပေါ်တွင် လွှမ်းမိုးမှုကို ကြည့်ပါက (ပုံတွင် ခရမ်းရောင် ဖြင့် ပြထားသည်။) လုပ်ကြံခံရ၍ သေဆုံးခြင်း ဆိုင်သော ၆-တန့်ဘာဝ၊ နှင့် ၈-တန့် ဘာဝများ မပါဝင်သည်ကို မြင်နိုင်ပါသည်။ ၆-တန့်သည် ရန်သူကို ကိုယ်စားပြု၍- ၈-တန့်သည် သေဆုံးခြင်း၊ အသက်ရှင်သန်ခြင်းကို ကိုယ်စားပြုသည့် ဘာဝများ ဖြစ်သည်။ 



၎င်းတို့သည် အား ဂြိုဟ်ဆိုးများ၏ လွှမ်းမိုးမှုကို မူလ ဘွားဇာတာ တွင် တွေ့ရသော်လည်း၊ ကောဇာတွင် မမြင်ရခြင်းသည် မွေးချိန် မှန်-မမှန် အတွက် ပို၍ပင် သံသယ ဖြစ်ဘွယ် ကောင်းသော အချက် ဖြစ်နေပါသည်။

(၂) နံနက် ၃း၄၅ မိနစ် မွေးချိန်ကို ဆန်းစစ်ခြင်း။
ဆန်းစစ် သုတေသန ပြုကြရာတွင်- ပထမမွေးချိန် ဖြင့် ရလာသော ဇာတာကို စစ်ဆေးသကဲ့သို့. နောက်မွေးချိန်ကို အားမနာတမ်း စစ်ဆေးကြည့်ရန် လိုပါ၏။


ဘ၀ ဇတ်လမ်းနှင့် အောင်မြင်မှု၊

မွေးချိန်ကို ၃း၄၅ (မနက် ၄ နာရီ မတိုင်မီ) သို့ ပြောင်းလိုက်သော အခါ- အခြေအနေများ အားလုံး ပြောင်းလဲသွားသည်ကို တွေ့ရပါတော့သည်။ ဦးဆောင်မှု အရည်အချင်း၊ တောက်ပထင်ရှားသော အောင်မြင်မှု၊ ထင်ရှားမှု တို့ကို ဖန်တီးသော တနင်္ဂနွေသည် လွန်စွာ အားကောင်း၏။ အင်အား အများဆုံး ဖြစ်၍၊ ၃၆၇% ပင်ရနေ၏။ သို့သော် တစ်ဆက်တည်း- ထိုအောင်မြင်မှု တို့ကို ပျက်စီးစေနိုင်သော ရာဟုနှင့် ကိတ်တို့သည် အင်အားကောင်းစွာဖြင့် တနင်္ဂနွေ အား လွှမ်းမိုးထား၏။ အံသာ အကွာဝေးတို့ကို ကြည့်ပါ။

စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် ဖြစ်ရန်အတွက် အရေးကြီးသော အင်္ဂါနှင့် လုပ်ရည်ကိုင်ရည် သတ္တိကို ပေးစွမ်းသော ၃-တန့်ဘာဝတို့ လွန်စွာ အင်အားကောင်း၏။

အတွေးအခေါ်ပိုင်း ဆိုင်ရာ အသိဥာဏ်နှင့် ဆိုင်သော ၉-တန့်ဘာဝ၊ အတန်းပညာ နှင့် ဆိုင်သော ၅-တန့်ဘာဝ၊ အသိဥာဏ် ပညာကို အစိုးရသော ကြာသပတေး၊ ဖြတ်ထိုးဥာဏ်၊ စကားပြော မှု ၊ ဘာသာစကား ကျွမ်းကျင်မှု တို့နှင့် ဆိုင်သော ဗုဒ္ဓဟူးဂြိုဟ်တို့ အင်အား လွန်စွာကောင်း၏။

အသက်အန္တရာယ်
သို့သော်-
လဂ်သည် အင်အားနည်း နေ၏။ စနေဂြိုဟ်သည် မူလ အင်အားကောင်းသော်လည်း- ရာဟု၏ ၅-တန့်အမြင်ကို အနီးစပ်ဆုံးရထား၏။ (စနေသည် မေထုန် ၂း၅၁ တွင်တည်၍၊ ရာဟုသည် ကုမ် ၃း၅၀ တွင်တည်သောကြောင့် - ၄င်း၏ ၅-တန့် အမြင်ဖြစ်ရာ- ၁၂၀ ဒီဂရီ အကွားအဝေးတွင် အတိအကျ နီးပါး တည်နေသဖြင့်- လွှမ်းမိုးမှု အင်အား ၉၈% ကိုခံထားရ၏။)

