အနုမြူလောင်စာ၏အနာဂတ်
ဂျပန်နိုင်ငံ ဖူကူရှီးမားတွင်ဖြစ်ပွားခဲ့သည့်အကြပ်အတည်းကြောင့် နျူကလီးယား အနုမြူလောင်စာအသုံးပြုမှုတိုးတက်မှုကို နှေးကွေးသွားစေနိုင်သည်။ သို့သော် ပြောင်းပြန်လှန်ပစ်နိုင်မည်လော?။
နျူကလီးယားပြဿနာဖြစ်သည့်အခါတိုင်း အကြောက်တရားနှင့် မသေချာမရေရာမှုတို့သည် လျင်လျင်မြန်မြန် ခပ်ဝေးဝေးကိုရောက်ရှိ ပျံ့နှံ့သွားတတ်ကြသည်။ အလွန်ဝေးလံရာ တိုကျို၌ပင်လျှင် ဘုံပိုင်ခေါင်းမှ ထွက်လာသည့်ရေများသည် အနုမြူရောင်ခြည်သင့်နေသည်ကို စိုးရိမ်ကြသည်။ ကြာရှည်တွေ့ကြုံရမည့် အကျိုးသက်ရောက်မှုများ သေချာပေါက်ရှိနေသည်။
သန့်ရှင်းရေးလုပ်ရသည့်လုပ်ရပ်များသည် နှစ်ပေါင်းများစွာမှ ၁၀စုနှစ်ပေါင်းများစွာအထိ ကြာနိုင်သည်။ အနုမြူရောင်ခြည်ဒဏ်ကိုအတွေ့များသည့် လုပ်သားများသည် ၄င်းတို့၏ဘ၀တစ်လျှောက်တွင် ကင်ဆာဖြစ်နိုင်သည့်အလားအလာရှိသည်။ မသေချာမရေရာမှုအကြောက်တရားတို့နှင့်မတူဘဲ အနာဂတ်အတွက်စိုးရိမ်မကင်းဖြစ်ခြင်းသည် အနာဂတ်စွမ်းအင်ကိစ္စများနှင့်ပတ်သက်၍ အနုမြူကို ဆွေးနွေးရာတွင် ရေရှည်အတွက် စိုးရိမ်ပူပန်မှုများရှိလာသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီအတော်များများအတွက် အနုမြူစွမ်းအားကို လုံးဝဖယ်ရှားပစ်လိုမှုသည် အနုမြူကို လုံးဝစိတ်မချရဟူသော ယုံကြည်မှုအပေါ်တွင် အခြေခံသည်။ နောက်ဆုံးတစ်နေ့တွင် တစ်နေရာရာ၌ အနုမြူဓာတ်ပေါင်းဖိုများသည် ထိန်းချုပ်၍ ရမည်မဟုတ်။ ၁၉၇၉ခုနှစ်က ပင်ဆယ်လ်ဗေးနီးယားပြည်နယ် သုံးမိုင်ကျွန်း၌ တစ်ခါဖြစ်ခဲ့သည်။ ၁၉၈၆ခုနှစ်က ချာနိုဘိုင်း၌ တစ်ခါဖြစ်ခဲ့သည်။ ယခု ဓာတ်ပေါင်းဖို သုံးရုံဖြစ်ပြန်ပြီ။ ယခင်ကဖြစ်သည့် ဖြစ်ရပ်တွေ ထပ်တလဲလဲဖြစ်နေဦးမည်။ ယခုဖြစ်ရပ်သည် ချာနိုဘိုင်းလောက် မဆိုးသော်လည်း သုံးမိုင်ကျွန်း၌ ဖြစ်ပွားသည့်ဖြစ်ရပ်ထက် ပို၍ဆိုးသည်။
အမှန်စင်စစ် ဖူကူရှီးမား၌ ဖြစ်သည့်ကိစ္စသည် သမိုင်းတစ်လျှောက်တွင် တစ်ခါသာကြုံတွေ့တတ်သည့် သဘာဝဘေးအန္တရာယ်များကြောင့် တွေ့ကြုံရခြင်းဖြစ်သည်။ ဤသို့ပြောဆိုရာ၌ အဓိပ္ပာယ်နှစ်ခုထွက်သည်။ အနုမြူစက်ရုံကို တည်ဆောက်ခဲ့သူများက ငလျင်ဖြစ်ပွားရာဒေသ၌ ကမ်းခြေအနိမ့်တွင် စက်ရုံကိုတည်ထားခဲ့ခြင်းကြောင့် ဘာဖြစ်မည်ကို သေသေချာချာမသိခဲ့။ တစ်ဖက်၌ ကြိုတင်စီမံမှုညံ့ဖျင်းခြင်းသည် ပြဿနာ၏ တစိတ်တဒေသဖြစ်နေသည်။
မကြာသေးမီကာလအတွင်း ဂျပန်တို့က အနုမြူလောင်စာအပေါ်၌ ယုံကြည်မှုတိုးပွားလာခြင်းသည် လွန်ခဲ့သည့်အတိတ်က အနုမြူပြဿနာများ၌ ရာထူးမှ နုတ်ထွက်ရမှုများကို ဖြစ်ပေါ်စေပြီး စီမံကိန်းရေးဆွဲသူများ၊ လောင်စာကုမ္ပဏီများ၊ စွမ်းအင်ကုမ္ပဏီများနှင့် စည်းကမ်းထိန်းချုပ်မှုများအကြား ပြုပြင်ပြောင်းလဲမည့်အလားအလာများကို ဖြစ်ပေါ်စေခဲ့ခြင်းကြောင့်ဖြစ်သည်။ ၂၀၀၅ခုနှစ်တွင် လူ ၂၅ရာခိုင်နှုန်းခန့်က အနုမြူလောင်စာသည် စိတ်ချရသည်ဟု ယုံကြည်ခဲ့ကြရာ ယခုအခါ ၄၀ရာခိုင်နှုန်းအထိ များလာသည်ဟု ဂျပန်ဝန်ကြီးအဖွဲ့ရုံးကလေ့လာသည့် စစ်တမ်းတစ်ရပ်အရ သိရသည်။
