Saturday, April 9, 2011

ရှေ့ကလူကြီးတွေဆီက သင်ခန်းစာယူပါမှ

Thursday, June 3, 2010

မောင်ဝံသ
(၂၀၁၀ခုနှစ်၊ မေ ၂၀ ရက်နေ့ထုတ် Popular New ဂျာနယ်က ဆောင်းပါး ဖြစ်ပါတယ်။ ) ငါးထောင်တန် ကိုင်ကြည့်ရင်း
တစ်နေ့က ကျွန်တော်ရတဲ့စာမူခထဲမှာ ကျပ်ငါးထောင်တန် ငွေစက္ကူတစ်ချပ် ပါလာတယ်။ ငါးထောင်တန် ငွေစက္ကူကို ကိုင်ကြည့်ရင်း ‘‘တောင်ကျရေ နွားနှစ်ကောင်မ၀သလိုပ၊ မောင်ဘဘေ ငါးထောင် မရ သော်ကြောင့်’’ လို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း လေးချိုးကြီး တစ်ပုဒ် ရေးခဲ့သော သတိရမိသဗျာ။
၉၁ ဌာန အုပ်ချုပ်ရေးခေတ် ဗြိတိသျှလက်အောက်ခံ ဘ၀တုန်းက ၀န်ကြီးလစာဟာ ကျပ်ငါးထောင် တဲ့ဗျ။ အဲသည် ခေတ်က ရွှေတစ်ကျပ်သား ၁၅ ကျပ်ဆိုလား ရှိနေတဲ့အချိန်မှာ ဒိုင်အာခီ အစိုးရ၀န်ကြီးက လစာ ငါးထောင်ကျပ် ဆိုတော့ ၀န်ကြီး လစာက ရွှေ ၃ ပိဿာ ကျော်မက ရနေတာပဲ။ နိုင်ငံရေး သမားတွေ မက်မယ်ဆို မက်လောက် ပေတာပဲ။ (ဒီခေတ်မှာ ရွှေ ၃ ပိဿာလောက် မပြောနဲ့၊ လက်ကိုင်ဖုန်း ၁ လုံးလောက်နဲ့ကို သတ်ကြပုတ်ကြဖြစ်သူတွေ ဖြစ်ခဲ့တယ်လို့ ကြားဖူးတယ်ဗျ။ ။ စကားချပ်)
‘‘မောင်ဘဘေ ငါးထောင် မရသော်ကြောင့်’’ လေးချိုးကြီး မတိုင်ခင် ဆရာကြီးမှိုင်းက အဲသည် ဦးဘဘေကိုပဲ ဘေပုရှိန် အမွှန်းတင် ကဗျာထဲမှာ ဂုဏ်ပြုခဲ့ဖူးတယ်။ ‘‘သပြေနုချိန် တင်ရန် ပန်းတွေက များပါဘိသနဲ့၊ ဘေပုရှိန် အင်္ဂလန် နန်းမြေသွား တို့ကိုဖြင့်’’ ဆိုတဲ့ထဲက ‘ဘေ’ ဆိုတာ ဦးဘဘေ၊ နောင်အခါ နိုင်ငံရေး ခေါင်းဆောင်ကြီး ဘကြီး ဘဘေလို့ ထင်ရှားလာသူ မဟုတ်လားဗျာ။ အဲ ဒိုင်အာခီ အုပ်ချုပ်ရေးကို လက်ခံပြီး ဦးဘဘေက ရွေးကောက်ပွဲဝင်၊ ၀န်ကြီး နေရာမှန်းပေမယ့် ၀န်ကြီး မဖြစ်ဘဲ ဘေးထိုင် နေရချိန်ကျတော့ ဆရာကြီးက တောင်ကျရေ နွားနှစ်ကောင် မ၀သလိုပ ဆိုပြီး လှမ်းတွယ် လိုက်တာ ဦးဘဘေ အတော် ခံလိုက်ရသတဲ့။
ကျွန်တော် ဖတ်ဖူးတာကတော့ ဦးဘဘေက နောက်တော့လည်း ငါးထောင်စား ၀န်ကြီး ဖြစ်သွားတာပဲ။ သစ်တောရေးရာ ၀န်ကြီးနဲ့ ပြည်ထဲရေး ၀န်ကြီး ဖြစ်ခဲ့တယ်ဗျ။ သူဟာ မြန်မာ နိုင်ငံရေး သမိုင်းမှာ အစဉ်အလာ အလွန်ကြီးခဲ့သူ ဖြစ်ပေမယ့် ဆရာကြီးမှိုင်းက ကဗျာရေးပြီး တွယ်တာကို ခံခဲ့ရတာရယ်၊ စစ်တပ်က အာဏာ သိမ်းဖို့ တိုက်တွန်းခဲ့မှုနဲ့ ထောင်ကျခဲ့တာ ရယ်ကြောင့် ရာဇ၀င်တွင် သွားတာပဲဗျ။