စနေဂြိုဟ် မူလအင်အားကောင်းခြင်းသည် စည်းကမ်းရှိခြင်း၊ တည်ကြည်ခြင်း၊ အပင်ပန်း ခံနိုင်ခြင်းတို့ကို ဖြစ်စေသော်လည်း- အသက်ရှည် မှုကို တာဝန်ယူသော စနေအား- ထင်မှတ်မထားသော ရုတ်တစ်ရက် ဖြစ်ရပ်များကို ဖြစ်စေခြင်းကြောင့် - မမျှော်လင့်ပဲ အသက်အန္တရယ် ထိခိုက်မှု ဖြစ်လာနိုင်စရာ တစ်ချက် ဖြစ်နေ၏။

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ ဗိုလ်မှူး ရဲထွဋ်တို့ ရှိနေကြချိန်တွင် - သခင်တင်မြ၏ အိပ်ထဲမှ မှော်ဇာ ပစ္စတို သေနတ် လျှောကျပြီး အလိုအလျောက် ကျည်ထွက် သွားခြင်း သည်လည်း မမျှော်လင့်သော ဖြစ်ရပ်ကြီး၏ ရှေ.ပြေး သင်္ကေတပင် ဖြစ်သည်။ ကျည်ဆံသည် ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင်စိုးတို့ နောက်ကျောဘက် ပြတင်းမှန်အား ခွဲထွက်သွားခဲ့သော်လည်း- ထိုစဉ်က မည်သူ့အားမျှ အသက်အန္တရာယ် မပြုခဲ့ပါ။

သွေးသံကို ကိုယ်စားပြုသော အင်္ဂါသည် - မရဏဘာဝ သေခြင်းကို အစိုးရသော (၈-တန့်ဘာဝ သခင်) တနင်္လာနှင့် အံသာ အကွာအဝေးခြင်း လွန်စွာ နီးစပ်သွား၏။ အင်္ဂါသည် မကာရ ၁၇း၅၇ တွင် တည်၍၊ ၈-တန့်သခင် တနင်္လာသည် မကာရ ၁၄း၁၂ တွင် တည်ခြင်းကြောင့် အံသာခြင်း နီးစပ်ကာ.. သေဆုံးခြင်း နှင့် သွေးထွက် သံယိုကိစ္စတို့ ဆက်စပ်လာခြင်းကို ဖေါ်ပြနေ၏။

တနင်္လာ နှင့် အင်္ဂါ ပူးခြင်းသည် အထက်တွင် စစ်ဆေးခဲ့သော ၅း၃၅ မွေးချိန် ဖြစ်သော မကာရလဂ် တွင်လည်း ပူးပါ၏။ သို့သော် ထိုစဉ်က တနင်္လာ ဂြိုဟ်သည် သေဆုံးခြင်း နှင့် မဆိုင်သော ၇-တန့် သခင် ဖြစ်နေ၏။ (မှတ်ချက်- MOTAA စနစ်တွင် ၂-တန့်သခင်၊ ၇-တန့်သခင် တို့ကို မာရက သခင် ဟု လုံးဝ မယူပါ။ ထိုသို့ တည့်တွက် ယူဆကြမည် ဆိုပါက - တနည်း မဟုတ် တစ်နည်းနှင့် လှည့်ပါတ်ပြောနိုင်၍ ဖြစ်သလို- တိကျသော အဖြေ မရနိုင်ပါ။)

