Friday, April 8, 2011

"ကွက်လပ်လေး..."




(တွေ့ကြုံခံစားခဲ့ရတဲ့ ကျွန်မဘဝ တစ်ပိုင်းတစလေးပါ မျှဝေပါတယ်)

"ဆရာမ.. ဆရာမ"

ခေါ်သံကြောင့် စာသင်တာကို ခဏရပ်ပြီး တံခါးဝဆီ ကျွန်မလျှောက်သွားလိုက်တယ်။

"ဆရာမ.. ကျောင်းသားသစ်လာအပ်တယ်"

ရုံးခန်းတာဝန်ကျဆရာမက ပြောပြောဆိုဆို ကျောင်းသားသစ်ဆိုတဲ့ ကျောင်းသားကို ထားခဲ့ပြီး ထွက်သွားခဲ့တယ်။

"လာ..." တံခါးဝဘေးမှာ ခပ်ယို့ယို့ရပ်နေတဲ့ ကျောင်းသားသစ်ကို ကျွန်မပြုံးပြပြီးခေါ်လိုက်တယ်။ ဒါပေမယ့် ကျွန်မရဲ့အပြုံးက ပြည့်ပြည့်ဝဝ မပြုံးနိုင်ဘဲ လမ်းတစ်ဝက်မှာတင် ထိတ်ခနဲအသွင်ကို ပြောင်းသွားခဲ့တယ်။ ခေါင်းငုံ့ပြီး အခန်းထဲ တရိုတသေဝင်လာတဲ့ သူကိုကြည့်ပြီး တစ်ခြားကျောင်းသားတွေလည်း ကျွန်မလိုပဲ လန့်သွားပုံရတယ်။ သူ့အတွက် ထိုင်ခုံနေရာကို ကျွန်မရှာတော့ ကျောင်းသားတစ်ချို့က ကိုယ့်နေရာကို ချဲ့ပြီးထိုင်လိုက်ကြတယ်။ တစ်ချို့ကျောင်းသားရဲ့ မျက်နှာပေါ်မှာ ကိုယ့်ဘေးမှာမထိုင်ပါစေနဲ့ဆိုတဲ့ စိုးရိမ်မှုမျိုး ထင်ဟပ်နေခဲ့တယ်။ ကလေးပီပီ မနှစ်မြို့တာကို သူတို့ဟန်ဆောင်ထိန်းမထားတတ်ကြလို့ ရင်ထဲဖြစ်နေတဲ့ ဆန္ဒတွေက သူတို့မျက်နှာပေါ်မှာ အထင်းသားပေါ်နေခဲ့တယ်။ နောက်တော့ သူ့ကို ဘေးခုံဒုတိယတန်းနေရာမှာ ကျွန်မနေရာပေးလိုက်တယ်။

သူကြည့်ရတာ အသက် ၁ဝနှစ် ၁၁ နှစ်လောက်ရှိမယ်။ အသားလတ်လတ်၊ ဆံပင်က နီကြောင်ကြောင်၊ ဝတ်ထားတဲ့ အဝတ်အစားက ဟောင်းနွမ်းနေတဲ့အပြင် ဂျီးတွေနဲ့ ညစ်ပတ်နေတယ်။ ကျွန်မအခန်းက ကျောင်းသားလေးတွေက ဆင်းရဲချမ်းသာ၊ အဆင့်အတန်း ခွဲခြားတတ်တဲ့အရွယ် မဟုတ်သေးတာကြောင့် သူဒီလို ညစ်ပတ်ပေရေနေတာကို ကြည့်ပြီး ကြောက်ခဲ့ကြပုံမရပေမယ့် ကန်းနေတဲ့ သူ့မျက်လုံးတစ်ဖက်ကိုကြည့်ပြီး ကြောက်ခဲ့ကြပုံရတယ်။ တကယ်လည်း သူ့မျက်လုံးတစ်ဖက်က အတွင်းထဲချိုင့်ဝင်နေပြီး အောက်မျက်ခွံက နီနီရဲရဲနဲ့ အပြင်ကိုလှန်ထွက်နေတယ်။ ကြည့်ရတာ မျက်လုံးတစ်လုံးလုံး ထုတ်ထားပုံရပြီး နှာခေါင်းရိုးပါ ပြားချပ်နေခဲ့တယ်။