လူထုက လက်မခံတာကို လက်ခံသူ
ဆရာကြီးမှိုင်း ဘေပုရှိန် ဂုဏ်ပြုကဗျာ ရေးတုန်းက ဦးဘဘေဟာ ပြည်သူ တစ်ရပ်လုံးရဲ့ ချစ်ခင် လေးစားမှု ခံရတဲ့ ဘိလပ်သွား ကိုယ်စားလှယ် တော်ကြီးဗျာ။ မြန်မာပြည်အရေး အတွက် ၁၉၁၉ ခုနှစ်မှာ ဘိလပ်ကို ပထမဆုံး သွားပြီး စကား ပြောကြတဲ့ ၀ိုင်အမ်ဘီအေ အသင်းချုပ်ရဲ့ ကိုယ်စားလှယ်ကြီး သုံးယောက်၊ ဦးဘဘေ၊ ဦးပု၊ ဦးထွန်းရှိန်တို့ကို ပြည်သူတွေရဲ့ ကိုယ်စား ဆရာကြီးမှိုင်းက ဂုဏ်ပြု အမွှန်းတင်ခဲ့တာဗျ။ ဟော ၁၉၃၀ နှစ်များ ရောက်တော့ အင်္ဂလိပ်နဲ့ ပူးတွဲ အုပ်ချုပ်ရေး ဆိုတဲ့ ဒိုင်အာခီ ပေါ်လာချိန်မှာ လူထုက ဒိုင်အာခီကို လက်မခံဘူး။ ဦးဘဘေက လက်ခံတယ်။ ၀န်ကြီးရာထူး မျှော်တယ်။ အဲဒီမှာတင် ဆရာကြီးမှိုင်းက ဦးဘဘေကို တွယ်တော့တာပဲ။ ဆရာကြီးဟာ ဇာတိမာန် စာဆိုကြီး၊ သတင်းစာ ဆရာကြီး ဖြစ်တယ်။ ဦးဘဘေကလည်း သူရိယ သတင်းစာကို တည်ထောင်ခဲ့တဲ့ သတင်းစာ ဆရာကြီးပဲ။ တစ်ချိန်တည်းမှာ နိုင်ငံရေး သမားလည်း ဖြစ်တယ်။
ဦးဘဘေ လမ်းမှန် ပေါ်ရှိခဲ့ချိန်မှာ ဆရာကြီးမှိုင်းက ထောက်ခံတယ်။ ပြည်သူ့ သဘောထားနဲ့ လမ်းလွဲ သွားချိန်မှာ ဆရာကြီးမှိုင်းက ရှုတ်ချတာပဲ။ သည်ကိစ္စနဲ့ ပတ်သက်လို့ ဆရာကြီးမှိုင်းကို ဝေဖန်သူ တစ်ချို့ ရှိခဲ့တယ်။ ဆရာကြီးဟာ ဦးဘဘေ အပေါ်မှာ လိုတစ်မျိုး မလိုတစ်မျိုး ရေးခဲ့တယ်လို့ ဝေဖန်တာပါ။ အဲဒါကို ဆရာဒဂုန် တာရာက ဖြေရှင်းဖူးတယ်။ လိုတစ်မျိုး မလိုတစ်မျိုး ဆိုတာ ဆရာကြီးမှိုင်းရဲ့ တစ်ဦးတည်း သဘောထားနဲ့ လိုတစ်မျိုး မလိုတစ်မျိုး မဟုတ်ဘူး။ ပြည်သူတွေရဲ့ သဘောထားကို ထင်ဟပ်တာ ဖြစ်တယ်။ ပြည်သူတွေက လိုလားတဲ့ အချိန်မှာ ဆရာကြီးမှိုင်းက ပြည်သူတွေနဲ့ အတူ ထောက်ခံတယ်။ ပြည်သူတွေက မလိုလားတဲ့ အချိန်မှာ ပြည်သူတွေနဲ့ အတူ ကန့်ကွက်တာပဲလို့ ဆိုပါတယ်။ အင်မတန် ကောင်းတဲ့ ဖြေရှင်းချက်ပဲဗျ။
ဖဆပလက ထုတ်ပစ်ခဲ့ရ
ဦးဘဘေဟာ မြန်မာ့ ရှေးဦး နိုင်ငံရေး သမားကြီးတွေထဲမှာ သံမဏိ အရှည်ဆုံး ထဲပါတယ်။ ဆိုပါစို့ဗျာ။ ၁၉၁၉ ခုနှစ် ဘေပုရှိန် ဘိလပ် သွားချိန်က စပြီး နာမည်ကြီးခဲ့တာ ခွဲရေး တွဲရေး ခေတ်ကျ တော့လည်း ခွဲရေးဘက်က ခေါင်းဆောင်၊ နောက်တော့ ငါးထောင်စား ၀န်ကြီး၊ ဂျပန်ခေတ်ကျတော့ လွတ်လပ်ရေး ပြင်ဆင်မှု အဖွဲ့မှာ ပါတယ်။ ဦးနုရေးတဲ့ ငါးနှစ်ရာသီ ဗမာပြည် စာအုပ်ထဲမှာ ဂျပန်ခေတ် လွတ်လပ်ရေး ပေးမယ် ဆိုပြီး နိုင်ငံရေး အစဉ်အလာကြီးတဲ့ ခေါင်းဆောင်တွေကို ဂျပန်စစ်ဘက်က အစည်းအဝေး ခေါ်တော့ ဘကြီး ဘဘေဟာ အစည်းအဝေးခန်းထဲ ကြောင်တိ ကြောင်ကန်း ၀င်လာစဉ် ဗမာပြည်သေဘီ၊ ဗမာပြည် သေဘီလို့ မြည်တမ်း နေတယ်လို့ ဦးနုက ရေးထားတာ မျက်စိထဲ မြင်ယောင် လောက်အောင်ပဲဗျ။