သားသမီး အရေး။
သားသမီး အရေးကို ဆန်းစစ်ကြရာတွင်- ပုတြ ဘာဝ ခေါ် ၅-တန့်ဘာဝ နှင့် ၅-တန့် ဘာဝ သခင်၊ ကို အဓိက စစ်ဆေးရန် လိုပြီး- မိဘတို့၏ ခြေရာနင်း နိုင်သော - တစ်နည်းအားဖြင့် မျိုးဆက်သစ် အတွက်မူ ၂-တန့်ဘာဝ နှင့် ၂-တန့် သခင် တို့ကို စစ်ဆေးရမည် ဖြစ်ပါသည်။
ဗိုလ်ချုပ် အောင်ဆန်း နှင့် ဒေါ်ခင်ကြည်တို့တွင် အောင်ဆန်းဦး၊ အောင်ဆန်းလင်း နှင့် လက်ရှိ ဒေါ်အောင်ဆန်း စုကြည် (အငယ်ဆုံး သမီး) တို့ ထွန်းကား ခဲ့၏။ ကြားထဲတွင် သားငယ်တစ်ဦး မွေးဖွားခဲ့သော်လည်း မွေးမွေးချင်း ဆုံးပါး သွားခဲ့သည် ဆို၏။
သားငယ် အောင်ဆန်းလင်းသည် - အသက် ၈-နှစ် အရွယ်တွင် ရေကန် တွင် ရေနစ် သေဆုံးခဲ့ရ၏။

ဗိုလ်ချုပ် အောင်ဆန်း၏ ဇာတာ (၃း၄၅ ဖြင့် တွက်ထားသော ဓနုလဂ် ဇာတာ) တွင် ၅-တန့်ဘာဝ၏ သခင် (မူလတြိဂေါဏ အိမ်ရှင်) သည် အင်္ဂါ ဖြစ်၏။

အင်္ဂါသည် အဖိုရာသီတွင် ရပ်တည်ထား၏။ ဥုစ်ရထား၏။ သို့သော် ၈-တန့်သခင် (မရဏ ဘာဝ သခင်) ဖြစ်သော တနင်္လာ နှင့် နီးစပ်စွာ ပူးကပ် ထား၏။ ထွန်းကား လာသော သားသမီးသည် ယောက်ျားလေး ဖြစ်က- ပျက်စီး တတ်သော သဘောကို ပြနေ၏။ လက်ရှိအားဖြင့် အသက်ထင်ရှား ရှိသေး သည့် - သားယောက်ျား အကြောင်းကို လူတိုင်း သိထားကြသည် ဖြစ်၍ မပြောလိုတော့ပါ။

ဥုစ်ရထားသော အင်္ဂါသည် ထူးချွန်ထက်မြက်ခြင်းကို အောင်မြင်ခြင်းကို ဖြစ်စေသော အချက် ဖြစ်၏။ သားသမီးထဲမှ ထူးချွန်ထက်မြက် သူကိုမူ အားလုံး သိထားကြသည် ဖြစ်ပါသည်။
ဆက်လက်၍- ဘခင် ခြေရာနင်းမည့် သြရသ မျိုးဆက်သစ် သားကြီးကိစ္စကို နက္ခတ်ဗေဒင်တွင် ၂-တန့် ဘာဝ နှင့် ၂-တန့် သခင်ကို စစ်ဆေးရမည် ဖြစ်၏။ ဓနုလဂ် အတွက် ၂-တန့်သခင် မရှိပါ။ (မိုးတား နည်းတွင် ၂-တန့် အိမ်ရှင်နှင့် ၂-တန့်သခင် သည် တစ်ခြားစီ ဖြစ်၏။ အိမ်ရှင်ကို အသုံးမပြုပဲ- သခင် အနေဖြင့်သာ အဓိက အသုံးပြု ၏။) ထို့ကြောင့် ၂-တန့်ဘာဝ အား လေ့လာပါက- ၂-တန့်ဘာဝ၏ အလယ်မှတ် မကာရ ရာသီ ၁၃း၃၄ နေရာအား၊ ၈-တန့်သခင် ဖြစ်သော တနင်္လာမှ မကာရ ၁၄း၁၃ တွင် အံသာ နီးကပ်စွာ ရပ်တည်ခြင်းဖြင့် ဖျက်ဆီးထား၏။ ဤ အခြေအနေသည်- သား ယောက်ျားလေး အတွက် မကောင်းသော အခြေအနေကို ပြဆိုနေ၏။ ဖခင်၏ ခြေရာကို နင်းခွင့် မကြုံသော သားယောက်ျား အခြေအနေကို ပြဆိုထား၏။