အနုမြူဓာတ်ပေါင်းဖိုများတည်ဆောက်ရန်အတွက် မြေနေရာရှာရသည်မှာ မလွယ်လှ။ သို့ဖြစ်၍ ဓာတ်ပေါင်းဖိုဟောင်းများ ဆက်ရှိနေရခြင်းဖြစ်သည်။ သို့သော် အနုမြူဓာတ်ပေါင်းဖိုအသစ်များအတွက် နေရာရှာဖွေရေးသည် မဖြစ်နိုင်သည့်ကိစ္စမဟုတ်ပေ။ ဤသို့ဖြင့် အနုမြူစွမ်းအင်လုပ်ငန်းများသည် ဦးမော့လျက်ရှိသည်။ ကမ္ဘာ့အနုမြူအသင်း၏အဆိုအရ တည်ဆောက်ရန် လျာထားသည့် စက်ရုံများ၊ အဆိုပြုချက်များ အများအပြားရှိနေသည်။ သို့သော် ယခုအခြေအနေအတိုင်းဆိုလျှင် ၄င်းတို့အားလုံး ရပ်ဆိုင်းသွားနိုင်သည်။ ဓာတ်ပေါင်းဖိုများကို အစားထိုးရန်ကိစ္စပင်လျှင် ခက်ခဲနိုင်သည်။
ယခင်နှစ်က မီးတောင်ပေါက်ကွဲမှုကြောင့် ဥရောပတွင် သွားလာမှုများခက်ခဲစေပြီး၊ ရေနံယိုစိမ့်မှုကြောင့် မက္ကဆီကိုပင်လယ်ကွေ့တွင် ညစ်ညမ်းမှုများဖြစ်ပွားစေခဲ့သော်လည်း ရေနံကို မသုံးတော့ဟူ၍လည်းကောင်း၊ ရေကြောင်းသွားလာမှုများကို ရပ်တန့်မည်ဟူ၍သော်လည်းကောင်း စိတ်ကူးများ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်လာခြင်းမရှိခဲ့ပေ။ သို့သော် အနုမြူစွမ်းအင်သည် ရေနံနှင့်လေတို့ထက် အခြေခံမကျလှပေ။ နျူကလီးယားဓာတ်ပေါင်းဖိုများသည် ကမ္ဘာ့လျှပ်စစ်စွမ်းအား၏ ၁၄ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနေပြီး၊ သူ၏သက်တမ်းမှာ ၂၇နှစ်ခန့်သာရှိသေးကာ အများအားဖြင့် ၄င်းတို့၏သက်တမ်းကို နှစ် ၄၀သတ်မှတ်ထားရာ၊ အများစုသည် အနားပေးရမည့်အချိန်သို့ရောက်နေသည်။
ကမ္ဘာကြီးက လေယာဉ်စီး၍ ပျံသန်းလိုကြ၊ ရေနံတွေကို ငတ်မွတ်ကြသော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ၂၅အတွင်း အနုမြူစွမ်းအားကို ရယူသုံးစွဲလိုမှု နည်းပါးသည်။ ဤသို့ဖြစ်ရသည်မှာ ချာနိုဘိုင်း၌ ဖြစ်ပွားသည့် ပြဿနာကြောင့်ချည်းမဟုတ်ပေ။ နျူကလီးယားစက်ရုံများတည်ဆောက်ရန်အတွက် ငွေကြေးအများအပြားလိုအပ်သည်။ ဖူကူရှီးမားပြဿနာမျိုးနှင့် ကြုံတွေ့လျှင် ပို၍စရိတ်ကြီးများနိုင်သည်။ လိုင်စင်ရရှိရေး၊ အတည်ပြုချက်ရရှိရေးတို့အတွက် ပို၍ မသေချာမရေရာမှုတွေ များလာနိုင်သည်။
အခြားပြဿနာတစ်ခုမှာ အကယ်၍ ကမ္ဘာ့တစ်ဖက်ခြမ်းရှိ အနုမြူဓာတ်ပေါင်းဖိုတစ်ခုတွင် တည်ဆောက်ပုံမှားယွင်းခြင်း၊ လည်ပတ်ပုံမှားယွင်းခြင်းတစ်ခုခု တွေ့ရလျှင် မိမိ၏ဓာတ်ပေါင်းဖိုကိုလည်း ပိတ်ပစ်ခံရမည့်အလားအလာများသည်။ ဤသို့ဆိုသည်မှာ သဘောတရားမျှသာမဟုတ်၊ လက်တွေ့လည်းဖြစ်နေသည်။ မတ်လ အလယ်အထိ စိတ်ချလက်ချ အန္တရာယ်ကင်းကင်းရှိနေသည့် ဂျာမန်အနုမြူဓာတ်ပေါင်းဖို ၇ခု ပိတ်ပစ်ခံရသည်။ အချို့သည် လုံးဝပြန်ဖွင့်မည်မဟုတ်ပေ။ ထိုသို့ဖြစ်သည့်အတွက် ဂျာမန်တို့အနေဖြင့် များများစားစားဒုက္ခရောက်စရာမရှိပေ။ ချာနိုဘိုင်းပြဿနာဖြစ်ပြီးကတည်းက အနုမြူစက်ရုံများကို အသုံးပြုမှုမှေးမှိန်လာခဲ့ပြီး သဘာဝဓာတ်ငွေ့နှင့် ပြန်လည်ဖြည့်တင်းနိုင်သည့် လောင်စာများကပို၍ အရေးပါလာသည်။ ဂျာမနီတွင် လျှပ်စစ်စွမ်းအင်ဈေးနှုန်းများသည်၊ ဓာတ်ငွေ့နှင့် ကာဗွန်တို့၏ ဈေးနှုန်းများအပေါ်တွင် မူတည်၍ တက်နိုင်သည်။ အနုမြူစက်ရုံများသည် ဈေးကြီးအိုမင်းကာ ဟောင်းနွမ်းနေသော်လည်း လျှပ်စစ်ဓာတ်အားကို ဈေးပေါပေါနှင့်ထုတ်ပေးနိုင်သည်။ အနုမြူကြောင့် ကမ္ဘာကြီး ရပ်ဆိုင်းသွားဦးမည်မဟုတ်ပေ။