ဖက်ဆစ် တော်လှန်ရေးမှာ ဦးဘဘေ မပါဘူး။ သို့ပေမယ့် ဖက်ဆစ် တော်လှန်ရေး တပ်ဦးကြီး ဖြစ်တဲ့ ဖဆပလကို စစ်ပြီးချိန်မှာ ပြန်ဖွဲ့တော့ အစဉ်အလာကြီးသူ၊ နိုင်ငံရေး ၀ါရင့်သူအနေနဲ့ ဘကြီး ဘဘေကို ဗိုလ်ချုပ် အောင်ဆန်းက ဖဆပလ ခေါင်းဆောင်ပိုင်းမှာ ထည့်တယ်။ ဘိလပ်ကို လွတ်လပ်ရေး ကိစ္စ စကား သွားပြောတော့လည်း ဘကြီးဘဘေကို ခေါ်သွားတယ်။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ လေးစား အားကိုးခြင်း ခံရသူလို့တောင် ပြောနိုင်တယ်ဗျ။ သို့ပေမယ့် လွတ်လပ်ရေး လက်တစ်ကမ်း အလိုမှာ ဦးဘဘေက ‘ကလန်’ လွန်းလို့ ဖဆပလက သူ့ကို ထုတ်ပယ်ပစ် လိုက်ရသတဲ့ဗျာ။ ဒါတင် မကသေးဘူး။ မြန်မာပြည် လွတ်လပ်ရေး ရပြီး လေးငါးနှစ်ပဲ ရှိသေးတယ်။ ပြည်တွင်းစစ် အရှိန်တက်နေချိန်မှာ ဘကြီးဘဘေက စစ်ဦးစီးချုပ် ဗိုလ်ချုပ်နေ၀င်းကို ချဉ်းကပ်ပြီး အရပ်သား အစိုးရဆီက အာဏာသိမ်းဖို့ တိုက်တွန်း ခဲ့သတဲ့ဗျာ။ အဲဒီတုန်းက ဗိုလ်ချုပ်ကြီးနေ၀င်းက ၀န်ကြီးချုပ် ဦးနုဆီ သတင်းပို့လိုက်လို့ ဘကြီးဘဘေကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ဖမ်းဆီး ထောင်ချခဲ့ရတယ်။ နောက်တော့လည်း ဆဋ္ဌသင်္ဂါယနာတင်ပွဲ အထိမ်းအမှတ် လွတ်ငြိမ်း ချမ်းသာခွင့်တွေ ပေးတော့ ပြန်လွှတ်ပေး လိုက်ပါသတဲ့။ ကျွန်တော်တို့က ရှေးလူကြီးတွေရဲ့ သမိုင်းကြောင်း တွေကို ဖတ်ပြီး သံဝေဂတွေ ရနေမိတယ်ဗျာ။
ဘာပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်ရဲ့ သမိုင်းကြောင်းတွေကို ဖတ်မှတ်ပြီး သင်ခန်းစာယူဖို့ အရေးကြီးတာပဲဗျ။ ရှေ့က လူကြီးတွေရဲ့ ကောင်းတဲ့ အစဉ်အလာတွေကို ထိန်း၊ မကောင်းတဲ့ အစဉ်အလာတွေကို ပယ်ကြမှ ကောင်းတဲ့ အနာဂတ်ကို တည်ဆောက် နိုင်ကြမှာပေါ့ဗျာ။
ကျွန်တော်တို့ကတော့ မိမိ ကိုယ်တိုင်လည်း ဘကြီးဘဘေလို နိုင်ငံရေး အာဃာတ တွေကြောင့် မမှားရ လေအောင်၊ အသက်ကြီး သည့်တိုင် မပျက်စီး ရလေအောင် နိုင်ငံရေးသီလကို ကြိုးစား စောင့်ထိန်း နေရကြောင်း ပါဗျာ။