ကိုယ်ကာယ၊ စိတ်ဓါတ်နှင့် စရိုက် ကို စစ်ဆေးခြင်း။
ဇာတာရှင်၏ ကိုယ်ကာယသည် လဂ် ၏ တည်ရှိရာ ရာသီ၊ န၀င်းတို့ အပေါ်တွင် မူတည်၏။ ဇာတာရှင်၏ စရိုက်သည် လဂ်၊ လဂ်သခင် နှင့် တနင်္ဂနွေ တို့ အပေါ်တွင် မူတည်၏။ စိတ်ဓါတ်သည် တနင်္လာပေါ်တွင် မူတည်၏။
၃း၄၅ ဖြင့် တွက်ချက်ထားသော မွေးချိန်ဖြင့် ဇာတာရှင် သည် ဓနုလဂ် ဖြစ်၏။ ဓနုလဂ်သည် တေဇောဓါတ် မီးရာသီ ဖြစ်၏။ ရာသီအားဖြင့် ဆိုပါက- မီးရာသီ သမားတို့သည် တက်ကြွသော၊ မြန်ဆန်သော သဘာဝ ရှိ၏။ တနင်္ဂနွေ ပိုင်သော သိဟ်န၀င်းကို စီးနင်း၏။ မီးရာသီ ကို ရာသီစက်တွင်ရော န၀င်းစက်တွင် ရှိခြင်းဖြင့် ကိုယ်ကာယ အားဖြင့် ပိန်ပါး ကျစ်လစ်သော၊ အသားအရေ ပူနွေးသော အခြေအနေ ကို ပြဆိုနေ၏။
လဂ်သည် တနင်္ဂနွေ န၀င်းကို စီးနင်းခြင်းဖြင့် ဦးဆောင်လိုသော သဘာဝကိုလည်း ပြဆိုနေ၏။ သောကြာ ပိုင်သော ပြုဗ္ဗာသဠ် နက္ခတ်ကို လဂ်မှ စီးနင်း၏။ ခံစားချက်ကို ဦးစားပေး လုပ်ဆောင်တတ်ခြင်းကို ပြဆို၏။

စရိုက်နှင့် ပါတ်သက်၍- တစ်ဆက်တည်း လေ့လာပါက- လဂ်သခင် ကြာသပတေးသည် ၃-တန့်တွင် ရပ်တည် ၏။ ၃-တန့်သည် ရဲရင့်ခြင်းကို ဖေါ်ပြ၏။ ရာဟု ပိုင်သော သတ္တဘိသျှ နက္ခတ်ကို စီနင်း၍၊ ကြာသပတေး ပိုင်သော ဓနု န၀င်းတွင် တည်၏။

တစ်ဖန်- စရိုက်ကို ဖေါ်ပြသော အခြား အချက် တစ်ခုဖြစ်သည့် တနင်္ဂနွေ သည်လည်း ၃-တန့်တွင် ပင် ရပ်တည်ထား၏။
ဤသည်မှာ- မိမိအနေဖြင့် မှန်သည် ထင်လျှင် (ဓနု - ကြာသပတေးသည် ဖြောင့်မှန်ခြင်းကို ညွှန်းဆိုသည်။) အများ မထင်မှတ်သော လုပ်ရပ်များ (ရာဟု) ကို ရဲရင့်စွာ (၃-တန့် စရိုက်) ဖြင့် လုပ်ဆောင်တတ်သော သူမျိုးဖြစ်၏။ လူမမယ် အရွယ်ကပင် မောင်ထိန်လင်း သည် ဆင်းရဲသားများ၏ အသနားခံမှုတို့ကို မကြည့်ရက်၍ ငွေတိုးချေး အပေါင်ခံ လုပ်သော မိခင် ဖြစ်သူ၏ ငွေစာရင်းမှတ်တမ်းကို မီးရှို.ခဲ့သူဖြစ်၏။ အရွယ်ရောက်လာသော အခါ- လွန်စွာ ဖြောင့်မတ်ခြင်း ကြောင့် - တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည်မှုကို ရခြင်း၊ ရန်သူများ ဖြစ်ကြသော ဗိုလ်ချုပ်ကြီး စလင်း မှ လေးစားရခြင်း၊ အာရှတိုက် ဆိုင်ရာ စစ်သေနာ ပတိချုပ် ဖြစ်သူ လော့ဒ် မောင့်ဘက်တန် မှ- ဗိုလ်ချုပ် အပေါ်တွင် လွန်စွာ သံယောဇဉ်ထားခြင်း တို့ကို သိနိုင်ပါသည်။

