Saturday, April 9, 2011

ဆရာပါရဂူ ကွယ်လွန်

ကိုပေါက် | စနေနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၃ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။       ။ သျှန်တိနိကေတန် စာကြည့်တိုက်ကြီးအား တည်ထောင်ခဲ့သူ စာရေးဆရာကြီး ပါရဂူသည် စနေနေ့ နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်။


မကွယ်လွန်မီရက်သတပတ်အလို ဧပြီလ၃ရက်နေ့ကရိုက်ကူးထားသောပုံဖြစ်ပြီး ဆရာပါရဂူသက်ရှိထင်ရှားရှိစဉ် နောက်ဆုံးရိုက်ကူးခဲ့သောပုံ ဖြစ်ဖွယ်ရှိသည်။ ဓာတ်ပုံ-မဇ္ဈိမ
ဆရာကြီး၏ ရုပ်အလောင်းအား ရေဝေးသုဿန် အအေးတိုက်တွင် ၃ ရက်ကြာ ထားရှိဦးမှာဖြစ်ပြီး တနင်္လာနေ့တွင် သင်္ဂြိုဟ်မည်ဟု သိရှိရသည်။


“ဆရာမ သန်းမြင့်အောင်နဲ့ ဦးကျော်သူတို့က အလောင်းကို ဆေးရုံမှာ သွားယူနေတယ်။ အာရှတော်ဝင်ကနေ ရေဝေး အအေးခန်းကို ပို့မယ်။ အအေးခန်းမှာ ၃ ရက်ထားဦးမှာ”ဟု နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

နှလုံးရောဂါဖြင့် ကွယ်လွန်ချိန်တွင် ဆရာကြီးမှာ အသက် ၉၁ နှစ် ရှိပြီဖြစ်ပြီး စာအုပ်ပေါင်း ၁၀၀ ကျော် ရေးသားပြူစုခဲ့သည်။

ဆရာကြီးသည် အထူးသဖြင့် အိန္ဒိယ စာပေများကို မြန်မာဘာသာသို့ ပြန်ဆိုပေးလေ့ရှိရာ ယခုလို ကွယ်လွန်သွားသည့်အတွက် အစားထိုးမရသည့် ကွက်လပ်ကြီးတခုဖြစ်ကြောင်း စာရေးဆရာ ချစ်ဦးညိုက မဇ္ဈိမကို ပြောသည်။

 “ဆရာပါ က ဟိန္ဒီစာအုပ်တွေ အများဆုံး ဘာသာပြန်ပါတယ်။ အိန္ဒိယစာပေကို အင်္ဂလိပ်ဘာသာကနေ တဆင့် ပြန်နိုင်တဲ့ပုဂ္ဂိုလ်များ ရှိပေမယ့် ဟိန္ဒီ၊ သက္ကတ ကနေ တိုက်ရိုက်ပြန်နိုင်တဲ့ပုဂ္ဂိုလ်ကတော့ အင်မတန် နည်းပြီးတော့ ခုလို ဆရာပါ တိမ်းပါးသွားခြင်းဟာ ကြီးစွာသော ကွက်လပ်ကြီး ဖြစ်ပါတယ်”ဟု သူက ပြောသည်။

ဆရာပါရဂူသည် ၁၉ နှစ်သားအရွယ် ရှင်သာမဏေ ဘဝဖြင့် တိုးတက်ရေးနှင့် ဒဂုန်မဂ္ဂဇင်းများတွင် စာပေများ စတင်ရေးသားလာခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဗာရာဏသီ ဟိန္ဒူတက္ကသိုလ် BHU မှ ဟိန္ဒီနှင့်သကတ္တဘာသာများ သင်ယူတတ်မြောက်ကာ ၁၉၅၅ ခုနှစ်တွင် လူဝတ်လဲခဲ့သော်လည်း ကွယ်လွန်သည်အထိ အိမ်ထောင်မပြုခဲ့ပေ။

ဆရာပြုစုခဲ့သည့် စာအုပ်များတွင် ဘင်္ဂါလီစာဆိုကြီး တဂိုး၏ ကဗျာ၊ ဝတ္ထုများ၊ ရာဟုလာသံကိစ္စည်း၏ စာပေများ၊ ချန်ဒရာဗားရ်မား၏ စာပေများ ပါဝင်သည်။ မဟာလူသားဗုဒ္ဓ၊ ဗုဒ္ဓစကား၊ ဗုဒ္ဓဘာသာနှင့် ကွန်မြူနစ်ဝါဒ၊ ဓမ္မစကား၊ ဈင်ဗုဒ္ဓဘာသာ စသည့် ဘာသာရေးစာပေများအပြင် ပလေတို၊ အရစ္စတိုတယ်၊ နိုင်ငံရေးဒဿန၊ တော်လှန်သောအတွေးအခေါ် စသည်တို့ကဲ့သို့ ဒဿနိကဆိုင်ရာ စာပေများလည်း ပါဝင်သည်။

ခရီးသွားစာပေများ၊ အိန္ဒိယ ဂန္ထဝင်ဝတ္ထုများ၊ အထ္ထုပ္ပတ္တိများလည်း ရေးသားပြုစုခဲ့ကာ ဝေသာလီ၊ စိတ္တရလေခါ၊ စိတြ၊ ဒိဗျာ၊ အမ္ဗပါလီတို့မှာ ကြော်ကြားသည်။


သခင်သိန်းမောင်(ဝါးခယ်မ)၊ စာရေးဆရာကြီးပါရဂူ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို ဖေဖော်ဝါရီ ၂ ရက် ၂ဝ၁၁ ခုနှစ် မနက်ပိုင်းက သခင်သိန်းမောင်၏ မွေးနေ့ပွဲတွင် တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)
ဆရာပါရဂူ၏ စာပေဆောင်ရွက်ချက်များတွင် တမူထူးခြားချက်ဟုဆိုရမည့် သျှန်တိနိကေတန် စာကြည့်တိုက် ထူထောင်နိုင်ခဲ့ခြင်းကြောင့် မြန်မာစာပေအတွက် အကျိုးထူးများ ပေးစွမ်းနိုင်ကြောင်းကိုလည်း ဆရာချစ်ဦးညိုက ပြောသည်။

 “ရိုးရိုးစာကြည့်တိုက်လို မဟုတ်ပါဘူး။ ရည်ညွှန်းစာကြည့်တိုက်ကြီးပါ။ ဒါကြောင့် စာဖတ်အသင်းလို၊ စာကြည့်သင်းလိုတော့ လူဝင်လူထွက် များမှာမဟုတ်ပါဘူး။ ဒီစာကြည့်တိုက်ထဲမှာ လာဖတ်တဲ့သူတွေ အင်မတန်နည်းသော်လည်း ဒီစာကြည့်တိုက်မှာ လာပြီး စာဖတ်ခြင်း၊ Reference လုပ်ခြင်း၊ ကျမ်းပြုခြင်းအားဖြင့် အင်မတန် အရည်အချင်းလေးနက်တဲ့စာမျိုးတွေကို ပြုစုနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

အဆိုပါ စာကြည့်တိုက်ကို ရွှေပေါက္ကံမြို့သစ် ၁၆ ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိပြီး ဆရာပါရဂူ ၂၀၀၄ ခုနှစ်မှ စတင်၍ ကွယ်လွန်သည်အထိ နေထိုင်သွားခဲ့သည်။

ကျန်းမာရေးချို့တဲ့သော စာရေးဆရာကြီးများအား ပူဇော်ကန်တောပွဲကို စနေနေ့က ရန်ကုန်မြို့ စီးတီးစတားဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ လွန်ခဲ့သည့်လက ပြုလုပ်ခဲ့သည့် အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံအတွင်း ပထမဆုံးအကြမ် ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲများတွင် စာရေးဆရာများ လက်မှတ်ဖြင့် စာအုပ်များ အမှတ်တရ ရောင်းချ၍ ရရှိခဲ့သော ငွေကြေးများဖြင့် ပူဇော်ကန်တော့ကြခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားတွင် ဆရာပါရဂူ ကွယ်လွန်ခြင်းအတွက် တက်ရောက်လာသော စာရေးဆရာများက ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ၂ မိနစ် ငြိမ်သက်ခဲ့ကြကြောင်း သိရသည်။

ဆရာပါရဂူသည် ၂၀၀၁ ခုနှစ်အတွက် ပခုက္ကူဦးအုန်းဖေ တသက်တာစာပေဆု ချီးမြှင့်ခံခဲ့ရပြီး ညီတော်မင်းနန်၊ ဂေါရီ စာအုပ်များဖြင့်လည်း ဘာသာပြန်စာပေဆုများ ရရှိခဲ့ကာ ၁၉၆၇ ခုနှစ်တွင် မြန်မာနိုင်ငံ ဟိန္ဒူစာပေအသင်း၏ ရွှေတံဆိပ်ဆုကိုလည်း ဆွတ်ခူးရရှိခဲ့သည်။

၁၉၅၆ ခုနှစ်တွင် အာရှစာရေးဆရာညီလာခံ အတွင်းရေးမှူးအဖွဲ့သို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၅၈ ခုမှ ၁၉၆၅ ခုအထိ မြန်မာနိုင်ငံ စာရေးဆရာ အသင်းနှင့် သမဂ္ဂများတွင် အမှုဆောင်အဖြစ် ပါဝင်ကာ ၁၉၇၁ မှ ၁၉၇၅ အထိ မြန်မာစာပေကော်မရှင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးတွင် စာရေးဆရာသမဂ္ဂမှ မဆလ နိုင်ငံတော်ကောင်စီထံသို့ လက်မှတ်စုထိုး တောင်းဆိုသည့်လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

ဆရာပါရဂူ ကွယ်လွန်သွားခြင်းနှင့်ပတ်သက်၍ အထူးကြေကွဲဝမ်းနည်းရကြောင်း ချစ်ဦးညိုက ပြောသည်။

 “ကျနော့်မှာ အဖေ ၃ ယောက်ရှိပါတယ်။ ကျနော့်ရဲ့ မွေးသဖခင်နဲ့ အခြားနှစ်ယောက်ကတော့ ဆရာပါရဂူနဲ့ ဆရာမြသန်းတင့်ပါ။ ကျနော် ဆရာမြသန်းတင့်ရဲ့ဈာပနမှာ ဆရာပါရဂူကို ဖက်ပြီးတော့ ကျနော် ငိုခဲ့ပါတယ်။ အခု ဆရာပါ ဆုံးတဲ့အချိန်မှာ ကျနော် အတိုင်းမသိ ကြေကွဲပါတယ်” ဟု ဝမ်းနည်းစွာ ပြောဆိုသည်။

ဆရာမြသန်းတင့် ကွယ်လွန်ပြီးနောက် ‘မြသန်းတင့်’ဟူသော စာအုပ်တအုပ်ကို ဆရာပါရဂူ က အမှတ်တရ ရေးသားထုတ်ဝေခဲ့သေးသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...