မောင်ဝံသ

6 comments:

MokeHimKha said...
I really do not understand the article. Politics in “free society” will have all sorts of politicians which makes “democracy”, “freedom”, “individualism” and ”equality of chance”. Mg Wan tha can write whatever he wants and believes. However when I read the articles in local journals (inside Myanmar) , most of articles are similar: Pointing out all mistakes, bad behaviors, old stories of former civilian leaders. By writing all these articles every day, what are they expecting from people reactions? With which kind of rulers they measure “ a good civilian politician”? Every society/nation will have all sort of politicians that make a human society. What they really want to teach us, these call third forces or self-claimed moderate? ဘာပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်ရဲ့ သမိုင်းကြောင်းတွေကို ဖတ်မှတ်ပြီး သင်ခန်းစာယူဖို့ အရေးကြီးတာပဲဗျ။ ရှေ့က လူကြီးတွေရဲ့ ကောင်းတဲ့ အစဉ်အလာတွေကို ထိန်း၊ မကောင်းတဲ့ အစဉ်အလာတွေကို ပယ်ကြမှ ကောင်းတဲ့ အနာဂတ်ကို တည်ဆောက် နိုင်ကြမှာပေါ့ဗျာ။ Which kind of lessons Mg Wan Tha want us to take from his article? We must eliminate the politicians like U Ba Be? We must not behave like U Ba Be? He does not have any right to say this. He by stating the sentence mentioned above, is violating the rule of “freedom” and “equality of chance” People will judge U Ba Be, people will score U Ba Be according to what he had done for the nation. Some may judge U Ba Be as good while some other can judge U BA Be as bad. Mg Wan THa has no right at all to judge U BA Be in the place of the people. Does Mg Wan knows this rule for a good writer? There are so many politicians like U Ba Be, U Nu, Boygoke Aung San in every country, it is not an extra-ordinary profile to point out specially.
တတတ said...