အနုမြူစွမ်းအားသည် ယခုကဲ့သို့ပင် ဆက်လက်၍ အန္တရာယ်ကြီးမားကာ၊ လူကြိုက်နည်းနေနိုင်သည်။ အနုမြူမရှိလျှင် ဘာဖြစ်မည်နည်း။ အထင်ရှားဆုံးအဖြေမှာ အနုမြူမရှိလျှင် ပို၍ ပူနွေးလာမည်။ ၂၀၀၉ခုနှစ်က ကမ္ဘာ့လျှပ်စစ်စက်ရုံများသည် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် သန်းကိုးထောင် ထုတ်လွှတ်ခဲ့သည်။ စက်မှုလုပ်ငန်းများကထုတ်လုပ်သော ဘီလီယံ ၃၀တွင် ၉ဘီလီယံကို ထုတ်ခဲ့ခြင်းဖြစ်သည်။ ထိုဘီလီယံ ၃၀တွင် သစ်တောပြုန်းတီးခြင်းနှင့် အခြားဓာတ်ငွေ့များ၏ အကျိုးသက်ရောက်မှုများကိုပါ ထည့်တွက်လျှင် တန်ချိန် ၅၀ဘီလီယံနှင့် ညီမျှမည်။ အကယ်၍ နျူကလီးယားလောင်စာမရှိလျှင် ၄င်းကိုအစားထိုးနိုင်သည့် လောင်စာမရှိလျှင် ထိုစက်ရုံများမှ ထုတ်လုပ်သည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် တန်ချိန် ၁၁ဘီလီယံအထိများနိုင်သည်။ ထိုခြားနားချက်သည် ဂျာမနီနှင့် ဂျပန်နှစ်နိုင်ငံပေါင်း နှစ်စဉ်ထုတ်လုပ်မှုနှင့် ညီမျှသည်။
၂၀၁၀ပြည့်နှစ်က ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်သည် ကမ္ဘာကြီးပူနွေးမှုကို ၂ဒီဂရီစင်တီဂရိတ်အောက် ထိန်းထားနိုင်ရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ၊ မီးခိုးများထုတ်လွှတ်မှု ၂၀၂၀တွင် တန်ချိန် ၄၄ဘီလီယံလျှော့ချရမည်ဟု တွက်ဆခဲ့သည်။ လက်ရှိအခြေအနေအတိုင်း ဆက်၍ လုပ်နေမည်ဆိုလျှင် မီးခိုးထုတ်လွှတ်မှု ၅၄ဘီလီယံမှ ၆၀ဘီလီယံ တန်အထိရှိမည်။ အကယ်၍ နိုင်ငံများက ရည်မှန်းချက်ကြီးကြီးမားမား ထားရှိလုပ်ဆောင်ကြမည်ဆိုလျှင် ၄၉ဘီလီယံတန်ခန့် ထုတ်လုပ်မည်ဖြစ်သည်။ သို့ဖြစ်ရာ ထပ်မံလျှော့ချရမည့်ပမာဏ ၅ဘီလီယံခန့် ရှိနေသေးသည်။ နျူကလီးယားစွမ်းအင်ကြောင့် သက်သာမည့် တန်ချိန် ၂ဘီလီယံဆိုသည်မှာ မများလှသော်လည်း သိသာထူးခြားမှုရှိသည်ကိုတွေ့ရသည်။ ထိုအချက်က နျူကလီးယားစွမ်းအင်ကို လုံးဝပစ်ပယ်၍ မရကြောင်း ပြသနေသည်။
တရုတ်နိုင်ငံတွင် တည်ဆောက်ဆဲ၊ စီစဉ်ဆဲ၊ ဆွေးနွေးဆဲ ဓာတ်ပေါင်းဖို ၇၇ခုရှိရာ၊ ဖူကူရှီးမားအကြပ်အတည်းဖြစ်ပြီးနောက် ၄င်း၏အစီအစဉ်များကို ပြန်လည်သုံးသပ်မည်ဟုဆိုသော်လည်း လုံးဝရပ်ဆိုင်းပစ်ရန် အလားအလာအနည်းငယ်မျှသာရှိသည်။ တရုတ်နိုင်ငံသည် လောင်စာကို အကြီးအကျယ်လိုအပ်လျက်ရှိရာ ဆက်လက်၍လည်း ပို၍လိုအပ်လာမည်ဖြစ်သည်။ ယခုအခါ၌ တရုတ်နိုင်ငံ၏လောင်စာကဏ္ဍသည် ကျောက်မီးသွေးအပေါ်၌ အဓိကအားကိုးအားထားလုပ်နေရသည်။ နိုင်ငံအနေဖြင့် နောက်ဆုံး ၅နှစ်စီမံကိန်း၌ လောင်စာလိုအပ်ချက်ကို ဖြန့်ကျက်နိုင်ရေး၊ သန့်ရှင်းသော လောင်စာရရှိရေးအတွက် ကျောက်မီးသွေးမဟုတ်သော လောင်စာများဖြစ်သည့် လေအား၊ ဓာတ်ငွေ့နှင့် နျူကလီးယားတို့ကို အားကိုးနိုင်ရေးအတွက် ရည်ရွယ်ထားသည်။ အများပြည်သူ၏အထင်အမြင်မကောင်းခြင်း၊ ထပ်မံ၍ အရင်းအနှီးများလိုအပ်ခြင်းတို့ကြောင့် တရုတ်နိုင်ငံ၌ စက်ရုံများအား ထိန်းချုပ်အတည်ပြုမှုနှင့်ပတ်သက်၍ အခက်အခဲအနည်းငယ်သာ ဖြစ်နိုင်စရာအကြောင်းရှိသည်။
