စံလွဲဒီမိုကရေစီ
အောင်ပိုင်စိုး
ဒီမိုကရေစီရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အနှစ်သာရ ကတော့ လူသားအားလုံး တန်းတူညီမျှရေးကို တရားမျှတစွာကျင့် သုံးဆောင်ရွက်နိုင်ခြင်းဖြစ် ပါတယ်။
ယနေ့ ခေတ်မှာတော့ ကမ္ဘာပေါ်မှာ ဒီမိုကရေစီ နိုင်ငံတွေ အမျိုးမျိုး ပေါ်ထွန်းလာလျက်ရှိပါတယ် ။ အဲဒါဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးစုစာထက်စာရင် ပိုမိုသာလွန်လာတဲ့ လူ့အဖွဲ့အစည်း ဆိုင်ရာရင့် ကျက်မှုပါ ဒါပေမယ့် ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်အောက်မှာ တရားမျှတမှုနဲ့ ဝေးကွာနေ ရတဲ့ လူ့အဖွဲ့အစည်းတွေလည်း များပြားလျက် ရှိနေဆဲပါ။
ကျွန်တော်တို့ အမှောင်ခေတ်ထဲက ထွက်လာခဲ့ပါပြီ ဒါပေမယ့် အုံ့မှိုင်းနေတဲ့ မနက်ခင်းကိုတော့ ရင်ဆိုင် နေရဆဲပါ။
ကမ္ဘာတစ်လွှားမှာ ဒီမိုကရေစီဟာ သူ့နည်းသူ့အထွာ နဲ့ အများအပြား ပေါ်ထွက်လာနေပါတယ်။ အမေရိကန် ဒီမိုကရေစီ၊ ဥရောပ ဒီမိုကရေစီ၊ အာရှဒီမိုကရေစီ၊ လက်တင်နဲ့ အာဖရိကမှာဖြစ်ပေါ်နေတဲ့ အာဏာရှင်နဲ့ ဒီမိုကရေစီလွန်ဆွဲပွဲများ။ အရှေ့အလယ်ပိုင်းမှ ဒီမိုကရေစီကို ဘာသာရေးမျက်နှာစည်းပ၀ါစည်းပြီး ကြိုးပေးသတ်ချင်နေတဲ့ အဖြစ်အပျက်တွေနဲ့ ကမ္ဘာကြီး တစ်ခုလုံးအနေနဲ့တော့ ဒီမိုကရေစီဟာ မိုးကုတ်စက်ဝိုင်းအစပ်က မှုန်ပျပျ ကြယ်စင်တစ်လုံးပဲ ဖြစ်နေပါသေးတယ်။
ဒီမိုကရေစီကို ဘယ်သူတွေလိုအပ်သလဲ။ လူတွေဟာ တရားမျှမှုကို လိုလားတယ်ဆိုပေမယ့် အဲဒါ လူတိုင်းတော့ မဟုတ်ဘူး ပြီးတော့ အချိန်တိုင်းအတွက်လည်း မဟုတ်ပြန်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လူ့အဖွဲ့အစည်း အလိုက်ကိုက တရားမျှတမှုတွေကို ကျင့်သုံးနိုင်စွမ်း မရှိသေးပါဘူး။ အဲဒါကြောင့် ကမ္ဘာပေါ်က စစ်ပွဲတွေ ရပ်တန့်လို့ မရနိုင်သေးတာပေါ့ ။နိုင်ငံရေး စီးပွားရေး ပါဝါရှိသူတွေက တန်းတူညီမျှရေးကို မစဉ်းစားသလို လူချင်းအတူတူဆိုတဲ့ အခြေခံဝါဒကို တသီးပုဂ္ဂလရော အဖွဲ့အစည်းအလိုက်ပါ ငြင်းဆန်လျက် ရှိနေတုန်းပါပဲ။ ဒီမိုကရေစီဆိုတဲ့ အခြေခံယူနစ်တွေ ချို့တဲ့နေတဲ့ လူအဖွဲ့အစည်းတွေအတွက် ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ အခွံ့ချည်းသက်သက် စကားလုံးတစ်ခုပဲ ဖြစ်နေမှာပါ။ အမတ်လောင်းတွေ မဲရဖို့အတွက် အားကောင်းမောင်းသန် ငြင်းခုံဖို့ အဆင်ပြေမယ့် စကားလုံးသက်သက်ပါပဲ။ အဘက်ဘက်က အားနည်းချို့တဲ့ သူတွေ လူတစ်ယောက်၊ နိုင်ငံတစ်နိုင်ငံ ၊ အဖွဲ့အစည်းတစ်ခု က သူရဲ့ တန်းတူညီမျှမှု ရပိုင်ခွင့်တွေ တရားမမျှတစွာ ပြုမှုဆက်ဆံခံနေရသူတွေက ဒီမိုကရေစီကို အလိုအပ်ဆုံးဖြစ်ပါလိမ့်မယ် ။ အဲဒီလူသားတွေဟာ ကမ္ဘာအနှံ့အပြားများ အများအပြား ရှိနေ ဆဲပါ။ အဖြစ်အပျက်မျိုးစုံနဲ့ ပြဌာန်းချက် အမျိုးမျိုးက မတရားမှုတွေနဲ့ အသားစီးရသူတွေကို အကာအကွယ်ပေးနေ တုန်းပါပဲ။
ရွေးကောက်ပွဲတွေက တရားမျှတမှုကိုမွေးထုတ်ပေးသလား ။
ရွေးကောက်ပွဲတွေ မရှိတာ ထက်စာရင် ရွေးကောက်ပွဲတွေရှိတာဟာ ကောင်းပါတယ်။ ဒီတစ်ချက်တည်းနဲ့တော့ ရွေးကောက်ပွဲဟာ တရားမျှတမှုတွေကို ရွေးထုတ်ပေးမှာမဟုတ်ပါဘူး။ အခြေခံဥပဒေ တွေကိုယ်၌က ရိုးဖြောင့်မှု မရှိဘူးဆိုရင် အဲဒီဥပဒေကြောင့် ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲတွေဟာ မှန်ကန်မျှတတဲ့ရလဒ်တွေနဲ့တော့ ဝေးကွာနေမှာပါပဲ။ ပြီးတော့ ကမ္ဘာပေါ်မှာရှိတဲ့ ရွေးကောက်ပွဲ အများစုဟာ ရွေးကောက်ပွဲ ဦးဆောင်ကျင်းပသူတွေ လိုချင်တဲ့ ရလာဒ်အဖြေမျိုးဖြစ်အောင် ပြည်သူအများစုရဲ့ သဘောထားကို အတင်းအကျပ်တောင်းယူတာမျိုးပဲ ဖြစ်နေပါသေးတယ် အဲဒီတော့ ကျွန်တော်တို့ဟာ ရွေးကောက်ပွဲတိုင်းကို စင်လုံးချော တရားမျှတမယ်လို့ တွေးခေါ်ထားရင် မိုက်မဲရာ ကျပါလိမ့်မယ် ကျွန်တော်တို့ လုပ်နိုင်တာ တစ်ခုတော့ ရှိပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို အနုနည်း အကြမ်းနည်းနဲ့ ခြိမ်းခြောက်မြူစွယ်ခံရခြင်းမှ ပြည်သူတွေ ကိုယ်တိုင် သူတို့ သဘော ဆန္ဒအမှန်ကို ကာကွယ်နိုင်ဖို့ အသိအမြင် ကျယ်ပြန့်စွာ ပေးနိုင်ဖို့ လိုအပ်ပါတယ်။ လူမှုအဖွဲ့အစည်း တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် ရေရှည် အကျိုးစီးပွား အတွက် မျှော်မှန်းတတ်လာအောင် ပညာပေးလှုံ့ဆော်မှု အပိုင်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုပါတယ်။ အာဏာရှင် နိုင်ငံတော်တော် များများမှာတော့ အသိဥာဏ်ပညာဆိုင်ရာ ရရှိပိုင်ခွင့်ဟာ အနည်းဆုံးဖြစ်နေတတ်ပါတယ်။ ပညာရေးအတွက် အခြေခံအဆောက်အဦးတွေ ချို့တဲ့တာကနေ သင်ရိုး ညွှန်းတမ်းဘက်လိုက်မှုများနဲ့ မျက်မှန်စိမ်းတပ် ၀ါဒဖြန့် မှုမျိုးတွေက အစ အသုံးချတတ်ကြပါတယ်။ အဲဒါကြောင့် အခြေခံလူထုဟာ အသိဥာဏ်ဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကျနေတတ်ပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲ ဟာ အာဏာပိုင်တွေ စိတ်ကြိုက် ဖြစ်လာခဲ့ရတာပါပဲ။ နောက်ထပ် နည်းလမ်း တစ်ခုက လူလတ်တန်းစားအသံကို ပိတ်ဆို့ ခြင်းပါ။ အရင်းအမြစ် ကြွယ်ဝတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်တွေဟာ ချမ်းသာကြွယ်ဝရမယ့် အစား မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ဒါမှမဟုတ် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ သယံဇာတအရင်းအမြစ်တွေအပေါ် လက်ဝါးကြီးအုပ်လုယက်နေမှုတို့ကြောင့် ဆင်းရဲမွဲတေမှုပြဿနာတွေကို နက်နက်ရှိုင်းရှိုင်း ရင်ဆိုင် နေရလေ့ရှိပါတယ်။ စနစ်တကျ အခွန်စည်းကြပ်မှုမရှိတဲ့အတွက် ၀န်ထမ်းအဖွဲ့အစည်းတွေမှာ နည်းပါးတဲ့ဘက်ဂျက်ကို မျှဝေသုံးစွဲနေရပြီးလူမှုအ၀န်းအ၀ိုင်းဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး ။ လူလတ်တန်းစားအနေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင် အနည်းငယ်နဲ့ အစိုးရ အရာရှိ အနည်းငယ်သာရှိပြီး သူတို့အနေနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ခြိမ်းခြောက်ခံ ရမှုနဲ့ အမြဲတစေထိတွေ့နေရပါတယ်။ ရွေးကောက်ပွဲ ကာလ ရောက်မှ အာဏာပိုင်တွေဟာ လူထုကိုချော့မြူဖို့ ကြွယ်ဝတဲ့ အရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲလေ့ရှိပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲ တချို့ဟာ ပြည်သူ့ရင်ထဲက သဘောထားကို မတရားနည်းနဲ့ ပြောင်းလဲစေခိုင်းတာပဲ ဖြစ်နေပါတော့တယ်။ အဲဒါဆို တရားမျှတတဲ့ ရွေးကောက်ပွဲတွေပေါ်ဖို့ ကျွန်တော် ကြိုတင်မရှာဖွေသင့်ဘူးလား ။
အရောင်စုံအာရှ
၁၉၄၅ နောက်ပိုင်းမှာ အာရှနိုင်ငံတွေဟာ ကိုလိုနီလက်အောက်က လွတ်မြောက်လာကြပါတယ်။ ကိုလိုနီခေတ်မတိုင်မီ သက်ဦးဆံပိုင် ဘုရင်တွေနဲ့ နေထိုင်လာခဲ့ကြတဲ့ နိုင်ငံအများစုဟာ လွတ်လပ်ရေးထိန်သိမ်းနိုင်ဖို့ တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်အတွက် အဆင်သင့်မဖြစ်သေးတာကိုတွေ့ရပါတယ်။ အဲဒီအတွက် ပြည်တွင်းစစ်ပွဲတွေ အာရှမှာပေါ်ပေါက်လာပါတယ်။ ကမ္ဘာအင်အားကြီး အုပ်စုနှစ်ခုက အာရှနိုင်ငံများ၏ပြည်တွင်းစစ်များပေါ်တွင် ၀င်ရောက်ခြယ်လှယ်ကြပါတယ်။ အဲဒီအချိန်တုန်းက အာရှနိုင်ငံတွေဟာ ဒီမိုကရေစီရေးထက် ပုဂ္ဂိုလ်ရေး ဦးဆောင်မှုနောက်ကို ပြည်သူအများစုက