စိတ်ဓါတ် နှင့် ပါတ်သက်၍ တနင်္လာကို လေ့လာရာတွင်- တနင်္လာသည် သူပိုင်သော သရ၀ဏ် နက္ခတ်ကို စီးနင်း၏။ သောကြာ ပိုင်သော ပြိဿ န၀င်းကို စီးနင်း၏။ ၂-တန့်ဘာဝတွင် မကာရ ရာသီ တွင် ရပ်တည်၏။ ရဲရင့်ခြင်း- အကောင်အထည် ဖေါ်ဆောင်ခြင်းကို တာဝန်ယူသော အင်္ဂါနှင့် အလွန်နီးစပ် ပူး၏။ (မိုးတား စနစ်တွင် ၅-ဒီဂရီထက် ကွာဝေးလျှင် ပူးသည် ဟု မယူဆပါ။) စိတ်ခံစား ချက်ကို ဖေါ်ပြသော တနင်္လာသည် - စိတ်ခံစားချက် နှင့် ဆိုင်သော တနင်္လာ နက္ခတ်တွင် နေခြင်း၊ ခံစားချက် နှင့် ဆိုင်သော သောကြာပိုင် န၀င်းတွင် တည်ခြင်းကြောင့် ဇာတာရှင်သည် ခံစားချက်ကို ဟန်မဆောင် တတ်သူမျိုးဖြစ်သည်။ သူများတကာထက် ပို၍ ခံစားတတ်သည်။ လုပ်ရဲ သော အင်္ဂါ နှင့် ပူးခြင်းကြောင့် ခံစားချက် အတိုင်း အကောင် အထည် ဖေါ်တတ်သူ ဖြစ်သည်။ မြန်မာ့ လွတ်လပ်ရေး တပ်မတော်သားများ ရွာတစ်ရွာတွင် ပြုစုမည့်သူမရှိ၊ စားစရာ မရှိ ဖြစ်နေသောကြောင့် (ထိုအချိန်က ပြည်သူ့ တပ်မတော်သား များသည် လခစားများ မဟုတ်ပဲ၊ ပြည်သူလူထု မှ ပို့သော ထမင်းထုပ်ကိုသာ စားရသည်၊) ငတ်ပြတ်ပြီး ဒဏ်ရာများ နှင့် ညီးညူနေကြသူ ရဲဘော်များကို တွေ့ရသော အခါ ဗိုလ်ချုပ်သည် မျက်ရည် ဖြိုင်ဖြိုင် ကျလျှက်- ရွာလူကြီး များကို ခေါ်လာခိုင်းပြီး… သတ်ပစ်မည် ပြုသည် အထိ ခံစား ခဲ့ရသဖြင့် အပါးတော်မြဲ များက ဆွဲထားခဲ့ရဘူးပါသည်။


 ၃း၄၅ မိနစ် မွေးချိန် အတွက် ဒဿာ ကို ဆန်းစစ်ခြင်း။
ဗိုလ်ချုပ် အောင်ဆန်းသည် နံနက် ၃း၄၅ တွင် မွေးဖွားခဲ့ပါမူ- ဘွားဒဿာ သည် တနင်္လာ ထူလ၊ ကြာသပတေး အန္တရ၊ စနေ ပြတန္တရ ဖြစ်၍၊ သေဆုံးချိန် တွင် ကြာသပတေး ထူလ၊ ကြာသပတေး အန္တရ၊ စနေ ပြတန္တရ တွင် ဖြစ်၏။
ကြာသပတေးသည် လဂ်သခင် ဖြစ်သလို၊ အင်အားကောင်းသော ဂြိုဟ်လည်း ဖြစ်၏။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် အမြင့်မားဆုံး နိုင်ငံတော် တာဝန် များကို ထမ်းဆောင်နေရ၏။
သို့သော် စနေ ပြတန္တရ အတွင်းသို့ ၂၉-၃-၁၉၄၇ မှ ၃၀-၇-၁၉၄၇ အတွင်း ရောက်ရှိ၏။ စနေဂြိုဟ်သည် အသက်ကို စောင့်ရှောက်သော ဂြိုဟ်ဖြစ်၍၊ မူလ ဘွားဇာတာတွင် ၄င်းအား ရာဟုသည် ၅-တန့် အမြင် အတိအကျ နီးပါးဖြင့် (၉၈%) ဖြင့် အမြင် ပြုထား၏။ ထင်မှတ် မထားသော ဖြစ်ရပ်များသည် ဇာတာရှင်၏ အသက်အား ထိခိုက်ခြင်းကို အဓိပ္ပါယ် ဖေါ်ဆောင်နေ၏။ ကံကြမ္မာ အနိမ့်အမြင့် ကို အောက်ဖေါ်ပြပါ ဂရပ်ဖ်တွင် ကြည့်ပါ။