အခြားနိုင်ငံအချို့ကဆက်လုပ်ကြမည်။ ရုရှားနိုင်ငံက လောလောဆယ်ဆောင်ရွက်နေသည့် ဓာတ်ပေါင်းဖို ၁၀ခုနှင့်ပတ်သက်၍ ရပ်ဆိုင်းစရာအကြောင်းမရှိဟုဆိုသည်။ သို့သော် စက်မှုနိုင်ငံများကမူ ထိုနည်းပညာကိုအသုံးပြုမှု လျော့ပါးသွားနိုင်သည်။ အမျိုးသားရေးဆိုင်ရာ မူဝါဒပြောင်းလဲခြင်း၊ ပြည်တွင်း၌ ဆန့်ကျင်မှုများ ကြီးများခြင်းတို့ကြောင့်ဖြစ်မည်။ တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကြီးမားသော်လည်း ယခုအခါ၌ အိုအီးစီဒီအဖွဲ့ဝင် စက်မှုနိုင်ငံများသည် ကမ္ဘာ့အနုမြူစွမ်းအားမှရရှိသော လျှပ်စစ်စွမ်းအား၏ ၈၀ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်နေကြသည်။ ပြင်သစ်ဘဏ်တစ်ခု၏ ခန့်မှန်းချက်အရ ထိုချမ်းသာသည့်နိုင်ငံများသည် အနုမြူဓာတ်ပေါင်းဖိုများကို မတည်ဆောက်ကြပဲ၊ သက်တမ်းဆုံးသည့်အခါ လက်ရှိစက်ရုံများကို ပိတ်ပစ်ကြမည်ဆိုလျှင် ၂၀၁၀မှ ၂၀၃၀အတွင်း ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်လျှင် မီးခိုး သန်း ၈၆၀တန်၊ ထုတ်လွှတ်မည်ဟု တွက်ဆရသည်။ ထိုသို့တွက်ဆရာတွင် စနစ်တစ်ခုလုံးအပေါ်၌ ဂယက်ရိုက်ခတ်မှုကို လျှော့တွက်ထားခြင်းဖြစ်သည်။ နျူကလီးယားစက်ရုံများနှင့် ဆည်ကြီးများသည် ရုပ်ကြွင်းလောင်စာများကို မသုံးဘဲ အခြေခံလျှပ်စစ်ဓာတ်အားကို ကျယ်ကျယ်ပြန့်ပြန့်အားကိုးနိုင်သော အရင်းအမြစ်များဖြစ်နေသည်။ ပြန်လည်ဖြည့်တင်းနိုင်သည့် စွမ်းအင်များ အချို့နိုင်ငံများ၌ အလျင်အမြန်ရရှိနိုင်သော်လည်း လေ သိသိသာသာတိုက်ခြင်း၊ နေသိသိသာသာပူခြင်းများ တွေ့ကြုံရမည်မဟုတ်ပေ။
ယခုလောလောဆယ်၌ပင် ကြီးမားနေပြီဖြစ်သော လျှပ်စစ်ကွန်ယက်ထဲသို့ အချို့သောအရင်းအမြစ်များကို ထည့်ပေးလျှင် အဆင်ပြေနိုင်သည်။ သို့သော် အခြေခံလိုအပ်ချက်ကို လျော့ပါးစေနိုင်ခြင်း မရှိပေ။ အချို့လေ့လာချက်များအရ ကာဗွန်လုံးဝကင်းရှင်းရန် ဆောင်ရွက်ထားသည့် လျှပ်စစ်စနစ်ကို အနုမြူစွမ်းအားမှသော်လည်းကောင်း၊ ကာဗွန်ကို ထိန်းချုပ်ဖယ်ရှားနိုင်သည့် ရုပ်ကြွင်းလောင်စာသုံး စက်ရုံများမှလည်းကောင်း ရရှိနိုင်သည်ဟုဆိုသည်။ သို့သော် ကာဗွန်များကို ရယူထိန်းသိမ်းနိုင်သည့်နည်းလမ်းသည် အလိုရှိသလောက် ကြီးကြီးမားမားဖြစ်မလာနိုင်ပေ။ သို့ဖြစ်ရာ လက်ရှိအနုမြူစက်ရုံများနှင့်နောင်လာမည့် အနုမြူစက်ရုံများကို အစားထိုးရန်အတွက် အသုံးပြုနိုင်ခြင်းမရှိသေးပေ။ အနုမြူစက်ရုံများကို ဆန့်ကျင်နေသည့် အများပြည်သူတို့ကလည်း ကာဗွန်များကို အကြီးအကျယ် ထိန်းသိမ်းပြီး မြေအောက်၌ သိုလှောင်ထားသည့်ကိစ္စကို ကန့်ကွက်စရာအကြောင်းရှိသည်။ လောလောဆယ်၌ပင်လျှင် အချို့စမ်းသပ်လုပ်ငန်းများ၌ ဤသဘောထားကို တွေ့ကြုံနေရသည်။