ကွဲပြားစွာထောက်ခံကြပါတယ်။ အဲဒီအရေးအခင်းတွေဟာ ၁၉၈၉ ဘာလင်တံတိုင်းပြိုကျပြီး လင်းပွင့်မှု ကာလရောက်မှ နှင်းခဲအရည်ပျော်သလို တစ်စတစ်စ ချုပ်ငြိမ်းပျောက်ကွယ်လာကြပါတယ်။ ဒါပေမယ့် ယခင် ကွန်မြူနစ်ဟောင်းကြီးတွေက အစ စစ်အာဏာရှင်တွေ အဆုံး ဒီမိုကရေစီကို ကိုယ်ပိုင်အဓိပ္ပါယ်တွေနဲ့ ကိုင်ဆောင် သုံးဆွဲလာကြပါတယ်။ တရုတ်ကွန်မြူနစ်ပါတီကအစ city state နိုင်ငံတစ်ခုဖြစ်တဲ့ စကာင်္ပူအဆုံး အတိုက်အခံတွေ အင်အားစုတွေရဲ့ အသံမပါဘဲ စီးပွားရေး နိုင်ငံရေး တချို့အစိတ်အပိုင်းတွေမှာ ဒီမိုကရေစီဆန်လာကြပါတယ်။ စစ်အာဏာသိမ်းမှုများနဲ့ သပိတ်တိုက်ပွဲတွေကြားမှာ လွန်ဆွဲနေတဲ့ ထိုင်းနိုင်ငံဒီမိုကရေစီ ၊ ဂျပန်နိုင်ငံရေးအရှုပ်တော်ပုံကြားမှာ ခေါင်းမဖော်နိုင်သေးတဲ့ ဒီမိုကရေစီစံနှုန်းများ ၊ မြောက်ကိုရီးယားနဲ့ ဘာသာရေးအစွန်းရောက် အရှေ့အလယ်ပိုင်းနိုင်ငံများ ၊ အကြမ်းဖက်ခံနေရတဲ့ ပါကစတန်ဒီမိုကရေစီ၊ အရောင်စုံအာရှမှာ ဒီမိုကရေစီထိုးဇာတ်တွေကလည်း အများအပြားပါ။ လူတစ်ဦးချင်း စီရဲ့ ပညာရေချိန်မြင့်တက်မှုမရှိမချင်း ကျွန်တော်တို့ ဒီမိုကရေစီ အခွင့်အရေးဟာ နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်ဖျက်ဆီးခံနေရဦး မှာပါပဲ။ လက်နှက်ကိုင်တစ်စု၊ လူတစ်ယောက်၊ လူတန်းစား တစ်ရပ်က ပြည်သူ့အခွင့်အာဏာကို အလွဲသုံးစားလုပ်ဖို့ ချုပ်ကိုင်ခြယ်လှယ်နေတာကို ခွင့်ပြုနေသမျှ ကာလပါတ်လုံး ကျွန်တော်တို့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီကိုရဖို့ ဝေးကွာနေ ဦးမှာပါ။ ဒီမိုကရေစီဟာ ကိုယ်တိုင်ကျင့်သုံးရတဲ့အရာဖြစ်လို့ လူတိုင်း ဒီမိုကရေစီကို ကျင့်သုံးဖို့လိုပါတယ်။ အရေးကြီးတဲ့ အချက်က ကြောက်တတ်ရင် ဒီမိုကရေစီမရပါဘူး။ ပညာမဲ့ရင် အကြောက်တရားကြီးတတ် ပါတယ်။ အဲဒီတော့ ကိုယ့်ရပိုင်ခွင့်နဲ့ ကိုယ့်တာဝန်ဟာ ဘာမှန်းမသိတော့ဘူး။ အဲဒီတော့ ဒီမိုကရေစီ ဖွံ့ဖြိုးဖို့ အများပြည်သူတွေရဲ့ ပညာအဆင့်အတန်းကို မြင့်မားလာအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။
တရားဥပဒေ မစိုးမိုးပဲ လူများအုပ်ချုပ်သောနိုင်ငံ
လူဟာ တစ်ဦးချင်းထက် လူအုပ်စုကြီးက ပိုမိုက်မဲတတ်တယ်။