 ၃း၄၅ မိနစ် မွေးချိန် အတွက် ကောဇာကို ဆန်းစစ်ခြင်း။

ကောဇာ ကာလ (၁၉-၇-၁၉၄၇) တွင် ကောဇာ တနင်္လာ (သေဆုံးခြင်းကို ဖြစ်စေသည့် မရဏ ဘာဝ ၈-တန့်သခင်) သည် ကရကဋ် ရာသီ ၁၆း၄၄ အံသာတွင် ရပ်တည်ခြင်းဖြင့်- မူလ ဇာတာတွင် မူလ တနင်္လာ ၏ ဖျက်ဆီးထားခြင်း ခံရသော အင်္ဂါအား သမသတ် အမြင် အတိအကျ နီးပါး (၉၇%) ဖြင့် တိုက်ခိုက် ဖျက်ဆီးလိုက်၏။ တစ်ဆက်တည်းမှာပင်- မူလ ဇာတာရှိ ၈-တန့်သခင် တနင်္လာအား၊ ကောဇာ တနင်္လာမှ သမသတ် အမြင် (၈၇%) ဖြင့် လွှမ်းမိုး ဖျက်ဆီး ထားပြန်၏။
မလိုလားအပ်သော ရှုပ်ထွေးမှု များ ဖြစ်လာနိုင်သဖြင့် ယူရေးနပ်စ်၊ နက်ပကျွမ်း၊ ပလူတိုတို့ကို သုံးသပ်စဉ်းစားခြင်း မပြုပါ။
အောက်ဖေါ်ပြပါ ဂရပ်ဖ်များသည် မူလ ဇာတာတွင် ရှိသော ဂြိုဟ် နှင့် ဘာဝ တို့၏ ပကတိ အင်အား (အနက်ရောင်ဖြင့်)၊ ၄င်းတို့အား မူလ ဇာတာရှိ ဂြိုဟ်ကောင်းများ လွှမ်းမှု (အစိမ်းနုရောင်)၊ မူလ ဇာတာရှိ ဂြိုဟ်ဆိုးများ လွှမ်းမိုးမှု (အနီရောင်) တို့ကို ဖေါ်ပြထား၍၊ ၄င်းတို့အား ကောဇာ ဂြိုဟ်ကောင်းများ လွှမ်းမိုးမှု (အစိမ်းရင့်ရောင်)၊ ကောဇာ ဂြိုဟ်ဆိုးများ လွှမ်းမိုးမှု (ခရမ်းရောင်) တို့ကို ဖေါ်ပြထားခြင်း ဖြစ်သည်။
မူလဇာတာတွင်- အင်္ဂါသည် ၈-တန့်ဘာဝ မရဏ သခင် တနင်္လာနှင့် နီးစပ်စွာ ပူးကပ် ခြင်းခံထားရပုံကို အနီရောင်ဖြင့် ပြထား၏။ ထိုသို့ မူလ ဇာတာတွင် အက်ကြောင်း ရှိနေသော အင်္ဂါ ထံသို့ ကောဇာ ၈-တန့်သခင် အနေဖြင့် လွှမ်းမိုးလိုက်ခြင်းသည်- သွေးသံကို ကိုယ်စားပြုသော အင်္ဂါ၊ သေဆုံးခြင်းကို ကိုယ်စားပြုသော ၈-တန့်တို့ဖြင့် ဆက်စပ်သွား၏။