အနုမြူလောင်စာစွမ်းအင်များအသုံးပြုရာ၌ ဦးဆောင်နေသည့် အမေရိကန်နိုင်ငံက အနုမြူစွမ်းအင်အသုံးချမှု လျော့ပါးရေး၌ ဦးဆောင်နိုင်စရာအကြောင်းရှိသည်။ ၂၀၀၇ခုနှစ်တွင် အမေရိကန်ကွန်ဂရက်လွတ်တော်က နျူကလီးယားစွမ်းအင်အသုံးပြုရေးအတွက် ချေးငွေများပေးမည်ဟု အာမခံရန်သဘောတူညီခဲ့သည်။ အနုမြူစက်ရုံအသစ် ၂၈ခုအတွက် လျှောက်လွှာများ ရရှိခဲ့သည်။ ၂၀၁၀ခုနှစ် ဇန်န၀ါရီလက နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် သမ္မတ ဘားရက်အိုဘားမားက စိတ်ချသန့်ရှင်းသော အနုမြူစက်ရုံမျိုးဆက်သစ်များတည်ဆောက်မည်ဟု ကတိပြုခဲ့သည်။ ဖူကူရှီးမားအကြပ်အတည်းမဖြစ်ခင်ကပင်လျှင် ဤအခြေအနေမှာ မဖြစ်နိုင်ကြောင်း ထင်ရှားလာသည်။ စီးပွားရေးနှေးကွေးမှုကြောင့် ၀ယ်လိုအားကျဆင်းခဲ့သည်။ အလွယ်တကူရရှိနိုင်သည့် စွမ်းအင်များကြောင့် ပြည်တွင်း၌ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားထက်ပို၍ ဈေးပေါစိတ်ချရသည့် အရင်းအမြစ်များပေါ်ပေါက်လာခဲ့သည်။ ရာသီဥတုနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းခြင်း၊ သဘောတူခြင်းမရှိခြင်းကြောင့် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့်ပတ်သက်၍ ဈေးနှုန်းတစ်စုံတရာ သတ်မှတ်ထားခြင်းမရှိ။ အကယ်၍သာ မီးခိုးထုတ်လွှတ်မှုအပေါ် ဈေးနှုန်းတစ်စုံတရာသတ်မှတ်ချက်ရှိလျှင် အနုမြူစွမ်းအားကို ပို၍ သဘောကျနှစ်ခြိုက်စရာရှိသည်။ ယခုအခါ တည်ဆောက်ဆဲအမေရိကန်ဓာတ်ပေါင်းဖို နှစ်ခုမျှသာရှိသည်။ ထိုနှစ်ခုစလုံးကို စည်းမျဉ်းစည်းကမ်းအရ အပြည့်အ၀ လက်ခံအတည်ပြုထားခြင်းမရှိပေ။ ယခင်က အတည်ပြုထားသည့်စက်ရုံတစ်ရုံရှိသည်။ နောက်ထပ်စက်ရုံများများစားစားတိုးစရာမရှိ။ စက်ရုံ ၂၀သက်တမ်းတိုးပေးရေးအတွက် လျှောက်ထားခဲ့ကြပြီး နောက်ထပ် ၁၅ခုက လျှောက်ထားကြဦးမည်။ နျူကလီးယားထိန်းချုပ်ရေးကော်မရှင်က စက်ရုံ ၆၄ခုကို ခွင့်ပြုခဲ့ပြီးဖြစ်သည်။ ထိုအထဲ၌ မတ် ၂၁ရက်နေ့ကခွင့်ပြုခဲ့သည့် ဘားမွန့်ယန်ကီးစက်ရုံသည် ဖူကူရှီးမားအနုမြူဓာတ်ပေါင်းဖိုများနှင့် ပုံစံတူသည်။ သို့ဖြစ်၍ ဘားမွန့်၌ရှိသည့်သူများက ထိုစက်ရုံကို ပိတ်ပစ်ရန် ပို၍ ကြိုးစားလာကြသည်။ အနာဂတ်တွင် ဒေသခံများက စက်ရုံပိတ်ပစ်ရန်ပို၍ ကြိုးစားလာနိုင်စရာအကြောင်းရှိသည်။
နိုင်ငံကအသုံးပြုနေသော လျှပ်စစ်ဓာတ်အား၏ ၃၀ရာခိုင်နှုန်းကို အနုမြူစွမ်းအားမှ ရရှိသည့်ဂျပန်နိုင်ငံ၌ နိုင်ငံပြင်ဘက်ရှိ ပုဂ္ဂိုလ်များ ၀ိုင်းဝန်းကြလျှင် အခြေအနေက ပို၍ ရှုပ်ထွေးသည်။ ဂျပန်၌ နျူကလီးယားနှင့်ပတ်သက်သည့်ပြဿနာများသည် နည်းပညာပိုင်းနှင့်ပတ်သက်သည်။ ဂျပန်တို့က ဖူကူရှီးမားဒိုင်အိချိကိုပိုင်ဆိုင်သည့်ကုမ္ပဏီမှ အရာရှိများကို လုံခြုံရေးအစီအမံများအားနည်းခြင်းအတွက် အပြစ်တင်နေကြသည်။ ကိုယ်ထိန်းချုပ်ရမည့်လုပ်ငန်းများထဲ၌ လခကောင်းသည့်အလုပ်များကို ရယူခဲ့ကြသည့် အကြီးတန်းအရာရှိများကို ၀ိုင်းဝန်းပြစ်တင်ဝေဖန်နေကြသည်။ ဂျပန်နိုင်ငံအနေဖြင့် အနုမြူဓာတ်ပေါင်းဖိုဟောင်းများကို ဖြည်းဖြည်းချင်း လျှော့ချသည့်တိုင် အများပြည်သူတို့အနေဖြင့် ၄င်းတို့ယုံကြည်စိတ်ချသော စီမံခန့်ခွဲမှုအောက်ရှိ စက်ရုံဟောင်းများ၊ စက်ရုံသစ်များကို လက်ခံနိုင်စရာအကြောင်းရှိသည်။