အဲဒီအဆိုအမိန့်တစ်ခုကို စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။ ဒီမိုကရေစီဆိုတာ လူ့အဖွဲ့အစည်းတစ်ခု လုံးထဲကမှ အများရဲ့ဆန္ဒအတိုင်း သဘောတူဆုံးဖြတ်ရတာဖြစ်ပြီး အဲဒီထဲက ကွဲပြားဆန့်ကျင်တဲ့ အဆိုပြုချက်တွေကို လက်သင့်ခံ ထည့်သွင်းစဉ်းစားရတာပါ။ ဒီမိုကရေစီ အဖွံ့ဖြိုးဆုံး လူ့အဖွဲ့အစည်းတွေထဲမှာတောင် ရာခိုင်နှုန်းကိုးဆယ် ညီညွတ်တဲ့ ဆုံးဖြတ်ချက်တွေဟာ ဖြစ်တောင့်ဖြစ်ခဲပါ။ အဲဒီတော့ ဒီမိုကရေစီစံတိုင်းတာချက်မှာ သီအိုရီတစ်ခေါ်ပေါ်လာပါတယ်။ အများညီ ဤကိုကျွဲဖတ်တယ်ဆိုရင်တော့ အဲဒီလူ့အဖွဲ့အစည်းအနေနဲ့ တနည်းနည်းနဲ့ ပြန်ပေးဆွဲ ခြိမ်းခြောက် ခံနေရပြီလို့ ကောက်ချက်ဆွဲကြည့်လို့ရပါပြီ ။ မိုးခါးရေကို အတူဝိုင်းသောက်ကြတာလား ၊ မိုးခါးရေကို အတင်းတိုက်ခံနေရတာလားဆိုတာ စဉ်းစားစရာပါ။ အလိုတူအလိုပါပဲဖြစ်ဖြစ် မလိုမတူပါပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်း တရပ်လုံး အဆုံးအစွန်ဆုံး ချောက်ကမ်းပါးကို ဦးတည်သွားနေတာပါ။ ကျွန်တော်တို့ ခုန်ပျံကျော်လွှားရေး သီအိုရီနဲ့ မဟာအောင်မြင်မှုကြီးကနေ ချောက်ထဲထိုးကျသွားတဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးကို သတိရကြဦးမယ် ထင်ပါတယ် ။ ဆိုဗီယက် ပြည်ထောင်စုကို ဇာဘုရင်တွေထက် အာဏာစက်ပိုပြင်းတဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေ အုပ်ချုပ်ခဲ့တာသာ ဖြစ်ပြီး ကွန်မြူနစ်ဝါဒကော တရားမျှတတဲ့ ဥပဒေတွေနဲ့ ပြည်ထောင်စုကိုစည်းနှောင်ထားခဲ့နိုင်ခြင်းမရှိခဲ့ပါဘူး။ ကျော်စွာတစ်ရာ စာအုပ်ရေးသားသူက အခုလိုရှင်းပြထားပါတယ်။ ဂျော့ဝါရှင်တန်ကို ဂျူးလိယက်ဆီဇာ၊နပိုလီယန်၊ မဟာအလက်ဇန်းဒါးတိုထက် ရှေ့မှာထားရတာဟာ အတော်ဆုံး စစ်ဗိုလ်ချုပ် ဖြစ်တာကြောင့်မဟုတ်ပါဘူး။ ခေါင်းဆောင်မှုစွမ်းရည်နဲ့ စစ်ရေးမှာ ဂျော့ဝါရှင်တန်ဟာ အထက်ပါသုံးယောက် ထက် အားနည်းနိုင်ပါတယ်။ ဒါပေမယ့် သူတည်ထောင်ခဲ့တဲ့ အင်ပိုင်ယာကတော့ တခြားစစ်ဗိုလ်ချုပ်တွေ တည်ထောင်တဲ့ အင်ပိုင်ယာထက် ပိုမိုသက်တမ်းရှည်ကြာခဲ့လို့ပါတဲ့။
ဂျော့ဝါရှင်တန်ဟာ အမေရိကန်တော်လှန်ရေးမှာ အများဆုံးရင်းနှီးမြုပ်နှံသူတစ်ယောက်ဖြစ်ခဲ့ပေမယ့် အမေရိကန်ဖွဲစည်းပုံအခြေခံဥပဒေအပေါ်မှာတော့ တခြားအမေရိကန်တစ်ဦးတစ်ယောက်ထက်မှ အခွင့်အ ရေး ပိုမယူခဲ့သူဖြစ်ပါတယ် ။ အဲဒါဆိုရင် ကျွန်တော်တို့လို တရားဥပဒေ မကြီးစိုးပဲ လူအများ အုပ်ချုပ်တဲ့ နိုင်ငံအတွက် ဒီမိုကရေစီ လှေကားထစ်တွေဟာ မက်စောက်မြင့်မားနေဦးမှာ အသေအချာပဲ ဖြစ်ပါတယ်။

0 comments:
Post a Comment