"နာမည် ဘယ်လိုခေါ်လဲ"

"အိုက်စိုင်းပါ ဆရာမ"

တစ်ခုတည်းရှိတဲ့ မျက်လုံးတစ်ဖက်နဲ့ ကျွန်မကိုကြည့်ပြီး သိမ်သိမ်ငယ်ငယ် သူပြန်ဖြေတယ်။

"ဘယ်မှာနေလဲ"

"လဲချားမှာနေပါတယ်"

"အော်.. အဝေးကြီးပဲ.. ဒီမှာ ဘယ်သူနဲ့နေလဲ? အဖေ၊ အမေရော"

ဆရာမပီပီ ကျောင်းသားတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို ကျွန်မမေးမိတယ်။

"အစ်ကိုနဲ့ နေပါတယ်။ အဖေ အမေ မရှိတော့ဘူး ဆရာမ"

မေးခွန်းတွေကို ကျွန်မဆက်မမေးခဲ့တော့ဘူး။ သူ့အဖြေတစ်ချို့နဲ့ ဟောင်းနွမ်းနေတဲ့ သူ့ပုံစံက ကျွန်မကို မေးခွန်းတွေ ဆက်မေးစရာမလိုအောင် သဘောပေါက်စေခဲ့ပါတယ်။ မိဘဆုံးလို့ ခိုကိုးရာမဲ့သူ့ကို အစ်ကိုက ခေါ်ယူထားပုံရတယ်။ ကြည့်ရုံနဲ့တင် ဆင်းရဲတဲ့မိသားစုက ပေါက်ဖွားလာမှန်းသိတဲ့သူ့ကို ဘာလို့ဒီအသက်အရွယ်ရောက်မှ သူငယ်တန်းတက်ရတာလဲလို့ ကျွန်မ မမေးခဲ့မိတော့ဘူး။

စာသင်တိုင်း အိုက်စိုင်းကို ကျွန်မ မသိမသာကြည့်မိတယ်။ သင်သမျှစာကို တကုပ်ကုပ်နဲ့ သူလိုက်ရေး၊ လိုက်ဆိုတတ်တယ်ဆိုပေမယ့် သူ့ပုံစံက ငေးငေးငိုင်ငိုင်နဲ့ မတက်ကြွခဲ့ဘူး။ တစ်ခြားလူနဲ့မတူတဲ့ အသွင်အပြင်၊ အားနည်းချက်ကြောင့် သူသိမ်ငယ်နေပုံရတယ်။ ဒါကြောင့် တစ်ခြားကျောင်းသားတွေနဲ့ ဝင်ဆန့်လာအောင် သူ့ကို မကြာခဏနေရာ ရွေ့ပြောင်းပေးတယ်။ တစ်ခြားကျောင်းသားတွေနဲ့ အမှိုက်အတူ သွားသွန်ခိုင်းတယ်။ ကျိုးသွားတဲ့ ကျောင်းသားတွေရဲ့ခဲတံတွေ သူ့ကိုချွန်ခိုင်းတယ်။ တဖြေးဖြေး သူ့ကိုခပ်ရှိန်းရှိန်းဖြစ်နေတဲ့ ကျောင်းသားတွေ သူ့ကိုခေါ်ခေါ်ပြောပြော ရှိလာခဲ့တယ်။ ခင်မင်လာခဲ့တယ်။ ဒါပေမယ့် ညစ်ပေပေ သူ့ပုံစံက ပြောင်းလဲမသွားခဲ့ဘူး။

တစ်နေ့ မုန့်စားဆင်းချိန်မှာ သူမရေးတတ်တဲ့ စာလုံးတစ်လုံးကို ကျွန်မရေးသင်ပေးနေခဲ့တယ်။ သူနဲ့နီးနီးကပ်ကပ် ထိုင်မိမှ သူ့ဆီက ချဉ်စုပ်စုပ်အနံ့ကို ကျွန်မရှုမိတယ်။ စာရေးနေတဲ့ သူ့လက်တွေကို ကျွန်မသေချာကြည့်မိတယ်။ သူ့လက်မောင်းနှစ်ခုလုံး ဒဏ်ရာ၊ အမာရွတ်တွေနဲ့ ပြည့်နေခဲ့တယ်။

"ဒါ.. ဘာတွေလဲ အိုက်စိုင်း"

သူ့လက်ပေါ်က အမာရွတ်တွေကို ထိုးပြရင်း ကျွန်မမေးတယ်။

"ငယ်ငယ်တုန်းက အနာပေါက်တာ ဆရာမ"

"ဒါ အနာပေါက်တဲ့အရာနဲ့ မတူဘူးဘဲ။ ရှရာလိုလို၊ ကုတ်ရာလိုလိုနဲ့ ဘာဖြစ်ခဲ့တာလဲ"

ကျွန်မအမေးကို သူမဖြေခဲ့တော့ဘူး။ တစ်လုံးတည်းသာရှိတဲ့ မျက်လုံးနဲ့ ဟန်ဆောင်တာတွေကို သူဖုံးကွယ်ထားချင်ပုံရတယ်။ သူ့ကို ကျွန်မသေချာကြည့်မိတယ်။ နုငယ်တဲ့ သူ့မျက်နှာပေါ်မှာ အပြစ်ကင်းမှုအစား ကြောက်ရွံ့ထိတ်လန့်မှု၊ ဝမ်းနည်းအားငယ်မှုတွေ ပြည့်နေခဲ့တယ်။

"မျက်စိက ဘယ်လိုဖြစ်ရတာလဲ အိုက်စိုင်း"

ကွယ်နေတဲ့ မျက်လုံးပေါ်မှာ တွယ်ကပ်နေတဲ့မျက်ချေးကို တစ်ရှုးစက္ကူနဲ့ အသာအယာသုတ်ပေးရင်း ကျွန်မမေးလိုက်တယ်။ စာရေးတာကို ခဏရပ်ပြီး ကျွန်မကို သူစိုက်ကြည့်နေတယ်။ တစ်ခုခုကို ပြောမယ့်ဟန်ပြင်ပြီးမှ "မွေးကတည်းကဖြစ်တာ ဆရာမ" လို့ဖြေပြီး စာတွေပဲ သူကုန်းရေးနေခဲ့တယ်။

အဲဒီနေ့က ကျောင်းကိုကျွန်မစောစော ရောက်သွားခဲ့တယ်။ ဝရန်တာမှာ ကျောင်းသားတစ်ချို့ ဆော့ကစားနေကြတယ်။ အိုက်စိုင်းကိုတွေ့လို့ ကျွန်မလှမ်းခေါ်လိုက်တယ်။

"အိုက်စိုင်း .. ခဏလာခဲ့.. မနေ့က ဘာလို့ကျောင်းမတက်တာလဲ"

"နေမကောင်းလို့ ဆရာမ"

"ဘာဖြစ်လို့ နေမကောင်းတာလဲ? ပြစမ်း.. ဒါတွေက ဘာတွေလဲ?"

လက်မောင်းပေါ်မှာ နီနီရဲရဲ အရှိုးရာတွေကို ထိုးပြရင်း ကျွန်မမေးတယ်။

"ချော်လဲတာပါ.. ဆရာမ"

ဘယ်လိုမှ ယုံနိုင်စရာ မကောင်းတဲ့စကားလုံးတွေ အပြစ်ကင်းတဲ့ သူနှုတ်ခမ်းက ထွက်ကျလာခဲ့တယ်။

"ချော်လဲရင် ဒီလိုဖြစ်မလား? ပြစမ်း.. ပြစမ်း..."

သူ့ကျောကအင်္ကျီကို ကျွန်မလှန်ကြည့်လိုက်တယ်။ ကျောပေါ်မှာလဲ အရှိုးရာတွေ အစင်းလိုက် အစင်းလိုက်၊ တစ်ချို့အရာတွေက ညိုမဲနေခဲ့တယ်။ ခြေထောက်တွေပါ ကျွန်မလှန်ကြည့်လိုက်တယ်။ ခြေသလုံး၊ ပေါင်တွေမှာလည်း ညိုမဲနေတဲ့အစင်းရာတွေ အပ်ချစရာတောင် မရှိခဲ့ပါဘူး။