ဥရောပသမဂ္ဂ၌ သြစတြေးလျ၊ ဂရိ၊ ဒိန်းမတ်၊ အိုင်ယာလန်နှင့် ပေါ်တူဂီတို့သည် နျူကလီးယားကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြသော်လည်း ဥရောပသမဂ္ဂကြီးတစ်ခုလုံးအနေဖြင့် လမ်းကြောင်းပြောင်းမည့်အလားအလာမရှိသေးပေ။ ဖူကူရှီးမားနှင့်ပတ်သက်၍မူ ပြင်းပြင်းထန်ထန်တုံ့ပြန်ခြင်းမရှိသေးပေ။ ဗြိတိန်၊ ချက်နှင့် ဖင်လန်တို့သည် စက်ရုံများထပ်မံတည်ဆောက်ရန်ပြင်ဆင်နေကြသည်။ ဖင်လန်နှင့် ပြင်သစ်တို့သည် အခြားနိုင်ငံကြီးများထက် နျူကလီးယားစက်ရုံများကထုတ်လုပ်သော လျှပ်စစ်စွမ်းအားပို၍များရာ ပြင်သစ် စက်မှုလက်မှုအုပ်စုတစ်ခုက ဒီဇိုင်းဆွဲသော စက်ရုံတစ်ရုံကို တည်ဆောက်ရန်ပြင်ဆင်နေသည်။ ထိုသို့ တည်ဆောက်ရန်ပြင်ဆင်မှုများသည် ကြန့်ကြာခြင်း၊ လျော့ကျသွားခြင်း ရှိနိုင်သော်လည်း လုံးဝပယ်ဖျက်ရန်မဖြစ်နိုင်ပေ။
အထူးသဖြင့် ပြင်သစ်နိုင်ငံသည် ဆက်လက်၍ အနုမြူစွမ်းအားကို လိုလားထောက်ခံနေဆဲဖြစ်မည်။ ပြင်သစ်အနုမြူစက်မှုလောကက ဖူကူရှီးမားအတွေ့အကြုံကို အခွင့်အလမ်းတစ်ခုအနေဖြင့် ရှုမြင်ကြသည်။ ၄င်းတို့၏ အနုမြူစက်ရုံများသည် အလွန်တရာစိတ်ချရသည်ဟု ကြွေးကြော်နေသည်။ လုံခြုံစိတ်ချရရေးအတွက် ပို၍ဂရုစိုက်ကြမည်ဆိုလျှင် ဥရောပ၌ ပြင်သစ်ပုံစံစက်ရုံများကိုသာ တည်ဆောက်ကြမည်။ ဗြိတိသျှ၊ ချက်နှင့် ဖင်လန်တို့သည် အမေရိကန်ပုံစံစက်ရုံများကို ကြည့်ရှုနေပြီး ဖင်လန်နိုင်ငံ၌ တောင်ကိုရီးယားပုံစံစက်ရုံများကို ကြည့်ရှုနေရာ အခြားစက်ရုံများထက် ပြင်သစ်စက်ရုံများကို ပို၍ ရွေးခြယ်စရာအကြောင်းရှိသည်။ နျူကလီးယားနှင့်ပတ်သက်၍ အခြေအနေအဆိုးဆုံးဥရောပနိုင်ငံမှာ ဂျာမနီဖြစ်သည်။
နှစ်ပေါင်းများစွာကပင် နျူကလီးယားဆန့်ကျင်ရေးနှင့် စက်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိနေခဲ့ပြီးဖြစ်သည်။ ၂၀၀၂ခုနှစ်တွင် ထိုစဉ်ကအစိုးရက နျူကလီးယားစွမ်းအားကို ၂၀၂၂တွင် အပြီးတိုင်ဖယ်ရှားပစ်မည်ဟု ပြောခဲ့သည်။ ယခင်နှစ်က လက်ရှိအစိုးရသည် သက်တမ်းရင့် လက်ရှိ စက်ရုံ ၇ရုံတို့၏ သက်တမ်းကို တိုးမြှင့်ပေးခဲ့သည်။ ဖူကူရှီးမားအကြပ်အတည်းဖြစ်ပြီးနောက် ထိုစက်ရုံများ၏သက်တမ်းများကို သုံးလခန့် ပထမအဆင့်အနေဖြင့် ပိတ်ပင်ခဲ့သည်။ အချို့စက်ရုံများကိုသော်လည်းကောင်း၊ စက်ရုံအားလုံးကိုသော်လည်းကောင်း ပြန်ဖွင့်မည်မဟုတ်ပေ။ ထိုစက်ရုံများကို ပြန်မဖွင့်ခဲ့လျှင် ဂျာမနီနိုင်ငံတွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်မှု ၂၀၂၀ခုနှစ်တွင် ကုန်ဆုံးမည့်ဆယ်နှစ်အတွင်း သန်း ၄၃၅တန်ချိန် တိုးလာမည်။ ဂျာမန်ဘဏ်၏ သုံးသပ်ချက်အရ ဓာတ်ငွေ့သုံးစွမ်းအင်ထုတ်လုပ်မှုအနည်းဆုံး ထိုနှစ်တွင် ဂိုင်ဂါဝတ် ၂၃ ရှိမည်ဟု တွက်ဆသည်။ ဓာတ်ငွေ့သုံးစက်ရုံများသည် ရေတိုအစီအစဉ်များဖြစ်သည်။ ဂျာမနီ၏လျှပ်စစ်ကွန်ယက်သည် အတက်အကျရှိနေခြင်းကြောင့် လောလောဆယ် အသုံးပြုပြီးဖြစ်နေသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအားများကို များများယူနိုင်မည်မဟုတ်ပေ။ အချို့စွမ်းအားများကို ပြည်ပမှ ယူရမည်ဖြစ်သည်။ သို့ဖြစ်ရာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအားများ လိုအပ်ချက်မြင့်မားပြီး ဂျာမနီအနေဖြင့် ရုပ်ကြွင်းလောင်စာများပို၍အသုံးပြုမှုကြောင့် ဥရောပ၌ ဓာတ်ငွေ့ထုတ်လွှတ်မှု အရောင်းအ၀ယ်လုပ်ရေးဇယားအရ ဓာတ်ငွေ့ဈေးနှုန်းကို မြင့်မားစေနိုင်သည်။ ဓာတ်ငွေ့ကိုပြောင်းလဲအသုံးပြုမည့် အလားအလာရှိနေသည့် ဂျာမနီသည် ဖူကူရှီးမားနောက်ပိုင်း ကမ္ဘာ၏အခြေအနေကို ရောင်ပြန်ဟပ်နေသည်။ အနုမြူအသုံးပြုမှုနည်းသည့်နိုင်ငံများ၌ လိုအပ်ချက်ကို လောလောဆယ်တွင် ဓာတ်ငွေ့က ဖြည့်ဆည်းမည်ဖြစ်သည်။ အိုအီးစီဒီအဖွဲ့ဝင်နိုင်ငံများ၌ နျူကလီးယားကို လုံးဝအပြည့်အ၀ အသုံးမပြုဘဲနေကြမည်ဆိုလျှင် ဓာတ်ငွေ့လိုအပ်ချက်သည် ၂၀၄၅ခုနှစ်အထိ တစ်နှစ်လျှင် ၄၀၀ဘီလီယံကုဗမီတာလိုအပ်မည်ဖြစ်သည်။
အမေရိကန်နှင့် ကနေဒါတို့၌ နျူကလီးယားပြဿနာကို ပြည်တွင်း၌ ထုတ်လုပ်သောဓာတ်ငွေ့များကို အားကိုးအားထားပြုဖြေရှင်းနိုင်သည်။ လချေးကျောက်များမှ ရရှိသော ဓာတ်ငွေ့ထုတ်လုပ်မှု ကြီးကြီးမားမားပြောင်းလဲမှုများဖြစ်နိုင်သည်။ ကျန်ကမ္ဘာအနေဖြင့် သဘာဝဓာတ်ငွေ့ရည်များကို ၀ယ်ယူခြင်း၊ ပိုက်လိုင်းများသွယ်၍ ဓာတ်ငွေ့ဝယ်ယူခြင်းများ ဖြစ်နိုင်သည်။ ထိုအခါ ရုရှားနိုင်ငံနှင့်ဆက်ဆံရေးပို၍ ခက်သွားနိုင်သည်။ လောင်စာမှန်မှန်ကန်ကန်ရရှိရေးအတွက် စိုးရိမ်ပူပန်မှုများကြောင့် ဂျာမနီတို့အနေဖြင့် နျူကလီးယားစက်ရုံများ ပိတ်ပစ်မည့်အစီအစဉ်များကို အချိန်ဆွဲခဲ့ရခြင်းဖြစ်သည်။ ယခုအခါ ဂျာမနီနှင့် အခြားဥရောပနိုင်ငံများသည် ရုရှားနိုင်ငံမှ ဓာတ်ငွေ့များပို၍ ၀ယ်ရကောင်း ၀ယ်ရနိုင်သည်။ ရုရှားနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်ကိုအသုံးပြုနေခြင်းကြောင့် ဓာတ်ငွေ့များကို ပြည်ပသို့တင်ပို့၍ ရောင်းချနိုင်သည်။ ဥရောပအနေဖြင့် လိုအပ်သည့်လောင်စာ မှန်မှန်ရရေးကို စိုးရိမ်ပူပန်စရာရှိသည်။ အနည်းဆုံးရေတိုကာလတွင် သဘာဝဓာတ်ငွေ့ရည်များ အများအပြားရှိသည်။ အမေရိကန်၌ တင်ပို့ရောင်းချရန်ရည်ရွယ်သည့်ဓာတ်ငွေ့ရည်များကိုတင်ပို့ရန်မလိုတော့ပေ။
ထိုအချက်သည် ဥရောပနှင့် ဂျပန်တို့အတွက် သတင်းကောင်းများဖြစ်သည်။ ဥရောပနှင့် ဂျပန်တို့သည် ရေတို၌ ဖူကူရှီးမားနှင့် အခြားအနုမြူစက်ရုံများပိတ်သည့်အတွက် အစားထိုးစရာဓာတ်ငွေ့နှင့်ရေနံများ လိုအပ်သည်။ အချို့က ဤပိုလျှံနေသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့များကို ၂၀၁၀ပြည့်လွန်နှစ်များ၌ ကြာရှည်ခံဦးမည်ဟု တွက်ဆကြသည်။ အနည်းဆုံး အရင်းအမြစ်အသစ်များမရနိုင်သေးမီ ထိန်းထားနိုင်မည်ဟု တွက်ဆကြသည်။
အခြားသူများက ဈေးကွက်လျင်မြန်စွာ အခြေအနေဆိုးဝါးသွားစေမည်ကို စိုးရိမ်ကြသည်။ တရုတ်နိုင်ငံက ကာဗွန်ထုတ်လုပ်မှုကို ၂၀၂၀တွင် ၄၀ရာခိုင်နှုန်းလျှော့ချရန်အတွက် သဘာဝဓာတ်ငွေ့များပို၍ လိုအပ်မည်။ အကယ်၍ နျူကလီးယားစက်ရုံများက ထုတ်လုပ်မှုလျှော့ချမည်ဆိုလျှင် ပို၍ပင် လိုအပ်ဦးမည်။ အနည်းဆုံး ဓာတ်ငွေ့ရရှိမှုသည် နှစ်လတ်ကာလနှင့် နှစ်ရှည်ကာလများ၌ သေချာပေါက် ပေါပေါများများရရှိနိုင်မည်ဟု တွက်ကြသည်။ အနုမြူလျှော့သုံးမည့် ကမ္ဘာကြီးအတွက် အနိုင်ရ အကျိုးရှိမည့်သူမှာ သဘာဝဓာတ်ငွေ့ဖြစ်သည်။ အလားတူပင် ပြည့်ဖြိုးမြဲစွမ်းအင်များသည်လည်း အခြေအနေကောင်းနိုင်သည်။ ဈေးသက်သာသော လချေးကျောက်မှရသည့် စွမ်းအင်များက ကျောက်မီးသွေးသုံး၍ ထုတ်လုပ်နေသည့် လျှပ်စစ်စွမ်းအားထုတ်လုပ်မှုကို အစားထိုးနိုင်လျှင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များထက်ပင်ပို၍ပင် မီးခိုးထုတ်လွှင့်မှုကို လျှော့ချနိုင်မည်။