ထိုမျှ မကသေး ကောဇာ ၈-တန့်သခင်သည် တစ်ချိန်တည်းမှာပင်- ဇာတာရှင်၏ ၂-တန့်ဘာဝ နှင့် ၈-တန့်ဘာဝတို့ကိုပါ။ တစ်ဆက်တည်း လွှမ်းမိုးထား၏။
မေးစရာ မေးခွန်း ရှိပါ၏။ တစ်လလျှင် ရာသီစက်ဝိုင်းကို တစ်ပါတ် ပါတ်နေသော တနင်းလာ ဂြိုဟ်သည် အခြားသော ကာလများတွင် မဖြစ်ပဲ- ယခုကျမှ လာဖြစ်ပါသနည်း။
ကောဇာတစ်ခုတည်း နှင့်သော်လည်းကောင်း၊ ဒဿာ တစ်ခုတည်းနှင့်သော်လည်းကောင်း သီးသန့်ခွဲ၍ စဉ်းစားခြင်းဖြင့် အဖြေကို မရနိုင်ပါ။ ထိုနှစ်ခု ကို ပူးပေါင်း ယှဉ်တွဲ သုံးသပ်မှသာ အဖြေမှန်ကို ရမည် ဖြစ်သည်ကို သတိပြုရပါမည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာ
ပညာရပ်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်သည် အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။

“ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ရာဇ၀င်ကိုသာ ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးတက်စေရမည်။ ရာဇ၀င်သိရုံသာ မဟုတ်၊ ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ လောကအကြောင်းကို နားလည်စေသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင် စေရမည်။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း”
တွေ့ရှိချက် နှင့် ကျွန်တော်၏ သဘောထား။
ဆရာ တင်နိုင်တိုး ဆောင်းပါးကို မူတည်၍ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးချိန်နှင့် ဇာတာ ဖြစ်နိုင်ချေကို ဆန်းစစ် သုတေသန လုပ်ခြင်း မျှသာ ဖြစ်ပါသည်။ ဤစစ်ဆေးနည်း နှင့် ကျွန်တော်၏ လေ့လာသုံးသပ်ချက် များသည် မှန်ကန်ပါက- ကျွန်တော်၏ အစွမ်းကြောင့် မဟုတ်ပါချေ။ နှစ်ထောင်ပေါင်း များစွာကပင် စကြာဝဠာမှ ဂြိုဟ်၊ နက္ခတ်များ၏ တည်နေရာနှင့် လူတို့အပေါ်တွင် လွှမ်းမိုးမှုကို ဖေါ်ထုတ်ပေးခဲ့သော သူတော်ကောင်း ပညာရှိ များ၏ အဆင့်မြင့်မားလှသော ဥာဏ်ပညာနှင့် နောက်လူတို့ အပေါ်တွင် ထားရှိခဲ့သော စေတနာ နှင့် ခေတ်မှီ ကွန်ပျူတာ နည်းစနစ်များကြောင့်သာ ဖြစ်ပါသည်။

အကယ်၍ ကျွန်တော်၏ တွေ့ရှိချက်၊ သုံးသပ်ချက် အမြင်တို့သည် မှားယွင်းသည် ဆိုပါအံ့။ ကျွန်တော့် အနေဖြင့် ညံ့ဖျင်းမှု သက်သက်ကြောင့်သာ ဖြစ်ပြီး- ပညာရှိများ၏ ဂုဏ်ကျေးဇူး အပေါ်တွင်လည်းကောင်း၊ နက်နဲသော ပညာရပ်တွင် လည်းကောင်း အပြစ် မရှိပါချေ။

ထင်ရှားသော ဆရာသမားများ၏ သုံးသပ်ချက်များ အပေါ်တွင် မိမိဥာဏ်မီသမျှ မတူသော အမြင်ကို တင်ပြခြင်းဖြစ်၍၊ ဆရာသမား တို့သည်လည်း- ခွင့်လွှတ်ကြမည် ထင်ပါသည်။

ဤဆောင်းပါး ရေးဖြစ်ရန် လှုံ့ဆောင် ပေးခဲ့သော ဆရာ တင်နိုင်တိုးအားလည်း အထူး ကျေးဇူးတင် ရှိပါသည်။

လူသားအားလုံး - လူတစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးစားခြင်းဖြင့် ချမ်းမြေ့သော အနေအထားကို ရောက်နိုင်ကြပါစေ။

(MOTAA)၀က်ဆိုဒ်တွင် ဖော်ပြခဲ့သော ဆရာ နျူမာန် (မိုးတား)၏

ဗိုလ်ချုပ်အောင်ဆန်း၏ဇာတာကို ပြန်လည်ဖော်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...