ဆရာခင်ဗျား မည်သို့ ပင်ဆိုစေကာမှု စာပေရဲ့ ဆရာဆိုသောဂုဏ်တစ်ခုကိုပိုင်ဆိုင်ထားသောကြောင့် လေးစားမှုအနေနဲ့ ကတော့ အပြည့်ရှိပါသည်။ သို့ သောကလောင်သွားတစ်ခုနဲ့ အရာရာကိုရိုက်ချိုးလိုက်မယ်ဟဲ့ ဆိုတဲ့ မာန်တွေတော့ လျှော့စေချင်ပါသည်။ မြန်မာနိုင်ငံတွင် အနှေးနဲ့ အမြန်ကို ထိုသို့ သောမာန်တွေနဲ့ ဖြစ်တည်ကာ ပြသနာတွေ ကနေ အစုလိုက်အုပ်လုပ်ဖြစ်လာမှုတွေကိုလည်း ဆရာတို့ ထိမ်းဖို့ တာဝန်ရှိပါသည်။ ရိုင်းတယ်ထင်ရင်လည်း မတတ်နိုင်ဘူးဗျာ ဆရာဝံသ ခင်ဗျား ၊ဆရာတည်းဟူသော ဂုဏ်ကို ပြောရတာနည်းနည်းတော့ လန့် ပါတယ်. သို့ ပေမဲ့  နိုင်ငံရေး အမြင်နဲ့ ခံယူချက်မှာတော့ ပြတ်ပြတ်နဲ့ တည့်တည့်ဝေဖန်ပြောရမှာပါဘဲ။ ကြိုက်ကြိုက်တယ်ပေါ့၊ မကြိုက်ရင်လည်းမကြိုက်ဘူးပေါ့၊ စိတ်ခံစားမှုအရနဲ့  ကျင်လည်ရာပတ်ဝန်းကျင်နဲ့ ကြီးပြင်းရာအနေအထားအသိုင်းဝိုင်းကလည်း အလွန်အရေးကြီးပါတယ်။ ထိုအတူ တတ်မြှောက်သောပညာနဲ့ စဉ်းစားတွေးခေါ်ပုံကလည်း အလွန်ကို လိုအပ်ပါသည်။ ကျွန်တော်ကတော့ ဆရာဝံသကို ဘယ်တုံးကနိုင်ငံရေး မှာဦးဆောင်သောသူများနဲ့  အသီးသီးသော သူများ က သူတို့ တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်မှာခေါင်းဆောင်တန်းကို သွားမဲ့ ပထမ မျိုးဆက်တွေ သို့တည်းမဟုတ် ဒုတိယတန်းမျိုးဆက် ခေါင်းဆောင်တွေပေါ့ဟု ပြောသည်ကိုလည်းမကြားဘူးပါ။ ဖဆပလခေတ်၊ မဆလ (တပါတီစနစ်) ခေတ်၊ န၀တ နဲ့ အတိုက်အခံများ ခေတ်တွင်လည်း ( တော်တော်များများသော ဝေဖန်ရေးဆရာများအားလုံးကိုဆိုလိုပါသည်)လေးစားမှုပြုလောက်သော နိုင်ငံရေးသုံးသပ်ချက်များကို ခိုင်းနိုးင်းယှဉ်ပြကာ ပြုလုပ်သူ၊ ထောက်ပြတင်ပြသူ၊ လမ်းပြ၊လမ်းညွှန် ပြုသူဆိုပြီးတော့လည်း မတွေ့ ဘုးပါ၊ မဖတ်ဖူးပါ၊ မကြားဖူးပါ။ ဝေဖန်လို့ ရပါသည် ၊ထောက်ပြလို့ ရပါသည်။ ဘေးထိုင်ကာ သူများလုပ်တာအားလုံးကို ကိုယ်စိတ်ထဲရှိတာကော မရှိတာကော ပေါ်ပင်လည်း လုပ်လို့ ရပါသည်။ သို့ သော် မိမိဝေဖန်သော သူတို့ သည် သမိုင်းတွင် ဘယ်လောက်ထိနက်ရှိုင်းစွာလုပ်ခဲ့တယ်ဆိုတာကို သိဖို့ လိုပါသည်။ ကောင်းတာကိုလည်းကောင်းတယ်လို့ ဝေဖန်ရမှာပါဘဲ၊တော်တာတော်တယ်၊ မှားတာမှားတယ်ဘဲပေါ့၊ မှားတတ်သောအမှား( လူတိုင်းမပြည့်ဝပါ၊မှားတတ်ပါသည်၊ မှားတာကိုချစ်စိတ်နဲ့ မကာကွယ်ကြပါနဲ့ )များရှိပါသည်။ သို့ သော်ဆရာဝံသ ဝေဖန်မှုစာတော်တော်များများသည် မကောင်းတာကိုဘဲမီးမှောင်းထိုးပြပါသည်။ကောင်းတာတွေကို မီးမှောင်းတစ်ခုမှထိုးပြခဲ့သောဝေဖန်စာမျိုး၊တွေ့ ရခဲပါသည်။ နည်းပါသည်။ ဘကြီးဘဘေ နိုင်ငံအတွက် အကောင်းဆုံး ကွန်တွီးဗြူးရှင်းတွေလုပ်ခဲ့၊ချခဲ့တာတွေကို ဘာကြောင့်မပြောပါသလည်း။ ပြောစရာမလိုအောင် ပြည်သူတွေကသိနေပြီလား လွတ်လပ်ရေးရဖို့ အောင်ဆန်း-အီတလီစာချုပ်ချုပ်ရာမှာ ဘကြီးဘဘေ ဘယ်လောက်ထထဲထဲဝင်ဝင် လုပ်ကိုင်ပေးရတယ်ဆိုတာတွေကို ဘာလို မပြောလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ တောင် ဒါတွေကဒီလိုလုပ်ရတယ် ဆိုလားဆိုပြီးတော့ပြန်မေးပြန်ပြောပြီး အကြံပြန်ယူရသေးတာပါ။ မကောင်းသောအယူအဆ၊လွဲမှားသောလမ်းကိုလိုက်ခဲ့သော နိုင်ငံရေးခေါင်းဆောင်ဆိုသူတွေရဲ့ လုပ်ဆောင်ချက်များ တွင် နိုင်ငံကိုလွတ်လပ်ရေးရအောင် ယူရာတွင်ေ၇ှ့တန်းကနေရှိနေခဲ့ကြတာပါ။ ကျွန်တော်တို့ မြန်မာတွေတွင် ချစ်တော့လည်း ချစ်လိုက်ကြတာ၊ မုန်းတော့လည်း တူးခါးနေကြတာဘဲ အဲလိုစိတ်ရှိနေပြီးတော့ ဒီမိုကရေစီကို မြတ်မြတ်နိုးနိုးကြိုက်တယ်လို့ ပြောတာတော့ ရီစရာများဖြစ်နေသလားလို့ လည်းစဉ်းစားမိပါတယ်။ ထိုအတူ ကျွန်တော်တို့ အောက်သက်မကျေဘဲ အတန်းကျော်တက်နေကြတာလားဆိုတာလည်း စဉ်းစားမိပါတယ်။ ဒီအတွက်ကြောင့် ဆရာတို့ စာပေဆရာများအနေနဲ့  ပြည်သူတွေအတွက် လိုက်နာစရာလိုက်နာရမဲ့အချက်နဲ့ ကျင့်ကြံရမဲ့စိတ်ထားတွေကို ပြင်ပလောကမှာကော စာပေနဲ့ ကော တိုက်တွန်းဖေါ်ဆောင်မှုတွေပေးနိုင်ဖို့ လိုနေပါသည်လို့ အကြံပြုပါသည်။
predator2 said...
စစ်အသုံးစရိတ် နေပြည်တော် ပိုသုံးမည် .. http://www.irrawaddy.org/bur/index.php/news/1-news/3300-2010-06-04-05-31-17 Al Jazeera မှာကြည့်လိုက်ရတာတွေ စိတ်ဆင်း၇ဲသလို ဒေါသ လဲ ထွက်ရတယ်ခင်ဗျ။ တိုင်းသူပြည်သားတွေ ဒီလောက် ကြပတည်းဆင်းရဲ အောက်တန်းနောက်တန်းကျ နေတာတောင် လုပ်ရက်လေခြင်း လို့ ။
predator2 said...