"ဘယ်သူရိုက်တာလဲ အိုက်စိုင်း.. ဆရာမကို ပြောပြ.. ဒါတွေက ချော်လဲတာနဲ့ မတူဘူး။ ဆရာမကို ပြောပြ"

"ဘယ်သူမှ မရိုက်ဘူး... တကယ်ချော်လဲတာပါ ဆရာမ"

တုန်ရီတဲ့အသံက လိမ်ညာနေတဲ့ သူ့စကားတွေကို ဖုံးမထားနိုင်ခဲ့ဘူး။

"ဆရာမကို အမှန်အတိုင်းပြောပြနော် အိုက်စိုင်း"

"သူ့အစ်ကို ရိုက်တာတဲ့ ဆရာမ.. သံကြိုးနဲ့ရိုက်တယ်လို့ ကျွန်တော့်ကို သူပြောပြတယ်"

"ဘာဖြစ်လို့ ရိုက်တာလဲ အိုက်စိုင်း"

"နေ့လယ်ထမင်း ပြန်မစားလို့တဲ့ ဆရာမ"

မဖြစ်နိုင်တဲ့ ဆင်ခြေစကားလုံးတွေ အိုက်စိုင်းနှုတ်ခမ်းက ထွက်ကျလာခဲ့ပြန်တယ်။ ထမင်းပြန်မစားတဲ့ ကလေးငယ်တစ်ယောက်ကို သံကြိုးနဲ့ရိုက်တဲ့ ရက်စက်မှုမျိုး မရှိလောက်ဘူးထင်ပါတယ်။

"ထမင်းပြန်မစားတာနဲ့ ဒီလိုရိုက်ရသလား?"

ဒဏ်ရာတွေကို ပွတ်သပ်ပေးရင်း ကျွန်မစိတ်မကောင်းဖြစ်မိတယ်။ သူ့မျက်နှာကို လှမ်းကြည့်တော့ တစ်လုံးတည်းသာရှိတဲ့ မျက်လုံးမှာ မျက်ရည်တွေရစ်ဝဲနေခဲ့တယ်။ ငိုတာတောင် မျက်လုံးနှစ်ဖက်နဲ့ မျက်ရည်တွေ ဝဝလင်လင် စီးကျခွင့်မရတဲ့သူ့ဘဝမှာ ဆင်းရဲဒုက္ခတွေက အရိပ်လိုကပ်ငြိနေခဲ့တယ်။ အသက်အရွယ်နဲ့ မလိုက်အောင် မညှာမတာ ရက်ရက်စက်စက် ရိုက်နှက်ရအောင် သူဘာအမှားတွေ လုပ်ခဲ့လဲ? ဘယ်လိုအပြစ်တွေအတွက် သူ့ကို ဒီလိုဒဏ်ခတ်ရသလဲဆိုတာကို ကျွန်မ မသိခဲ့ပါဘူး။

ပြဿနာတစ်ခုရဲ့ အဖြေကိုကျွန်မရှာနေဆဲမှာ အိုက်စိုင်းတစ်ယောက် ကျောင်းလာမတက်ခဲ့တော့ပါဘူး။ ကျွန်မရင်ထဲမှာ သူနဲ့ပတ်သက်တဲ့ မေးခွန်းတွေ ကွက်လပ်မဖြည့်နိုင်သေးခင်၊ သူ့ရင်ထဲ စိတ်အနာတရတွေကို ကျွန်မ ကုမပေးနိုင်သေးခင်၊ သူလိုအပ်နေတဲ့ နွေးထွေး၊ ကြင်နာမှုတွေ မဖြည့်ပေးနိုင်သေးခင်မှာ ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ အိုက်စိုင်းထွက်သွားခဲ့ပါတယ်။ ခုတော့ သူထိုင်ခဲ့တဲ့ ထိုင်ခုံကွက်လပ်လေးကိုကြည့်ရင်း ဘယ်ဆီကိုရောက်နေမှန်း မသိတဲ့ အိုက်စိုင်းတစ်ယောက်ကို ကျွန်မသတိရနေမိတယ်။ အိုက်စိုင်းတစ်ယောက် နေကောင်းကျန်းမာပါစေလို့ပဲ ကျွန်မဆုတောင်းပေးနိုင်ခဲ့ပါတယ်

နိုင်းနိုင်းစနေ (Thursday, August 13, 2009)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...