သို့သော် သဘာဝဓာတ်ငွေ့က အနုမြူစွမ်းအားကိုအစားထိုးသည့်အခါ မီးခိုးထုတ်လွှင့်မှုများ ပို၍ မြင့်မားစေနိုင်သည်။ ရာသီဥတုအပြောင်းအလဲကို အလေးထားသည့်မည်သည့်နိုင်ငံမဆို ရုပ်ကြွင်းလောင်စာမှမဟုတ်သော အခြားနည်းဖြင့်ရရှိသည့် လောင်စာများလိုအပ်သည်။ သို့ဖြစ်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ဈေးကွက်တွင်အလားအလာကောင်းနိုင်စရာရှိသည်။ အမှန်စင်စစ် ဖူကူရှီးမား၌ ဖြစ်သည့်ပြဿနာတစ်ခုတည်းကြောင့် ကမ္ဘာကြီးအနေဖြင့် လောင်စာစွမ်းအင်ကို ပြုပြင်ပြောင်းလဲရခြင်းမဟုတ်ပေ။ ရေရှည်၌ ပြည်သူ့ကျန်းမာရေးအပေါ် ဂယက်ရိုက်ခတ်မှုများသည် သေးငယ်သွားနိုင်သည်။ ကန့်နှင့် ပြဒါးများထုတ်လွှင့်သည့် ကျောက်မီးသွေးသည် နျူကလီးယားထက်ပို၍ လူများ၏အသက်ကို ဆုံးရှုံးစေနိုင်သည်။ ထို့ကြောင့် ကျောက်မီးသွေးအသုံးပြုမှုနှင့်ပတ်သက်၍ စဉ်းစားစရာအခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်သည်။
ဤနေရာတွင် အန္တရာယ်အမျိုးမျိုးကိုထည့်တွက်ရန်လိုသည်။ မှန်မှန်ကန်ကန်ရရှိနိုင်မှု၊ စရိတ်စခနှင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတို့ကို ထည့်တွက်ရမည်။ အကြောက်တရားနှင့် မသေချာမရေရာမှုတို့ကြောင့် အန္တရာယ်များအပေါ် ပြည်သူလူထု၏အမြင်များကို ကမောက်ကမဖြစ်စေနိုင်သည်။ ရေရှည်၌ အနုမြူစွမ်းအင်အပေါ်အမြင် ရှင်းရှင်းလင်းလင်းဖြစ်လာနိုင်သည်။
နောင်လာမည့် အနှစ် ၄၀ ၌ ကိစ္စလေးခု ရှင်းရှင်းလင်းလင်းဖြစ်နိုင်သည်။ ကမ္ဘာ့လူသားများအနေဖြင့် အကယ်၍ ကျောက်မီးသွေးအသုံးပြုမှုလျှော့ချပါက ပို၍ ကျန်းမာပြီး ရာသီဥတုလည်းပို၍ ကောင်းနိုင်သည်။ လောင်စာ၏ စွမ်းအင်ပိုမိုမြင့်မားရန် လိုအပ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များနှင့် လျှပ်စစ်လမ်းကြောင်းများ၊ လျှပ်စစ်မဟာဓာတ်လိုင်းများ ပို၍လိုအပ်သည်။ ဤနည်းအားဖြင့် လောင်စာဖူလုံမှု ပိုမိုကြီးမားလာမည်။ သုတေသနများ ပို၍လုပ်ရန်လိုအပ်သည်။ သဘာဝဓာတ်ငွေ့နှင့်ပတ်သက်၍ လွန်ခဲ့သည့် ၁၀နှစ်ကထက် ပို၍ လိုအပ်ပြီး၊ ပို၍လည်းစိတ်ချလက်ချရှိလာရာ၊ ပြုပြင်ပြောင်းလဲမှု၏ စရိတ်စခများကို လျော့ပါးစေနိုင်သည်။ သို့သော် အနုမြူစွမ်းအင်က မီးခိုးထုတ်လွှင့်မှုကို သက်သာစေရာ၊ အနုမြူစက်ရုံများသာမရှိလျှင် ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ ပို၍လုပ်ဆောင်ရခက်မည်။ တစ်ဖက်၌ အရင်းအနှီးစရိတ်ကြီးများခြင်း၊ စနစ်နှင့်ပတ်သက်၍ အန္တရာယ်များရှိခြင်းတို့ကြောင့် နိုင်ငံအချို့မှလွဲ၍ သိသိသာသာတိုးတက်လာခြင်းရှိမည်။ အနုမြူစွမ်းအင်နှင့်ပတ်သက်၍ လုံးဝပပျောက်သွားခြင်းမရှိသော်လည်း အရံအနေဖြင့် ဆက်လက်၍ ရှိနေနိုင်သေးသည်။
(အီကောနောမစ်)
Khin Maung Nyo on Thursday, April 28, 2011 at 4:35pm

0 comments:
Post a Comment