ယခု ချပေးသည့် ဘတ်ဂျက်သည် ပုံမှန် ချပေးသည်ထက် ပိုမိုများပြားနေကြောင်း၊ ၆ လ အတွင်း စစ်သုံးပစ္စည်း များ အကြီးအကျယ် ဝယ်ယူရန် အစီအစဉ် ရှိသည်ဟုလည်း သိရကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။ စစ်အစိုးရသည် လက်နက်များကို တရုတ်၊ ရုရှား၊ ယူကရိန်း၊ အစ္စရေး နှင့် ဆားဗီးယားတို့မှ ဝယ်ယူကြောင်း သိရ သည်။ စစ်အစိုးရ ဘတ်ဂျက်၏ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းကို စစ်ရေး ကဏ္ဍတွင် အသုံးပြုနေသည်ဟု ပညာရှင် များက ခန့်မှန်း တွက်ချက်ကြသည်။ ဘတ်ဂျက်ငွေ လျာထားရာ၌ ကျန်းမာရေးကဏ္ဍတွင် ၀.၄ ရာခိုင်နှုန်းနှင့် ပညာရေး ကဏ္ဍတွင် ၀.၅ ရာခိုင်နှုန်း သာ သုံးစွဲကြောင်း လန်ဒန် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက ၂၀၀၇ တွင် ထုတ်ပြန် သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၀၉ နှစ်ကုန်ပိုင်းကလည်း ဒေါ်လာသန်း ၅၇၀ တန်ဖိုးရှိ MiG 29 တိုက်လေယာဉ် အစီး၂၀ ဝယ်ယူခဲ့သည်။ http://www.irrawaddy.org/bur/index.php/news/1-news/3300-2010-06-04-05-31-17
thiha said...
စိမ်းလဲ့ကန်သာ လူသတ်မှု ဆက်မလိုက်ရန် နအဖ ခေါင်းဆောင်များက ညွှန်ကြားထား http://moemaka.com/index.php?option=com_content&task=view&id=4566&Itemid=1 တရားဥပဒေအထက်မှာ ဘယ်လူမှ မရှိစေရဆိုတဲ့အတိုင်း (လူမဟုတ်သော)နအဖ ဗိုလ်ချုပ်များသည် ညောင်မြစ်တူးလျှင် ၎င်းတို.၏ပုတ်သင်ဥများ ပေါ်ကုန်မှာ ကြောက် နေသောကြောင့်.....ဤအမှုအား ဥပဒေကြောင်း အရ စုံစမ်းထောက်လှမ်းရန် ကျန်နေသေးသော ကိစ္စများကို အာဏာဖြင့် တားမြစ်ထါးပါသည်။
swe said...
တတတ (လေးစားမှုပြုလောက်သော နိုင်ငံရေးသုံးသပ်ချက်များကို ခိုင်းနိုးင်းယှဉ်ပြကာ ပြုလုပ်သူ၊ ထောက်ပြတင်ပြသူ၊ လမ်းပြ၊လမ်းညွှန် ပြုသူဆိုပြီးတော့လည်း မတွေ့ ဘုးပါ၊ မဖတ်ဖူးပါ၊ မကြားဖူးပါ။ ဝေဖန်လို့ ရပါသည် ၊ထောက်ပြလို့ ရပါသည်။ ဘေးထိုင်ကာ သူများလုပ်တာအားလုံးကို ကိုယ်စိတ်ထဲရှိတာကော မရှိတာကော ပေါ်ပင်လည်း လုပ်လို့ ရပါသည်။ ) ဘယ် ဖတ်ဖူး ကြားဖူးမှာလဲ မင်းပြော တာတွေ ဘာတစ်ခုမှ ရေးခွင့် ပြောခွင့် လမ်းညွှန်ခွင့် ဝေဖန်ထောက်ပြခွင့် မရဘူးကွ ”စါပေစီစစ်ရေး ” ဆိုတဲ့ နအဖ ရဲ့ ဗိုလ်ချုပ်တစ်သိုက်က သူတို. မမြင်ခြင် မဖတ်ခြင် ပြည်သူတွေကို မသိစေချင်တာ ဆိုရင် အားလုံးပိတ် ထါးတယ်လကွာ - စါနယ်ဇင်းသတင်းစါ အားလုံးကို ”ထိပ် ပိတ်” လုပ်နေတယ်။ ဇာတ်သဘင်- ရုပ်ရှင် ရိုက်သူများလဲ ရသပေါ်လွင်စေမဲ့ တောနေမြန်မာ နဲ့ တိုင်းရင်းသား ဆင်းရဲသားတွေ နေပုံစါးပုံ တွေကို အရှိအတိုင်း ပီပြင်အောင် ရိုက်မပြရဘူးတဲ့။ မသိတာလား မသိခြင်ဟန်ဆောင်နေတာလား တတတ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...